မန္တလေးတိုင်း ပြင်ဦးလွင်ဘက်မှ စစ်ကြောင်းက နောင်ချို- မိုးကုတ်လမ်းရှိ ရတနာသိင်္ဂီသတ္တုမိုင်းကို ပြီးခဲ့သည့် ရက်က ပြန်သိမ်းနိုင်ခဲ့သော်လည်း ကျောက်မဲဘက်စစ်မျက်နှာတွင်မူ ပိတ်ဆို့ တိုက်ခိုက်ခံရ၍ ထိခိုက်မှုများနေကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
ရတနာသိင်္ဂီသတ္တုမိုင်းသည် နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအုပ်စုတွင်း ရှိပြီး မိုးကုတ်နှင့် ၂၅ မိုင်ခန့်ကွာပြီး သြဂုတ် ၂၄ ရက် က စစ်တပ်ဝါဒဖြန့် ချန်နယ်တချို့တွင် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၏ အမာခံ ခံစစ်စခန်းကြီးဖြစ်သည့် ရတနာသိင်္ဂီကျေးရွာ မိုင်းတွင်းကို ပြန်လည်သိမ်းပိုက်ကာ တော်လှန်ရေးတပ်များ၏ Drop Bomb ထုတ်သည့် အလုပ်ရုံများပါ သိမ်းဆည်းရရှိကြောင်း ဆိုထားသည်။
ဒေသခံတဦးက “ပြီးခဲ့တဲ့ရက်ပိုင်းမှာ စစ်တပ်က ဒိုးပင်ဘက်ကနေ ဆက်ထိုးလာလို့ ချောင်းဆုံ၊ နာကြိုင်း၊ ရတနာသိင်္ဂီရွာ တွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာ။ အခုရက်ပိုင်းတော့ စစ်ကြောင်းက ရတနာသိင်္ဂီထိ ရောက်သွားတာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လလယ်ပိုင်း၌ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် နောင်ချို- မိုးကုတ်လမ်းပိုင်းကို ဆက်လက် ထိုးစစ်ဆင်နေသော စစ်တပ်များသည် ထိုလမ်းပေါ်ရှိ ဆမ္မဆယ်၊ သုံးဆယ်၊ ဟိုခို၊ ဒိုးပင်နှင့် ရတနာသိင်္ဂီ စသည့် အချက် အချာကျ ရွာကြီးများကို ဆက်တိုက် သိမ်းပိုက်နေခြင်း ဖြစ်သည်။
စစ်ရေး လေ့လာသုံးသပ်သူတဦးက “ရတနာသိင်္ဂီမိုင်းဘက်ကနေ ဦးတည်သွားရင်တော့ မိုင်းလုံနဲ့ မိုးကုတ်ပဲ။ ဒါပေမယ့် ဆမ္မဆယ်၊ သုံးဆယ်တို့ကနေ တောက်လျောက်သွားရင် ရတနာသိင်္ဂီထိက မြေပြန့်၊ ရတနာသိင်္ဂီကနေစပြီး တောင်စတက် ပြီ။ အဲဒီတော့ စစ်တပ်အတွက်က တောင်ကြောပေါ် ရောက်သွားရင် မြေပြန့်မှာချီတက်သလို စစ်တိုက်ဖို့ မလွယ်တော့ဘူး” ဟု ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်မျက်နှာ ၂ ခုဖွင့် ထိုးစစ်ဆင်နေသော စစ်တပ်သည် မန္တလေးတိုင်း အစပ်ဘက် စစ်မျက်နှာရှိ အချက်အချာကျနေရာများအား ပြန်လည်သိမ်းပိုက်နိုင်သော်လည်း ကျောက်မဲဘက် စစ်မျက်နှာတွင်မူ ပိတ်ဆို့ တိုက်ခိုက်ခံ ရ၍ ထိခိုက်မှုများနေကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

