ယခုလက်ရှိ ပြည်သူ့နွေဦးတော်လှန်ရေးနှင့် တွဲစပ်သုံးကြသည့် စကားလုံးများမှာ “ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်ပြည်ထောင်စု၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်” ဆိုသည့် စကားလုံးများဖြစ်သည်။ “နိုင်ငံတော်၊ အချုပ်အခြာအာဏာ” ဆိုသည့် စကားလုံးများမှာမူ စစ်အာဏာရှင်တို့သာ ခေတ်အဆက်ဆက် အသုံးပြုသည့် စကားလုံးများသဖွယ် ဖြစ်နေသည်။ စင်စစ် ထိုစကားလုံးများမှာလည်း ပြည်သူတစ်ဦးချင်းစီ ပိုင်ဆိုင်ရုံမက အနှစ်သာရအားဖြင့်ပါ အာဏာရှင်စနစ်နှင့် လားလားမှ မသက်ဆိုင်သည့် စကားလုံးများပင်ဖြစ်သည်ကို ဦးစွာနားလည်ရန် လိုသည်။
ခေတ်အဆက်ဆက် လူထုတော်လှန်ရေးများတွင် ပြည်သူ့တောင်းဆိုလိုလားမှု မှန်သမျှကို “နိုင်ငံတော် ပုန်ကန်မှု”၊ “အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်မှု” ဆိုသည့် စကာလုံးများ အသုံးပြုကာ ပြစ်မှုဆင် ဖိနှိပ်ခဲ့ခြင်းကြောင့် ထိုစကားလုံးများကိုပါ တော်လှန်ပြည်သူများ မုန်းတီးလာရတော့သည်။ လက်ရှိ ပြည်သူ့နွေဦးတော်လှန်ရေးတွင် ဤစကားလုံးများကိုသာမက ‘နိုင်ငံတော်’ နှင့် ‘အချုပ်အခြာအာဏာ’ ဆိုသည့် အနှစ်သာရများကိုပါ ပြည်သူတစ်ဦးချင်းစီ လက်ထဲ ပြန်လည်ရောက်ရှိရန် အချိန်တန်ပြီဖြစ်သည်။
နိုင်ငံတော်ဆိုသည်မှာ
နိုင်ငံတော်ဆိုသည့် စကားလုံးနှင့် သဘောတရားသည် နှစ်ထောင်ပေါင်းများစွာကတည်းက ပေါ်ပေါက်ခဲ့ပြီး နိုင်ငံတော်ဆိုသည့် လက္ခဏာရပ်များကို သတ်မှတ်ချက်များသည် ပညာရပ်ဆိုင်ရာ ငြင်းခုံမှုများဖြစ်သည်။
လက်ရှိ နိုင်ငံတော်များအားလုံးနီးပါးမှာမူ ဒုတိယကမ္ဘာစစ်အပြီး၊ (ဗာဆိုင်းစာချုပ်စာချုပ်အရ ဖွဲ့စည်းသည့်) နိုင်ငံတကာပေါင်းချုပ်အသင်းကြီး နောက်ပိုင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့်အတူ ပေါ်ပေါက်လာသည့် နိုင်ငံတကာ ဥပဒေများအရ လက်ခံထားသည့် နိုင်ငံတော်များ ဖြစ်သည်။
မြန်မာနိုင်ငံအပါအဝင် လက်ရှိနိုင်ငံတော်များ၏ နယ်နိမိတ်များမှာ ထို ၁၉၄၀ ပြည့်နှစ် ကာလများကတည်းက ပေါ်ပေါက်လာသည့် နယ်နိမိတ်များအတိုင်း အတည်ဖြစ်နေသည်။ ထိုတည်ရှိမှုကို ကမ္ဘာ့ကုလသမဂ္ဂ၏ အခြခံမူများထဲမှ တခုဖြစ်သည့် အမေရိကန်နှင့် ဗြိတိန်တို့ ၁၉၄၁ တွင် ချုပ်ဆိုသည့် အတ္တလန္တိတ်ချာတာတွင်ပင် “နိုင်ငံသားများ၏ သဘောဆန္ဒမပါရှိဘဲ နိုင်ငံတကာမှ တရားဝင် သတ်မှတ်ထားပြီးသည့် နယ်နိမိတ်များကို ပြုပြင်ပြောင်းလဲခြင်း မရှိစေရ” ဟူ၍ အတိအလင်း ဖော်ပြလက်ခံထားကြသည်။
