မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး တနှစ်ကျော်ကြာတဲ့အထိ နေရာအနှံ့အပြားမှာ စစ်ကောင်စီတပ်ကို ရရာနည်းလမ်းဖြင့် ခုခံစစ်ဆင်နွဲနေကြပါတယ်။ အသက်ရွယ်ပေါင်းစုံ၊ လူတန်းစားပေါင်းစုံက ခုခံတော်လှန်နေတာဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ ရွေးကောက်ခံ NLD အစိုးရကို ခပ်သွက်သွက်ဖယ်ရှား၊ အာဏာလွှဲပြောင်းရယူ၊ တိုင်းပြည်ကို ပုံမှန်အတိုင်းအုပ်ချုပ်ဖို့ဆိုတဲ့ စီမံချက်တွေဟာ လက်ရှိအချိန်အထိ မှန်းချက်နဲ့နှမ်းထွက် ကိုက်မနေပါ။
စစ်အာဏာသိမ်းတဲ့ ကာလရှည်ကြာလာပေမယ့် ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ စစ်ကောင်စီတပ်ကို ခုခံစစ်ဆင်နွဲမှုတွေက ဆက်လက်အားကောင်းနေဆဲဖြစ်ပြီး အဘက်ဘက်က ဖိအားရင်ဆိုင်နေရတဲ့ စစ်တပ်အနေရဲ့ လေကြောင်းကနေ ဖိအားပေးတိုက်ခိုက်မှုတွေဟာလည်း ထင်သလောက် ခရီးမပေါက်ခဲ့ပါ။
စစ်ရေးဖိအားတွေရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေကိုအဓမ္မပြုကျင့်တာ၊ အပြစ်မဲ့ပြည်သူတွေကို ရိုက်နှက်နှိပ်စက်တာတွေအပြင် အကြောင်းမဲ့သတ်ဖြတ်မှုနဲ့ တခြားဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေရာမရွေး ကျူးလွန်နေတာကြောင့် စစ်ကောင်စီတပ်ကို ပြည်သူလူထုက မုန်းသထက်မုန်းလာပြီး တရားဝင်အုပ်ချုပ်မှုရရှိဖို့ ပိုမိုခက်ခဲစေပါတယ်။
စစ်ကောင်စီဟာ အဘက်ဘက်ကနေ ဖိအားတွေရင်ဆိုင်နေရပေမယ့် တော်လှန်ရေးအင်အားစုတွေမှာလည်း မတူကွဲပြားတဲ့အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။
စစ်ကောင်စီဟာ အဘက်ဘက်ကနေ ဖိအားတွေရင်ဆိုင်နေရပေမယ့် တော်လှန်ရေးအင်အားစုတွေမှာလည်း မတူကွဲပြားတဲ့အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ စစ်ကောင်စီကို ရရာလက်နက်စွဲကိုင်ဖို့အတွက် မြို့နယ်အများစုမှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (LDF) တွေအတွက် အမိန့်ပေးစနစ် (chain of command) ကို ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သေးတာ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာပံ့ပိုးပေးနိုင်ဖို့ ခက်ခဲတာတွေဟာ လက်ရှိတော်လှန်ရေးရဲ့ အရှိတရားတွေဖြစ်ပါတယ်။
တော်လှန်ရေးကို အရှိန်မြှင့်တင်နိုင်ဖို့အတွက် လုံလောက်တဲ့ ငွေကြေးမရရှိတာတွေအပြင် စီးပွားရေးကျဆင်းနေတဲ့အတွက် စားဝတ်နေရေးအတွက်ရုန်းကန်နေရတဲ့ ပြည်သူလူထုအနေနဲ့ တော်လှန်ရေးအတွက်လိုအပ်တဲ့ ရန်ပုံငွေတွေကို ရေရှည်ထောက်ပံ့နိုင်ဖို့ ခက်ခဲနေပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလမှာ စတင်ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုကို အပြည့်အဝရရှိထားဆဲဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ် ကြေညာနိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ လွတ်မြောက်နယ်မြေတစ်ခုကို ဒီနေ့အထိ တိုက်ခိုက်သိမ်းပိုက်သတ်မှတ်နိုင်ခြင်း မရှိသေးပါဘူး။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေထဲက စစ်အင်အားအတောင့်တင်းဆုံး UWSA အပါအဝင် ရှမ်းပြည်နယ်ထဲက တအောင်း (ပလောင်) PSLF/TNLA၊ SSPP/SSA နဲ့ SNLD လို ဩဇာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ ယခုနှစ်ပိုင်းအတွင်း အင်အားကြီးထွားလာတဲ့ ULA/AA လိုအဖွဲ့တွေကို စည်းရုံးဖို့ ခက်ခဲနေဆဲပါ။
CRPH ဟာ ရွေးကောက်ပွဲမှာအနိုင်ရရှိထားတာမှန်ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်ကာလတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေကြား ယုံကြည်မှုတွေပျက်ပြားခဲ့ပြီး တိုင်းရင်းသားအရေးနဲ့ပတ်သက်တဲ့ NLD ပါတီရဲ့ လုပ်ဆောင်မှုတွေဟာ ပြောစရာဖြစ်ခဲ့တယ်ဆိုတာကို မေ့ထားလို့မရပါဘူး။
ဖော်ပြပါအဖွဲ့တွေထဲက တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက BPLA လို NUG အောက်က မဟုတ်တဲ့ ဗမာလူမျိုးစုအခြေပြု လက်နက်ကိုင်အဖွဲ့တွေကို ထောက်ခံမယ်လို့ တရားဝင်ထုတ်ပြောထားပေမယ့် ဗမာနိုင်ငံရေးအင်အားစုတွေက တစုံတရာထောက်ခံတာ၊ ကန့်ကွက်တာမျိုးကို မတွေ့ရသေးပါဘူး။
လက်ရှိ ဒီလိုအခြေအနေမျိုးထဲမှာ တော်လှန်ရေးအရှိန်အဟုန်မြှင့်တင်နိုင်ဖို့ လိုအပ်ချက်တွေ၊ လုပ်ဆောင်ရမယ့် ပြည်တွင်းပြည်ပလုပ်ငန်းတွေ အများကြီးရှိနိုင်တဲ့အထဲက အရေးကြီးတဲ့ အချက်သုံးချက်ကို တင်ပြဆွေးနွေးချင်ပါတယ်။
ပထမဆုံးအချက်ဟာ နိုင်ငံရေးစုဖွဲ့မှုကို ပြင်ဆင်ရမယ့်အချက်ဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဟာ ရွေးကောက်ပွဲမှာ တရားဝင်အနိုင်ရထားတဲ့ နိုင်ငံရေးအစုအဖွဲ့တခုဖြစ်ပါတယ်။ ဒီ CRPH ရဲ့ ဦးဆောင်မှုနဲ့ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံအဖွဲ့ (NUCC) နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းခဲ့တာပါ။
CRPH ဟာ ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတာမှန်ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်ကာလတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေကြား ယုံကြည်မှုတွေပျက်ပြားခဲ့ပြီး တိုင်းရင်းသားအရေးနဲ့ပတ်သက်တဲ့ NLD ပါတီရဲ့ လုပ်ဆောင်မှုတွေဟာ ပြောစရာဖြစ်ခဲ့တယ်ဆိုတာကို မေ့ထားလို့မရပါဘူး။
လက်ရှိအချိန်မှာ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပြီးလို့ ကြေညာခဲ့ပြီးဖြစ်ပေမယ့် ၂၀၀၈ အခြေခံဥပဒေအောက်က ရွေးကောက်ပွဲရလာဒ်ကို ကိုင်စွဲထားပြီး လွှတ်တော်ကျင်းပနေတာက ရှေ့နောက်လွဲနေတယ်လို့ ဆိုရမှာပါ။
၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ငါးနှစ်တာကာလအတွင်းမှာ NLD အစိုးရဟာ ဗမာတိုင်းရင်းသားတွေရဲ့ ထောက်ခံမှုအင်အားကို စုစည်းပြီး ကျန်တိုင်းရင်းသားတွေရဲ့အရေးကို လျစ်လျူရှုခဲ့တဲ့အပြင် သူတို့သဘောမတူတဲ့ လုပ်ရပ်အများကြီးကို လုပ်ခဲ့ကြတာ ဆယ်စုနှစ်တခု မရှိသေးပါဘူး။
၂၀၁၆ ခုနှစ်အတွင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာရှိတဲ့ ဂိဒေါန်စခန်းကုန်းကို အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်တာကို လွှတ်တော်မှာ တစုံတရာပြောဆိုကန့်ကွက်ဖို့ ပျက်ကွက်ခဲ့တာ၊ ၂၀၁၈ ခုနှစ်အတွင်း KIA တပ်မဟာ (၂) ဌာနချုပ်ကို တိုက်ခိုက်ခဲ့တဲ့အတွက် ပိတ်မိပြည်သူတွေကို ကယ်ထုတ်ဖို့ လူငယ်အများအပြားဆန္ဒပြထုတ်ဖော်မှုတွေကို လျစ်လျူရှုခဲ့တာတွေအပြင် ဗိုလ်ချုပ်ရုပ်တုအတင်းအကြပ် စိုက်ထူတာတွေနဲ့ တခြားလုပ်ရပ်အချို့ဟာ NLD အပေါ် ယုံကြည်မှုပျက်စေခဲ့ပါတယ်။
နောက်ထပ်အရေးကြီးတဲ့ အရှိတရားတခုက NLD ပါတီရဲ့ ပါတီတွင်းဒီမိုကရေစီပျောက်ဆုံးမှုနဲ့ ပါတီတွင်း နိုင်ငံရေးယဉ်ကျေးမှုဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း နိုင်ငံရေးသမားတွေနဲ့ လွှတ်တော်အမတ်တွေဟာ ပြည်သူကိုမျက်နှာမူရမယ့်အစား ပုဂ္ဂိုလ်ရေးကိုးကွယ်မှုလွန်ကဲခဲ့ပြီး ပါတီတွင်းချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အများစုဟာ လူပုဂ္ဂိုလ်ပေါ်မူတည်နေတာမျိုးဖြစ်ခဲ့ပါတယ်။
ဒါကြောင့်လည်း ပါတီကို သစ္စာရှိကြောင်း ပြသနိုင်ဖို့နဲ့ ပါတီကအကြီးပိုင်းတွေရဲ့ အလေးပေးမှုကိုရရှိဖို့ ကိုယ့်မြို့နယ်မှာ ဗိုလ်ချုပ်ရုပ်တုကို မဖြစ်မနေ စိုက်ထူဖို့ ကြိုးစားခဲ့တာ ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ပါတီကိုဦးဆောင်နေတဲ့သူတွေနဲ့ လွှတ်တော်အမတ်တွေရဲ့ နိုင်ငံရေးဂုဏ်မောက်မှုကလည်း ပြဿနာတခုဖြစ်ခဲ့ပါတယ်။ တိုင်းရင်းသားအင်အားစုတွေရဲ့ လိုအပ်ချက်ကို စာနာစိတ်နဲ့ နားထောင်ပြီး ကိုယ့်ရဲ့နိုင်ငံရေးအင်အားစုကို တည်ဆောက်ရမယ့်အစား တပ်မတော်ကပြောတာကို မျက်စိမှိတ်ယုံခဲ့ကြတာကို ပါတီခေါင်းဆောင်တွေရဲ့ အာဏာသိမ်းပြီးနောက်ပိုင်းပြောကြားခဲ့တဲ့ အမေးအဖြေတွေမှာ အထင်းသားမြင်ရပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် မတ်လ ၉ ရက်နေ့မှာ အမေရိကန်အသံ (VOA) ကို ဖြေကြားခဲ့တဲ့ အမေးအဖြေကိုကြည့်ရင် ကြားကာလထဲမှာ စစ်ကောင်စီကို အရင်တော်လှန်မယ်၊ အသွင်ကူးပြောင်းရေးကာလမှာပဲ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ညှိနှိုင်းကြမယ်လို့ ဆိုလိုတယ်လို့ နားလည်ပါတယ်။
၂၀၁၈ နဲ့ ၂၀၁၉ နှစ်တွေအတွင်းမှာလည်း ရခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့အချိန် ဒေါ်အောင်ဆန်းစုကြည်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချီးမွမ်းထောပနာပြုခဲ့တဲ့လုပ်ရပ်တွေဟာ NLD အပေါ် တိုင်းရင်းသားလူထု ယုံကြည်ဖို့ အလွန်ခက်ခဲသွားစေပါတယ်။
