မကွေးတိုင်း ပေါက်မြို့နယ်ရှိ အမှတ် ၂၄ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ ၂၄) နှင့် ပေါက်မြို့သို့ ရိက္ခာပို့သည့် စစ်ယာဉ် တန်း ပြန်လည်ထွက်ခွာနိုင်ရေးအတွက် လေကြောင်းတိုက်ခိုက်ခြင်းနှင့်အတူ ကျေးရွာများအား စစ်ကြောင်းထိုးကာ မီးရှို့ နေကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံက သိရသည်။
ပေါက်မြို့သို့ ဩဂုတ် ၂၀ ရက်က ရောက်ရှိခဲ့သော ကားအစီးရေ ၁၄၀ ပါ စစ်ယာဉ်တန်းသည် ဩဂုတ် ၂၄ ရက်တွင် ပျူစော ထီး၊ Non CDM မိသားစုဝင်များကို ခေါ်ဆောင်၍ ပခုက္ကူဘက် ယာဉ်အစီးရေ ၈၀ ခန့်ဖြင့် ပြန်လည် ထွက်ခွာ ခဲ့သည်။
မြေပြင် စစ်ရေးသတင်းရင်းမြစ်တဦးက “ကပစ ၂၄ ကို ရောက်လာတဲ့ ရိက္ခာယာဉ်တန်းကတော့ ပေါက်မြို့ပေါ်ကနေ အစီး ရေ ၈၀ လောက်နဲ့ ပြန်ထွက်လာပြီ၊ မနေ့က ဘုရားတောင်ရွာနဲ့ ယာကြီးပြင် ပျူရွာကြားရောက်တယ်လို့ သိရတယ်၊ အဲဒီယာဉ်တန်း ကြားဖြတ်အတိုက်မခံရဖို့ ရှေ့ပြေးစစ်ကြောင်းနဲ့အတူ မြေပြင်ကနေလည်း စစ်ကြောင်းထိုးနေတာတွေ ရှိ တယ်၊ မနေ့က ပေခုနှစ်ပင်ရွာကို ဒီးဒုတ်ကွင်းပျူတွေနဲ့ စစ်တပ်ပေါင်းပြီး မီးတိုက်သွားတယ်” ဟု ပြောသည်။
ဩဂုတ် ၂၅ ရက်တွင် စစ်ယာဉ်တန်း လုံခြုံရေးလိုက်ပါလာသည့် စစ်ကြောင်းသည် ပေါက်မြို့နှင့် ရေပြာရွာကြားရှိ ပေခုနှစ် ပင်ကျေးရွာကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ်ပျက်စီးမှုအရေအတွက်အား လတ်တလော အတည်မပြုနိုင် သေးကြောင်း အညာမြေတပ်ပေါင်းစုက ဆိုသည်။
ပေခုနှစ်ပင်ကျေးရွာသည် ပေါက်မြို့နယ်အရှေ့ပိုင်းရှိ အိမ်ခြေ ၁၃၀ ကျော် လူဦးရေတထောင်ကျော်နေထိုင်သောကျေးရွာ ဖြစ်ပြီး စစ်ယာဉ်တန်းနှင့်အတူ စစ်ကြောင်းများကြောင့် ဇွန်လအတွင်းမှစတင်ကာ နေရပ်စွန့်ခွာကြရသည်မှာ ၂ လခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ယာဉ်တန်းရှိ ကားအစီးရေ ၈၀ ခန့်သာ ပြန်လည် ထွက်ခွာသွားရာ ကျန်သော ယာဉ်များမှာ ယောဒေသသို့ ဆက်သွားနိုင်ကြောင်း၊ လက်ရှိအချိန်တွင် ပေါက်မြို့ နယ် အရှေ့တောင်ပိုင်း ဒီးဒုတ်ကွင်းလမ်းဆုံမှ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်း လှုပ်ရှားနေကြောင်း သိရသည်။
မြေပြင် စစ်ရေးသတင်းရင်းမြစ်တဦးက “ပေါက်မြို့နယ်ထဲက ပြန်ဆင်းလာတဲ့ စစ်ယာဉ်တန်းက အစီး ၈၀ ဆိုတော့ ၅၀ ကျော် ကျန်နေသေးတယ်။ ယောဒေသ ကျောဘက် ဆက်တက်မယ်လို့ ခန့်မှန်းရတယ်၊ ပုံမှန်ဆိုရင်တော့ ရိက္ခာကို Y 8 တို့ အဲဒါမျိုးတွေနဲ့ ပို့ကြတယ်၊ အခုဟာက ရိက္ခာတခုတည်းအတွက် မဟုတ်ဘူး။ တခြား နယ်မြေအနေအထားအရရော လက်နက်ခဲယမ်း ဆေးဝါးတွေရော အင်အားအလုံးအရင်းနဲ့ ရွေ့လျားလာခဲ့ကြတာပေါ့၊ လူအင်အားက ခန့်မှန်း တထောင် လောက် ရှိတယ်” ဟု ပြောသည်။