မြန်မာနိုင်ငံအပါအဝင် လက်ရှိနိုင်ငံတော်များ၏ နယ်နိမိတ်များမှာ ထို ၁၉၄၀ ပြည့်နှစ် ကာလများကတည်းက ပေါ်ပေါက်လာသည့် နယ်နိမိတ်များအတိုင်း အတည်ဖြစ်နေသည်။ ထိုတည်ရှိမှုကို ကမ္ဘာ့ကုလသမဂ္ဂ၏ အခြခံမူများထဲမှ တခုဖြစ်သည့် အမေရိကန်နှင့် ဗြိတိန်တို့ ၁၉၄၁ တွင် ချုပ်ဆိုသည့် အတ္တလန္တိတ်ချာတာတွင်ပင် “နိုင်ငံသားများ၏ သဘောဆန္ဒမပါရှိဘဲ နိုင်ငံတကာမှ တရားဝင်သတ်မှတ်ထားပြီးသည့် နယ်နိမိတ်များကို ပြုပြင်ပြောင်းလဲခြင်း မရှိစေရ” ဟူ၍ အတိအလင်း ဖော်ပြလက်ခံထားကြသည်။
အဓိပ္ပာယ်မှာ နိုင်ငံအချင်းချင်း ကျူးကျော်မှုကို ဟန့်တားပြီး၊ တရားဝင် နိုင်ငံတော်များကိုလည်း သက်ဆိုင်ရာပြည်သူတို့က ခွဲခြမ်းလိုခြင်း မရှိသရွေ့ နိုင်ငံတကာမှ ဝိုင်းဝန်းကာကွယ်ပေးကြရန် သဘောတူခြင်း ဖြစ်သည်။ ပြုပြင်ပြောင်းလည်ရန် အင်မတန်ခက်ခဲသည်ကို သတိပြုရန်ဖြစ်ပါသည်။
သို့သော် အဆိုပါ အချုပ်အခြာအာဏာပိုင် နိုင်ငံများအတွင်း နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို မည်သူက မည်သည့်နည်းလမ်းနှင့် ရယူထားသည်ဆိုသည်များကိုမူ နိုင်ငံတကာမှ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ရန်မှာ အကန့်အသတ်နှင့်သာ ရှိသည်။ ထို့ကြောင့်လည်း လက်ရှိတွင် မြန်မာ “နိုင်ငံတော်နှင့် ပြည်သူတို့၏ အချုပ်အခြာအာဏာ” ကို မတရားနည်းဖြင့် လုယူထားသည့် စစ်ကောင်စီကို အသိအမှတ် မပြုကြသော်လည်း နိုင်ငံကိုမူ အချုပ်အခြာအာဏာပိုင် နိုင်ငံအနေဖြင့် ဆက်ဆံခြင်း ပြုနေသည်မှာ ရှုပ်ထွေးသည့် ဖြစ်ရပ်ဖြစ်သည်။
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) နှင့် တော်လှန်ရေးအင်အားစုများ အားလုံးမှာမူ အဆိုပါ “နိုင်ငံတော်နှင့် ပြည်သူ့အချုပ်အခြာအာဏာ” ကို စစ်ကောင်စီထံမှ ပြန်လည် ရယူရန် ကြိုးပမ်းနေဆဲ ကာလဖြစ်၍ နိုင်ငံတကာ၏ အသိအမှတ်ပြုခြင်းလည်း မခံရသေးပေ။
အချုပ်အခြာအာဏာပိုင် နိုင်ငံတော်ဆိုသည်မှာ
ဦးစွာ အချုပ်အခြာအာဏာဆိုသည်မှာ နိုင်ငံတော်တခုအတွင်းရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးစသည့် အာဏာများ၏ ခေါင်ချုပ်ကို ဆိုလိုသည်။ ထိုအာဏာခေါင်ချုပ်ကြီးကို ဒီမိုကရေစီနိုင်ငံများတွင် ပြည်သူတဦးချင်းစီက တိုက်ရိုက်ပိုင်ဆိုင်ကာ အာဏာကို ကျင့်သုံးနိုင်ရန် စနစ်နှင့် အစီအမံများ ချမှတ်ထားသည်။
