လက်နက်ကိုင်တော်လှန်ရေး အင်အားစုက စစ်ကောင်စီကို အနိုင်ရသည့် သတင်းအများအပြား ရှိနေပြီး ထိုသတင်းသည် တော်လှန်တိုက်ခိုက်ရေးသမားများနှင့် ပြည်တွင်းပြည်ပမှ ၎င်းတို့ကို ထောက်ခံသူများအကြား စိတ်အားတက်ကြွစေသည်။
စစ်ကောင်စီတပ်များ အစုလိုက်အပြုံလိုက် လက်နက်ချခြင်းသည်လည်း စိတ်အားတက်ကြွစေသလို လူငယ်များကို အတင်းအကျပ် စစ်သားစုဆောင်းခြင်းသည် စစ်ကောင်စီ အင်အားချိနဲ့လာခြင်းကို ဖော်ပြပြီး စစ်တပ်ပြိုကွဲမည့် အန္တရာယ်ရှိနိုင်သည်။
သို့သော် ပို၍ ကျိုးကြောင်းဆင်ခြင်မှု အမြင်အရ စစ်ကောင်စီသည် ၎င်း၏ ပစ်အားမကုန်ခန်းမီ ထွက်ပေါက် နည်းလမ်းအချို့ရှိပြီး ရုရှားနှင့်တရုတ်မှ ထောက်ပံ့မှုသစ်များကြောင့် အင်အားတိုးကာ စစ်ကောင်စီ လတ်တလောပြိုကွဲခြင်း မဖြစ်နိုင်ပေ။
ထို့ကြောင့် အာဏာ ဆက်လက်တည်မြဲရေးအတွက် မည်သည့် သေနင်္ဂဗျူဟာကို ချမှတ်မည်နည်းဟု မေးစရာရှိသည်။ ယခု ဖြစ်ပွားနေသည့် ပဋိပက္ခသည် အတိတ်က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတွင် တွေ့ရသည့်အတိုင်း ရှည်ကြာမည့် စစ် ဆက်လက် ဖြစ်နိုင်ပါသလား။
စစ်ကောင်စီ၏ ပစ်အားကို ကုန်ခန်းစေသည့် နည်းလမ်းတခုမှာ စစ်ကောင်စီ၏ လက်နက် ပြုပြင်ထိန်းသိမ်း ထုတ်လုပ်ရေး အဆောက်အအုံများကို ဖျက်ဆီးခြင်း ဖြစ်သော်လည်း ထိုအဆောက်အအုံများသည် တော်လှန်ရေး၏ လတ်တလော ပစ်မှတ် မဟုတ်သေးပေ။
မြန်မာပြည်သူများသည် တော်လှန်ရေးကို လှိုက်လှိုက်လှဲလှဲ ထောက်ခံကြသည်ဟု ဆိုနိုင်သည်။ သို့သော် သူတို့ကိုသူတို့ တိုက်ပွဲကြားညပ်နေသည်ဟု မြင်သူများက ထိုသို့ ထောက်ခံကြပါသလား။
မြန်မာပြည်သူများသည် တော်လှန်ရေးကို လှိုက်လှိုက်လှဲလှဲ ထောက်ခံကြသည်ဟု ဆိုနိုင်သည်။ သို့သော် သူတို့ကိုယ် သူတို့ တိုက်ပွဲကြားညပ်နေသည်ဟု မြင်သူများက ထိုသို့ ထောက်ခံကြပါသလား။
အခက်အခဲများ ရင်ဆိုင်နေရသည့် နေရပ်စွန့်ခွာရသူများ မည်သည့် သဘောထားရှိသနည်း။ ၎င်းတို့၏ နေအိမ်များ၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ စသည်တို့ကို စစ်ကောင်စီ ဖျက်ဆီးခံရမှုကြောင့် ပြည်တွင်း နေရပ်စွန့်ခွာရသူများသည် တော်လှန်ရေးကို ထောက်ခံပြီး ပူးပေါင်းအားပေးရန် စိတ်အားထက်သန်ကြမည် ဖြစ်သည်။
သို့သော် လူတိုင်း လူတိုင်း လက်နက်စွဲကိုင်မည်ဟု မယူဆနိုင်ပေ။ ခြွင်းချက်မှာ လွန်ခဲ့သော သုံးနှစ်က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ငြိမ်းချမ်းသော ဆန္ဒပြပွဲများတွင် စစ်ကောင်စီ၏ ဒေါသကို ခံစားခဲ့ရသည့် တော်လှန်တိုက်ခိုက်ရေးသမား အများစုဖြစ်သည့် လူငယ်မျိုးဆက်များ ဖြစ်သည်။