စစ်တပ်များသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချို- မိုးကုတ်လမ်းပိုင်းကို ထိုးစစ်ဆင်နေသလို တပြိုင်ထဲမှာပင် လားရှိုး- မန္တလေးလမ်းပေါ်မှ ကျောက်မဲမြို့ကို ပြန်ရရန် နောင်ချို ဂုတ်တွင်းဘက်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေရာ ပြင်းထန် တိုက်ပွဲများဖြစ်ပွားနေသည်မှာ ရက်သတ္တပတ်ခန့်ရှိပြီ ဖြစ်သည်။
ကျောက်မဲဒေသခံအမျိုးသမီးတဦးက “ကျောက်မဲမှာက တိုက်ပွဲတွေက နေ့တိုင်းဖြစ်နေတယ်။ ဒီနေ့လည်းဆက်ဖြစ်တယ်။ ကျောက်မဲမြို့ ဝါဆိုကျောင်းအနီး ဗုံးလာကြဲလို့ ကိုရင်တွေလည်း ထိခိုက်သွားတယ်။ မနေ့ကလည်း လုံကြိမ်ရွာဘက်မှာ ဗုံးကြဲသွားလို့ ဒေသခံ ၂ ဦး သေတယ်” ဟု ပြောသည်။
နောင်ပိန်- ကျောက်မဲလမ်းမကြီးပေါ်ရှိ ကျေးရွာများအားလုံးနီးပါး ဘေးလွတ်ရာ ရှောင်နေကြရသလို စစ်ရှောင် ၁၀၀၀၀ ကျော်အထိ ရှိကြောင်း၊ ကျန်ရစ်သူတချို့လည်း ထိခိုက်မှုများရှိသလို ပိတ်မိနေသည့်အခြေအနေရှိနေကြောင်း စစ်ရှောင် အရေး ကူညီပေးနေသူများက ထံက သိရသည်။
လက်ရှိ ကျောက်မဲဘက် ထိုးစစ်ဆင်နေသည့်စစ်ကြောင်းသည် TNLA တပ်များ၏ ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ခံရ၍ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ကြောင်းနှင့် ထိခိုက်ကျဆုံးမှုများနေသောကြောင့် လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တောက်လျောက် ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ရှမ်းမြောက်စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်သူတဦးက “နောင်ချိုဘက်ကနေ ဂုတ်တွင်းကို ခဲရာခဲဆစ်ဖြတ်ကူး ပြီးတော့ ဟိုဘက်ကို တပ်ရင်း ၆ ရင်းလောက် ရောက်တယ်ပြောတယ်။ ကူးတဲ့အခါ ဖြတ်ပိတ်ထားတော့ နောင်ပိန်နဲ့ ထန်းတပင်မှာ ပိတ်မိနေတယ်။ ပုံမှန် နောင်ချိုကနေ ကျောက်မဲကိုသွားတဲ့ ဂုတ်တွင်းဘက်မှာလည်း TNLA က ပိတ်ထား တယ်။ လောလောဆယ် ကျောက်မဲကို ထိုးတဲ့တပ်က TNLA ရဲ့ ပိတ်ဆို့ထားတာ ခံနေရတယ်” ဟု ပြောသည်။
ကျောက်မဲစစ်မျက်နှာ၌ စစ်တပ်အတွက် နောင်ချိုဘက်မှ စစ်ကူစစ်ကြောင်းများ ပို့နိုင်ရန်တခုတည်းသော လမ်းကြောင်း ဂုတ်ထိပ်တံတားသည် ဩဂုတ် ၂၄ ရက်နံနက်၌ မိုင်းထိမှန် ပျက်စီးမှုတချို့ရှိခဲ့သောကြောင့် စစ်တပ် ဘက်က TNLA ပြုလုပ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်ပြောဆိုမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

ရှမ်းမြောက်စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူ စစ်ရေးလေ့လာသုံးသပ်သူတဦးက “အဲဒီတံတားလေးရှိရင် ရထားနဲ့ နည်းနည်းထောက်ပို့လို့ရမှာ။ အခုက ရထားနဲ့လည်း ထောက်ပို့လို့ မရဘူးဖြစ်နေလို့ ပိုပြီးပွဲဆူနေတာပါ။ ပိတ်မိ နေတဲ့ တပ်ရင်း ၆ ရင်း စစ်ကူပို့စရာ လမ်းကြောင်းမရှိဘူး ဖြစ်နေတာ” ဟု ပြောသည်။
ဂုတ်ထိပ်တံတား မိုင်းထိပျက်စီးသွားသည့် အခြအနေနှင့်ပတ်သက်ပြီး TNLA ထံ ဧရာဝတီက ဆက်သွယ်မေးမြန်းထားရာ လတ်တလော၌ ပြန်လည် ဖြေကြားခြင်းမရှိသေးပေ။
နောင်ပိန်ရွာတွင် စစ်တပ်စစ်ကြောင်းက ခြေကုပ်ယူထားပြီး ထွက်ပြေးတိမ်းရှောင်သွားကြသော ဒေသခံများ ကျန်ရှိခဲ့သည့် ရိက္ခာများအား ဆက်လက် အသုံးပြုနိုင်သောကြောင့် ထိုစစ်ကြောင်းမှာ နောက်ပြန်မလှည့်ဘဲ ရှေ့တက်တိုးလာနိုင်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
၎င်းက “ထန်းတပင်တို့ နောင်ပိန်တို့က မြစ်ရဲ့ဒီဘက်ခြမ်းကို ရောက်လာတာပေါ့နော်။ အဲဒီတော့ နောက်ဘက်မှာလည်း ဂုတ်ထိပ်တံတားက ကျိုးသွားတဲ့ အနေအထား။ ဒါပေမယ့် ယာဉ်သာ ဖြတ်လို့မရတာ။ လူကတော့ဖြတ်လို့ရမယ့် အနေ အထားရှိတယ်။ နောင်ပိန်မှာ တော်တော်များများက ထွက်ပြေးကြတော့ သူတို့အတွက် စားစရာရသွားတော့ နောက်ဆုတ်ဖို့ အနေအထားမျိုးတော့ ခဲယဉ်းပါတယ်။ ဘာလို့လဲဆို လေကြောင်းအကူက တောက်လျောက်လာနေတာဆိုတော့ စခန်းသာ ဘက်ကို ဖောက်ထွက်နိုင်အောင် ကြိုးစားမယ့် အနေအထားမျိုးလို့ ပြောရမယ်” ဟု ပြောသည်။
လက်ရှိ စစ်တပ်စစ်ကြောင်းရောက်ရှိနေသည့် နောင်ပိန်ရွာသည် ကျောက်မဲမြို့ပေါ် နှင့် ၁၄ မိုင်ခန့်ဝေးပြီး နောင်ပိန်-ကျောက်မဲ လမ်းမကြီးပေါ်တွင် စခန်းသာရွာအပါအဝင် ကျေးရွာ ၆ ရွာခန့်ကျော်မှ ကျောက်မဲမြို့သို့ ရောက်မည် ဖြစ် ကြောင်းနှင့် လမ်းကြောင်းတလျောက် TNLA တပ်များရှိကြောင်း ဒေသခံများက ဆိုသည်။
နောင်ချိုမြို့ကို သိမ်းပိုက်ပြီးနောက် စစ်ကော်မရှင်တပ်များက မိုးကုတ်နှင့် ကျောက်မဲဘက်ကို ထိုးစစ်ဆင်နေသော်လည်း TNLA နှင့် ပူးပေါင်းတပ်များက အခိုင်အမာခံစစ်ပြင်ထားသည့် အခြေအနေတို့ကြောင့် လက်ရှိ ထိုးစစ်အားများဖြင့် မိုးကုတ်၊ ကျောက်မဲတို့ကို ရောက်ရှိနိုင်ရန် အချိန်ကြာမြင့်ဦးမည်ဖြစ်ကြောင်း CDM အရာရှိများနှင့် စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။
You may also like these stories:
မတ္တရာအရှေ့ခြမ်း ပြန်ရရေး စစ်တပ် ကြိုးပမ်းနေ
မန်း PDF ထိန်းချုပ်ထားသည့် ဖယောင်းတောင် စစ်တပ် ပြန်ရ
စစ်သင်္ဘောတွေ ဗန်းမော်ရောက်ပြီးနောက်














