ရွေးကောက်ပွဲမတိုင်မီ ကော့ကရိတ်- မြဝတီ အာရှလမ်းပိုင်းအား ပြန်လည်စိုးမိုးနိုင်ရန် စစ်တပ်က အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်လာသဖြင့် တော်လှန်ရေးပူးပေါင်းတပ်များ ဆုတ်ပေးလိုက်သည့်အတွက် စစ်ကြောင်း သင်္ဃန်းညီနောင်ထိ ရောက်လာကြောင်း ဒေသခံများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လပိုင်းကတည်းက ရက် ၉၀ စီမံချက်ဖြင့် ကော့ကရိတ်မှနေ၍ ထိုးစစ်ဆင်နေခဲ့ရာ အထိအခိုက်များစွာဖြင့် အကြိမ်ကြိမ်ပြန်လန်ကျနေခဲ့သဖြင့် အင်အားများထပ်မံဖြည့်တင်း၍ ယခုလစပိုင်းတွင် အပြင်းအထန် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
ကရင်စစ်ရေးသတင်းရင်းမြစ်တဦးက “ထိပ်တိုက်ချတဲ့အဖွဲ့တွေက လန်ကျပြီး ဘေးကပတ်တက်တဲ့ စစ်ကြောင်းတွေက ပေါက်သွားတာ။ သင်္ဃန်းညီနောင်နဲ့ အာရှလမ်း အကုန်ဆုတ်လာရပြီ” ဟု ပြောသည်။
စစ်တပ်စစ်ကြောင်းများက ကော့ကရိတ်မြို့အထွက် အာရှလမ်းမကြီးနှင့် ဒေါနတောင်လမ်းဟောင်းတို့ကို လမ်းမကြီး အတိုင်းတက်၍ စစ်ဆင်နေသလို တောလမ်းများမှလည်း စစ်ကြောင်းများခွဲပြီး ထိုးနေရာ စက်တင်ဘာ ၂ ရက်မှစ၍ သင်္ဃန်းညီနောင်တိုက်နယ်အတွင်းရှိ ထီးမူးထနှင့် နို့ဖိုးကျေးရွာများတွင် တိုက်ပွဲများ ပြင်းထန်နေသည်။
ထိုရွာများတွင် တိုက်ပွဲများ ၃ ရက်ဆက် ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် ကော့ကရိတ်ဘက်ရှိတပ်များနှင့် မြဝတီ ၂၇၅ တပ်တို့မှ မစ်ဇိုင်း၊ ဟောင်ဝစ်ဇာတို့ အပါအဝင် လက်နက်ကြီးပစ်ကူများ တောက်လျောက်ပေးနေသလို လေကြောင်းကလည်း ဆက်တိုက်ဗုံးကြဲနေသည်။

ထို့ပြင် အောင်ဇေယျစစ်ကြောင်း ရောက်နေသည့် တောနော်ရေတံခွန်မှ တောလမ်းအတိုင်း စစ်ကော်မရှင်တပ်များ ကျွံလာသောကြောင့် တော်လှန်ရေးပူးပေါင်းတပ်များမှ ပိတ်ဆို့တိုက်ခိုက်နေရာ တိုက်ပွဲပြင်းထန်ကြောင်းလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “ရွာအနောက်က တောနော်ကို ဖြတ်လာလို့ရတယ်။ စစ်တပ်ကကောင်တွေ အလင်းဝင်ရင် နောက်ကုန်းကနေ ဒီလမ်းကြောင်းအတိုင်း ဆင်းလာကြတာ။ အဲဒီလမ်းကြောင်းကပေါက်နေတာ အစက မသိလို့မလာကြတာ။ အလင်းဝင် တဲ့ကောင်တွေ ခဏခဏ အဲဒီကနေ လာနေတာဆိုတော့ နောက်ကလိုက်လာတာ။ အခုက စစ်ကြောင်းတွေပြန့်နေတာ အများကြီး။ ကိုယ့်ဘက်က ပိတ်ထားတာရော၊ ပျောက်နေတဲ့ စစ်ကြောင်းတွေရော ရှိသေးတယ်” ဟု ဆိုသည်။
လက်ရှိတွင် စစ်ကြောင်းများသည် သင်္ဃန်းညီနောင် အခြေစိုက် ခမရ ၃၅၅၊ ခမရ ၃၅၆ တပ်စခန်းများ၊ သင်္ဃန်းညီနောင် အနီး ကွင်းကလေး၊ ထီးမူးထရွာများတွင် တပ်စွဲထားပြီး စစ်ကြောင်းတချို့ကို တော်လှန်ရေးပူးပေါင်းတပ်များမှ ပိတ်ဆို့တိုက်ခိုက် နေသည်ဟုလည်း KNLA တပ်များနှင့် နီးစပ်သည့် ဒေသခံအမျိုးသမီးတဦးက ပြောသည်။
ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့ သိမ်းပိုက်ထိန်းချုပ်ထားသည့် သင်္ဃန်းညီနောင်ဗျူဟာနှင့် တပ်ရင်း ၃ ရင်း အပါအဝင် သင်္ဃန်းညီနောင်ဒေသနှင့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းများကို စစ်ကော်မရှင်က ကော့ကရိတ်နှင့် မြဝတီ မြို့စောင့်တပ် ခလ၇ ၂၇၅ တို့၌ ဖြည့်တင်းထားသည့် အင်အား ထောင်ချီဖြင့် စစ်ကြောင်းများစွာခွဲ၍ မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေကြောင်း သိရသည်။
You may also like these stories:
အာရှလမ်းစိုးမိုးရေး အင်အားသုံး စစ်ဆင်ရန် ပြင်
ယောတောင်ပိုင်းဝင်ပေါက် ပုံတောင်အလယ်နတ်ထိပ်စခန်း စစ်တပ်ပြန်ရ
ပြည်သူ့စစ်အားကိုးဖြင့် ချီဖွေ- ပန်ဝါကို စစ်ဆင်ဖို့ စစ်တပ်လုပ်နေ













