မြန်မာနိုင်ငံကို ဗြိတိသျှ ကိုလိုနီလက်အောက်မှ အတူတကွ လွတ်လပ်ရေးရယူရန်နှင့် အနာဂတ်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် တောင်တန်းနှင့် ပြည်မရှိ နိုင်ငံရေးခေါင်းဆောင်များ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ရှမ်းပြည်နယ် ပင်လုံမြို့တွင် သဘောတူစာချုပ်ရေးထိုးခဲ့သော ပြည်ထောင်စုနေ့သည် ၂၀၂၂ ခုနှစ်တွင် ၇၅ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
သို့ရာတွင် ပြည်ထောင်စုနေ့၏ တကယ့်အနှစ်သာရဖြစ်သည့် တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့သည်ကား ရွှေပြည်တော်မျှော်တိုင်းဝေးနေဆဲ ဖြစ်သည်။ ပင်လုံစာချုပ်ပါ အချက်အလက်များကို ပြောဆိုတိုင်း နယ်ချဲ့တို့၏ သွေးခွဲသပ်လျှိုမှုကြောင့် ပြည်ထောင်စု ပြိုကွဲရမည်သကဲ့သို့ တစ္ဆေခြောက်သော ပုံပြင်များဖြင့် အကြောင်းပြပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို စစ်တပ်က လက်နက်အားကိုး အာဏာသိမ်းခဲ့သည်မှာ ၁၉၆၂ ခုနှစ်ကတည်းက ဖြစ်သည်။
၁၀ နှစ် ပေါင်းကြည့် မကြိုက်ရင် ခွဲဟု မြန်မာနိုင်ငံသား အများစုက အမျိုးသားခေါင်းဆောင်၊ လွတ်လပ်ရေးဖခင်ကြီးဟုပင် အလေးအနက်ထားသော ဗိုလ်ချုပ်အောင်ဆန်းကိုယ်နှိုက်က တောင်တန်းပေါ်မှ တိုင်းရင်းသားများနှင့် သဘောတူခဲ့ခြင်းကို လွတ်လပ်ရေးအမြန်လိုချင်၍ဟု ပေါ့ပေါ့တန်တန် သဘောထားရန် မဖြစ်နိုင်ချေ။ အာဏာခွဲဝေရေး၊ ရင်းမြစ်ခွဲဝေရေးတို့အား လက်ခံရုံသာမက ခွဲထွက်ရေးကိုပင် ဒီမိုကရေစီနည်းကျ အများသဘောတူ ဆန္ဒခံယူစေပြီး ငြိမ်းချမ်းစွာ လမ်းခွဲခွင့်ကို ဗိုလ်ချုပ်အောင်ဆန်းလက်ခံခဲ့ခြင်းသည် အင်မတန် အမြော်အမြင်ကြီးခဲ့သူ ဖြစ်ကြောင်း စစ်အေးတိုက်ပွဲအပြီး နိုင်ငံများ၏ နယ်နိမိတ်မျဉ်းများ အပြောင်းအလဲဖြစ်ရာ သွေးထွက်သံယို လုံးဝမဖြစ်ဘဲ ကတ္တီပါလမ်းခွဲခဲ့ကြသည့် ချက်နှင့် စလိုဗက် ၂ နိုင်ငံတို့က သက်သေပြပြီး ဖြစ်သည်။ ထို့အပြင် အချို့ ဝေဖန်သလို ဗိုလ်ချုပ်အောင်ဆန်းသည် တကိုယ်တော် အစွမ်းပြမည့် အာဏာရှင် ဖြစ်လာမည် မဟုတ်ကြောင်းလည်း ယင်းသို့ သဘောထားကြီးမှုက ပြသနေသည်။
ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ပင်လုံစာချုပ်အား မြေမြှုပ်လိုက်ကြသောကြောင့် တောင်ပေါ် တိုင်းရင်းသားလူမျိုးစုများအဖို့ ယခု စိန်ရတု ပြည်ထောင်စုနေ့သည် ၎င်းတို့အား သစ္စာဖောက်ခဲ့ခြင်း ၇၅ နှစ်ပြည့်ပြီဟု ခံစားထင်မြင်နေပါက အံ့အားသင့်ဖွယ် မဟုတ်ပေ။ တနည်းဆိုသော် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော ပြည်တွင်းစစ်မီးသည် တိုင်းရင်းသားများဘက်မှ အမြဲဆိုသလို ထောက်ပြဝေဖန်နေသော မဟာလူမျိုးကြီးဝါဒနှင့် လက်နက်အားကိုး တပြည်ထောင်စနစ်ဖြင့် အုပ်ချုပ်နေမှုကြောင့်ဟူသည်ကို အလေးအနက်ထား စဉ်းစားဖို့ လိုနေပြီဖြစ်သည်။
စစ်အာဏာသိမ်းမှုများ လက်အောက်တွင်မူ ပိုမိုဆိုးရွားသည့် တကိုယ်တော် အာဏာရှင်အုပ်ချုပ်ရေး သို့မဟုတ် ပဒေသရာဇ်ဆန်ဆန် တသွေးတသံတမိန့် အုပ်ချုပ်ရေးသို့ ရောက်ရှိသွားကြောင်း ယခုနှစ် ၇၅ နှစ်ပြည့် ပြည်ထောင်စုနေ့ နေပြည်တော်အခမ်းအနားက အထင်အရှား သက်သေပင်။ လက်နက်အားကိုးဖြင့် အာဏာသိမ်းထားသော စစ်ခေါင်းဆောင်က ရွေးကောက်တင်မြှောက်ခံ သမ္မတများသာ ပြုလုပ်ကျင်းပလေ့ရှိသော ဗိုလ်ရှုခံသဘင်ကို နိုင်ငံတော်ဘဏ္ဍာအား စိစစ်ထိန်းကျောင်းမှုမဲ့ သုံးဖြုန်းပြီး ကိုယ့်ကိုယ်ကိုယ်လှည့်ဖြားရန် အကြီးအကျယ် ဆင်နွှဲသည်။
တဖက်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းပွဲ လုပ်မည်ဟု နားဝင်ချိုမည့် စကားလုံးများကို ပါးစပ်မှ တသွင်သွင်ပြောရင်း တဖက်တွင် တိုင်းရင်းသားနယ်မြေများ အထူးသဖြင့် ကချင်၊ ချင်း၊ ကရင်နီနှင့်ကရင်ဒေသများသို့ စစ်ရေးတိုက်ခိုက်မှုများ အကြီးအကျယ် လုပ်သည်။ မြို့ရွာများအပေါ် လက်နက်ကြီးများဖြင့် ပစ်သည်။ လေကြောင်းမှ ဗုံးကြဲသည်။ ကလေးငယ်များနှင့် အမျိုးသမီးများပါမကျန် သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုများအား တသီတတန်း ကျူးလွန်သည်။
အမှန်တကယ် ထာဝရငြိမ်းချမ်းရေး လိုချင်လျှင် တိုင်းရင်းသားနယ်မြေများမှ အာဏာသိမ်း စစ်တပ်များကို ဆုတ်ခွာရုတ်သိမ်းရမည်။ ဖမ်းဆီးခံ ရွေးကောက်တင်မြှောက်ခံ နိုင်ငံရေးခေါင်းဆောင်များနှင့် စစ်အာဏာသိမ်းဆန့်ကျင်သူများ အားလုံးကို လွှတ်ပေးပြီး တိုင်းရင်းသားကိုယ်စားလှယ်များနှင့်အတူ ဖွဲ့စည်းထားသော ကြားဖြတ်အစိုးရသို့ အာဏာလွှဲပြောင်းပေးရမည်။ အဆုံးစွန်မှာ ရွေးကောက်ခံအစိုးရလက်အောက်တွင် ပြန်လည်ဖွဲ့စည်းမည့် ဖက်ဒရယ် ပြည်ထောင်စု လုံခြုံရေးတပ်ဖွဲ့တွင် အမိန့်နာခံရင်း တာဝန်ထမ်းရမည်။ ပြည်ထောင်စုကို တကိုယ်တော် တည်ဆောက်မရသောကြောင့် ပြည်ထောင်စုနေ့ကိုလည်း တကိုယ်တော်ကျင်းပမရချေ။
စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်တိုက်ဖျက်ရန် သန္နိဌာန်ချပြီး အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေသော ဂျန်နရေးရှင်း ဇီ မျိုးဆက်သစ်များအနေဖြင့်လည်း တိုင်းရင်းသားအရေး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသည် ဒီမိုကရေစီတည်ဆောက်ရေးနှင့် ခွဲမရဘဲ ခေါင်းနှင့်ပန်းလို တဆက်စပ်တည်း ဖြစ်ကြောင်း ဘဝနှင့် ယှဉ်ပြီး နားလည်သဘောပေါက်နေပြီဟု ယုံကြည်ယူဆရသည်။ မျိုးဆက် ၃ ဆက်မျှ တင်ရှိနေသော သမိုင်းပေးတာဝန်ကို လက်ရှိမျိုးဆက်တခုတည်း၏ ပခုံးပေါ်သို့ တင်ပေးလိုက်ခြင်းသည် မတရားသော်ငြား ယင်းကို ရှောင်လွှဲမရနိုင်တော့ပြီ။
သွားရမည့်လမ်းကား ဝေးသေး၏။ ခြေသာလျှင် ယာဉ်ရှိကြ၏။ သို့သော် တနေ့တလံ ပုဂံဘယ်ပြေးမလဲဟု စိတ်ထားပြီး ရှေ့သို့လှမ်းချီကြကုန်။
You may also like these stories:
ပင်လုံ စိတ်ဓာတ်သည်မှ ပင်လုံသစ္စာဆီသို့
ပြည်ထောင်စုနေ့အပေါ် တိုင်းရင်းသားခေါင်းဆောင်များရဲ့ အမြင်
စစ်ကောင်စီ၏ စိန်ရတု ပြည်ထောင်စုနေ့ပွဲ အောင်မြင်ရေး မသေချာ
အဝိုင်းခံ ကယားပြည်နယ်ကို စစ်ကောင်စီ ဒုဥက္ကဋ္ဌ သွားအားပေး
ရှမ်းပြည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်ပါ့မလား