ကချင်ပြည်နယ်၊ ဖားကန့်မြို့အရှေ့ဘက်ရှိ နန့်ယားရွာမှ အရပ်သားများကို စစ်ကောင်စီတပ်မှ ယမန်နေ့ ညပိုင်းက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားရာ ယခုချိန်တိုင် ပြန်လွတ်လာသူများ မရှိသေးကြောင်း သိရသည်။
နန့်ယားရွာသည် ဖားကန့်နှင့်ကာမိုင်းမြို့ကြားတွင် တည်ရှိပြီး လွန်ခဲ့သည့် ၃ရက်ခန့်က စစ်ကောင်စီတပ်ရောက်လာပြီး ဒေသခံများကို ဖမ်းဆီးကာ ယနေ့နံနက်အစောပိုင်းတွင် လူသားဒိုင်းအဖြစ် ခေါ်ဆောင်ကာ ဖားကန့်မြို့ဘက်သို့ ထွက်သွားကြောင်း ဖြစ်စဉ်ကိုသိသည့် ဖားကန့်မြို့ခံတဦးက အတည်ပြုသည်။
၎င်းက “တနေ့က တက်လာတဲ့စစ်ကြောင်းပေါ့။ အဲဒီစစ်ကြောင်းက နန့်ယားမှာ နှစ်ညအိပ်သွားတယ်။ သူတို့က ဒီမနက်ထွက်ဖို့ အစီအစဉ်ရှိလို့နေမှာပေါ့။ သူတို့က ရွာထဲဆင်းပြီး ည ၉ နာရီနဲ့ ၁၀ နာရီမှာ ရွာသားတွေကို တအိမ်တက် တအိမ်ဆင်း လာခေါ်တာပေါ့။ ဖမ်းတဲ့သဘောပေါ့” ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် နန့်ယားရွာရှိ ဘုရားကျောင်းထဲမှ စစ်ရှောင်အချို့နှင့် ကားသမားများ၊ ခရီးသည်များကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဖားကန့်မြို့ခံက ပြောသည်။
၎င်းက “KIA ဘက်က လမ်းပိတ်ထားတဲ့အခါမှာ ဆင်းလို့လည်းမရ၊ တက်လို့လည်းမရ လမ်းပိတ်သွားတဲ့ အခြေအနေ ရှိတယ်။ ကားသမားတွေရော၊ ခရီးသည်တွေရော။ အခုကတော့ စစ်ကောင်စီက ဖားကန့်ဘက် ဒီမနက်အစောကြီး တက်သွားတယ်ကြားတယ်။ လူတွေကို ဓားစာခံအဖြစ် ခေါ်သွားတဲ့သဘောမျိုးပေါ့” ဟု ဆိုသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ် တိုက်ပွဲသတင်းများ ဖော်ပြနေသည့် 7stars သတင်းဌာန အဆိုအရ စစ်ကောင်စီတပ်သည် နန့်ယားရွာ အပါအဝင် အနီးရှိ ကပ်မှော်နှင့် ဆိုင်းဖရာရွာတို့မှ ဒေသခံ စုစုပေါင်း ၁၀၀ ကျော် ကို ဖမ်းဆီးသွားကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ တူးခေါင်ကလည်း စစ်ကောင်စီ၏ တပ်မ ၃၃ တပ်ဖွဲ့ဝင်များသည် မြစ်ကြီးနား-ဖားကန့်လမ်းပေါ်ရှိ နန့်ယားရွာမှခရီးသွားများ၊ စစ်ဘေးရှောင်များ၊ ရွာသားများထဲမှ အရွယ်ကောင်းအယောက် ၁၀၀ ကို ရွေးထုတ်သွားခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကို အထမ်းသမားအဖြစ်၊ လူသားဒိုင်းအဖြစ် အသုံးချရန် ခေါ်သွားခြင်းဖြစ်ကြောင်း ၎င်း၏လူမှုကွန်ရက်စာမျာနှာတွင် ရေးသားထားသည်။
စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ဒေသခံအရေအတွက်နှင့် ပတ်သက်၍ ဧရာဝတီက သီးခြားအတည် မပြုနိုင်ပါ။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကမူ ဒေသခံများ ဖမ်းဆီးခံရသည့်ဖြစ်စဉ်ကို ၎င်းအနေဖြင့် သေချာမသိသော်လည်း စစ်ကောင်စီတပ်၏လုပ်ရပ်သည် အရပ်သားများအား အကာကွယ်ပြုကာ နယ်မြေရှင်းလင်းရေးပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။
လတ်တလောတွင် ဖားကန့်မြို့နယ်၌ KIA နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်သည့် သတင်းမကြားရသေးကြောင်းလည်း ၎င်းက ဆိုသည်။
ဖားကန့်မြို့တွင်နေထိုင်သည့် ဒေသခံအချို့ကလည်း စစ်ကောင်စီစစ်ကြောင်းသည် နန့်ယားမှ ထွက်လာပြီဖြစ်သော်လည်း ဖားကန့်မြို့ထဲသို့ ရောက်မလာသေးကြောင်း ဧရာဝတီကို ပြောသည်။
ဖားကန့်ဒေသခံတဦးက “မနက်ခင်းကတော့ အဲဒီမှာရှိတဲ့ ကားသမားတွေ၊ ခရီးသည်တွေကို လူသားဒိုင်းအဖြစ်နဲ့ ခေါ်သွားတယ်။ စစ်တပ်ကတော့ မြစ်ကြီးနားကနေလာတာ။ နန့်ယားမရောက်ခင်အထိတော့ သူတို့အတွက် လှုပ်ရှားလို့ရသေးတယ်။ နန့်ယားနဲ့ဖားကန့်က သူတို့အတွက် သတ်ကွင်းလိုပဲ။ ကားနဲ့ဆိုရင် ၂ နာရီခွဲ ၃ နာရီလောက်သွားရတယ်။ တောင်တက်တောင်ဆင်းတွေချည်းပဲ။ အဲဒီမှာသူတို့က ရှေ့ဆက်မတိုးရဲလို့ သေချာပြင်ဆင်ပြီးမှထွက်တာ။ လောလောဆယ်တော့ နန့်ယားကနေ လုံးခင်းမရောက်ခင် လိပ်ပြာတောင်အထိတော့ ရောက်လာပြီကြားတယ်” ဟု ဆိုသည်။
ထိုသို့ အရပ်သားပြည်သူများအား အာဏာသိမ်းစစ်ကောင်စီက လူသားဒိုင်းအဖြစ် မတရားဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် နိုင်ငံတကာ လူ့အခွင့်အရေးများကို ထပ်မံ ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်းနှင့် ယင်းလုပ်ရပ်အား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီအား ပြင်းထန်စွာအရေးယူဆောင် ရွက်ပေးရန် ထပ်မံတောင်းဆိုကြောင်း ကချင်လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့ (KHRW) ကလည်း ထုတ်ပြန်သည်။
You may also like these stories:
ကချင်တွင် ဒေသခံများအား ဖမ်း၍ လူသားဒိုင်းအဖြစ် အသုံးပြုနေ
ဖားကန့် ကျောက်လုပ်ငန်းရှင်များကို စစ်ကောင်စီက ငွေညှစ်ဖမ်းဆီးမှုများ လုပ်နေ
ဆုံးရှုံးမှုကို ခွန်အားယူ၍ တော်လှန်ရေး ခရီးဆက်မည် ဟု KIO ကြေညာ
သရက်ချောင်းမြို့နယ်၌ ဒေသခံများကို လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ် သုံးနေ