လက်ရှိအချိန်မှာ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပြီးလို့ ကြေညာခဲ့ပြီးဖြစ်ပေမယ့် ၂၀၀၈ အခြေခံဥပဒေအောက်က ရွေးကောက်ပွဲရလာဒ်ကို ကိုင်စွဲထားပြီး လွှတ်တော်ကျင်းပနေတာက ရှေ့နောက်လွဲနေတယ်လို့ ဆိုရမှာပါ။
ဒီလိုအခြေအနေမျိုးမှာ NLD ဦးဆောင်တဲ့ CRPH အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တော်လှန်ရေးကိုဦးဆောင်တဲ့ကဏ္ဍကို ရယူထားတယ်ဆိုရင် တော်လှန်ရေးအတွက် အရေးကြီးတဲ့နိုင်ငံရေးနဲ့ စစ်ရေးအင်အားစုတွေ ဒီတော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်ဖို့ ခက်ခဲစေမှာပါ။
လက်ရှိနိုင်ငံရေးစုဖွဲ့မှုအရ KIO/KIA ဟာ CRPH နဲ့ နှစ်ဖက်သဘောတူစာချုပ် (bilateral agreement) ချုပ်ဆိုထားနိုင်ပေမယ့် ကျန်တိုင်းရင်းသားအဖွဲ့တွေဟာ CRPH က စုဖွဲ့ထားတဲ့ NUCC မှာပါဝင်နေရတာ ဖြစ်တဲ့အတွက် NLD ကို နိုင်ငံရေးအရအခဲမကျေဖြစ်ခဲ့တဲ့ တိုင်းရင်းသားနိုင်ငံရေး စစ်ရေးအင်အားစုက CRPH ဦးဆောင်မှုအောက်ကို ဝင်လာပါ့မလားဆိုတာ မေးစရာဖြစ်နေပါတယ်။
ဒါကြောင့် CRPH အနေနဲ့ ရွေးကောက်ပွဲကို အနိုင်ရရှိထားတဲ့ နိုင်ငံရေးအစုအဖွဲ့ဖြစ်ပေမယ့် နိုင်ငံရေးသဘောထားကြီးကြီးနဲ့ ကျန်တိုင်းရင်းသားအစုအဖွဲ့တွေနဲ့ တန်းတူရည်တူရှိတဲ့ နိုင်ငံရေးအစုအဖွဲ့တခုအဖြစ် ခံယူပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့မှာ CRPH အနေနဲ့ အစုအဖွဲ့တခုအဖြစ်သာ ပါဝင်ပြီး တော်လှန်ရေးကိုဖော်ဆောင်သင့်တယ်လို့ သုံးသပ်ပါတယ်။
ဒါမှသာ အားလုံးပါဝင်တဲ့ တော်လှန်ရေးအင်အားစုတခုဖြစ်လာနိုင်မှာဖြစ်ပြီး စစ်အာဏာရှင်ကို အမြစ်ဖြတ်နိုင်တဲ့ တော်လှန်ရေးအင်အားစုကို ဖော်ဆောင်နိုင်မှာပါ။
တိုင်းရင်းသားလူမျိုးအခြေပြုနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လူမျိုးစုအခြေပြု ပြည်နယ်တွေက ဖက်ဒရယ်ယူနစ်တွေအဖြစ် ပါဝင်လာပြီးမှသာ နိုင်ငံကိုစုပေါင်းပါဝင်တဲ့စနစ် (coming together federal) ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
ဒုတိယလုပ်ဆောင်ရမယ့်အချက်ဟာ ဗမာပြည်နယ်ဖွဲ့စည်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ သဘောတူညီမှုကို အမြန်ဆုံးရရှိဖို့ဖြစ်ပါတယ်။ ပထမဆုံးအချက်ကို လက်တွေ့အကောင်အထည်မဖော်နိုင်ရင်တောင် တော်လှန်ရေးအောင်မြင်ဖို့အတွက် အားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီသဘောတူညီမှုကို အခုလက်ရှိ ကြားကာလထဲမှာ ရရှိဖို့ အရေးကြီးသလို ပြည်ထောင်စုမှာ ဗမာလူမျိုးတွေရဲ့ ပြည်နယ်ဘယ်ဟာလဲဆိုတာဟာလည်း မဖြစ်မနေဖြတ်သန်းရမယ့် နိုင်ငံရေးလမ်းကြောင်းတခုဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် မတ်လ ၉ ရက်နေ့မှာ အမေရိကန်အသံ (VOA) ကို ဖြေကြားခဲ့တဲ့ အမေးအဖြေကိုကြည့်ရင် ကြားကာလထဲမှာ စစ်ကောင်စီကို အရင်တော်လှန်မယ်၊ အသွင်ကူးပြောင်းရေးကာလမှာပဲ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ညှိနှိုင်းကြမယ်လို့ ဆိုလိုတယ်လို့ နားလည်ပါတယ်။
