ဇွန်လ ၂၅ ရက်နေ့ ပေါက်ကွဲမှုတခုသည် မန္တလေးတိုင်းမှ မိုးကုတ်မြို့ကို တုန်ခါသွားစေပြီး မလှစုနှင့်မိသားစုသည် အနီးရှိ မြောင်းတခုတွင် အကာအကွယ်ယူကြရသည်။ တိုက်ပွဲရပ်သွားအောင်စောင့်ရင်း နောက် သုံးရက်ကြာအောင် မြောင်းအတွင်း စောင့်နေရသော်လည်း တိုက်ပွဲအခြေအနေ ပိုမိုဆိုးလာသည်။
“ပေါက်ကွဲသံငြိမ်သွားရင် ထမင်းအမြန်ချက်ရတယ်။ ဒါပေမယ့် ကောင်းကောင်း မစားရဘူး။ စိတ်ဖိစီးမှုတွေ ကြောက်လန့်မှုတွေ လွှမ်းမိုးနေတယ်။ လေကြောင်းတိုက်ခိုက်မှု အသံတွေကြောင့် အိပ်လို့မရဘူး” ဟု အသက် ၃၄ နှစ်အရွယ် ဗမာလူမျိုး မလှစုက ပြောသည်။
ထွက်ပြေးရန် ဆုံးဖြတ်လိုက်ပြီး လမ်းပေါ်အထိ ထွက်လိုက်လာသည့် မွေးထားသောခွေးကိုလည်း ခေါ်တင်လာရသည်။ “ကိုယ်ဝန် သုံးလရှိနေပြီး ၁၂ နှစ်အရွယ် ကလေးတယောက်နဲ့ ပြေးရတော့ ခွေးကို မော်တော်ဆိုင်ကယ် ရှေ့မှာတင်ရပြီး မိုးကုတ်ကနေ မန္တလေးကို ပြေးရင်း မျက်ရည်တွေ စီးကျလာတယ်” ဟု မလှစုက ပြောသည်။ “ဒါက ထွက်ပြေးရတဲ့ အခြေအနေမှန်ပဲ” ဟုလည်း ပြောသည်။
တွေ့ဆုံမေးမြန်းခဲ့သည့် အခြားသူများကဲ့သို့ပင် စစ်တပ်က လက်စားချေမည်ကို စိုးရိမ်သောကြောင့် သူ၏ အမည်ကို ပြောင်းလဲထားသည်။
မလှစုသည် ဇွန်လနှောင်းပိုင်းက မန္တလေးတိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုသစ် နောက်ပိုင်း နေအိမ်များမှ ထွက်ပြေးရသူ ၄၁,၀၀၀ ခန့်အနက် တဦးသာဖြစ်ကြောင်း ကုလသမဂ္ဂစာရင်းအရ သိရသည်။ မြန်မာတွင် လူ ၃ သန်း နေအိမ်များမှ ထွက်ပြေးနေရကြောင်း၊ အများစုသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ထွက်ပြေးရသူများဖြစ်ကြောင်း ကုလသမဂ္ဂက ဖော်ပြသည်။
လူမှု အသိုက်အဝန်းအခြေပြု လူသားချင်းစာနာမှု အဖွဲ့အစည်းဖြစ်သော တိုင်း ကျောင်းသားသမဂ္ဂ (TSU) က ကောက်ယူထားသည့် စာရင်းများအရ ရှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးတိုင်းတွင် မကြာသေးမီက တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်သည် ၁ သိန်းနီးပါး ရှိကြောင်း ဖော်ပြသည်။
လူမှု အသိုက်အဝန်းအခြေပြု လူသားချင်းစာနာမှု အဖွဲ့အစည်းဖြစ်သော တိုင်း ကျောင်းသားသမဂ္ဂ (TSU) က ကောက်ယူထားသည့် စာရင်းများအရ ရှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးတိုင်းတွင် မကြာသေးမီက တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်သည် ၁ သိန်းနီးပါး ရှိကြောင်း ဖော်ပြသည်။ ဇွန်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၈ ရက်နေ့အတွင်း အရပ်သား ၁၄၁ ဦး သတ်ဖြတ်ခံရပြီး အခြားသူ ၁၀၀ ဒဏ်ရာရသည်ဟုလည်း TSU က ဖော်ပြသည်။
ယခုနောက်ဆုံးတိုက်ပွဲများသည် စစ်တပ်ကို ဆန့်ကျင်သည့် ပိုမိုကျယ်ပြန့်သော ၁၀၂၇ စစ်ဆင်ရေး ထိုးစစ်၏ ဒုတိယပိုင်းဖြစ်သည်။ ထိုထိုးစစ်ကို လွန်ခဲ့သောနှစ် အောက်တိုဘာလက စတင်ခဲ့သည်။ ပထမပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်များ၏ မဟာမိတ်အဖွဲ့တခုသည် ရှမ်းပြည်အရှေ့ပိုင်း တရုတ်နယ်စပ်တလျှောက်မှ သေနင်္ဂဗျူဟာကျသည့် ပိုင်နက်များကို သိမ်းပိုက်ခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ၏ အကြီးကျယ်ဆုံး တိုးတက်မှု ဖြစ်သည်။
ယခုအခါ တော်လှန်ရေးအင်အားစုများသည် မန္တလေးမှ လားရှိုးအထိ ၂၈၀ ကီလိုမီတာ (၁၇၄ မိုင်) ရှည်လျားသော ဒေသကို ထိန်းချုပ်ရန် တိုက်ခိုက်နေသည်။ လားရှိုးသည် စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိသောမြို့ဖြစ်သည်။
လက်ရှိအချိန်အထိ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ဦးဆောင်သည့် တပ်များသည် အကျိုးအမြတ်များသည့် ပတ္တမြားတူးဖော်မှုအတွက် ကျော်ကြားသော မိုးကုတ်မြို့နှင့် ရှမ်းပြည်မြောက်ပိုင်း မြို့များဖြစ်သည့် ကျောက်မဲ၊ နောင်ချိုနှင့် အခြားဒေသများကို ထိန်းချုပ်ထားသည်။
လားရှိုးမြို့ကို ထိန်းချုပ်လိုက်ကြောင်း MNDAA က ဇူလိုင်လ ၂၅ ရက်နေ့တွင် ကြေညာသော်လည်း ထိုမြို့နှင့် ကျောက်မဲမြို့ကို အပြည်အဝ ထိန်းချုပ်ရန် ကြိုးစားသည့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
သြစတြေးလျ သေနင်္ဂဗျူဟာ မူဝါဒ အင်စတီကျု (ASPI) မှ ဘူမိနယ်ပယ် သုတေသီ နေသန် ရုဆာ အဆိုအရ ၁၀၂၇ စစ်ဆင်ရေးသည် တရုတ်နယ်စပ်မှ ဧရာဝတီမြစ်ကို ဖြတ်သန်းပြီး မြန်မာနိုင်ငံအလယ်ပိုင်း ကုန်းမြင့်ဒေသအထိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်သည့် တဆက်တစပ်တည်းသော လမ်းကြောင်း ထူထောင်ရန် အလားအလာရှိကြောင်း သိရသည်။
သြစတြေးလျ သေနင်္ဂဗျူဟာ မူဝါဒ အင်စတီကျု (ASPI) မှ ပထဝီနယ်ပယ် သုတေသီ နေသန် ရုဆာ အဆိုအရ ၁၀၂၇ စစ်ဆင်ရေးသည် တရုတ်နယ်စပ်မှ ဧရာဝတီမြစ်ကို ဖြတ်သန်းပြီး မြန်မာနိုင်ငံအလယ်ပိုင်း ကုန်းမြင့်ဒေသအထိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်သည့် တဆက်တစပ်တည်းသော လမ်းကြောင်း ထူထောင်ရန် အလားအလာရှိကြောင်း သိရသည်။
ထိုထိုးစစ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းသည့် PDF များအကြား အဆင့်မြင့်မားသည့် ညှိနှိုင်းတိုက်ခိုက်မှုဖြစ်ကြောင်း၊ သို့သော် နောက်ထပ် အောင်ပွဲများရရှိရေးမှာ မြန်မာတွင် အင်အားအကြီးမားဆုံးဖြစ်သည့် ရှမ်းပြည်မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ၎င်းတို့အကြား အာဏာနှင့် သြဇာ ပြဿနာကို ဖြေရှင်းနိုင်သည့် ၎င်းတို့၏ စွမ်းရည်အပေါ် မူတည်ကြောင်း သုတေသီ နေသန် ရုဆာက ရှင်းပြသည်။