အလားတူ ဩဂုတ်လ ၂၂ ရက်က ပေါက်မြို့နယ် ဆယ်ဝကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲ ရာ အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို လေကြောင်းတိုက်ခိုက်မခံရမီ ၅ ရက်ခန့်ကလည်း စစ်တပ် ဝင်ရောက်၍ ဆယ်ဝရွာမှ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဩဂုတ် ၂၀ ရက် နံနက် ၉ နာရီခန့်တွင် ပေါက်မြို့နယ် ရေယာဥ်ကျေးရွာကို ရိက္ခာပို့စစ်ကြောင်းနှင့် ယာကြီးပြင်ရွာပျူစောထီးများ ပူးပေါင်းကာ ဝင်ရောက် စီးနင်းပြီး နေအိမ် ၃၁ လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အညာမြေတပ်ပေါင်းစုမှ သတင်းပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်စင်က “စစ်ကြောင်း အလုံးအရင်းနဲ့လာတာကြောင့် လေကြောင်းပစ်ကူတွေ ဒရုန်းတွေ မြေပြင်ရှေ့ပြေးစစ်ကြောင်းတွေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့်ပါ ပေါက်နယ် မြိုင်နယ် ပခုက္ကူနယ်ဒေသတလျောက် ဒေသခံစစ်ရှောင်ရတဲ့သူတွေလည်း တော်တော်ကြီးကို ပင်ပန်း ခက်ခဲကြတယ်၊ တချို့ဆိုရင် လေကြောင်းကြောင့်နဲ့ စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်တာတွေကြောင့် အသက်ဆုံးရှုံးရတယ်” ဟု ပြော သည်။
ပေါက်မြို့နယ်သည် ပြည်သူ့စစ်အမည်ခံ ပျူစောထီးများ အားကောင်းသည့်ဒေသတခုဖြစ်သလို တော်လှန်ရေးအင်အားစု များ ပိတ်ဆို့ထိန်းချုပ်ထားမှုကြောင့် ရိက္ခာပြတ်လပ်မှုရှိနေ၍ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ၏ ညွှန်ကြားချက် ဖြင့် ပခုက္ကူအခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်(တပ်မ ၁၀၁) ဒုတပ်မမှူးဦးဆောင်ကာ လက်နက် ခဲယမ်း၊ ရိက္ခာ၊ ဆေးဝါးများကို ကားအစီးရေ ၁၄၀ ခန့်ဖြင့် ပခုက္ကူမှ ပေါက်မြို့သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါယာဉ်တန်းကို ဒုတပ်မှူးဦးဆောင်သည့် စစ်ကြောင်း ၅ ကြောင်း၊ အထူးရဲကွန်မန်ဒိုစစ်ကြောင်း ၁ ကြောင်းတို့က လမ်းကြောင်းရှင်း စစ်ကြောင်း၊ နံကာစစ်ကြောင်း၊ လမ်းကြောင်းလုံခြုံရေး စစ်ကြောင်းများဖြန့်ခွဲ၍ ပခုက္ကူမြို့မှမေလ ၂၉ ရက်က ထွက်ခွာခဲ့ပြီးနောက် ဩဂုတ် ၂၀ နေ့လယ်ပိုင်းတွင် ပေါက်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နှင့် ပေါက်မြို့သည် ၄၇ မိုင်ခန့်သာ ကွာဝေးပြီး ကားဖြင့် ၃ နာရီကျော်သာ ကြာမြင့်သည့်ခရီးကို ၈၄ ရက်ကြာ မောင်းနှင်ခဲ့ရကြောင်း၊ ယာဉ်တန်းထွက်ခွာလာရာလမ်းတလျောက် တော်လှန်ရေးအင်အားစုများမှ ကြားဖြတ်တိုက်ခြင်း၊ မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့် ဗုံးသီးချခြင်းများ ခံခဲ့ရသလို စစ်ယာဉ်တန်းပါ စစ်ကြောင်းများကလည်း လေကြောင်းပစ်ကူများနှင့် အတူ ကျေးရွာများအား ဝင်ရောက်စီးနင်း မီးရှို့ခြင်း၊ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
အဆိုပါ ခရီးစဉ်နှင့်ပတ်သက်၍ လမ်းခရီးတလျောက် မိုင်းရှင်းလင်းမှု ၄၃၁ ကြိမ်၊ ထိတွေ့တိုက်ပွဲ ၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ အလောင်း ၅၉ လောင်း၊ လက်နက်မျိုးစုံ ၃၇ လက်၊ မိုင်းမျိုးစုံ ၇၀၉ လုံး တို့ကို သိမ်းဆည်းရရှိကာ စစ်တပ်မှ အရာရှိ တဦး အပါ ၈ ဦးထိ သေဆုံးခဲ့သည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

ထိုစစ်ယာဉ်တန်း ပေါက်မြို့သို့ ရောက်ရှိသည့်နေ့မှာပင် ကန်ပက်လက်မြို့နယ်အတွင်းရှိ ဆွဲလွဲကျင်း- ကျင်ဒွေးလမ်းပိုင်း၊ ဆော- ကန်ပက်လက် လမ်းပိုင်းများအပြင် မကွေးတိုင်းမှ ကန်ပက်လက်မြို့နယ်အတွင်းသို့ ဝင်ရောက်နိုင်သော လမ်းပိုင်း များအား ဩဂုတ် ၂၀ ရက်မှစတင်၍ ယာယီပိတ်ထားမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့- CDF ကန်ပက်လက်က ထုတ်ပြန် သည်။
ကိုဘိုဘိုသန့်စင်က “ပေါက်ကိုရောက်နေတဲ့ စစ်အင်အားတွေက ပေါက် ကပစ ၂၄ ကိုပဲ ကာကင်းသဖွယ်ထားမလား၊ ယောဒေသနဲ့ ချင်းဒေသကိုပဲ စစ်ကြောင်း ရွေ့လျားမလားဆိုတာတော့ စောင့်ကြည့်နေဆဲပါ၊ ခန့်မှန်းထားသလောက်တော့ ယောဒေသကို ဝင်နိုင်တဲ့ အပေါက်တွေကနေ တပြိုင်တည်း စစ်ကြောင်းတွေ ဖြန့်ခွဲလာနိုင်တယ်။ အဲဒီတော့ ပေါက်နဲ့ ဆက်စပ်နေတဲ့ ယောဒေသ ချင်းဒေသက ဒေသခံတွေကတော့ စိုးရိမ်မှုရှိတာပေါ့” ဟု ပြောသည်။
စစ်ကော်မရှင်က ချင်းကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသော ချင်းတောင်ပိုင်းမြို့များကိုပါ ပြန်လည် ထိုးစစ်ဆင်ရန် အင်အားအလုံးအရင်းဖြင့်ပြင်ဆင်လျက်ရှိရာ ပေါက်မြို့နယ်၌ တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီး၊ ဆိပ်ဖြူ ကပစ ၂၂ တွင် အင်အား ၄၀၀ ခန့်၊ လောင်းရှည် ကပစ ၂၅ ၌ အင်အား ၈၀၀ ဝန်းကျင်တို့ဖြင့် ချင်း- မကွေးအစပ်တကြော စစ်ရေး ပြင်ဆင်ခြင်းများ ပြုလုပ်နေကြောင်း တော်လှန်ရေးအင်အားစုများ က ဆိုသည်။
You may also like these stories:
ရတနာသိင်္ဂီမိုင်း ပြန်ရပေမယ့် ကျောက်မဲမှာ စစ်တပ်ပိတ်ဆို့ခံနေရ
မန်း PDF ထိန်းချုပ်ထားသည့် ဖယောင်းတောင် စစ်တပ် ပြန်ရ














