စစ်ကိုင်းတိုင်း ကလေးမြို့နှင့် အဓိက ဆက်သွယ်ထားသည့် ကလေး- ဂန့်ဂေါကားလမ်းမကြီးနှင့် ကလေး- ရေဦး- တန့် ဆည် မဟာမြိုင်ကားလမ်းမကြီးတို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေ သဖြင့် လမ်းကြောင်းများ ပြတ်တောက်ကာ စက်သုံးဆီနှင့် ကုန်ပစ္စည်းပြတ်လပ်နေသည်။
ကလေးမြို့ခံတဦးက “ကလေးမြို့နဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းအားလုံးက အပိတ်ခံထားရတယ်။ ကလေးမြို့က ကုန်ကားတွေလည်း ထွက်မရသလို မြို့ကိုလာမယ့် ကုန်ကားတွေလည်း ဝင်မရဖြစ်နေတော့ ဒီလ၂၁ ရက်က စပြီး ဓာတ်ဆီတွေလိုသလောက် ဝယ်မရတော့ဘူး။ ပထမတော့ ဆိုင်တွေ ခွဲတမ်းနဲ့ ရောင်းပေးတယ်။ ဒီနေ့ဆိုရင် စက်သုံး ဆီရောင်းတဲ့ဆိုင်တွေမှာလည်း ဓာတ်ဆီတွေ မရှိတော့လို့ ဆိုင်တွေ ပိတ်ကုန်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ လမ်းကြောင်းများ ပိတ်ခံထားရသည့်အတွက် ကလေးမြို့ပေါ်တွင် စက်သုံးဆီများ ပြတ်တောက်မှုနှင့်အတူ တလီတာဈေးမှာ ကျပ် ၅ထောင် မှ ၇ ထောင်၊ အချို့ ကျေးရွာများတွင် ၁ လီတာ ကျပ် ၁ သောင်းထိ ပေါက်ဈေး ရှိသလို၊ လိုသလောက် ဝယ်ယူ၍မရတော့သည့် အခြေအနေ ဖြစ်နေရကြောင်း ဒေသခံများထံက သိရသည်။
မြို့ခံတဦးက “ကျနော်တို့ ဒေသက တောင်ပေါ်လမ်းလေးတွေဆိုတော့ ဆိုင်ကယ်ကိုပဲ အဓိက အသုံးပြုပြီးသွားလာ နေရတာကိုး။ ဆိုင်ကယ်မှာ ဆီမရှိရင် ဘာမှ အလုပ် မဖြစ်ဘူး။ အခုဆိုရင် ဆိုင်ကယ်တွေ၊ ဘေးတွဲဆိုင်ကယ်တွေ ထိုးရပ်ထား ရတယ်။ မြို့ထဲမှာဆိုရင်လည်း ဆိုင်ကယ် ၃၊ ၄ စီးလောက်ပဲ သွားလာတာကို တွေ့တယ်” ဟု ပြောသည်။
ကလေးမြို့ရှိ စက်သုံးဆီရောင်းချပေးနေသည့် ဆိုင်တချို့တွင် တန်းစီစောင့်ဆိုင်းဝယ်ယူနေကြသလို တဂါလံဈေးမှာ ၁၆၀၀၀ မှ ၂ သောင်းကျပ်ထိ ပေါက်ဈေးအသီးသီးရှိကြောင်း သိရသည်။

ထို့ပြင် အခြေခံစားသောက်ကုန်များမှာလည်း ဈေးနှုန်း အဆမတန် မြင့်တက်နေကြောင်း၊ ဆန် ၁ အိတ်လျှင် ကျပ် ၈၀၀၀၀ မှနေ ကျပ် ၁၅၀၀၀၀ အထိ မြင့်တက်ခဲ့သလို၊ စားအုန်းဆီဈေးမှာလည်း ကျပ် ၈၀၀၀ ကနေ ကျပ် ၁၆၀၀၀ စသည်ဖြင့် ဈေးများ အဆမတန် မြင့်နေကြောင်း ကလေးမြို့ ဒေသခံတဦးက ဆိုသည်။
၎င်းက “ဈေးထဲမှာဆိုရင်လည်း ကြက်ဥ ၃ လုံး ၁၀၀၀ ကျပ်ကနေ အခု ကြက်ဥ ၃ လုံး ၂၀၀၀ ဖြစ်သွားတယ်” ဟု ဧရာ ဝတီသို့ ပြောသည်။
ထိုသို့ ကလေးမြို့ပေါ်တွင် အခြေခံ စားသောက်ကုန်များ ပြတ်လပ်မှုနှင့်အတူ ကြက်မွေးမြူရေးသမားအနေဖြင့်လည်း ရန်ကုန်၊ မန္တလေးမှ တင်သွင်းသည့် ကြက်စာပြတ်လပ်ကုန်သည့်အတွက် မွေးမြူရေးခြံများမှ ကြက်များကို ထုတ်ကာ ဈေးထဲတွင် ရောင်းချနေမှုများရှိနေကြောင်း သိရသည်။

“အဓိက အောက်ပြည်ဘက်က လာတဲ့ ရှမ်းခေါက်ဆွဲလို ပစ္စည်းမျိုး၊ တခြား မုံရွာ၊ မန္ထလေးဘက်က လာတဲ့ပစ္စည်းတွေ က ဆိုင်တွေမှာ မရှိတော့လို့ ဈေးထဲက ဈေးဆိုင်တွေလည်း ပိတ်ထားတာ တွေ့တယ်။ အဲဒီအထဲမှာ အဆိုးဆုံး က တော့ ကြက်မွေးမြူရေးခြံသမားတွေပဲ သူတို့မှာ ကြက်စာ မရှိတော့လို့ ကြက်တွေ ဒီအတိုင်းထားရင်သေမယ့် အတူတူ ကြက်တွေကို ဈေးတွေလျော့ပြီးတော့ ဈေးထဲမှာ လာရောင်းကြတယ်” ဟု ကလေးမြို့ခံတဦးက ဧရာဝတီသို့ ပြော သည်။
ယင်းပြင် ကလေး- တမူးကားလမ်းမှလည်း ဇူလိုင်၂၃ ရက်က ဖြစ်ပွားခဲ့သော ခါမ်းပါတ်မြို့တိုက်ပွဲနှင့် သြဂုတ်လ ၁၈ ရက်က ဘုက္ကန်ကျေးရွာအနီး တိုက်ပွဲကြောင့် လမ်းကြောင်းများ ပိတ်သွားသလို ကလေး- ဟားခါး ကားလမ်းမမှာလည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်များပြိုကျခြင်း၊ လမ်းတံတားများ ပျက်စီးခြင်းတို့ကြောင့် လမ်းကြောင်းများ ပြတ်တောက်လျက်ရှိကြောင်းလည်း ဒေသခံများက ပြောသည်။
လတ်တလော အခြေအနေတွင် စစ်ကောင်စီသည် ကလေး- ဂန့်ဂေါ ကားလမ်းမတလျှောက်တွင်ရှိသည့် ပျူစောထီး ရွာများ ရိက္ခာသယ်ယူရေးလမ်းကြောင်းများ ပြန်လည်ပွင့်ရန် စစ်ကြောင်းထိုးနေသည့်အတွက် ကလေးမြို့နှင့် ၃ မိုင်ခန့် အကွာ သာစည်ကျေးရွာအနီး၌ သြဂုတ်လ ၁၅ ရက်မှ စတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်း ထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သည် ရှေ့ ဆက်မတိုးနိုင်သည့်အတွက် သာစည်ကျေးရွာအား မီးရှို့ ဖျက်ဆီးမှု များ ပြုလုပ်နေကြောင်း သိရသည်။
You may also like these stories:
တိုက်ပွဲ ကြောင့် လမ်းများပိတ်သဖြင့် တမူး၌ ကုန်ဈေးနှုန်း အဆမတန်တက်
ဒေါ်လာနှင့် ရွှေဈေးကို ထိန်းချုပ်ရန် စစ်ကောင်စီ အထူးအဖွဲ့ ဖွဲ့စည်းမည်