“ဒီစစ်ဆင်ရေးရဲ့ အကြီးမားဆုံးမေးခွန်းတွေထဲက တခုကတော့ အခြေအနေတွေ ဘယ်လိုဖြစ်လာမလဲ ဆိုတာပဲဖြစ်တယ်” ဟု ၎င်းက ပြောသည်။
အရပ်သားများအတွက် အန္တရာယ်
အာဏာသိမ်းပြီး နောက်လများတွင် သန်းပေါင်းများစွာသော ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်ကို စစ်တပ်က အင်အားဖြင့် သတ်ဖြတ်နှိမ်နင်းသောကြောင့် လက်နက်ကိုင်ပုန်ကန်မှု ဖြစ်စေသည်။ ဖြုတ်ချခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူများ၏ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်တွင် အများအားဖြင့် လှုပ်ရှားသည့် PDF များသည် တရုတ်နှင့် ရုရှားက လက်နက်တပ်ဆင်ပေးထားသည့် စစ်တပ်ကို တိုက်ခိုက်ရန် လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းကြပြီး ထိုအချိန်မှစတင်ကာ ကျေးလက်ဒေသ အများစုကို သိမ်းပိုက်ထားကြသည်။ ယခုအခါ ၎င်းတို့သည် မြို့ပြဒေသများကိုပါ ထိန်းချုပ်ရန် ပိုမိုတိုက်ခိုက်လာကြသည်။
TNLA, MNDAA နှင့် အာရက္ခတပ်တော် (AA) တို့သည် စစ်တပ်ကို အလျင်အမြန် နောက်ဆုတ် သွားစေသောကြောင့် ၁၀၂၇ စစ်ဆင်ရေးသည် တော်လှန်ရေးအင်အားစုများ၏ ကြီးမားသော တိုးတက်မှု နိဒါန်းဖြစ်သည်။
ထို့နောက် ရှမ်းပြည်မြောက်ပိုင်းဒေသတွင် တရုတ်ကြားဝင်စေ့စပ်သည့် အပစ်အခတ်ရပ်စဲရေးကြောင့် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် တိုက်ပွဲများ ရပ်ဆိုင်းသွားသည်။ ထိခိုက်လွယ်သော ငြိမ်းချမ်းရေးသည် ဇွန်လအထိ တည်မြဲနေပြီး ဇွန်လတွင် စစ်တပ်က TNLA ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်သည်။ ဇွန်လ ၂၅ ရက်နေ့တွင် TNLA နှင့် မန္တလေး PDF တို့က တပြိုင်နက် တိုက်ခိုက်မှု စတင်လိုက်သည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းနှင့် လက်ရှိ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးကျော်ကိုကို၏ အဆိုအရ အာဏာသိမ်းမှုဆန့်ကျင်ရေး အင်အားစုများသည် လက်နက်အင်အား မမျှသောကြောင့် ခက်ခဲသောတိုက်ပွဲများကို တိုက်ရသော်လည်း ပြည်သူလူထု ထောက်ခံမှုအကျိုးကို ခံစားကြရကြောင်း သိရသည်။
“စစ်ကောင်စီမှာ ပစ်အားသာတာ မှန်ပေမယ့် တော်လှန်ရေးအင်အားစုရဲ့ တော်လှန်ရေးစိတ်ဓာတ်က အရမ်းမြင့်မားတယ်။ ပြည်သူတွေကပေးတဲ့ အကူအညီက သူတို့ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကို လျှော့ချပေးတယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲဖြစ်ပွားချိန်တွင် တအာင်းအရပ်သားနှင့် လူမှုအသိုက်အဝန်း စေတနာ့ဝန်ထမ်း ဦးအုန်းမောင်သည် မန္တလေးနှင့်လားရှိုးအလယ် ကျောက်မဲတွင် ရောက်နေသည်။ လူဦးရေ ၃ သောင်းခန့်ရှိသော ထိုမြို့သည် TNLA ထိန်းချုပ်မှုအောက်သို့ ဇွန်လ ၂၈ ရက်နေ့တွင် ရောက်လာသော်လည်း တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် အခြားနေရာများကဲ့သို့ပင် လက်စားချေ လေကြောင်းတိုက်ခိုက်မှုများနှင့်လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများခံရပြီး ထိုမြို့ကို ထိန်းချုပ်ရန် တိုက်ခိုက်မှုများ မကြာမီ ပြန်လည် စတင်သည်။
လက်နက်ကိုင်အင်အားစုများရှိသော ဒေသများသို့ ကုန်စည်စီးဆင်းမှုကို စစ်တပ်က ပိတ်ဆို့ပြီး ရှမ်းပြည်မြောက်ပိုင်းတွင် ဆက်လက် ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် ကျောက်မဲမှ အရပ်သားများ စားနပ်ရိက္ခာ မလုံလောက်မည်ကို ဦးအုန်းမောင် စိုးရိမ်သည်။
“ကျနော်တို့က ကားသမားတွေကို ဆန်နဲ့ဆီ ပေးချင်တယ်။ ဒါပေမယ့် သူတို့အဲဒါတွေကို လာယူရင် မိုင်းထိမှာကို ကျနော်တို့ စိုးရိမ်တယ်။ စစ်တပ်က အဲဒီရိက္ခာတွေကို လာသိမ်းပြီး ဆိုင်ပိုင်ရှင်တွေကိုလည်း ဖမ်းနိုင်တယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲများ စတင်ပြီးနောက် ဆက်သွယ်ရေးကွန်ရက် ကန့်သတ်ခံရသည့် နေရာများတွင် ကျောက်မဲလည်း ပါဝင်သည်။ “ဂျက်လေယာဉ် လာနေတာကို ကျနော်တို့သိပြီး အဲဒီနေရာကိုရှောင်ဖို့ လူတွေကို အသိပေးချင်ရင်တောင် ဆက်သွယ်လို့ မရဘူး” ဟု ၎င်းက ပြောသည်။ သူသည် ဆက်သွယ်ရေး ကွန်ရက်အသုံးပြုနိုင်သည့်နေရာသို့ သွားရောက် ဆက်သွယ်နေခြင်းဖြစ်သည်။
“ဒဏ်ရာရသူတွေ ပိုမိုများပြားပြီး စားစရာကုန်ခါနီးလို့ ဒေသခံတွေ ပိုမိုစိုးရိမ်လာတယ်။ တိုက်ပွဲတွေ မြန်မြန်ရပ်စေချင်တယ်” ဟု ဦးအုန်းမောင်က ပြောသည်။
ထိုသို့သော ခံစားမှုမျိုးသည် မိုင်နိုင်နိုင် (အမည်လွှဲ) ခံစားရသော ခံစားမှုမျိုးဖြစ်သည်။ တအာင်း တိုင်းရင်းသား မိုင်နိုင်နိုင်သည် တိုက်ပွဲဖြစ်ပွားချိန်တွင် ကျောက်မဲမှ အနောက်တောင်ဘက် ၅၂ ကီလိုမီတာ (၃၂မိုင်) ကွာဝေးသည့် နောင်ချိုမြို့နယ်မှ သူ၏ကျေးရွာတွင် မရှိသော်လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရသောကြောင့် သူ၏အိမ်ပျက်စီးပြီး သူ၏အကို ဒဏ်ရာရကြောင်း မိတ်ဆွေများထံမှ သိရသည်။