အဓိပ္ပာယ်မှာ ပြည်သူတဦးချင်းစီသည် အဆိုပါ အာဏာများကို ၎င်းတို့ကိုယ်တိုင် ရွေးကောက်တင်မြှောက်သည့် ကိုယ်စားလှယ်များမှတဆင့် ကျင့်သုံးသည်။ ထိုကိုယ်စားလှယ်များက ပြည်သူ့အာဏာကို အလွဲသုံးစားလုပ်ခြင်း၊ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ခြင်းများရှိလျှင် ဖြုတ်ချနိုင်ခွင့်ကို အပြည့်အဝ ကိုင်စွဲထားကြသည်။
ဒီမိုကရေစီမဟုတ်သည့် နိုင်ငံများတွင်မူ အဆိုပါ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာများနှင့် အချုပ်အခြာအာဏာခေါင်ချုပ်ကြီးကို ပါတီတခု၊ စစ်တပ်တခု၊ ဘာသာရေးအဖွဲ့အစည်းတဖွဲ့၊ မိသားစု၊ လူတဦးစသည်တို့ကပင် ပိုင်ဆိုင်နေတတ်သည်။ အချုပ်အခြာအာဏာပိုင်ဆိုင်ခြင်း မရှိသည့်အတွက် ပြည်သူများကလည်း ထိုအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကို ခန့်အပ်ခြင်း၊ ဖြုတ်ချခြင်းအာဏာများ ဆုံးရှုံးနေတတ်သည်။
အချုပ်အခြာအာဏာပိုင် နိုင်ငံတော်ဆိုသည်ကား အတိုချုပ်ပြောလျှင် လွတ်လပ်သောနိုင်ငံတော်တခုကို ဆိုလိုခြင်း ဖြစ်သည်။ တနည်း တိုင်းတပါး၊ ပြည်ပနိုင်ငံတခုခုက နိုင်ငံ၏ နယ်နိမိတ်အတွင်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအာဏာများကို ဝင်ရောက်စွက်ဖက်နိုင်ခွင့် မရှိသည့် နိုင်ငံတော်ဖြစ်သည်။
မြန်မာနိုင်ငံတော်သည်ကား ၁၉၄၈ လွတ်လပ်ရေးရပြီးချိန်မှစ၍ အခြားမည်သည့် ပြင်ပနိုင်ငံကမှ မြန်မာကိုယ်စား၊ လူထုကိုယ်စား တရားဝင် စီရင်ပိုင်ခွင့်မရှိပေ။ ထို့ကြောင့် ပြည်ပနိုင်ငံများနှင့် ဆက်ဆံရာတွင် မြန်မာဟူသော အချုပ်အခြာအာဏာပိုင်နိုင်ငံသည် ၎င်း၏ အခွင့်အရေး အပြည့်အဝကို ကျင့်သုံးနိုင်လျက်ရှိသည်။ ဥပမာအားဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့ကုလသမဂ္ဂတွင် မဲတခုပေးနိုင်ခြင်း၊ အာဆီယံအဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ခြင်း၊ အခြားနိုင်ငံများနှင့် ကုန်သွယ်ရေးစာချုပ်များ၊ ရင်းနှီးမြှုပ်နှံမှုစသည့် သဘောတူစာချုပ်များ ရေးထိုးနိုင်ခြင်းများ ရှိနေသည်။
သို့သော် အဆိုပါ နိုင်ငံတကာစင်မြင့်တွင် နိုင်ငံတော်ကို ကိုယ်စားပြုခွင့် လုယူထားသူများကား မြန်မာပြည်သူတဦးချင်းစီ၏ သဘောဆန္ဒနှင့် အချုပ်အခြာအာဏာကို လုယူထားသူများ ဖြစ်နေပေသည်။ ထို့ကြောင့် ကမ္ဘာ့အလယ်တွင် မြန်မာဆိုသည့် နိုင်ငံတော်ကို ကိုယ်စားပြုခွင့်၊ လူထုက တိုက်ရိုက်ပေးအပ်သည့် အချုပ်အခြာအာဏာကို ကျင့်သုံးကာ နိုင်ငံတကာနှင့် ဆက်ဆံပိုင်ခွင့်ကို တော်လှန်ရေးအင်အားစုများက ပြန်လည်ရယူနိုင်ရန် အထူးလိုအပ်ပေသည်။
