မကွေးတိုင်း ပေါက်မြို့ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ ၂၄) ၏ ရှေ့တန်းစခန်းတခုဖြစ်သည့် ပုံတောင်အလယ်နတ်ထိပ်စခန်းကို စက်တင်ဘာ ၂ ရက်က စစ်တပ်မှ ပြန်ရသွား ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
အလယ်နတ်ထိပ်စခန်းသည် ပေါက်မြို့နယ်နှင့် ထီးလင်းမြို့နယ်အစပ် ထီးလင်းကျင်းရွာ၏ အရှေ့ဘက် ပေါက်ရေဖြူ ရွာ၏ အနောက်ဘက်တွင် တည်ရှိပြီး ထန်းပင်ချောင်းရေနံမှော်အနီးရှိ တော်လှန်ရေးတပ်များက ၂၀၂၄ ခုနှစ်က တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။
“ပုံတောင်နတ်ထိပ်က ကျောနဲ့ ပုလဲလမ်းကြောင်းကို အဓိကထိန်းထားတဲ့နေရာမျိုး ဖြစ်တယ်၊ အခုအလယ်နတ်ထိပ် စခန်းကနေ ဝန်းကျင်တွေကို ဆက်ပြီးတော့ နယ်မြေစိုးမိုးနိုင်ဖို့ ဖြန့်ခွဲနေရာယူနေကြတယ်လို့ သိရတယ်၊ ကိုယ့်ဘက်က လက်နက်နဲ့ လူအင်အား မမျှတာကြောင့် နောက်ပြန်ဆုတ်လိုက်ရတာ”ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။
အဆိုပါ ကာကင်းစခန်းသည် ယောတောင်ပိုင်းသို့ အဓိကဝင်ပေါက်ဖြစ်ကာ စစ်ရေးဗျူဟာအရ နှစ်ဘက်လုံးအတွက် အရေးကြီးနေရာဖြစ်ပြီး ကပစ ၂၄ အတွက်ပါ အဓိကကျသောကြောင့် လေကြောင်းပစ်ကူရယူကာ စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ထိတွေ့တိုက်ပွဲများလည်း ပြင်းထန်ခဲ့ကြောင်း သိရသည်။
ကပစ ၂၄ သည် လက်ရှိအရည်ကျိုစက်ရုံအဖြစ် လည်ပတ်နေပြီး အလူမီနီယံချောင်း(Raw)များ ထုတ်လုပ်ပြီး အဆိုပါ အလူမီနီယံ Raw များကို အခြား ကပစ တပ်များသို့ ဖြန့်ခွဲသုံးစွဲနေခြင်းဟု သိရသည်။
“အဲဒီစခန်းက ယောနယ်အတွက် တံခါးပေါက်လို့ ပြောလို့ရတယ်၊ မကွေးတိုင်းထဲက ယောဒေသကို ဆက်မယ့် တံခါး ပေါက်ပေါ့၊ ပြီးရင် ကျောနဲ့ စစ်ကိုင်းတိုင်းမှာ ရှိတဲ့ ပုလဲ၊ ယင်းမာပင် အထိ သွားလို့ရတဲ့ နှစ်ဖက်လုံးအတွက် အရေးပါတဲ့ နေရာ၊ ချင်းပြည်နယ်ကိုလည်း သွားလို့ရတယ် တကယ့်ဆုံချက် အနောက်မြောက်ပိုင်းရော အနောက်ဘက်ခြမ်းရော အဲဒီဘက်ကို စစ်တပ်ကနေ ထိုးစစ်ဆင်လာမယ်၊ ကာကွယ်ရေးအင်အားစုတွေကလည်း ခံစစ်ဆင် မယ်ဆိုရင် တိုက်သူ ခံသူ နှစ်ဘက်လုံးအတွက် အရေးပါတဲ့ တံခါးပေါက်တချပ်ပါ” ဟု စစ်တပ် CDM ဗိုလ်ကြီးဇင်ယော် က ပြောသည်။
ပေါက်နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄)နှင့် ပေါက်မြို့သို့ ရောက်လာသည့် ရိက္ခာပို့စစ်ယာဉ်တန်းမှ တပ်ဖွဲ့ဝင်များအပါ အင်အား ၂၀၀ ကျော်ဖြင့် ပေါက်- ကျင်း- ထီးလင်း ကားလမ်းပေါ်ရှိ ရေဖြူရွာတွင် အခြေပြုကာ စက်တင်ဘာ ၁ ရက်နေ့ တွင် စစ်ကြောင်းထိုးခဲ့ခြင်းဟု သိရသည်။
ထိုသို့ စစ်ကြောင်းထိုးနိုင်ရေး ပုံတောင် အလယ်နတ်ထိပ်စခန်းအပါအဝင် ပေါက်မြို့နယ် အနောက်ခြမ်းရှိ ရွာများကို ဗုံးကြဲခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းများ လုပ်ပြီးမှ လက်နက်ကြီးပစ်ကူများဖြင့် မြေပြင်စစ်ကြောင်း ထိုးခြင်းဟု သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၃၁ ရက်နေ့မှ စက်တင်ဘာ ၂ ရက်နေ့အထိ ပေါက်မြို့နယ်အတွင်းရှိ ရွာများကို တံတားဦးလေတပ် မှ Y 12 လေယာဉ်ဖြင့် ၂ ရက်ဆက်တိုက် ပေါင် ၃၀၀ ဗုံးများအပါ ဗုံးအလုံး ၁၂၀ ခန့်ထိ ကြဲချတိုက်ခဲ့ကြောင်း၊ ထိုသို့ လေကြောင်းတိုက်ခိုက်မှုနှင့်အတူ စစ်ကြောင်းထိုးလာခြင်းများကြောင့် ပေါက်မြို့နယ် အနောက်မြောက်ခြမ်းရှိ ရွာများမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဟု ဒေသခံ များက ဆိုသည်။
“အဓိကတော့ ထီးလင်းနဲ့ ပေါက်နယ်စပ် တခုလုံး ရှင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်၊ အရင်လိုမြေပြင်ကနေ စစ်ကြောင်း တန်းဝင်တာမျိုးမဟုတ်ဘဲ ရှေ့နှစ်ရက်လောက် ဒရုန်းနဲ့ ကင်းထောက်တယ်၊ ပြီးရင် လေယာဉ်နဲ့ပစ်တယ်၊ ပြီးတော့ မြေပြင်စစ်ကြောင်းလိုက်လာတယ်၊ ဒါ့ကြောင့် ရွာလုံးကျွတ် ပြေးကြရတယ်၊ ပြည်သူတွေက လေကြောင်း တိုက်တာ၊ စစ်ကြောင်းကဖမ်းမှာ ကြောက်ပြီး တိမ်းကြရှောင်ကြတာ၊ ဒီနေ့အထိ အခြေအနေက မငြိမ်သေးတဲ့အတွက် စစ်ရှောင် ရွာနဲ့ လူဦးရေကို စာရင်းကောက်လို့ မရသေးဘူး” ဟု ပေါက် မြို့နယ်မှ စစ်ရှောင်အရေးကူညီပေးနေ သူတဦး က ပြောသည်။
ပုံတောင် အလယ်နတ်ထိပ်စခန်းကို သိမ်းယူပြီးနောက် စစ်တပ်သည် ထီးလင်းမြို့နယ်အရှေ့ခြမ်းသို့ ဆက်လက် စစ်ကြောင်းထိုးနေသဖြင့် ထီးလင်းမြို့နယ်မှ ကျေးရွာ ၆ ရွာခန့်ထိ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
ပေါက်မြို့မှ ဩဂုတ် ၂၄ ရက်က ပြန်ထွက်လာသော အစီးရေ ၈၀ ခန့်ပါ ယာဉ်တန်းသည် ဆိပ်ဖြူမြို့နယ်အခြေစိုက် ကပစ ၂၂ တွင် ဝင်ရောက်ခဲ့ရာမှ စက်တင်ဘာ ၃ ရက်က ရေဘိုးကျွန်း၊ ရေထွက်၊ ရွှေမင်၊ တွင်းမငယ်၊ ရွှေဘိုချွန်း ရွာများတဆင့် ဧရာဝတီမြစ်ကူး အနော်ရထာတံတားကိုဖြတ်၍ ချောက်မြို့အတွင်း ဝင်လာကြောင်း၊ ယနေ့တိုင် ချောက်မြို့ အတွင်းမှာပင် ရှိနေပြီး ချောက်-ညောင်ဦးလမ်းပိုင်းကို အသုံးပြု၍ ပခုက္ကူ ဧရာဝတီမြစ်ကူးတံတား ကိုဖြတ်၍ ပခုက္ကူ တပ်မ ၁၀၁ သို့ ပြန်ရန် ပြင်ဆင်နေမှုများ ပြုလုပ်နေကြောင်း၊ ထိုယာဉ်တန်း တွင် ပခုက္ကူသို့ လိုက်မည့် ပျူစောထီး မိသားစုဝင်များ၊ Non CDM ဌာနဆိုင်ရာ မိသားစုဝင်များ၊ ကျောင်းဆရာဆရာမများလည်း ပါရှိကြောင်း သိရသည်။
You may also like these stories:
ပေါက် ရိက္ခာပို့စစ်ယာဉ်တန်း ပြန်ထွက်ရာလမ်းတလျောက် စစ်ကြောင်းထိုး မီးရှို့နေ
စစ်ရေးအရှိန်မြင့်လာနိုင်သည့် ယောဒေသ
မင်းတပ်က ချင်းတောင်ပိုင်းရော၊ ယောနယ်အတွက်ပါ အဓိကကျတယ်