တော်လှန်ရေးတွင် မပါဝင်သေးဘဲ ဘဝကို ကြုံသလိုနေသည့် မြို့ကြီးများမှ လူငယ်များလည်း ရှိသည်။ ယခုအခါ ထိုသဘောထားကို အတင်းအကျပ် စစ်သားစုဆောင်းမှုက ခြိမ်းခြောက်နေပြီ ဖြစ်သည်။ စစ်ကို ထောက်ခံသူများနှင့် မပတ်သက်ဘဲ ခပ်အေးအေးနေလိုသူများ အမြဲတမ်းရှိနေမည် ဖြစ်သည်။
ထို့ပြင် စစ်ကောင်စီနှင့် ဆွေးနွေးပွဲ အခွင့်အလမ်းအတွင်း တိုက်ခိုက်ရေးစိတ်ဓာတ် ကုန်ခန်းသွားသော တပ်ဖွဲ့ငယ်များ အပါအဝင် တိုက်ပွဲတွင် ဝင်မပါသော တပ်ဖွဲ့ကြီးများလည်း ရှိသေးသည်။
တန့်ယန်းကို သိမ်းပိုက်သည့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် မိုင်းရယ်ကို သိမ်းပိုက်သည့် ရှမ်းပြည်တပ်မတော် (SSPP) ကဲ့သို့ ကိုယ့်ပိုင်နက်ထဲနေပြီး စစ်ပွဲတွင် ဝင်မပါသည့်အဖွဲ့ သို့မဟုတ် စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်သည့် တပ်များလည်း ရှိသည်။ ၎င်းတို့သည် တိုက်ပွဲတွင် ဘေးရှောင်နေပြီး စစ်အုပ်စု ပြုတ်ကျလျှင် မျှောလိုက်မည့်သူများဟု မြင်နိုင်သည်။
မေးစရာရှိသည့် မေးခွန်းမှာ နောက်ဆုံးတွင် စစ်ကောင်စီပြိုကွဲလျှင် ထိုသို့ ဘေးရောက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ မည်သို့ ဖြစ်မည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။
၎င်းတို့နှင့် ယခု တိုက်ပွဲဝင်နေသော အဖွဲ့အစည်းများအကြား စစ်ပွဲသစ် ဖြစ်မည်လား။ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် SSPP စသည့် ပြိုင်ဘက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား အငြင်းပွားမှုများ ရှိနေပြီးဖြစ်သည်။ SSPP နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အကြား ရှမ်းအချင်းချင်း တင်းမာမှုလည်း ရှိနေသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် နယ်မြေအတွက် စစ်ကောင်စီ ကိုယ်စားပြုသည့် ဗမာလူများစု လွှမ်းမိုးမှုကို တိုက်ခိုက်နေသည့် တိုင်းရင်းသား တပ်မတော်များက တရားဝင်သည်။ သို့သော် ဗမာစစ်ကောင်စီကို တိုက်ခိုက်နေသည့် ဗမာလူငယ်များသည် လက်ရှိအခြေအနေကို ပြောင်းလဲသွားစေသည်။
ထိုလူငယ်နိုင်ငံသားများကို သက်တမ်းရင့် တိုင်းရင်းသားတပ်မတော်များက လေ့ကျင့်ထောက်ပံ့ပေးနေသည်။ ဘုံပြင်ပရန်သူကို ရင်ဆိုင်ရချိန်အတွင်း သွေးစည်းခိုင်မာမှုသစ် ပေါ်ပေါက်လာသော်လည်း စစ်ကောင်စီ ကျဆုံးပြီးနောက် ထိုသွေးစည်းခိုင်မှု ဆက်လက်ရှိမည်လား။
ထိုလူငယ်နိုင်ငံသားများကို သက်တမ်းရင့် တိုင်းရင်းသားတပ်မတော်များက လေ့ကျင့်ထောက်ပံ့ပေးနေသည်။ ပြင်ပဘုံရန်သူကို ရင်ဆိုင်ရချိန်အတွင်း သွေးစည်းခိုင်မာမှုသစ် ပေါ်ပေါက်လာသော်လည်း စစ်ကောင်စီ ကျဆုံးပြီးနောက် ထိုသွေးစည်းခိုင်မှု ဆက်လက်ရှိမည်လား။
