ရန်ကုန်တိုင်းအစိုးရက ရာနှုန်းပြည့်ပိုင်ဆိုင်သော ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) ၏ ဒါရိုက်တာအဖွဲ့ကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာ ၁ ရက်တွင် လူသစ်များဖြင့် ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း အဆိုပါ ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရပ်တန့်နေသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်အောက်ရှိ စီမံကိန်းများထဲမှ ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားသော ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ပထမဆုံး ခြေလှမ်းလည်း ဖြစ်သည်။
ရန်ကုန်မြို့မှ စီးပွားရေးလေ့လာသုံးသပ်သူတဦးက “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်မှု ရပ်တန့်နေတာရော၊ တိုင်းပြည်စီးပွားရေး ကျဆင်းနေတဲ့အချိန်မှာ ရင်းနှီးမြှုပ်နှံမှုပမာဏများတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကို စစ်ကောင်စီက စချင်နေပုံရတယ်” ဟု မှတ်ချက်ပြုသည်။
ယခုလို စစ်ကောင်စီဘက်က ဒါရိုက်တာအဖွဲ့များကို ပြောင်းလဲပြီး ရပ်တန့်နေသော ရန်ကုန်မြို့ သစ်စီမံကိန်း လုပ်ငန်းစဉ်များ ကို ပြန်လည်စတင်ရန် ကြိုးစားလာသည့် အခြေအနေ ရှိလာသော်လည်း အမှန်တကယ် ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်ရမည့် တရုတ်နိုင်ငံ၏ သဘောထားက ပို၍အရေးကြီးသည်ဟုလည်း ၎င်းက ဆိုသည်။
NYDC ကုမ္ပဏီသည် ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မှုကို ကြီးကြပ်ရန်အတွက် အထူးကုမ္ပဏီများ အက် ဥပဒေဖြင့် ဖွဲ့စည်းထူထောင်ထားသည့်ကုမ္ပဏီ ဖြစ်သည်။
ပြန်လည်ဖွဲ့စည်းလိုက်သည့် NYDC ဒါရိုက်တာအဖွဲ့၏ ဥက္ကဋ္ဌကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေက တာဝန်ယူသွားမည်ဖြစ်ပြီး ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဦးစီးဌာန ဒုညွှန်ချုပ် ဒေါက်တာတိုးအောင်၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးလွင်ကိုဦး၊ တောင်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်၊ ရန်ကုန်စည်ပင် ဌာနမှူးများ ဖြစ်ကြသော ဦးညီညီဦးနှင့် ဒေါ်တင်တင်ကြည်တို့က ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။
NYDC ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ဆောင်ရွက်ပေးခဲ့သော နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် Serge Pun ခေါ် ဦးသိမ်းဝေကိုမူ လက်ရှိရာထူးအတိုင်း ဆက်လက် တာဝန်ပေး မပေးနှင့် ပတ်သက်၍ ဧရာဝတီသတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး လတ်တလော အခြေအနေများကို သိရှိရန် စစ်ကောင်စီ၏ ရန်ကုန်တိုင်းအစိုးရ အဖွဲ့ဝင် ဝန်ကြီးတချို့ နှင့် တာဝန်ရှိသူများကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း တချို့က ဖုန်းလက်ခံ ဖြေကြားခြင်းမရှိသလို တချို့က ၎င်းတို့အနေဖြင့် မသိရှိကြောင်း ပြန်လည်ဖြေကြားခဲ့ကြသည်။
အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်းသည် ရန်ကုန်မြို့တဖက်ကမ်းရှိ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြို့နယ်များရှိ လယ်မြေအများစုတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် စီမံကိန်းဖြစ်ပြီး စီမံကိန်းတခုလုံးသည် စင်ကာပူနိုင်ငံ အရွယ်အစားထက် ၂ ဆ ပိုကျယ်သော မြို့သစ်စီမံကိန်းတခု ဖြစ်သည်။