နိုင်ငံတော်နှင့် ပြည်ထောင်စု
အထက်တွင်ဆိုခဲ့သလို ဤဆောင်းပါးတွင် ‘နိုင်ငံတော်’ ဆိုသည်ကို ၁၉၄၈ လွတ်လပ်ရေးမှ ပေါ်ပေါက်လာသည့် ကမ္ဘာကုလသမဂ္ဂနှင့် နိုင်ငံတကာမှ အသိအမှတ်ပြုထားပြီးဖြစ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတော်နယ်နိမိတ်ကြီးနှင့် လူထုကြီးအဖြစ် ဦးစွာတင်ပြလိုပါသည်။
ဗမာမဟုတ်သော လူမျိုးများအတွက်မူ ပြည်ထောင်စုသည်လည်း တရားမျှတမှု မရှိသလို နိုင်ငံတော်သည်လည်း ၎င်းတို့ ဆန္ဒအရ ရရှိသည့် နိုင်ငံတော်အဖြစ် လက်မခံနိုင်သေးသူများရှိသည်။
ဗမာမဟုတ်သော လူမျိုးများအတွက်မူ ပြည်ထောင်စုသည်လည်း တရားမျှတမှု မရှိသလို နိုင်ငံတော်သည်လည်း ၎င်းတို့ ဆန္ဒအရ ရရှိသည့် နိုင်ငံတော်အဖြစ် လက်မခံနိုင်သေးသူများရှိသည်။
ပင်လုံစာချုပ်အရ ၁၉၄၈ တွင် လက်ရှိနိုင်ငံတော်အဖြစ် လွတ်လပ်ရေးရရန် လူမျိုးအားလုံး သဘောတူခဲ့သော်လည်း အချို့သော လူမျိုး ခေါင်းဆောင်များသည်ကား “လက်ရှိနိုင်ငံတော်သည် ဗြိတိသျှတို့ မသိမ်းယူမီတွင် သီးခြားလွတ်လပ်သော၊ ဗမာဘုရင်အောက်တွင် မဟုတ်သော နိုင်ငံများဖြစ်ခဲ့သည်။ ထို့ကြောင့် ဗြိတိသျှတို့ ဖန်တီးပြီး ပေးခဲ့သည့် ဤနိုင်ငံတော်သည် ကိုလိုနီမတိုင်ခင် သီးခြားလွတ်လပ်သည့် လူမျိုးအလိုက် နိုင်ငံများကို ထင်ဟပ်နိုင်ခြင်း မရှိတော့သောကြောင့် လက်မခံ” ဟူသော အယူအဆများလည်း ရှိနေသေးသည်ကို အသိအမှတ်ပြု လေးစားပါသည်။

သို့သော် နိုင်ငံတကာဥပဒေများအရ လက်ရှိနိုင်ငံတော်ကြီးအား လွတ်လပ်ရေးပေးသည့်အခါ ဒီကနေ့ နယ်နိမိတ်အတွင်းရှိ ကျွန်ုပ်တို့ဘိုးဘွား နိုင်ငံသားများအားလုံးကို ပြန်လည် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာကလည်း ဤနယ်နိမိတ်ကြီးအား နိုင်ငံသားများအားလုံး ပိုင်ဆိုင်သည်ဟု လက်ခံထားသည်။
ထို့ကြောင့် ပြည်ထောင်စုဆိုသည်ကား ဤမြေကြီးပေါ်တွင် နိုင်ငံသား ညီအစ်ကိုမောင်နှမ လူမျိုး၊ ဘာသာပေါင်းစုံ အတူတကွ နေထိုင်နိုင်ရန် တည်ဆောက်ထားသည့် အိမ်ကြီးနှင့်တူပေသည်။ သို့သော် အဆိုပါ အိမ်ကြီးကို လောဘကြီးသည့် စစ်အာဏာရှင်တို့က ၎င်းတို့အလိုကျ တည်ဆောက်ပြီး အခြား ညီအကို မောင်နှမများ၏ သီးသန့်နေရာများကိုလည်း ဝင်ရောက်စီမံနေသည့် ပုံသဏ္ဍာန်ဖြစ်သည်။