တော်လှန်ရေးအင်အားစုများက နောင်ချိုကို ဇူလိုင်လ ၁၀ ရက်နေ့တွင် သိမ်းပိုက်သည်။ မိုင်နိုင်နိုင်က ငြိမ်းချမ်းရေး လိုချင်ကြောင်း အရပ်သားများ၏ ဒုက္ခများအဆုံးသတ်ရန် ရလဒ်တခုတည်းသာမြင်ကြောင်း ပြောသည်။
“စစ်တပ်ကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေ သူတို့ရည်မှန်းချက် အောင်မြင်ပြီး စစ်ကိုနိုင်စေချင်တယ်။ အဲဒီလိုမှမဟုတ်ရင် ကျနော်တို့တွေ အကြောက်တရားနဲ့၊ စိုးရိမ်ပူပန်မှုတွေနဲ့ နေထိုင်ရမယ်” ဟု ၎င်းက ပြောသည်။ “ကျနော်တို့ အိမ်တွေ၊ မြေတွေကို ဆုံးရှုံးတာ အရမ်း ဝမ်းနည်းစရာကောင်းတယ်။ ဒါပေမယ့် ကျနော်တို့ရည်မှန်းချက်က စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးပဲ” ဟု မိုင်နိုင်နိုင်က ပြောသည်။
တိုက်ပွဲများ၏ အခြားဗဟိုချက်တခုမှာ ဇူလိုင်လ ၂ ရက်နေ့တွင် MNDAA က ထိုးစစ်စတင်သည့် လားရှိုးဖြစ်သည်။ လူဦးရေ ၁၇၀,၀၀၀ ကျော်ရှိသော ထိုမြို့သည် အာဏာသိမ်းပြီးနောက်ပိုင်း အပြင်းထန်ဆုံး မြို့ပြတိုက်ပွဲများကို ရင်ဆိုင်နေရပြီး လူနေရပ်ကွက်များ အကြီးအကျယ် ပျက်စီးကာ အရပ်သားအနည်းဆုံး ၃၈ ဦး သေဆုံးကြောင်း ရွှေဖီမြေသတင်းဌာနက ဖော်ပြသည်။ ထိုသတင်းဌာနသည် ရှမ်းပြည်အခြေစိုက် သတင်းဌာနဖြစ်ပြီး ယခုဆောင်းပါးအတွက် Al Jazeera သတင်းဌာနနှင့် ပူးပေါင်းဆောင်ရွက်သော သတင်းဌာနဖြစ်သည်။ လက်စားချေသည့်အနေဖြင့် စစ်တပ်က နယ်စပ်မြို့ လောက်ကိုင် အပါအဝင် ဇန်နဝါရီလက MNDAA သိမ်းပိုက်ထားသော ဒေသများကို ဗုံးကြဲတိုက်ခိုက်သည်။
အန္တရာယ်ရှိသောကြောင့် အမည်ပြောင်းထားသည့် ကချင်တိုင်းရင်းသား ဆိုင်းလတ်သည် တိုက်ပွဲများ ဖြစ်ပွားချိန်တွင် လားရှိုးမှ ဘုရားကျောင်းဝင်းတခု၌ ခိုလှုံနေသည်။ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ အဆက်မပြတ် ပြုလုပ်နေသောကြောင့် အပြင်သို့ မထွက်ရဲကြောင်း Al Jazeera သို့ ဇူလိုင်လ ၁၁ ရက်နေ့တွင် ပြောသည်။
ထိုစဉ်က အရပ်သား သောင်းနှင့်ချီ ထွက်ပြေးကြပြီဖြစ်သည်။ ဆိုင်းလတ်သည် ကနဦးတွင် အခြားသူများကို ကူညီရန် ဆက်လက် နေထိုင်သော်လည်း သူ၏ရပ်ကွက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရသောအခါ စိတ်ပြောင်းသွားသည်။
ထိုစဉ်က အရပ်သား သောင်းနှင့်ချီ ထွက်ပြေးကြပြီဖြစ်သည်။ ဆိုင်းလတ်သည် ကနဦးတွင် အခြားသူများကို ကူညီရန် ဆက်လက် နေထိုင်သော်လည်း သူ၏ရပ်ကွက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရသောအခါ စိတ်ပြောင်းသွားသည်။ “ဆူညံပေါက်ကွဲသံနဲ့ အကြောက်တရား လွှမ်းမိုးနေတယ်။ လားရှိုးမှာ ဘေးကင်းလုံခြုံစွာနေဖို့ မဖြစ်နိုင်ဘူးဆိုတာ ထင်ရှားလာတယ်” ဟု ၎င်းက ပြောသည်။