ဒီလိုပြောဆိုတာဟာ တော်လှန်ရေးကာလမို့ မှန်သယောင်ရှိပေမယ့် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ချုပ်ဆိုတဲ့အချိန် ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးအရင်အတူယူမယ်လို့ ကတိပေးခဲ့တာတွေ၊ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်အရင်ထိုး၊ နောက်မှ နိုင်ငံရေးဆွေးနွေးတာတွေလုပ်မယ်လို့ စစ်တပ်နဲ့ NLD ပါတီတွေ ပြောခဲ့တာနဲ့ ပုံစံချင်းအတူတူပါပဲ။
ဒါကြောင့် စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့လိုအပ်တဲ့ ငွေအား၊ လူအားအပြင် နိုင်ငံတကာအကူအညီတွေရရှိဖို့ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီ သဘောတူညီမှုကို အမြန်ဆုံးရရှိဖို့နဲ့ ပြည်ထောင်စုမှာ ယူနစ်တခုအနေနဲ့ ပါဝင်လာမယ့် ဗမာပြည်နယ်ဖွဲ့စည်းဖို့ အရေးကြီးပါတယ်။
တော်လှန်ရေးပြီးသွားတဲ့နောက်မှာ ဘယ်လိုဖက်ဒရယ်ပြည်ထောင်စုမျိုးကို ဘယ်လိုနည်းလမ်းနဲ့ အုပ်ချုပ်မယ်ဆိုတာကို ပြည်သူတရပ်လုံးသိရှိမှသာ တော်လှန်ရေးအတွက်လိုအပ်တဲ့ နိုင်ငံရေးအင်အား နဲ့ စစ်ရေးအင်အားကို စုစည်းနိုင်မှာဖြစ်ပါတယ်။
ဥပမာတခုအနေနဲ့ ပြောရရင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဟာ ဗမာပြည်နယ်ရရှိဖို့ လိုတယ်၊ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်ဖို့လိုအပ်တယ်လို့ ပွင့်ပွင့်လင်းလင်းထုတ်ပြန်ထားတဲ့ ဗမာလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်ပါတယ်။ ဗမာလူမျိုးကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့အတွက် ထူးခြားတယ်လို့ ဆိုရမှာဖြစ်သလို တိုင်းရင်းသားအများစုလက်ခံနိုင်တဲ့ နိုင်ငံရေးခံယူချက်ရှိတဲ့ အစုအဖွဲ့လို့မြင်နိုင်ပါတယ်။
BPLA ရဲ့ တနှစ်ပြည့်အထိမ်းအမှတ်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး လိုအပ်တဲ့အကူအညီတွေပေးမယ်လို့ ဖော်ပြခဲ့တာက ဗမာပြည်နယ်နဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ပွင့်ပွင့်လင်းလင်းဆွေးနွေးလိုတဲ့ အခင်းအကျင်းမျိုးကို တော်လှန်ရေးမှာ အင်တိုက်အားတိုက် မပါဝင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လိုလားတယ်လို့ သုံးသပ်နိုင်ပါတယ်။
တိုင်းရင်းသားလူမျိုးအခြေပြုနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လူမျိုးစုအခြေပြု ပြည်နယ်တွေက ဖက်ဒရယ်ယူနစ်တွေအဖြစ် ပါဝင်လာပြီးမှသာ နိုင်ငံကိုစုပေါင်းပါဝင်တဲ့စနစ် (coming together federal) ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