တနည်းအားဖြင့် မြေကြီးကို ဘိုးဘွားအမွေအဖြစ် ညီအကို မောင်နှမ နိုင်ငံသားအားလုံး ပိုင်ဆိုင်နေသည့်တိုင် အတူနေရမည့် ပြည်ထောင်စုအိမ်ကြီးကား တရားမျှတမှုမရှိ ဖြိုဖျက်ရမည့်အရာဖြစ်သည်။ ဤဘိုးဘွားပိုင် အတူတကွပိုင်ဆိုင်သည့် မြေကြီးကိုကား ခွဲခြမ်းမည်ဆိုပါက မောင်နှမများအားလုံး သဘောတူမှသာ နိုင်ငံတကာအနေနှင့်လည်း လက်ခံလို့ရမည့် အခြေအနေဖြစ်သည်။
အားလုံး သဘောမတူနိုင်သေးခင် မြေကြီးကို ခွဲခြမ်းစိတ်ဖြာပါက အမွေဆိုင်မြေကြီးကို မည်သူမှ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း မပြုနိုင်သကဲ့သို့ သီးခြားပေါ်ထွက်လာမည့် နယ်မြေများနှင့်လည်း မည်သည့် နိုင်ငံကမှ ရင်းနှီးမြှုပ်နှံမှုများ မလာနိုင်သလို အချုပ်အခြာအာဏာပိုင် နိုင်ငံများ အချင်းချင်း ချုပ်ဆိုသည့်စာချုပ်များ ချုပ်ဆိုနိုင်မည် မဟုတ်ပေ။
နိုင်ငံတကာက အဘယ်ကြောင့် မြန်မာနိုင်ငံပြိုကွဲမည့်အရေးကို လက်မခံနိုင်ပါသနည်း
နိုင်ငံတကာ အထူးသဖြင့် တရုတ်နိုင်ငံနှင့် ဒေသတွင်း အာဆီယံ၊ အိမ်နီးချင်းနိုင်ငံများအတွက်မူကား ပြည်ထောင်စု ဖွဲ့စည်းပုံကို ပြည်တွင်းတွင် ပြည်သူ့ဆန္ဒအတိုင်း ပြန်လည်ပြင်ဆင် ဖွဲ့စည်းစေဦးတော့ သီးခြားနိုင်ငံများ ပေါ်ပေါက်လာမည့်အရေးကိုကား လိုလားမည် မဟုတ်ပေ။
အထူးသဖြင့် စစ်ပွဲများနှင့် ဆုံးဖြတ်ကာ ပေါ်ပေါက်လာမည့် နိုင်ငံတော်များသည် ပိုမိုရှည်ကြာသည့် စစ်ပွဲများကိုသာ ဦးတည်သောကြောင့် ဖြစ်သည်။ နိုင်ငံများ သီးခြားပေါ်ထွက်လာပါက သေးငယ်ပြီး စီးပွားရေး အင်အားနည်း၊ နိုင်ငံရေး မကျေလည်သေးသည့် ကုန်းတွင်းပိတ် နိုင်ငံငယ်လေးများအဖြစ်သာ မြင်ရမည်ဖြစ်သည်။
ပိုမို စိုးရိမ်ရသည်မှာ ယခုပင်လျှင် ထိုင်းနှင့် တရုတ်နယ်စပ်တို့တွင် ဗဟိုအချုပ်အခြာအာဏာမှ ကင်းလွတ်နေသည့် သီးခြားနိုင်ငံလေးများသဖွယ် ဖြစ်နေသည့် ဒေသများမှ မူးယစ်ဆေး၊ လူကုန်ကူးမှုနှင့် ခေတ်သစ် ကျားဖြန့်အန္တရာယ်များသည် ဒေသတွင်းနိုင်ငံများအားလုံးကို ခြိမ်းခြောက်လျက်ရှိနေသည်။
ထို့ကြောင့် အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများအားလုံးက မြန်မာနိုင်ငံတော် ပြိုကွဲမည့်အရေးအား ဖြစ်သည့် နည်းလမ်းပေါင်းစုံသုံးကာ ဟန့်တားနိုင်ခြေရှိသည်။ ထိုနည်းလမ်းများထဲတွင် စစ်ကောင်စီကို နိုင်ငံ မပြိုကွဲရေး အတင်းအဓမ္မ ထိန်းသိမ်းနိုင်အောင် ထောက်ပံ့သည့်နည်းလည်း ပါဝင်သည်။ မိမိတို့ တော်လှန်ရေးဘက်မှ နိုင်ငံမပြိုကွဲအောင် အာမခံချက်များ ပေးနိုင်လျှင်လည်း တနည်းတဖုံ ပြောင်းလဲနိုင်သေးသည်။