TNLA, MNDAA တို့နှင့်အတူ တိုက်ခိုက်နေသူများတွင် PDF အများအပြားလည်း ပါဝင်သည်။ မန္တလေး PDF သည် မြန်မာနိုင်ငံမြောက်ပိုင်းမှ အဖွဲ့အစည်းအချို့ ရင်ဆိုင်ရသည့် ပထဝီနိုင်ငံရေး စိုးရိမ်မှု အနှောင့်အယှက်မျိုး မရှိဘဲ အရေးပါသည့် နယ်မြေများ သိမ်းပိုက်မှု ပြုလုပ်ရန် ကောင်းမွန်သည့် အနေအထားတွင်ရှိကြောင်း တအာင်းတိုင်းရင်းသား သုတေသီ စ နေမိုင်းက ပြောသည်။
“တရုတ်ဖိအားကို ရင်ဆိုင်ရနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့မတူဘဲ နွေဦးတော်လှန်ရေးကနေ မွေးဖွားလာတဲ့ PDF ဟာ သြဇာသက်ရောက် မခံရဘူး။ မန္တလေး PDF က အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းနိုင်ရင် လာမယ့်နှစ် အစောပိုင်းမှာ မန္တလေးတိုင်း တစိတ်တပိုင်းကို ထိန်းချုပ်နိုင်မယ်” ဟုလည်း သုတေသီ စ နေမိုင်းက ပြောသည်။
အမြဲတမ်း ကြောက်လန့်နေရ
လူသားချင်းစာနာမှု လိုအပ်ချက်များ ပိုမိုဆိုးရွားလာသလို စစ်ပွဲ၏ သက်ရောက်မှုခံရသည့် ပြည်သူများထံသို့ လက်လှမ်းမီရန်လည်း စိန်ခေါ်မှုများလာသည်။ လူထုအခြေပြု လူမှုအဖွဲ့အစည်းများက နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ သွားရောက်ရန် ခက်ခဲသည့် ရှမ်းပြည်မြောက်ပိုင်းဒေသများတွင် လူသားချင်းစာနာမှု တုံ့ပြန်မှုများ ပြုလုပ်ကြသော်လည်း ထိုဒေသခံကူညီသူများသည် အဓိကကျသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်ဟု TSU အမှုဆောင် တဦးဖြစ်သူ မဗန်ဒါ (အမည်လွှဲ) က ပြောသည်။
လောင်စာဆီနှင့် ကုန်ဈေးနှုန်းများ မြင့်မားလာခြင်း၊ ဆက်သွယ်ရေး ပြတ်တောက်မှုနှင့် လမ်းများ ပိတ်ဆို့နေခြင်းတို့သည် ပဋိပက္ခဇုန်များမှလူများကို ကူညီရာတွင် အဓိက အခက်အခဲများဖြစ်ကြောင်း Al Jazeera သို့ ၎င်းက ပြောသည်။ “ကျမတို့မှာ အဆက်အသွယ်တွေ ပြတ်တောက်နေပြီး ကျမတို့ ရှာထားတဲ့ ရန်ပုံငွေတွေကို လွှဲပြောင်းလို့ မရသလို ထုတ်ယူလို့လည်း မရဘူး” ဟု မဗန်ဒါက ပြောသည်။
သူ၏အဖွဲ့ဝင်များကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကဖြစ်စေ၊ စစ်တပ်ကဖြစ်စေ အတင်းအကျပ် စစ်သားစုဆောင်းခံရမှုနှင့် တိုက်ပွဲများအကြား ကြားညပ်မည်ကိုလည်း သူကစိုးရိမ်နေသည်။ “ကျမတို့အနားကို ဘယ်အချိန်မှာ ဘယ်လို လက်နက်ကြီးကျည်တွေ ကျလာမယ်ဆိုတာကို ကျမတို့ မသိနိုင်ဘူး။ ဒါကြောင့် အမြဲတမ်း အကြောက်တရားနဲ့ပဲ အလုပ်လုပ်နေရတယ်” ဟု မဗန်ဒါက ပြောသည်။
တိုက်ပွဲများသည် စစ်တပ်ကို တိုက်ခိုက်ရာတွင် ပါဝင်ခြင်း မရှိသည့် ရှမ်းပြည်မြောက်ပိုင်းမှ အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများအပြားကိုလည်း ထိခိုက်စေသည်။ TNLA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSPP/SSA) အကြား ထိတွေ့ပစ်ခတ်မှု အနည်းဆုံး လေးကြိမ်ဖြစ်ပွားပြီး ဇူလိုင်လ ၁၂ ရက်နေ့တွင် SSPP/SSA သည် ဒေသတည်ငြိမ်ရေးနှင့် ပြည်သူ့လုံခြုံရေးအတွက်ဟုဆိုကာ ရှမ်းပြည်မြောက်ပိုင်း မိုင်းယန်မြို့သို့ ဝင်ရောက်သည်။
စစ်တပ်နှင့် အပစ်အခတ်ရပ်စဲထားပြီး မြန်မာတွင် အင်အားအကြီးမားဆုံး လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံရသည့် ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည်လည်း ရှမ်းပြည်မြောက်ပိုင်းတွင် ပြောင်းလဲသွားသည့် အခြေအနေကို တုံ့ပြန်သည်။ UWSA သည် တရုတ်နယ်စပ်တလျှောက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ထိန်းသိမ်းထားပြီး အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် ပိုမိုကျယ်ပြန့်လာသော နိုင်ငံ၏ပဋိပက္ခတွင် တိုက်ရိုက်ပါဝင်ခြင်း မရှိသော်လည်း ထိုအဖွဲ့မှ စစ်သားထောင်ချီပြီး တန့်ယန်းမြို့သို့ ဇူလိုင်လ ၁၀ ရက်နေ့တွင် ရွှေ့ပြောင်းသည်။
ဒေသခံပြည်သူများ၏ တောင်းဆိုမှုကြောင့် စစ်ကျယ်ပြန့်မလာစေရန် တားဆီးရေးအတွက် စစ်ကောင်စီနှင့် ညှိနှိုင်းပြီး ထိုသို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း UWSA ပြောခွင့်ရသူတဦးက Myanmar Now သတင်းဌာနသို့ ပြောသည်။
UWSA စစ်သားများသည် တိုက်ခိုက်မှုမရှိဘဲ ထိုမြို့အတွင်း ဝင်ရောက်လာကြောင်း၊ ဝ နှင့် စစ်တပ်မှ စစ်သားများ နှစ်ဖက်လုံး မြို့တွင်ရှိနေကြောင်း အမည်မဖော်လိုသည့် ဒေသခံ ဝ အရပ်သားတဦးက Al Jazeera သို့ ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြောသည်။
“UWSA က ပြည်သူတွေလုံခြုံရေးနဲ့ လွတ်လပ်စွာ သွားလာနိုင်ရေးအတွက် ဝင်ရောက်လာတာ။ ဗမာစစ်တပ်နဲ့ သူတို့ ဘယ်လို သဘောတူထားလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူး။ သူတို့ ဘယ်လောက်ကြာကြာနေမလဲ ဆိုတာလည်း မသိဘူး” ဟု ၎င်းက ပြောသည်။
ဇူလိုင် ၂၇ ရက်နေ့တွင် UWSA သည် တပ်များကို လားရှိုးသို့လည်း စေလွှတ်သည်။ ထိုသို့လုပ်ခြင်းသည် ၎င်းတို့အဖွဲ့၏ ထိုမြို့နယ်မှ ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်ဖြစ်ကြောင်း ပြောခွင့်ရသူတဦးက AFP သတင်းဌာနသို့ ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ပဋိပက္ခဖြစ်စေနိုင်သည့် အခြေအနေများ ရှိသော်လည်း ထိုအဖွဲ့အစည်းများသည် အကြမ်းမဖက်ဘဲ ၎င်းတို့ သဘောထားကွဲလွဲမှုများကို ညှိနှိုင်းဖြေရှင်းရန် လိုလားကြောင်း ဘူမိနယ်ပယ် သုတေသီ ရုဆာက ပြောသည်။ “ဒါဟာ မြန်မာနိုင်ငံသစ်အတွက် အလားအလာ ဖြစ်တယ်ဆိုတဲ့ စုပေါင်းတွေးခေါ်မှုရှိတယ်လို့ ကျနော်ထင်တယ်” ဟု ၎င်းက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ပဋိပက္ခဖြစ်စေနိုင်သည့် အခြေအနေများ ရှိသော်လည်း ထိုအဖွဲ့အစည်းများသည် အကြမ်းမဖက်ဘဲ ၎င်းတို့ သဘောထားကွဲလွဲမှုများကို ညှိနှိုင်းဖြေရှင်းရန် လိုလားကြောင်း သုတေသီ ရုဆာက ပြောသည်။ “ဒါဟာ မြန်မာနိုင်ငံသစ်အတွက် အလားအလာ ဖြစ်တယ်ဆိုတဲ့ စုပေါင်းတွေးခေါ်မှုရှိတယ်လို့ ကျနော်ထင်တယ်” ဟု ၎င်းက ပြောသည်။
ထိုအမြင်သည် TNLA ပြောခွင့်ရသူ လွေးယေဦး လက်ခံပုံရသော အမြင်ဖြစ်သည်။ ၎င်းတို့အဖွဲ့သည် ပြဿနာများကို အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ငြိမ်းချမ်းစွာ ဖြေရှင်းလိုကြောင်း ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် Al Jazeera သို့ ပြောသည်။ “စေ့စပ်ညှိနှိုင်းမှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကနေတဆင့် တတ်နိုင်သမျှ အဖြေရှာရမယ်” ဟု ၎င်းက ပြောသည်။
TNLA နှင့် အခြား တော်လှန်ရေးအင်အားစုများသည် ၎င်းတို့ထိန်းချုပ်ဒေသများကို စီမံအုပ်ချုပ်ရာတွင် လူမှုအသိုက်အဝန်းများအကြား သဟဇာတဖြစ်ရေးကို ဦးစားပေးသည်ကို မြင်လိုကြောင်း ကျောက်မဲမှ အရပ်သား ဦးအုန်းမောင်ပြောသည်။
“ပြန်လည်ထူထောင်ရေး ကာလမှာ ဘယ်လူမျိုး ဘယ်ဘာသာဖြစ်စေ လူတိုင်းလူတိုင်းကို တန်းတူဆက်ဆံဖို့ ကျနော် တောင်းဆိုချင်တယ်။ စစ်က စစ်ပဲ။ ဒါပေမယ့် လူမှုအသိုက်အဝန်းအမျိုးမျိုး အတူတကွ နေကြရမှာမို့လို့ လူမျိုးစုညီညွတ်ရေးက အရေးကြီးတယ်” ဟု ၎င်းက ပြောသည်။
(Al Jazeera ပါ Hpan Ja Brang နှင့် Emily Fishbein တို့၏ Potential for new Myanmar’ as anti-coup forces push new northern offensive ကို ဘာသာပြန်သည်။ ရှမ်းပြည်နယ်အခြေစိုက် ရွှေဖီမြေ သတင်းဌာနက ယခုဆောင်းပါးအတွက် ကူညီသည်။)
You may also like these stories:
မိုးကုတ်ကို TNLA ပူးပေါင်းတပ် သိမ်းပိုက်
ဆန်တအိတ် ကျပ် ၂ သိန်းကျော်၍ မိုးကုတ်ဒေသခံတို့ အလှူရှင် မျှော်နေရ
စစ်မရှောင်နိုင်သည့် ကျောက်မဲမြို့ခံတို့ စားသောက်ရေး ခက်ခဲလာ
လောက်ကိုင်ပြန် စစ်ရှောင်များကို MNDAA ရှေ့တန်းပို့
UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း
အခိုင်အမာပြင်ထားသည့် ပျူစောထီး ထုံးကြီးစခန်း မန္တလေး PDF ရ
၁၀၂၇ ဒုတိယလှိုင်းနှင့် မန္တလေးမြောက်ပိုင်း ထိုးစစ်
၁၀၂၇ စစ်ဆင်ရေးကို အရှိအတိုင်း ရှုမြင်သုံးသပ်ခြင်း