ထိုစီမံကိန်း၏ ကနဦးအဆင့်သည်ပင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမှု ပမာဏ ရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်တွင် စီမံကိန်းကို အပိုင်းလိုက် အကောင်အထည်ဖော်ရန် ပြင်ဆင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏကိုလည်း အမေရိကန်ဒေါ်လာ သန်း ၈၀၀ အထိ လျှော့ချခဲ့သည်။
NLD အစိုးရလက်ထက် ၂၀၂၀ နှစ်ကုန်ပိုင်း၌ ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့်ကို အကောင်အထည်ဖော်ခွင့် ရရှိထားသည့် တရုတ်အစိုးရပိုင် China Communications Construction Company (CCCC) ၏ အဆိုပြုချက်ကို အခြားသော ပြည်တွင်းပြည်ပ ကုမ္ပဏီ ၉ ခုတို့က အပြိုင်တင်သွင်းလာသည့် အဆိုပြုချက်များအား စိစစ်ရွေးချယ်ရမည့်အဆင့်တွင် ရောက်ရှိနေပြီ ဖြစ်သည်။
ထို့နောက် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှ စတင်ကာ ယခုအချိန်အထိ ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး မည့်သည်သတင်းမျှ မကြားသိရကြောင်း စောင့်ကြည့်လေ့လာသူများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့က ဧရာဝတီသို့ ပြောသည်။
“အခုလိုအချိန်မှာ စနိုင်ရင်တော့ ကောင်းတာပေါ့၊ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရမယ်။ ဆောက်လုပ်ရေးကဏ္ဍလည်း ပြန်တက်လာနိုင်တာပေါ့။ ဒါပေမဲ့ အခုအချိန်အထိ ဘာသတင်းမှ သေချာမကြားရသေးတော့ လွယ်လွယ်နဲ့ စနိုင်ဖို့ မဖြစ်နိုင်သေးဘူး” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် တဦးက ဆိုသည်။
ထို့အတူ စောင့်ကြည့်လေ့လာသူတဦးကလည်း ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး မည့်သည် သတင်းမှ မကြားသိရသေးသလို လက်ရှိအခြေအနေများအရ စစ်ကောင်စီဘက်က စတင်စေချင်သည့်တိုင် တရုတ်နိုင်ငံဘက်က စောင့်ကြည့် နေဦးမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
စစ်တပ် အာဏာမသိမ်းခင်က ရန်ကုန်မြို့သစ်စီမံကိန်း၏ ပထမအဆင့်ကို အကောင်အထည်ဖော်မည့် တရုတ်အစိုးရပိုင် CCCC ကုမ္ပဏီ၏ အဆိုပြုချက်ကို ယှဉ်ပြိုင်ရန် စိတ်ဝင်စားသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီ ၉ ခုက အဆိုပြုလွှာ တင်သွင်းထားခဲ့ပြီး ထိုကုမ္ပဏီများထဲမှ တင်ဒါအောင်မြင်မည့် ကုမ္ပဏီတခုခုကို ရွေးချယ်ရမည့်အဆင့်တွင် ရောက်ရှိနေခဲ့သည်။
ရန်ကုန်မြို့သစ်စီမံကိန်းသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမအစီအစဉ် BRI စီမံကိန်းအောက်တွင် အကျုံးဝင်သည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြန်စီမံကိန်း (CMEC) ၏ အစိတ်အပိုင်းတခု ဖြစ်ပြီး CMEC သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နှင့် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမှ တောင်ဘက် ရန်ကုန်မြို့သစ်စီမံကိန်းနှင့် အနောက်ဘက်တွင် ကျောက်ဖြူအထူး စီးပွားရေးဇုန်တို့ကို ဆက်သွယ်မည် ဖြစ်သည်။
You may also like these stories:
နိုင်ငံ့လည်မြိုကို ညှစ်နေတဲ့ စီးပွားရေးအကျပ်အတည်း
တယ်လီနောမြန်မာ ဝယ်ခွင့်ရသည့် ကုမ္ပဏီတွင် တပ်ချုပ်သမီး ရှယ်ယာပါ
လျှပ်စစ်မီးသာမက ရေမလုံလောက်သည့် ဒုက္ခပါ ရန်ကုန်လူထု ရင်ဆိုင်နေရ
စက်သုံးဆီနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ အဆမတန်မြင့်တက်နေ
ကချင်သူဌေးကြီး ဦးယွပ်ဇော်ခေါင် တားမြစ်ထားသည့် မြစ်ဆုံတွင် ရွှေတူးမှုဖြင့် ဝေဖန်ခံနေရ