ရှေ့ဆက်ရမည့်လမ်း နှစ်သွယ်
တော်လှန်ရေးအင်အားစုများ၏ လက်ရှိအစီအမံမှာ –
(၁) နိုင်ငံတော်တခုလုံး၏ အချုပ်အခြာ အာဏာကို စစ်ကောင်စီထံမှ လွှဲပြောင်းယူခွင့်ကို NUG ကိုလည်း အပြည့်အဝ မပေးထားသလို (NUG ဘက်ကလည်း ဗဟိုအစိုးရကဲ့သို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မတွေ့ရသေး) အားကောင်းသည့် ဗဟိုအစိုးရ တရပ်ဖွဲ့စည်းနိုင်ရေးလည်း ဆိုင်းငံ့ထားသည်။
(၂) လူမျိုးအလိုက် ဖက်ဒရယ် ယူနစ်များ အားကောင်းအောင် ဆောင်ရွက်ပြီးမှသာ ယူနစ်များစုပေါင်းပြီး ဗဟိုအစိုးရနှင့်အတူ ပြည်ထောင်စု သစ်စုဖွဲ့မည်။
(၃) အဆိုပါ ပြည်ထောင်စုသစ်အတွက် နိုင်ငံရေးသဘောတူညီမှုများ ရရှိမှသာ စစ်ရေးအရ ပူးပေါင်းမှု အားကောင်းပြီး စစ်ကောင်စီကို အင်တိုက်အားတိုက် တိုက်ခိုက်နိုင်မည်ဆိုသည့် အစီအမံ တွေးဆချက် ဖြစ်သည်။ ထိုအစီအမံမှာ စစ်ကောင်စီက နိုင်ငံတော်အာဏာကို လုယူထားခြင်းမရှိ၊ နိုင်ငံတကာကလည်း မြန်မာပြည်ပြိုကွဲမည်အရေး ဖြစ်သည့်နည်းနှင့် ဟန့်တားလာနိုင်ခြေမရှိပါက သမိုင်းကြောင်းအရ၊ ကျင့်ဝတ်အရ လက်ခံနိုင်သည့် အစီအမံဖြစ်သည်။
လက်တွေ့မူကား အဆင်မပြေနိုင်သည့်အပြင် ပြည်သူ့တော်လှန်ရေး ဆယ်စုနှစ်ပေါင်းများစွာ ကြန့်ကြာသွားနိုင်ပြီး လုံးဝ စစ်ကောင်စီ အနိုင်ရသွားသည်အထိလည်း ဖြစ်နိုင်သည်။ အကြောင်းမှာ –
(၁) နိုင်ငံတော်တခုလုံး၏ အချုပ်အခြာအာဏာကို လွှဲပြောင်းယူမည့် အဖွဲ့အစည်းမရှိပါက တရုတ်၊ အာဆီယံ အပါအဝင် နိုင်ငံတကာအနေဖြင့် စစ်ကောင်စီကို မကြိုက်သည့်တိုင် ၎င်းတို့တဦးသာ နိုင်ငံတော်ကို တာဝန်ယူပါမည့်အကြောင်း ကတိပြုနေသည့်အတွက် စစ်ကောင်စီ (သို့မဟုတ်) ရွေးကောက်ပွဲအတုဖြင့် အသစ်ဖွဲ့စည်းလာမည့် အာဏာရှင်အစိုးရကိုသာ ထောက်ခံလိုက်ရဖွယ်ရှိသည်။
(၂) လူမျိုးအလိုက် ယူနစ်များဖွဲ့စည်းခြင်းသည်လည်း ပြည်ထောင်စုအတွင်း ဖက်ဒရယ်၊ ကွန်ဖက်ဒရိတ်မှသည် သီးခြား နိုင်ငံတော်အထိ ဖြစ်နိုင်သည်ဆိုကြောင်း တော်လှန်ရေးအဖွဲ့များက တရားဝင်ထုတ်ဖော် ပြောဆိုသည်များရှိသည်။ မသေချာမှုများ လွန်စွာများပြားသည်။ ထိုပြောဆိုလုပ်ဆောင်နေမှုများသည် နိုင်ငံပြိုကွဲနိုင်ခြေကို ပိုမိုအထောက်အပံ့ပြုသကဲ့သို့ပင် ဖြစ်နေပေသည်။
