ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်ကြား၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းအနီးရှိ ရွာအချို့တွင် စစ်ကောင်စီတပ်များ ပိတ်မိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။
၎င်းက “စစ်ကောင်စီတပ်က ရှေ့မတိုးနောက်မဆုတ် ဖြစ်နေတဲ့အခါကျတော့ ပိတ်မိသွားတဲ့ပုံစံဖြစ်တာ။ သူတို့ရဲ့ စစ်ကြောင်းက မဒီးယန်တို့၊ အောင်ဂျာတို့ လမ်းပေါ်မှာပဲနေကြတယ်။ နမ်ဆန်ယန်ဘက်ကိုလည်း ရောက်မလာဘူး။ သူတို့လည်း ပိတ်သွားတဲ့ပုံစံမျိုး ဖြစ်သွားတာပေါ့” ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် ဝိုင်းမော်မြို့နယ်တောင်ဘက်ရှိ နမ်ဆန်ယန်ရွာ၊ မိုးမောက်မြို့နယ်မြောက်ဘက်ရှိ မဒီးယန်နှင့် အောင်ဂျာရွာဝန်းကျင်တွင် ရှိနေပြီး KIA နှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့က ပိတ်ဆို့ဖြတ်တောက်ထား ခြင်းဖြစ်ကြောင်း မြေပြင်နှင့်နီးစပ်သူများထံမှ သိရသည်။
ပိတ်မိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်ကို KIA ဘက်က မပြောသော်လည်း မြေပြင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်အချို့ကမူ ရာဂဏန်းရှိနိုင်ကြောင်း ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင် ၃ ရက်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်အားရာဂဏန်းခန့်ဖြင့် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာသောကြောင့် KIA တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ထိုစဉ်က စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် လိုင်ဇာမြို့ကိုသိမ်းယူရန် အင်အားအသင့် စုဖွဲ့လာခြင်းဖြစ် ကြောင်း ရေးသားမှုအချို့ရှိခဲ့သော်လည်း တလကျော်အကြာ လက်ရှိကာလတွင် စစ်ကောင်စီတပ်သည် လိုင်ဇာမြို့နား အထိ မကပ်နိုင်ဘဲ ပိတ်မိနေခြင်းဖြစ်သည်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မိုးမောက်မြို့အနောက်ဘက်ရှိ ဗန်းမော်မြို့သို့ မန္တလေးမှဆန်တက် လာသည့် စစ်ကောင်စီ၏ စစ်ကူသင်္ဘောများ ရောက်လာနေပြီဖြစ်သော်လည်း စစ်ကူများသည် နမ်ဆန်ယန်ဘက်သို့ ဆက်လက်ချီတက်လာမှု မရှိသေးကြောင်း ရှင်းပြသည်။
၎င်းက “စစ်ရေးကတော့ တင်းမာနေတာပေါ့။ သူတို့ ဆက်ပြီးတက်လာမလားလို့ ကျနော်တို့ စောင့်ကြည့်နေပါတယ်” ဟု ဆိုသည်။
လက်ရှိတွင် မြစ်ကြီးနား-ဗန်းမော်ကားလမ်းတလျှောက် စစ်ရေးတင်းမာနေသဖြင့် လူထုအနေဖြင့် ကားလမ်းကို အသုံး မပြုကြရန်လည်း စစ်ကောင်စီဘက်ကသာမက KIA ဘက်ကပါ တားမြစ်ထားသည်။
မြစ်ကြီးနား-ဗန်းမော်ကားလမ်း ပိတ်ထားသဖြင့် ကုန်စည်များသည် စစ်ကိုင်းတိုင်းမှတဆင့် ရွှေဘို-မြစ်ကြီးနားလမ်း အတိုင်း သွားနေရကြောင်း ဗန်းမော်မြို့မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတဦးက ဆိုသည်။
မြစ်ကြီးနားမြို့မှ ဒေသခံတဦးကလည်း ကားလမ်းပိတ်ထားသဖြင့် မြစ်ကြီးနားဒေသခံများသည် ဗန်းမော်မြို့သို့ သွားလိုပါ က ရေလမ်းကြောင်းကို အားကိုးနေရသည်ဟု ပြောသည်။
၎င်းက “ဧရာဝတီမြစ်ကနေ ပတ်သွားရတယ်။ တညအိပ်လောက်ကြာတယ်။ အရင်က ကားလမ်းကနေဆိုရင် ၄ နာရီ ကျော်လောက်သွားရတယ်။ အခု မြစ်ကနေဆိုတော့ အရှည်ကြီးဖြစ်သွားတာပေါ့။ ကုန်ဈေးနှုန်းကလည်း လွန်ခဲ့တဲ့လရဲ့ နှစ်ဆလောက်တက်နေတာ။ ကြက်သွန်ဖြူ ၁ ပိဿာဆိုရင် တသောင်းလောက်ရှိနေတာ။ အရင်က ၁ ပိဿာကို ၅ ၅၀၀၀/၆၀၀၀ လောက်ပဲရှိတာ” ဟု ဆိုသည်။
ဗန်းမော်မြို့ ဒေသခံတဦးကလည်း မြစ်ကြီးနား-ဗန်းမော်လမ်းသည် မည်သည့်အချိန် ပြန်ပွင့်မည်ကို မှန်းဆရခက်နေပြီး စစ်ကောင်စီဘက်ကလည်း အင်အားဖြည့်တင်းနေသဖြင့် တိုက်ပွဲပိုမိုဖြစ်လာမည့် အခြေအနေရှိကြောင်း ခန့်မှန်းသည်။
၎င်းက “အခုက KIA ကလည်း တက်လာရင်တိုက်မယ်။ ဒီဘက်ကလည်း လိုင်ဇာကို သိမ်းမယ်ဆိုတာမျိုးတွေ နှစ်ဖက် ပြောနေတာကြားနေတော့ စစ်ရေးပိုတင်းမာလာမယ်ထင်တယ်။ သင်္ဘောတွေက ဗန်းမော်မှာတော့ ရောက်နေပြီ” ဟု ဆိုသည်။
You may also like these stories:
စစ်ကိုင်းတိုင်းအတွင်း တိုက်ခိုက်မှုများ KIA အားပေးအားမြှောက်ပြုနေဟုဆို
ဖားကန့်က စစ်ကောင်စီစခန်း ၂ ခု KIA သိမ်း
ကွတ်ခိုင်၌ စစ်ကောင်စီတပ်ကို KIA တိုက်
စစ်ရေးသတိရှိကြရန် လိုင်ဇာလူထုကို KIA သတိပေး