စစ်ကောင်စီထိန်းချုပ် မြန်မာနိုင်ငံ ဗဟိုဘဏ်သည် လွန်စွာမြင့်တက်နေသည့် ဒေါ်လာနှင့် ရွှေဈေးနှုန်းကို ထိန်းချုပ်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနအောက်မှ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) အရာရှိများဖြင့် အထူးအဖွဲ့ ဖွဲ့စည်းရန် စီစဉ်နေသည်။
မြန်မာတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ငွေကြေးဖောင်းပွမှု မြင့်မားနေပြီး ငွေကြေးဖောင်းပွမှု သက်သာစေရန် စစ်ကောင်စီ၏ အားထုတ်မှုများ အချည်းနှီးဖြစ်နေသည်။ နောက်ဆုံး ငွေကြေးဖောင်းပွမှု ထိုးနှက်ချက်မှာ စစ်ကောင်စီက ကျပ်ငွေ ၂ သောင်းတန် ငွေစက္ကူသစ် ထုတ်ဝေချိန်တွင် ဖြစ်ပြီး ပြည်သူများအကြား ငွေကြေးဖောင်းပွမှု စိုးရိမ်မှုများ ပိုမိုဆိုးရွားစေသည်။ ယခုအခါ ပြင်ပဈေးကွက်တွင် အမေရိကန် တဒေါ်လာလျှင် ၃,၉၀၀ ကျပ်ခန့်ဖြင့် ရောင်းဝယ်နေပြီး သြဂုတ်လ ၂၁ ရက်နေ့ ရွှေဈေးမှာ တကျပ်သားလျှင် ၃,၉၂၀,၀၀၀ ကျပ် ရှိသည်။
ထိုအခြေအနေကို တန်ပြန်ရန်အတွက် ဗဟိုဘဏ်သည် ဩဂုတ်လ ၁၉ ရက်နေ့က နေပြည်တော်တွင် စသုံးလုံးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (UMFCCI) အပါအဝင် စစ်ကောင်စီ အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး နိုင်ငံခြားငွေ အခြေအနေကို ဆွေးနွေးသည်။ ထိုအစည်းအဝေးပြီးနောက် ဈေးကစားသည့် လုပ်ငန်းများကို စုံစမ်းစစ်ဆေးရန် အထူးအဖွဲ့ဖွဲ့မည့် ဗဟိုဘဏ်၏ အစီအစဉ်ကို သိလာရခြင်း ဖြစ်သည်။
“အခုရက်ပိုင်း ဈေးနှုန်းတွေက ကျိုးကြောင်းဆီလျော်မှု မရှိဘူး။ ကိုယ်ကျိုးအတွက် ဈေးကစားတဲ့ လူတချို့က ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေတဲ့ ဈေးတွေ။ ဒါကြောင့် ထိထိရောက်ရောက် အရေးယူရမယ်” ဟု စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ထိုအစည်းအဝေးတွင် ပြောသည်။
ထိုအစည်းအဝေး မှတ်တမ်းအရ ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာပြည်သူများအနေဖြင့် အမေရိကန် ဒေါ်လာဖြစ်စေ၊ အခြားနိုင်ငံခြားငွေဖြစ်စေ စုဆောင်းမထားရန် သတိပေးကြောင်း သိရသည်။ ထိုနိုင်ငံခြားငွေများကို ကိုင်ဆောင်ရန် ခွင့်ပြုချက် တောင်းရမည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁ သောင်းနှင့် ညီမျှသည့် အတိုင်းအတာ အထိကိုသာ ၆ လ အများဆုံး ကိုင်ခွင့်ရှိကြောင်း ပြောသည်။
ထိုသို့ စုဆောင်းထားခြင်းကို တားဆီးရန် ၆ လပြည့်သောအခါ နိုင်ငံခြားငွေ ကိုင်ဆောင်သူများသည် ဗဟိုဘဏ် သတ်မှတ်နှုန်းဖြင့် သတ်မှတ်ထားသော ဘဏ်များသို့ ရောင်းချရမည် ဖြစ်သည်။ သို့သော် စစ်ကောင်စီ၏ တရားဝင်ငွေလဲနှုန်းမှာ တဒေါ်လာလျှင် ၂,၁၀၀ ကျပ်သာရှိသည်။
၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ပို့ကုန်ရငွေများကို ပေးသွင်းသည့် မှတ်တမ်း မပြနိုင်သည့် တင်ပို့သူများ ကိစ္စကိုလည်း ဗဟိုဘဏ်က ထောက်ပြပြီး ထို့ကြောင့် ငွေလဲနှုန်းအခြေအနေ ဆိုးနေသည်ဟု ပြောသည်။ အချို့လုပ်ငန်းများက ထိုသို့ ပို့ကုန် ငွေပေးငွေယူ မှတ်တမ်း မပြသော ငွေပမာဏသည် ဒေါ်လာ ၂ ဘီလီယံအထိ ရှိကြောင်း ဗဟိုဘဏ်က ပြောသည်။
စစ်ကောင်စီ၏ ကုန်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု ချောမွေ့စေရေး ဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ် ရန်နောင်စိုးကလည်း ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောသည့်အတိုင်းသာ ပြောကြားပြီး တင်ပို့သူများအနေဖြင့် ၄၅ ရက်အတွင်း ပို့ကုန်ရငွေစာရင်းရှင်းရန် သတိပေးသည်။
“အခု ဒေါ်လာဈေးက အခြေအမြစ် မရှိဘူး။ စိတ်မပူနဲ့၊ အချိန်တန်ရင် ပြန်ကျလာမယ်” ဟု ၎င်းက ပြောသော်လည်း အချိန်အတိအကျ မပြောနိုင်ပေ။
“ရွှေနဲ့ ဒေါ်လာဈေး တက်တာကို ကိုင်တွယ်ဖို့ အထူးအဖွဲ့တခု ကျနော်တို့ဖွဲ့မယ်” ဟု သူက ပြောသည်။
ပို့ကုန်ရငွေမှတ်တမ်း မပြနိုင်သည့် ကုမ္ပဏီ ၇၈ ခုကို တရားစွဲထားကြောင်း ၎င်းကပြောပြီး ထိုကုမ္ပဏီ တည်ထောင်သူများအနက် နှစ်ဦးကို ထောင်ချထားပြီးဖြစ်ကြောင်း ပြောသည်။ နောက်ထပ် ကုမ္ပဏီ ၈၀ ကျော်ကို တရားစွဲရန် အစီအစဉ်ရှိကြောင်းလည်း ပြောသည်။
ဗဟိုဘဏ်၏ ပြောဆိုချက်များသည် အဓိပ္ပာယ်ကင်းမဲ့ကြောင်း ပို့ကုန်တင်ပို့သူတဦးက ပြောကြားပြီး ဗဟိုဘဏ်သည် ဘဏ္ဍာရေးကဏ္ဍကို စနစ်တကျ ကိုင်တွယ်နိုင်ခြင်းမရှိဘဲ အခြားသူများကို အပြစ်ပုံချနေသည်ဟု ပြောသည်။
ဗဟိုဘဏ်က ပြောသည့် ဒေါ်လာ ၂ ဘီလီယံသည် အစိုးရဝင်ငွေ မဟုတ်ဘဲ ကုမ္ပဏီများ၏ ပုဂ္ဂလိက ဝင်ငွေသာဖြစ်ကြောင်း ပို့ကုန်တင်ပို့သူတဦးက ရှင်းပြသည်။ ထိုကုမ္ပဏီများသည် သက်ဆိုင်ရာ အကောက်ခွန်နှင့် အခွန် ရှင်းများမှုများ လုပ်ဆောင်ပြီးဖြစ်ကြောင်း ပြောပြီး ယခင်က ပြည်တွင်းမှ တင်ပို့သူများနှင့် ပြည်ပမှ တင်သွင်းသူများသည် ၎င်းတို့ သင့်တော်သည်ထင်သည့်အတိုင်း ငွေပေး ပေးယူ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိကြောင်း ပြောသည်။
“စစ်ကောင်စီက ဒီကိစ္စကို ရှင်းပြပုံက လုံးဝ အဓိပ္ပာယ်မရှိဘူး။ ၂၀၁၆ ခုနှစ်က အရပ်သား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရခေတ်က ဟာတွေကို လာပြောနေတာ။ NLD အစိုးရက စီးပွားရေးကို ကောင်းကောင်း မကိုင်တွယ်ခဲ့ဘူး၊ အခု ဒေါ်လာဈေး အရမ်းတက်တာ အဲဒါကြောင့်လို့ သူတို့က လူထုကို ပြောနေတာ။ ဒါပေမယ့် ဘာမှ အဓိပ္ပာယ်မရှိဘူး” ဟု ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် ဦးသန့်စင် (အမည်လွှဲ) က ပြောသည်။