အခြားဖွံ့ဖြိုးပြီး ဖက်ဒရယ် ပြည်ထောင်စုများတွင်ပင် နှစ်ပေါင်းရာချီအောင် မပြီးသတ်သေးသည့် ပြည်ထောင်စု အစီအမံ သဘောတူညီချက်များကို နိုင်ငံရေးသဘောတူညီမှု အခြေခံများအဖြစ် ယခုကာလတွင် ရယူနိုင်ရန် သတ်မှတ်ထားခြင်းသည် လွန်စွာ လက်တွေ့မကျသည့် ရည်မှန်းချက်ဖြစ်နေသည်။
(၃) အခြားဖွံ့ဖြိုးပြီး ဖက်ဒရယ် ပြည်ထောင်စုများတွင်ပင် နှစ်ပေါင်းရာချီအောင် မပြီးသတ်သေးသည့် ပြည်ထောင်စု အစီအမံ သဘောတူညီချက်များကို နိုင်ငံရေးသဘောတူညီမှု အခြေခံများအဖြစ် ယခုကာလတွင် ရယူနိုင်ရန် သတ်မှတ်ထားခြင်းသည် လွန်စွာ လက်တွေ့မကျသည့် ရည်မှန်းချက်ဖြစ်နေသည်။
အချုပ်အားဖြင့် ဆိုရလျှင် စစ်တပ်ထောက်ခံသူများ အဆိုပြုသည့် –
(၁) နိုင်ငံတော်သည် ပြိုကွဲ လို့မရ။
(၂) နိုင်ငံတော်မပြိုကွဲရန် စစ်တပ်ကသာ တာဝန်ယူနိုင်သည်။
(၃) ထို့ကြောင့် စစ်တပ်ကိုသာ အားပေးထောက်ခံကြပါ ဆိုသည်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
မိမိတို့ အဆိုပြုသည်မှာ –
(၁) နိုင်ငံတော်သည် ပြည်သူအားလုံး ဆန္ဒသဘောထားကို ရယူပြီးလျှင် သီးခြားနိုင်ငံများ ဖြစ်လာနိုင်သည်၊ လက်ရှိကာလမှ စစ်ကောင်စီ ပြုတ်ကျပြီးသည်အထိတွင်မူ လက်ရှိ ရှိနှင့်ပြီး နိုင်ငံတော်ကိုသာ လက်ခံထားရမည် ဖြစ်သည်။
(၂) နိုင်ငံတော်မပြိုကွဲရန် အချုပ်အခြာအာဏာပိုင် ပြည်သူအများစုကြီးကို ကိုယ်စားပြုသည့် တော်လှန်ရေး အဖွဲ့အစည်းများကသာ တာဝန်ယူနိုင်သည်။
(၃) ထို့ကြောင့် တော်လှန်ရေးအင်အားစုများက ကိုယ့်ဆိုင်ရာ ယူနစ်များ အားကောင်းရေးအပြင် နိုင်ငံတော် တခုလုံး၏ အချုပ်အခြာအာဏာကို ဗဟိုတွင် စုပေါင်း တာဝန်ယူပါမည့်အကြောင်း ကတိကဝတ်ပြုမှသာ စစ်ကောင်စီကို ဖြုတ်ချနိုင်မည် ဖြစ်ပါသည်။
(ရန်နိုင် (သလ္လာဝတီ) သည် မြန်မာ့အရေး၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာသုံးသပ်သည့် သုတေသီ ဖြစ်သည်။)
You may also like these stories:
တော်လှန်ရေးလမ်းဆုံ သို့မဟုတ် နိုင်ငံတော်သစ် ထူထောင်မလား ပြိုကွဲမလား
မြန်မာကို ကြားကာလ နိုင်ငံတော်အဖြစ် ရှုမြင်ခြင်း
လူထုဦးဆောင်တဲ့ ဖက်ဒရယ်စနစ်အတွက် အဆင်သင့်ဖြစ်နေပြီလား (ရုပ်/သံ)
ဖက်ဒရယ်ချည်း သွားလို့မရ ဒီမိုကရေစီနည်းနဲ့လည်း သွားရမယ်
ဖက်ဒရယ်ဒီမိုကရေစီ ချာတာဟာ ကျနော်တို့ရဲ့ ကျမ်းစာ