တတိယလုပ်ဆောင်ရမယ့်အချက်က ရိုဟင်ဂျာအရေးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာလူမျိုးစုတွေကို စစ်တပ်က ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။ ဒီလိုကျူးလွန်လုပ်ဆောင်ခဲ့တာတွေကို လူမျိုးသုန်းသတ်ဖြတ်မှုမြောက်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက လွန်ခဲ့တဲ့ လပိုင်းအတွင်းမှာပဲ ထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။
စစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို NLD အစိုးရ တားဆီးဖို့ပျက်ကွက်ခဲ့သလို စစ်တပ်နဲ့ တသားတည်း ရပ်တည်ခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ကိုသွားရောက်ပြီး စစ်တပ်ရဲ့လုပ်ရပ်ကို အကာအကွယ်ပေးခဲ့တဲ့အခါ နိုင်ငံအနှံ့အပြားထောက်ခံပွဲတွေ ကျင်းပခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ရဲ့ ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုကို အကာအကွယ်ပေးခဲ့တဲ့အတွက် NLD အစိုးရဟာ ရိုဟင်ဂျာတွေကို မျိုးသုန်းသတ်ဖြတ်ခဲ့တဲ့ ကြံရာပါဖြစ်တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ယူဆထားတယ်ဆိုရင် မမှားနိုင်ပါဘူး။
NLD အစိုးရရဲ့ ဝန်ကြီးတွေဟာ ‘ရိုဟင်ဂျာလူမျိုးမရှိပါဘူး’၊ ‘ရိုဟင်ဂျာရွာတွေ မီးရှို့ခံရတာမဟုတ်ပါဘူး၊ သူတို့ဖာသာရှို့တာပါလို့’ ပြောဆိုခဲ့ကြပါတယ်။ လက်ရှိ NUG အစိုးရမှာ အဲဒီဝန်မင်းတွေဟာ ဝန်ကြီးအဖြစ် ဆက်လက်ပါဝင်နေသလို သူတို့ပြောဆိုခဲ့တာတွေ၊ လုပ်ရပ်တွေအတွက် ရိုဟင်ဂျာလူမျိုးတွေနဲ့ မြန်မာလူထုကို တောင်းပန်တာမျိုး လုံးဝမရှိသေးပါဘူး။
ဒါကြောင့် NUG အစိုးရအနေနဲ့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ လုပ်ဆောင်ခဲ့တာတွေဟာ လုံလောက်မှုရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေသလို ဒီထက်ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ဆိုရမှာပါ။
မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးတွေနဲ့ နိုင်ငံရေးအင်အားစုဟာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချုပ်ငြိမ်းတဲ့အထိ ဝိုင်းဝန်းတော်လှန်လိုတဲ့အတွက် အရင်က ဘယ်တုန်းကမှမရှိခဲ့ဘူးတဲ့ စည်းလုံးညီညွှတ်မှုကို ရရှိနေပါတယ်။
စစ်တပ်ကို ကာကွယ်ပေးခဲ့ဖူးတဲ့ ဝန်ကြီးတွေအနေနဲ့ သူတို့ပြောဆိုခဲ့တာတွေကို တောင်းပန်သင့်ပါတယ်။ အပေါ်မှာ ပြောခဲ့သလို ရိုဟင်ဂျာအရေးမှာ စစ်တပ်နဲ့ ကြံရာပါဖြစ်တယ်လို့ ယူဆထားစေတဲ့ ဝန်ကြီးတွေ NUG မှာ ဆက်လက်ပါဝင်နေတာဟာ မဖြစ်သင့်တဲ့ အခင်းအကျင်းတခုလို့ သုံးသပ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းခဲ့တဲ့အတွက် မြန်မာ့နိုင်ငံရေးသမိုင်းပြောင်းလဲသွားပြီး စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက စည်းလုံးညီညွှတ်စွာနဲ့ ပူးပေါင်းပါဝင်နေကြပါတယ်။
မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးတွေနဲ့ နိုင်ငံရေးအင်အားစုဟာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချုပ်ငြိမ်းတဲ့အထိ ဝိုင်းဝန်းတော်လှန်လိုတဲ့အတွက် အရင်က ဘယ်တုန်းကမှမရှိခဲ့ဘူးတဲ့ စည်းလုံးညီညွှတ်မှုကို ရရှိနေပါတယ်။
ဒီစည်းလုံးညီညွှတ်မှုကို အလျင်အမြန်အသုံးချနိုင်မှသာ စစ်အာဏာရှင်ကို တွန်းလှန်နိုင်မှာဖြစ်တဲ့အတွက် CRPH အနေနဲ့ တော်လှန်ရေးကိုဦးဆောင်တဲ့အစုအဖွဲ့အနေနဲ့ မဟုတ်ဘဲ တိုင်းရင်းသားနိုင်ငံရေးအင်အားစုအားလုံးကို စည်းရုံးနိုင်တဲ့ တော်လှန်ရေးအင်အားစုတခုအနေနဲ့ ရပ်တည်သင့်ပါတယ်။
ဒါ့အပြင် ဗမာပြည်နယ်အမြန်ဆုံးဖွဲ့စည်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ကြားကာလမှာ စစ်ကောင်စီကို တိုက်ရင်း ဆွေးနွေး၊ ဆွေးနွေးရင်းတိုက်တဲ့ နည်းဗျူဟာကျင့်သုံးသင့်ပါတယ်။
စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းမယ့် နောက်ဆုံးတော်လှန်ရေးလို့ တင်စားနေကြတဲ့ လက်ရှိတော်လှန်ရေးကို ၁၉၈၈ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်ကာလတွေမှာဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးသမိုင်းလို မဖြစ်ဖို့ အရေးကြီးပါတယ်။
မြန်မာနိုင်ငံရဲ့ နေရာအနှံ့မှာ တိုင်းပြည်အတွက် အရေးပါတဲ့လူငယ်တွေဟာ အသက်စွန့်၊ ခန္ဒာစွန့်၊ အနာဂတ်ကို စွန့်လွှတ်ပြီး တိုက်ပွဲဝင်နေကြပါတယ်။ ကိုယ့်ရဲ့ နိုင်ငံရေးအတ္တကြောင့် တော်လှန်ရေးအချိန်ကြာသွားခဲ့ရင် အမှန်တကယ်နစ်နာမှာ ပြည်သူတွေပဲဖြစ်ပါတယ်။
တော်လှန်ရေးအောင်မြင်ဖို့အတွက် အတိတ်က စစ်မှန်တဲ့သမိုင်းကို ယနေ့လူငယ်တွေ သိရှိဖို့လိုသလို ဒီနေ့နိုင်ငံရေးမှာ ဦးဆောင်နေတဲ့သူတွေကလည်း အတိတ်ကသမိုင်းကို တပတ်မလည်ဖို့အတွက် ပြည်သူကို ဦးဆောင်လမ်းပြရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ချမ်းသာကြွယ်ဝတဲ့နိုင်ငံကနေ ဖွံ့ဖြိုးမှုအနည်းဆုံးတိုင်းပြည်ဖြစ်တဲ့အထိ ဆွဲချခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့ သမိုင်း တပတ်မလည်စေလိုဘူးလို့ တင်ပြလိုက်ပါတယ်။
(စာရေးသူသည် ကချင်ပြည်နယ်အခြေပြု The 74 Media ၏ အယ်ဒီတာချုပ် ဖြစ်သည်။ ဆောင်းပါးပါ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်အယူအဆဖြစ်ပြီး ဧရာဝတီ၏ အယ်ဒီတာ့အာဘော်ကို မထင်ဟပ်ပါ။)
You may also like these stories:
အာဏာသိမ်းခေါင်းဆောင်၏ ဖိတ်ခေါ်ချက် ဘယ်သူတွေတက်မှာလဲ
ဦးဖုန်ကြားရှင် ဈာပန စစ်ကောင်စီတိုင်းမှူး ဘာကြောင့် လာတက်သလဲ
အာဏာသိမ်းအလွန် မြန်မာစစ်ပွဲ ‘ဝ’ ကနဦး အနိုင်ရနေ
မြန်မာပြည်ပညာရေးနှင့် ဖက်ဒရယ်စနစ်
ပြည်ထောင်စုနေ့ကို တကိုယ်တော် မကျင်းပနိုင်