မန္တလေး-မိုးကုတ်လမ်းပိုင်း တိုက်ပွဲများကြောင့် ထိုလမ်းပေါ်ရှိ မတ္တရာမြို့ အဝင်အထွက်ကို ယနေ့ နံနက်ပိုင်းမှစ၍ စစ်တပ်က ပိတ်လိုက်သဖြင့် ဒေသခံများနှင့် ခရီးသွားလာနေသူများ လမ်းပေါ် ပိတ်မိနေကြောင်း သိရသည်။
ဒေသခံတဦးက “စစ်တပ်က ပိတ်တာပါ၊ အဲဒီလိုပိတ်ပြီးတော့ သံတံတားနဲ့ ပိတောက်ပင်တံတားဘက်ကမှာ အစစ်အဆေး လုပ်နေကြတယ်၊ မြို့ထဲ ဝင်မယ့်သူတွေကို အကုန်လုံး နောက်ပြန်လှည့်ခိုင်းတယ်၊ မတ္တရာမြို့ထဲမှာတော့ ငြိမ်ပါတယ်၊ ဆိုင်တော်တော်များများ ပိတ်ထားတယ်၊ မတ္တရာမြို့ထဲမှာလည်း ကင်းတွေချထားတယ်၊ မြို့ခံအချို့နဲ့ ရွာတွေဘက်တော့ စစ်ရှောင်တာမျိုးတွေ ရှိလာတယ်”ဟု ပြောသည်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နှင့်အတူ ပါဝင် တိုက်ခိုက် နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY PDF)က စဉ့်ကူးမြိုနယ်အတွင်းရှိ နွယ်ရုံရဲစခန်း၊ ဒိုးနွယ်ရွာ တပ်စခန်း ၊ နမ့်ဟပ်ရွာ တပ်စခန်း ၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း ၊ ရွှေမာလဲစေတီ တပ်ခစန်း ၊ ရွာတော်လေး တပ်စခန်းတို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ဇူလိုင် ၃ ရက်က ထုတ်ပြန်ခဲ့ပြီးနောက် စစ်တပ်က မတ္တရာမြို့အဝင်အထွက်ကို ပိတ်ခဲ့ခြင်းဖြစ်သည်။
မိုးကုတ်- မန္တလေး လမ်းပိုင်း၌ လက်ပံလှ၊ ချောင်းကြီး စသည်တို့တွင် တိုက်ပွဲများဖြစ်နေသဖြင့် စစ်ရှောင် ၁၅၀၀ကျော်မှာ ကားအစီးရာချီ၍ ဇရပ်ကွင်းတွင် ပိတ်မိနေကာ စားရေရိက္ခာ အပါအဝင် စက်သုံးဆီလည်း ပြတ်လပ်နေကြောင်း သိရသည်။
မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “မတ္တရာတောင်ခြမ်းမှာလည်း တိုက်ပွဲတွေ ဖြစ်တော့ ပြည်သူတွေ ဘေးလွတ်ရာ တိမ်းနေကြရတယ်၊ အနည်းဆုံး ၁၀ ရွာအထက်မှာ ရှိတယ်၊ စစ်ကောင်စီက ဒီနေ့ မနက်ပိုင်းထိ လေကြောင်း ကနေ ချနေတာ၊ မတ္တရာ မြောက်ခြမ်းမှာလည်း တိုက်ပွဲတွေရှိနေတယ်၊ စစ်ရေးအခြေအနေဆိုတော့ အသေးစိတ်တော့ ပြောပြလို့ မရပါဘူး”ဟု ဆိုသည်။
ထို့ပြင် မိုးကုတ်မြို့တွင်းတိုက်ပွဲများကြောင့် မန္တလေးဘက်သို့ ဆင်းလာကြသူများမှာ သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်း၊ လိပ်ကျကျေးရွာများတွင် ပိတ်မိနေသလို မတ္တရာနှင့် စဉ့်ကူးမြို့ကြားရှိ ရွှေပြည်၊ ညောင်ဝန်းကျေးရွာများဘက် ကားလမ်းများ ပိတ်နေသည်မှာ ၄ ရက်ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

အလားတူ မတ္တရာမှ မန္တလေးမြို့ဘက်သို့ စစ်ဘေးရှောင်သော ပြည်သူများကို မန္တလေးမြို့အဝင် ရွှေကျင်စစ်ဆေးဂိတ်မှ အဝင်မခံဘဲ ပြန်လှည့်ခိုင်းနေသလို ကား၊ ဆိုင်ကယ်များကိုလည်း ပိုက်စိပ်တိုက်ရှာဖွေနေကြောင်း သိရသည်။
စစ်ဆေးရေးဂိတ်အနီး မျက်မြင်တွေ့ရှိခဲ့သူ တဦးက “ဘာအကြောင်းပြချက်နဲ့ ပြန်လွှတ်တယ်ဆိုတာတော့ မသိရဘူးဗျ၊ စစ်ဆေးရေးဂိတ်ကနေ အဝတ်တထည် ကိုယ်တခုပဲ ပေးလွှတ်တာ၊ အထုတ်အပိုးတွေပါရင် ပေးမဖြတ်တာမျိုးပေါ့၊ အခုက မတ္တရာဘက်က ဘယ်သူလာလာ အကုန်လှည့်ပြန်ခိုင်းနေတာပါ၊ မန္တလေးမြို့ထဲကို ပေးမဝင်လို့ နောက်ပြန်လှည့်ပြီး လမ်းပေါ်မှာ ဒီအတိုင်းနေ နေကြရတယ်”ဟု ပြောသည်။

မတ္တရာသည် မန္တလေးမြို့နှင့် ၂၅ မိုင်ခန့်အကွာတွင် ရှိပြီး ကား၊ ဆိုင်ကယ် တနာရီခန့်သာ မောင်းနှင်ရကာ မြို့ပေါ်ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၈၃ အုပ်စု၊ ကျေးရွာပေါင်း ၂၈၆ ရွာရှိကာ အရှေ့ဘက်တွင် ပြင်ဦးလွင်၊ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ နယ်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မြောက်ဘက်တွင် စဉ့်ကူးမြို့နယ်၊ တောင်ဘက်တွင် ပုသိမ်ကြီးမြို့နယ်တို့နှင့် နယ်နမိတ် ထိစပ်နေသည်။
လက်ရှိတွင် မတ္တရာမြို့၏ မြောက်ဘက် ၂၇ မိုင်အကွာ စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာရှိ လက်ပံလှရဲစခန်းနှင့် ပင်လယ်ကြီး ကျေးရွာစစ်ဆေးရေးဂိတ်ကို ယနေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအဖွဲ့များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး မတ္တရာမြို့၏ မြောက်ဘက် ၄၂ မိုင်အကွာ ချောင်းကြီးကျေးရွာ ရဲစခန်းကို တော်လှန်ရေးအင်အားစုများက ဆက်လက်တိုက်ခိုက်လျက်ရှိသည်။
You may also like these stories:
စစ်တပ်နှင့်ပျူစောထီးတို့ မတ္တရာ၌ အင်အားဖြည့် ခံစစ်ပြင်
မိုးကုတ်စစ်ရှောင်များ မြို့အထွက်၌ ပိတ်မိနေ
မန္တလေး – မိုးကုတ်လမ်းပိုင်း တိုက်ပွဲများ အရပ်သား ထိခိုက်သေဆုံးမှုရှိ
မန္တလေးနှင့် ပြင်ဦးလွင်ကို ခြိမ်းခြောက်လာသည့် ၁၀၂၇ တကျော့ပြန်ထိုးစစ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR







