မန္တလေးတိုင်း မတ္တရာမြို့ တောင်ဘက် ထီးတော်မိုးရွာနှင့် မြောက်ဘက် တံငါ တောင်/ မြောက်ရွာများရှိ စစ်တပ် စခန်းများကို ယနေ့နံနက်ပိုင်းက တော်လှန်ရေးတပ်များမှ ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံက သိရသည်။
ထီးတော်မိုးရွာသည် မန္တလေးမြို့နှင့် ၈ မိုင်ခန့်သာ ဝေးပြီး အမှတ် ၅ လျှပ်စစ် နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း နှင့် အမှတ် ၂ တပ်သားသစ်စုဆောင်းရေးတပ် (စသခ ၂) တို့ရှိကာ တောင်ဘက် တံငါရွာ၌ စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ်များရှိသည်။
မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “ဒီနေ့မနက်ပိုင်းကတည်းက ထီးတော်မိုးဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်၊ မတ္တရာမြို့ထဲကနေ လက်နက်ကြီးတွေနဲ့ အဲဒီဘက်ကို ပစ်ကူပေးနေတယ်။ ထီးတော်မိုးတပ်တွေကိုလည်း ဝင်တိုက်နေပြီ။ အခုက တိုက်ပွဲတွေဖြစ်နေဆဲဆိုတော့ အခြေအနေတော့ အသေးစိတ်တော့ မသိရသေးဘူး။ ပြီးတော့ မြောက်ခြမ်းက တံငါရွာတွေဘက်လည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ အဲဒီဘက်မှာ လက်နက်ကြီးတွေပါ အင်အားဖြည့် ထားတယ်” ဟု ပြောသည်။
တံငါတောင်/မြောက်ကျေးရွာများသို့ မတ္တရာ မြို့ပေါ်မှ အင်အား ၁၀၀ ခန့်ပါ စစ်တပ်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်း က စစ်ကြောင်းထိုးနေသလို တံငါမြောက်ရှိ သဲရောင်းဝယ်ရေးလုပ်သည့် တိုက်ပေါ်၌ လက်နက်ကြီး တပ်ဆင်ပြီး ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ထီးတော်မိုးမှာရှိတဲ့ တပ်တွေက တပ်ဖွဲ့ဝင်တွေပဲ ချန်ထားပြီး တပ်မိသားစုတွေကို မနေ့ကတည်းက မန္တလေးမြို့ဘက်ကို ပြန်ခေါ်သွားကြတယ်၊ ထီးတော်မိုးဘက်က ပြည်သူတွေ ကတော့ တိုက်ပွဲမဖြစ်သေးတဲ့ နီးစပ်ရာနဲ့ မန္တလေးမြောက်ဘက် နန္ဒာရွာတွေဘက်တကြောမှာ စစ်ရှောင်နေကြရတယ်။ ရွှေကျင်ဂိတ်ကနေ စစ်ရှောင်တွေကို ပေးမဖြတ်လို့ နွယ်နီတို့ နန္ဒာတို့ဘက်မှာ စစ်ရှောင်တွေ တော်တော်များများ ရှိနေသေးတယ်” ဟု ပြောသည်။

မတ္တရာမြို့နှင့် ၆ မိုင်အကွာရှိ ရေနံ့သာရဲစခန်းကို ဇူလိုင် ၄ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးမှ သိမ်း ပိုက်ခဲ့သလို စဉ့်ကူးမြို့နယ်ရှိ ရွှေပြည်နှင့် လက်ပန်လှ ရဲစခန်း၊ ကျည်တောက်ပေါက်၊ ကန်တောင်၊ ပင်လယ်ကြီး တပ်စခန်းများကို သိမ်းပိုက်လိုက်ကြောင်း ယနေ့ထုတ်ပြန်ရာ စုစုပေါင်း စခန်း ၁၁ ခုရှိပြီဖြစ်ကြောင်း ဆိုသည်။
မတ္တရာမြို့ခံ တဦးက “ရေနံ့သာစခန်းကျသွားပြီဆိုတော့ တံငါက မတ္တရာနဲ့ အရမ်းနီနေတော့ မတ္တရာမြို့ထဲထိ တိုက်ပွဲ ဖြစ်လာမှာစိုးလို့ တံငါကနေ အကြီးအကျယ် ကာကွယ်နေကြတာ။ ရှိထားပြီးသား တပ်တွေနဲ့ မကာကွယ်နိုင်မှာစိုးတော့ စစ်ကူပေးနိုင်အောင်လို့ မတ္တရာမြို့ထဲက ပျူတွေ၊ တပ်တွေရော မြေပြင်စစ်ကြောင်းထိုးပြီး သွားနေကြတယ်။ ပြီးတော့ မတ္တရာမြို့ထဲကနေ တွဲဒုံးတွေနဲ့ပါ ပစ်နေတာ အိမ်တွေပါ တုန်တယ်၊ အရှေ့မြောက်ဘက်နဲ့ တောင်ဘက်ထဲကို ပစ်နေ တာ၊ ဒီနေ့မနက်ပိုင်းထိ ပစ်နေကြတာ” ဟု ဧရာဝတီကို ပြောသည်။
