ရက္ခိုင့်စစ်တပ် (AA) တည်ထောင်ခါစက ကိုးကန့်အဖွဲ့ဟု လူသိများသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) က လက်နက်များ ကူညီခဲ့ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။
မတ်လ ၂၉ ရက်က မိုင်းလားမြို့တွင် ပြုလုပ်သည့် MNDAA တည်ထောင်သူနှင့် ဥက္ကဌဟောင်းဖြစ်သော ဦးဖုန်ကြားရှင်၏ ဈာပနတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။
AA ကို လူ ၂၆ ယောက် သေနတ် တစ်လက်တည်းဖြင့် စတင်ခဲ့ရပြီး ခက်ခဲစွာ ရုန်းကန်ခဲ့ရကြောင်း ၊ ဒုက္ခအမျိုးမျိုးကြားတွင် ရုန်းကန်နေရသည့် AA ကို ဦးဖုန်ကြားရှင်၏ MNDAA က သေနတ် အလက် ၁၀၀ ပေးခဲ့ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ကျနော်တို့က သေနတ်အလက် ၁၀၀ နဲ့ RPG နှစ်လက်ရယ်ကိုင်ပြီး ရခိုင်ပြည်နယ်ကို ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ပါတယ်။ ဒီကိစ္စဟာ ကျနော်တို့ ရခိုင် တော်လှန်ရေးအတွက် အင်မတန်မှ အရေးပါတဲ့ ကိစ္စရပ် တခု ဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်မှာ ကျနော်တို့ဟာ တပ်ရင်းတရင်းကို လူ ၃၀၀ လောက်နဲ့ တပ်ရင်း ရာချီဖွဲ့စည်းပြီး မဟာမိတ်တွေနဲ့ လက်တွဲပြီး တိုက်ပွဲဝင်နေပြီ ဖြစ်ပါတယ်” ဟု ဆိုသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup












