မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ထုံးကြီးရွာမှ စစ်တပ်၊ ရဲ၊ ပျူစောထီးတို့ဖြင့် အခိုင်အမာ ခံစစ်ပြင်ထားသည့် စခန်းကို မန္တလေး ပြည့်သူ့ကာကွယ်ရေးတပ်မတော်( PDF ) ဦးဆောင်သော ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ယမန်နေ့ ညနေပိုင်းက သိမ်းပိုက်ရရှိခဲ့သည်။
ထုံးကြီးကျေးရွာသည် ဧရာဝတီမြစ်လယ်ရှိ ကျွန်းရွာတရွာဖြစ်ပြီး ရွာလုံးကျွတ်နီးပါး ပျူစောထီး (ပြည်သူ့စစ်) များ ဖြစ်ကာ စစ်ကောင်စီက စစ်သင်တန်းပေး လက်နက်တပ်ဆင် အထိုင်စခန်း ဖွင့်လှစ်ပြီး လက်နက်ကြီးပါ တပ်ဆင် ပေးထားကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “ရွှေပြည်ကျပြီးကတည်းက ထုံးကြီးနဲ့ တောင်အင်ရွာကြားက တံတားကို ချိုးပြီး တော့ ထုံးကြီးကို အခိုင်အမာ ခံစစ်ပြင်ထားတာ၊ ၁၇ ရက်နေ့ ညက ထိုးစစ်ဆင်ပြီး မနေ့က အပြီးသတ်သိမ်းယူနိုင်ခဲ့တာ၊ စစ်တပ်နဲ့ ရဲအရာရှိဆိုတဲ့ ကောင်တွေ စက်လှေတွေနဲ့ ရွာသာယာဘက်ကို ထွက်ပြေးလို့ လွတ်သွားခဲ့ပေမယ့် ဖမ်းမိ ထားတဲ့ သူတွေလည်း ရှိတယ်၊ ထုံးကြီးအုပ်ကြီး ပျူခေါင်းဆောင် ကျော်စိုးကိုလည်း အရှင်ဖမ်းမိတယ်၊ ပျူ အယောက် ၅၀ လောက် အလံဖြူထောင် လက်နက်ချခဲ့တာ ရှိတယ်”ဟု ပြောသည်။
ထုံကြီး ပျူစောထီးခေါင်းဆောင် ကျော်စိုးမှာ ရွှေပြည်ရဲစခန်း သိမ်းခံစဉ်ကတည်းက ပြည်သူ့ကာကွယ်ရေးတပ်များ ထံ လက်နက်ချမည်ဟု ကြံစည်သဖြင့် စစ်တပ်က ဖမ်းကာ မိသားစုလိုက် ချုပ်နှောင်ထားခြင်းဖြစ်သည်။
မန္တလေး PDF ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များသည် ထုံးကြီးရွာကို ဇူလိုင် ဒုတိယပတ် စတိုက်ခဲ့ပြီး ဧရာဝတီမြစ်ရေ တက်လာသဖြင့် တိုက်ပွဲရပ်နား ကာ ဇူလိုင် ၁၇ ရက်ညပိုင်း ပြန်လည် ထိုးစစ်ဆင်ရာ ဇူလိုင် ၁၈ တွင် အပြီးသတ်သိမ်းယူနိုင်ခဲ့ခြင်းဟု သိရသည်။
ထုံးကြီးကျေးရွာ စစ်ကောင်စီစခန်းသိမ်းဖြစ်စဉ်တွင် စစ်တပ်မှ ဗိုလ်ထက်လွင်အောင်နှင့် စစ်သား ၈ ဦးသည် ထုံးကြီးမှ ရွာသာယာသို့ ရေကြောင်းမှ ထွက်ပြေးသွားပြီး ထုံးကြီးဥက္ကဋ္ဌပျူစောထီး ခေါင်းဆောင် ကျော်စိုး(ခ) အောင်ကျော်စိုးကို ဖမ်းမိခဲ့သလို ကျန်ရှိသည့် ပျူစောထီး ၄၉ ဦးမှာ စဉ့်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)နှင့် ချိတ်ဆက်ပြီး အလံဖြူထောင် လက်နက်ချခဲ့ကြောင်း ဒေသတွင်းစစ်ရေးသတင်းများကို ဖော်ပြပေးနေသည့် မြေပြင် သတင်းမှန် ပြန်ကြားရေး(စဉ့်ကူး)ကလည်း အသိပေးထုတ်ပြန်ထားသည်။

“တကယ်တမ်းဖြစ်လာတော့ တောင့်ခံပြီးမတိုက်နိုင်ကြဘူး၊ အခုဆိုရင် ပျူစောထီး ခေါင်းဆောင်ပိုင်းတွေ ကိုယ် လွတ်ရုန်း ထွက်ပြေးနေကြရပြီ။ အခြားပျူရွာတွေလည်း ကြောက်ပြီး မိသားစုတွေ ရွှေ့တာပြောင်းတာတွေ လုပ်ကုန်ကြပြီ ထုံးကြီးက ပျူစောထီးအားကောင်းပြီး လက်နက်ကြီးပါ တပ်ပေးထားတော့ ပတ်ဝန်းကျင်ရွာတွေနဲ့ မြစ်အနောက်ဘက်ကမ်းကို ပစ်တာ တွေကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်”ဟု ပျူစောထီးများနှင့် နီးစပ်သူတဦးကပြောသည်။
စဉ့်ကူးနှင့် မတ္တရာမြို့နယ်များအတွင်းရှိ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများ အမြန်ဆုံး လက်နက်ချ အလင်းဝင်ကြရန် ပြည်သူ့ရင်ခွင် ခိုလှုံလာသူများကို နွေးထွေးစွာ ကြိုဆို၍ လူ့ဂုဏ်သိက္ခာနှင့် အညီ ရှင်သန်နေထိုင် ခွင့်ပြုပေးသွား မည်ဖြစ်သလို စစ်ကောင်စီနှင့်ဆက် ပူးပေါင်းပါက စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ချေမှုန်းသွားမည်ဟု ဇူလိုင် ၅ ရက်က MDY PDF မှ အသိပေး ထုတ်ပြန်မှုကြောင့် အဆိုပါပျူစောထီးများက အလံဖြူထောင် လက်နက်ချခဲ့ကြခြင်းဟု သိရသည်။
စဉ့်ကူးမြို့နယ်ရှိ ရွှေပြည်၊ ထုံးကြီး၊ ရေတော်၊ တောင်အင်း၊ စားကျက်ကြီး၊ ရွာသာယာ၊ ဒိုးပင်ကုန်း၊ စားကျက်၊ မြစိမ်း ရွာများမှာ ပျူစောထီးအားကောင်းသော ကျေးရွာများဖြစ်ပြီး ယခုအခါ ရွှေပြည်၊ ထုံးကြီးကျေးရွာများအား အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ပြီးဖြစ်ကြောင်း သိရသည်။
ယခုအခါ ထုံးကြီးရွာကပ်နေသည့် စဉ့်ကူးမြို့ကိုလည်း မန္တလေး PDF ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ် များက သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်းသာမက ဧရာဝတီမြစ် အနောက်ဘက်ကမ်း ကျောက်မြောင်းရှိ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၂ က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေဆဲ ဖြစ်ကြောင်း၊ မြို့တွင်းရှိ ကျောက်တိုင် အနောက်ဘက် နေအိမ်၊ ဈေးဆိုင်များ၊ မြို့လယ်ဝန်းကျင်၊ အောက်ဝဲရပ်ကွက်များရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း မြေပြင်သတင်းမှန်ပြန်ကြားရေး(စဉ့်ကူး) က အသိပေးထုတ်ပြန်ထားသည်။
ယခုအခါ စဉ့်ကူးမြို့မှ စစ်ရှောင်များမှ ဧရာဝတီမြစ်ကို ဖြတ်၍ အနောက်ဘက်ကမ်းသို့ လည်းကောင်း၊ ကျောက်မြောင်း (ရတနာသိင်္ဃတံတား)မှ ရွှေဘိုသို့လည်းကောင်း စစ်ရှောင်ကြသူများလည်း ရှိနေရာ စစ်ကောင်စီက ကျောက်မြောင်း တံတားအား ပိတ်ထားကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၃၇ အုပ်စု၊ ကျေးရွာ ၁၃၈ ရွာရှိပြီး အရှေ့ဘက်တွင် ရှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့နယ်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ ရွှေဘိုမြို့နယ်၊ မြောက်ဘက်တွင် သပိတ်ကျင်းမြို့နယ်၊ တောင်ဘက်တွင် မတ္တရာမြို့နယ်တိုနှင့် နယ်နိမိတ် ထိစပ်နေသည်။
You may also like these stories:
လက်နက်ချရန်ကြိုးစားသည့် စဉ့်ကူး ပျူစောထီးခေါင်းဆောင် စစ်တပ်ဖမ်းဆီး
မတ္တရာတောင်ခြမ်း မြောက်ခြမ်း မန္တလေး PDF တို့ တပြိုက်နက် စစ်ဆင်
၁၀၂၇ ဒုတိယလှိုင်းနှင့် မန္တလေးမြောက်ပိုင်း ထိုးစစ်