ထိုမြင်ကွင်းသစ်တွင် စစ်ကောင်စီနှင့် ဆွေးနွေးနေဆဲ အဖွဲ့များသည် ခြံစည်းရိုး ခွထိုင်နေသည့် အဖွဲ့များနှင့်အတူ လက်ရှိအခြေအနေကို ဆန့်ကျင်သည့် အစိတ်အပိုင်းဖြစ်လာနိုင်သည်။ ထိုမြင်ကွင်းသစ်သည် ဖက်ဒရယ် တည်ဆောက်ပုံ တမျိုးမျိုးဖြစ်လာမည်ဟု ယုံကြည်မှုရှိသော်လည်း မည်သည့်ပုံစံ အတိအကျဆောင်မည်နည်း။
ဘော်လကန်ကဲ့သို့ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသည့် အခြေအနေကို လွှဲရှောင်ရန် မြန်မာသည် ဖက်ဒရယ် သို့မဟုတ် ပူးတွဲဖက်ဒရယ် ပုံစံတမျိုးမျိုးအောက်တွင် တိုင်းရင်းသားတပ်မတော်များက ထိန်းချုပ်သည့် ပိုင်နက်များအတွင်း လူမျိုးစု ပြည်နယ်ငယ်များ အစုအဝေး ဖြစ်လာမည်လား။
ထိုအခြေအနေသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တူညီပါသလား။ ပြည်နယ်ငယ် အရေအတွက် မည်မျှရှိမည်နည်း။ လူမျိုးစုကို အခြေခံသည့် ပြည်နယ်ငယ်များ ဖွဲ့စည်းရန် လက်ရှိနယ်နိမိတ်များကို ဖျက်သိမ်းမည် သို့မဟုတ် လက်ရှိနယ်နိမိတ်များ အတွင်းတွင် ဖွဲ့စည်းမည်လား။
လူမျိုးစု အမျိုးသားရေးသည် ဗမာလွှမ်းမိုးမှု အောက်မှ လွတ်မြောက်ပြီး တော်လှန်ရေးအလွန်တွင် ဆက်လက် မတည်ရှိသင့်ပေ။ ပြည်နယ်ငယ်များအဖြစ် မြန်မာနိုင်ငံအစိတ်စိတ်အမွှာမွှာ ပြိုကွဲသည်ကို မည်သူမှ မမြင်လိုကြဘဲ ထိုပြည်နယ်ငယ်များအနက် မည်သူမှ နိုင်ငံတကာ အသိအမှတ်ပြုမှု သို့မဟုတ် ကုလသမဂ္ဂတွင် နေရာတခုရမည် မဟုတ်ပေ။
ပြည်နယ်ငယ်တခု သို့မဟုတ် ဒေသတခုတွင် လူမျိုးစုများစွာ နေထိုင်လျှင်ပင် လူမျိုးစုပေါင်းစုံ ငြိမ်းချမ်းစွာနေထိုင်သည့် နိုင်ငံတော်အဖြစ် မြန်မာကို သိမှတ်ကြမည် ဖြစ်သည်။ ဗမာလွှမ်းမိုးမှု၏ အမွေဖြစ်သည့် လူမျိုးစုတခုစီတွင် ကိုယ်ပိုင်နယ်မြေ ရှိသည်ဆိုသည့် အယူအဆ ရပ်ဆိုင်းရမည် ဖြစ်သည်။
မြန်မာနိုင်ငံသစ်မှ ဗမာများသည်လည်း ကိုယ်ပိုင်ပြည်နယ် သို့မဟုတ် ပိုင်နက်များ ရှိကြမည်ဖြစ်သည်။ ထို့ကြောင့် ဖက်ဒရယ် တည်ဆောက်ပုံသစ်သည် လူမျိုးစု တစုချင်း သို့မဟုတ် လူမျိုးစုများကို အခြေခံသော ပိုင်နက်နယ်မြေများကို ရောနှော နေရာချထားပေးရမည် ဖြစ်သည်။
မြန်မာနိုင်ငံသစ်သည် ပိုင်နက်နယ်မြေအတွက် တိုက်ခိုက်ခြင်းမပြုဘဲ ပြည်နယ်တခုတွင် လူမျိုးစုပေါင်းစုံနေထိုင်သည့် လူ့အဖွဲ့အစည်းများကို လက်ခံကြိုဆိုရမည် ဖြစ်သည်။ လူမျိုးစု အမျိုးသားရေးဝါဒသည် စစ်ကောင်စီနိဂုံးနှင့်အတူ ရပ်စဲရမည် ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆက်လက် ရှိ၊ မရှိ ဆိုသည့် မေးခွန်းလည်း ကျန်နေသည်။ ၎င်း၏ လတ်တလော တရားဝင်မှုသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် တာဝန် မထမ်းဆောင်လိုက်ရသည့် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များအပေါ် မူတည်နေသည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က NUG ကို ဆုံမှတ်နှင့် ပြင်ပကမ္ဘာ ကြားခံအဖြစ် ဖွဲ့စည်းသော်လည်း တရားဝင်သံတမန်ရေး အသိအမှတ်ပြုမှု မရပေ။ အောက်မှအထက်သို့ လာသည့် ဖက်ဒရယ် တည်ဆောက်ပုံသည် NUG ကို ဖျက်သိမ်းမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း သူ့အဆင့်နေရာကို ဆုံးရှုံးမည်ဖြစ်သည်။
ဖက်ဒရယ်အာဏာသည် အစိတ်အပိုင်း ပြည်နယ်များ၊ ပြည်နယ်ငယ်များ သို့မဟုတ် ဒေသများမှ လာမည်ဖြစ်ပြီး ယခင် မူလအခြေအနေမျိုး မဟုတ်ပေ။
ဖက်ဒရယ် တည်ဆောက်ပုံသစ် ထူထောင်ပြီးသောအခါ NUG သည် ထိုစနစ် ပေါ်ပေါက်အောင် လုပ်စေကာမူ ၎င်း၏ တရားဝင်မှု အဆုံးသတ်သွားမည် ဖြစ်သည်။ ခုခံရေးအင်အားစုက ခေါ်သည့် တော်လှန်ရေး၏ အဓိက အဓိပ္ပာယ်မှာ မူလအခြေအနေတခုလုံးကို ပြောင်းလဲပစ်ရန် ဖြစ်သည်။
အနာဂတ် ဖက်ဒရယ်တည်ဆောက်ပုံ၏ ဤရည်မှန်းချက်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများကို တော်လှန်ရေး အုပ်စုများအကြား ယခု စတင်ရမည် ဖြစ်သည်။ NUG ပတ်လမ်းတွင် ထိုတည်ဆောက်ပုံကို ဆွေးနွေးရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကို ဖွဲ့စည်းထားပြီး ဖြစ်သောကြောင့် ပထမခြေလှမ်းကို လှမ်းပြီးဖြစ်သည်။
အခြားသူများသည်လည်း အစီအစဉ်များ ရှိနေကြပြီး ဥပမာမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ဖြစ်သည်။ ထို့ကြောင့် မည်သို့ ဆက်ဖြစ်မည်နည်း။
သဘောထား ကွဲလွဲနေသော မြန်မာနိုင်ငံ ဖြစ်မည်လား။ သက်ဆိုင်သူအားလုံးကို စုစည်းရန်အတွက် အားလုံးကျုံးဝင်သည့် ယန္တရား မည်သို့ ထူထောင်မည်နည်း။ လူမှုအဖွဲ့အစည်း၏ အခန်းကဏ္ဍသည် မည်သို့နည်း။
အောက်ခြေမှ အထက်သို့လာသည့် နည်းလမ်းတွင် လူထုအခြေပြုအဖွဲ့အစည်းသည် အောက်ခြေ လူတန်းစားများနှင့်အတူ အရေးပါသည့် အခန်းမှပါ ဝင်သည်။
တိုင်းရင်းသား တပ်မတော်များသည် တော်လှန်ရေးထဲ ဝင်ရောက်လာသည့် ဗမာနိုင်ငံသားများကို လေ့ကျင့်ပေး၊ လက်နက် တပ်ဆင်ပေးသော်လည်း ၎င်းတို့သည် ဖက်ဒရယ်/ပူးတွဲဖက်ဒရယ် နိုင်ငံတော်သစ်တွင် မည်သည့် နေရာတွင် တာဝန်ယူမည်နည်း။
တိုင်းရင်းသား တပ်မတော်များသည် တော်လှန်ရေးထဲ ဝင်ရောက်လာသည့် ဗမာနိုင်ငံသားများကို လေ့ကျင့်ပေး၊ လက်နက် တပ်ဆင်ပေးသော်လည်း ၎င်းတို့သည် ဖက်ဒရယ်/ပူးတွဲဖက်ဒရယ် နိုင်ငံတော်သစ်တွင် မည်သည့် နေရာတွင် တာဝန်ယူမည်နည်း။
ထိုတိုင်းရင်းသား တပ်မတော်များသည် ကိုယ်တိုင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မည်လား။ အခြားလူမျိုးစု ပြည်သူများကို သူတို့အသိုင်းအဝိုင်းတွင် လက်ခံမည်လား။
၎င်းတို့သည် ဖက်ဒရယ်တပ်မတော်၏ အစိတ်အပိုင်း ဖြစ်လာမည်လား။ ၎င်းတို့၏ ဆန့်ကျင်ဘက် စစ်ကောင်စီစစ်သားများကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။
ဥပမာ TNLA နှင့် SSP အငြင်းပွားမှုကို ဖက်ဒရယ်ခေတ် မရောက်မီ ယခုဖြေရှင်းမည်လား။ ထိုကိစ္စသည် ရှမ်းတပ်မတော် နှစ်ခုနှင့်လည်း သက်ဆိုင်သည်။ ယခုအခါ ခြံစည်းရိုးပေါ်ခွထိုင်နေသော တိုင်းရင်းသား တပ်မတော်များနှင့် ဆွေးနွေးမှု ရှိမည်လား။ UWSA ယခု လုပ်နေသကဲ့သို့ ၎င်းတို့ ပိုင်နက်များကို လွတ်လပ်သော ထိန်းချုပ်မှု ထိန်းသိမ်းပြီး ပြည်နယ်ငယ်အဖြစ် ပိုမိုလိုလားပါသလား။
အကြီးမားဆုံး စိုးရိမ်မှုမှာ ပိုင်နက်နယ်မြေကိစ္စအတွက် တိုင်းရင်းသား တပ်မတော်များအကြား စစ်ပွဲများ ဖြစ်ပွားခြင်းနှင့် ၎င်းတို့၏ လက်ရှိရန်သူက ထိုကိစ္စကို မည်သို့တုံ့ပြန်မည်နည်း ဆိုသည့်ကိစ္စဖြစ်သည်။
စစ်ကောင်စီသည် အုပ်စုပြန်ဖွဲ့ပြီး လွှမ်းမိုးမှုနှင့် ဗိုလ်ကျစိုးမိုးမှု ပြန်လည် ဖန်တီးရန် ကြိုးစားမည်လား။ ထို့ကြောင့် မျှတပြီး ပြည့်ဝသည့် အားလုံးအကျုံးဝင်သော အပေးအယူတခုရရန် အလွယ်တကူ အလျှော့ မပေးသောစိတ်၊ ခံနိုင်ရည်ရှိမှု၊ စိတ်ရှည်မှုနှင့် သတ္တိတို့ဖြင့် တိုင်းရင်းသား တပ်မတော်များ အပါအဝင် နိုင်ငံရေးနှင့် ဆက်စပ်သူ အားလုံးအကြား ဆွေးနွေးခြင်းနှင့် စေ့စပ်ညှိနှိုင်းခြင်းသည် အရေးပါသည်။
ပြည်သူများသည် ၂၁ ရာစုတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ခံစားမည်ဆိုလျှင် မြန်မာသည် နိုင်ငံ၊ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အနှောင့်အယှက် ဖြစ်စေမည့် စစ်ကို ဆက်လက်တိုက်ရန် မတတ်နိုင်တော့ပေ။
လူမျိုးစု အမျိုးသားရေးဝါဒထက် လူမျိုးစုများ၊ ယဉ်ကျေးမှုများနှင့် ဘာသာတရားများကို ကွဲပြားစုံလင်မှုကို ကြိုဆိုပါ။ လူမျိုးစုအပေါ်အခြေမခံဘဲ နိုင်ငံတော်သစ်ကို သစ္စာရှိမှုနှင့် မြှုပ်နှံပေးဆပ်မှုကို အခြေခံသည့် အမျိုးသားရေးဝါဒနှင့် မျိုးချစ်စိတ်ပုံစံသစ်ကို ဖန်တီးပါ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Dr. Paul Lim ၏ Myanmar’s Revolution at Crossroads: Attrition, National Rebirth or Disintegration? ကို ဘာသာပြန်သည်။ ဒေါက်တာ ပေါလ်လင်းသည် အငြိမ်းစား တက္ကသိုလ်ဆရာနှင့် မြန်မာပြည်သူတို့နှင့် သွေးစည်းခိုင်မာရေး ဝါရင့် လူ့အခွင့်အရေး လှုပ်ရှားသူ ဖြစ်သည်။)
You may also like these stories:
တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ
တော်လှန်ရေးအဖွဲ့တို့၏ ထိုးစစ်များ အချိတ်အဆက်မိဖို့ လိုနေ
တော်လှန်ရေး ရန်ပုံငွေအတွက် “သူပုန် လက်ဖက်ခြောက်”
မြန်မာ့တော်လှန်ရေးအောင်ပွဲ လမ်းမထက်ဝယ်
တော်လှန်ရေးကို အားယုတ်စေတဲ့ အရာတွေ ရှောင်ကြဖို့ လိုတယ် (ရုပ်/သံ)
လူထုတော်လှန်ရေးတွင် လိုအပ်နေသော ခိုင်မာသည့် နိုင်ငံရေးသဘောတူညီမှုနှင့် နားလည်မှု