မတ်လမှ စတင်ပြီး ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို သတ်မှတ်နှုန်းဖြင့် ရောင်းရန် ဗဟိုဘဏ်က ပို့ကုန်သမားများကို ပြောထားသည်။ ထိုလုပ်ရပ်သည် နိုင်ငံခြားငွေ စီးဝင်မှုကို ထိန်းချုပ်ရန် စစ်ကောင်စီက ကြိုးစားခြင်း ဖြစ်သည်။
နိုင်ငံခြားငွေလဲနှုန်းနှင့် ရွှေဈေးတက်ခြင်းသည် ဈေးကစားသူများကြောင့် ဖြစ်သည်ဟု စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်က အကြိမ်ကြိမ် ပြောခဲ့သော်လည်း စီးပွားရေးပညာရှင်များက စစ်ကောင်စီသည် ၎င်းတို့၏ မအောင်မြင်မှုများနှင့် စီးပွားရေးစီမံမှု အလွဲအမှားများကို ဖုံးကွယ်ရန် ကြိုးစားခြင်းသာဖြစ်ကြောင်း ပြောသည်။
ပို့ကုန်သမားများကိုသာ ဗဟိုဘဏ်က ပစ်မှတ်ထားခြင်း မဟုတ်ဘဲ ရွှေကုန်သည်များကိုလည်း အလားတူ စွပ်စွဲမှုများ ပြုလုပ်သည်။
“ဈေးကစားတဲ့လူတွေ မရှိဘူးလို့ ကျနော် ပြောနေတာ မဟုတ်ဘူး” ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ် (FMGEA) အဖွဲ့ဝင်တဦး ပြောပြီး “တချို့လူတွေက ရွှေတွေအများကြီးဝယ်ပြီး ဈေးတက်ပြီး အမြတ်ရအောင် အခြားပိုင်ဆိုင်မှုတွေက မခိုင်မာဘူးဆိုတဲ့ ကောလာဟလတွေ လွှင့်နိုင်တယ်” ဟုလည်း ပြောသည်။
“ဒါပေမယ့် ကျနော်တို့ ရွှေကုန်သည်တွေက ရွှေဈေးကျတာကိုပဲ လိုချင်တာ။ ဈေးသက်သာမှပဲ ပြည်သူတွေက ရွှေနဲ့ လက်ဝတ်လက်စား ဝယ်နိုင်ကြတာ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်က ဈေးကစားသူများကို စုံစမ်းစစ်ဆေးရန် အထူးအဖွဲ့ ဖွဲ့မည့်အစီအစဉ်ကို ဩဂုတ်လ ၁၂ ရက်နေ့က ကြေညာလိုက်ပြီးနောက်တွင် နိုင်ငံခြား ငွေလဲနှုန်းနှင့် ရွှေဈေး ယခုအပတ်အတွင်း သိသိသာသာ ကျဆင်းသည်။
ပြီးခဲ့သည့် သောကြာနေ့တွင် ရွှေဈေးသည် စံချိန်တင်အမြင့်ဆုံး တကျပ်သားလျှင် ၃,၉၃၀,၀၀၀ ကျပ်ရှိပြီး ငွေလဲနှုန်းမှာ တဒေါ်လာ ၃,၉၀၀ ကျပ်သို့ တက်ခဲ့သည်။ သို့သော် အင်္ဂါနေ့တွင် ရွှေဈေးသည် တကျပ်သားလျှင် ၃,၆၈၀,၀၀၀ သို့ ကျပြီး ငွေလဲနှုန်းမှာ တဒေါ်လာလျှင် ၃,၆၅၀ ကျပ်သို့ ကျဆင်းသည်။ လာမည့် အပတ်များတွင် ရွှေနှင့်ငွေလဲနှုန်း ထပ်မံကျဆင်းမည်ဟု ထိုဈေးကွက်မှု ကုန်သည်များ မျှော်လင့်နေကြသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta to Form Task Force to Tackle Soaring Exchange Rates, Gold Prices ကို ဘာသာပြန်သည်။)
You may also like these stories:
အဆမတန်တက်လာသည့် ဒေါ်လာဈေးကြောင့် ဆေးကုမ္ပဏီတချို့ အရောင်းရပ်
အမေရိကန်ဒေါ်လာနှင့် ရွှေဈေး တဟုန်ထိုးတက်
ကျပ် နှစ်သောင်းတန်ဂယက် ဒေါ်လာနှင့် ရွှေဈေးကွက် ကမောက်ကမဖြစ်
ဒေါ်လာဈေးကြောင့် ဆေးဝါးနှင့် စက်သုံးဆီဈေးများလည်း တက်လာ
ဒေါ်လာဈေးတက်နေချိန် အရောင်းအဝယ်သမားအချို့ စစ်ကောင်စီ ဖမ်းဆီး
ဒေါ်လာဈေးလှုပ်ခတ်လာ၍ အခြေခံကုန်ဈေးနှုန်း တက်ရိပ်ပြ