ဇွန်လ ၂၅ ရက်မှ စခဲ့သည့် မန္တလေး- မိုးကုတ်လမ်းပိုင်း တိုက်ပွဲများကြောင့် မတ္တရာမြို့ အဝင်/ အထွက်ကို ဇူလိုင် ၄ ရက် နံနက်ကစ၍ စစ်ကောင်စီတပ်များ ပိတ်လိုက်သလို မြို့တွင်းထိ တိုက်ပွဲများ မကူး စက်စေရေးအတွက် ဇွန် ၂၆ ရက်မှစတင်ပြီး စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းကာ ခုခံနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်ထား ကြောင်း သိရသည်။

ယခုအခါ မတ္တရာမြို့တွင်းထိ တိုက်ပွဲဖြစ်ပွားမှုမရှိသေးသော်လည်း မြို့နေလူဦးရေ၏ ၅ ပုံ ၄ ပုံခန့်မှာ မြို့ကို စွန့်ခွာ၍ စစ်ဘေးရှောင်နေကြပြီဖြစ်ကြောင်း သိရသည်။
“မတ္တရာမြို့ထဲမှာ တမြို့လုံးနီးပါး ရှောင်ကုန်ကြပြီဗျ။ အခုက မြို့ထဲမှာ သရဲခြောက်မှာတောင် ကြောက်နေရသလိုမျိုး ဖြစ်နေပြီ၊ စစ်ကောင်စီနဲ့ မြို့ခံ အနည်းအကျဉ်း ကျန်တာကလွဲပြီး ပြည်သူတွေကတော့ ရှောင်ကုန်ကြပြီ၊ မြို့ထဲမှာ ၅ ပုံ ၁ ပုံလောက်ပဲ ကျန်တော့တယ်။ ပြီးတော့ မြို့ထဲက ဆေးခန်းတွေ ဆိုင်တွေနဲ့ တိုက်မြင့်တော်တော်များများမှာ စစ်သားတွေ နဲ့ ပျူစောထီးတွေ လက်နက်နဲ့အပြည့်အစုံနဲ့ နေရာယူထားကြတယ်” ဟု မတ္တရာမြို့ခံတဦးက ပြောသည်။
မတ္တရာတွင် မြို့ပေါ်ရပ်ကွက် ၅ ခုရှိပြီး လူဦးရေ ၂ သောင်း ၃ ထောင်ကျော်၊ အိမ်ထောင်စု ၅၃၀၀ ကျော် ရှိကြောင်း သိရသည်။
ထို့အတူ ပျူစောထီးများ အားကောင်းသော မတ္တရာမြို့နယ်အနောက်ခြမ်း ရွာများလည်း စစ်ရှောင်ခြင်းများရှိလာသလို မြို့တွင်းရှိ ဈေးများ၊ ဆိုင်ခန်းများအား ပြန်လည် ဖွင့်လှစ်ရောင်းချရန် မတ္တရာမြို့မ ရဲစခန်းမှူး ဦးဆောင်သောအဖွဲ့များမှ ဖိအားပေးခြိမ်းခြောက်နေကြောင်း ဒေသခံများက ဆိုသည်။
“မတ္တရာအနောက်တကြောက နာမည်ကြီးပျူတွေနဲ့ သူတို့မိသားစုဝင်တွေပါ ရှောင်ကုန်ကြပြီ၊ တကယ်ဖြစ်လာရင် စစ်ကောင်စီက သူ့လူကိုယ့်လူ မရွေးဘဲ လေကြောင်းနဲ့ ဗုံးကြဲတာဆိုတော့ အကြောက်လွန်ပြီး သူတို့ပါ ရှောင်ကြတဲ့ သဘောမျိုးပဲ၊ သူတို့ရဲ့ ခိုးရာပါ တိုက်ရာပါပစ္စည်းတွေကိုတောင် မယူနိုင်ကြတော့ဘဲ ကိုယ်လွတ်ရုန်း ပြေးကြတာက သူတို့အားကိုးတဲ့ စစ်တပ်ကို အယုံအကြည်မရှိတဲ့ သဘောမျိုးလို့ သုံးသပ်ရတာပေါ့” ဟု မတ္တရာမြို့နယ် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
မတ္တရာမြို့တွင်း ဘောလုံးကွင်းအတွင်းမှနေ၍ မြို့အရှေ့မြောက်ဘက်နှင့် တောင်ဘက်သို့ ဟောင်ဝစ်ဇာ အမြောက်ဖြင့် ပစ်ခတ်လျက်ရှိသလို မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းလမ်းပိုင်းများအား တိုက်ပွဲစတင်ခဲ့သည့် ဇွန် ၂၅ ရက်မှ ယနေ့အထိ ပိတ်ထားဆဲဟု သိရသည်။
မတ္တရာအရှေ့ခြမ်းရှိ ရုံးပင်ကျေးရွာကို ဇူလိုင် ၇ ရက်က တိုက်လေယာဉ်ဖြင့် ပေါင် ၂၀၀ ဗုံးသီးကြဲချပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ်ပေါ်မှ စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့ခြင်းကြောင့် အသက် ၅၀ အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့သလို အသက် ၆ နှစ်၊ ၁၁ နှစ်အရွယ်ကလေး ၂ ဦးအပါအဝင် ပြည်သူ ၄ ဦး ထိမှန် ဒဏ်ရာရခဲ့ကြောင်း The Voice of Wetlet Madayar က အသိပေးထားသည်။
ယနေ့တွင်လည်း မန္တလေး-မတ္တရာကားလမ်းတလျှောက် တံတားအားလုံး နီးပါးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းပုန်း ဝပ် စောင့်နေကြောင်း သိရသည်။
You may also like these stories:
မတ္တရာမြို့ အဝင်အထွက် စစ်တပ် ပိတ်
၁၀၂၇ ဒုတိယလှိုင်းနှင့် မန္တလေးမြောက်ပိုင်း ထိုးစစ်
ခွာစစ်၊ ပြေးစစ်၊ ပြေးမဟာဗျူဟာနဲ့ ပြေးနိုင်မှ လွတ်မယ်