ကုန်ဈေးနှုန်းကြီးမြင့်မှုအား ဖြိုခွဲစဉ် ကုန်သွယ်ရေးအကြီးအကဲ ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက အဂတိလိုက်စားမှုအတွက် အမည်ဆိုး ကျော်ကြားသူ သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။
စစ်ကောင်စီက ထုတ်ကုန်သွင်းကုန်သမား ရာပေါင်းများစွာကို ဖမ်းဆီးစစ်ဆေးပြီးနောက်ဖြစ်လာသည့် ရန်နောင်စိုးအား ဖမ်းဆီးမှုက စစ်ကောင်စီတွင် အဆင့် ၆ နေရာတွင်ရှိသည့် မိုးမြင့်ထွန်းကို နက်ရှိုင်းသော အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်စေပြီး ရာထူးမှဖြုတ်ချခံရမည့် အန္တရာယ် ကျရောက်နေစေသည်။
စီးပွားရေးလုပ်ငန်းရှင်များနှင့် ဘဏ်လုပ်ငန်းရှင်များအပြင် မြဝတီဘဏ်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ကဲ့သို့သော စစ်တပ်ပိုင်လုပ်ငန်းများမှ အရာရှိများကိုလည်း စစ်ဆေးရန် ဖမ်းဆီးထားသည်။ ထိုသို့ ဖမ်းဆီးခံရသူအများအပြားသည် မိုးမြင့်ထွန်းကို လာဘ်ထိုးထားသည်ဟု ဆိုကြသည်။ ရန်နောင်စိုးသည် မိုးမြင့်ထွန်း၏ ညာလက်ရုံးဖြစ်သည်။
လွန်ခဲ့သော ၂ နှစ်အတွင်း မိုးမြင့်ထွန်းသည် ထုတ်ကုန်သွင်းကုန်သမားများထံမှ ဒေါ်လာသန်းပေါင်း များစွာကို လာဘ်ငွေအဖြစ် ရယူခဲ့သည်ဟု စီးပွားရေးသမားများ ခန့်မှန်းသည်။
သူ၏မျက်နှာသာပေးမှုကို တောင်းခံခဲ့သော စီးပွားရေးလုပ်ငန်းရှင်များက သူသည် အမေရိကန် ဒေါ်လာဖြင့် လာဘ်ထိုးသူများကိုသာ လက်ခံတွေ့ဆုံကြောင်း ပြောသည်။ သူ့ကို စကိုင်း Sky ဟူသော အမည်ပြောင်ဖြင့် သူ၏ စစ်ကောင်စီမှမြင့်မားသော ရာထူး သို့မဟုတ် သူ၏ အမည်မှ စကားလုံးတလုံးကို အင်္ဂလိပ်ဘာသာပြန်ပြီး ခေါ်ကြသည်ဟု ဆိုသည်။ သူသည် ရုရှားမှ အထူးမှာယူထားသော စစ်သုံးကားတစီးကိုလည်း စီးနေသူဖြစ်သည်။
“ကျနော်တို့က သူနဲ့တွေ့ဖို့ အနည်းဆုံး အမေရိကန်ဒေါ်လာ ၂ သောင်း ဒါမှမဟုတ် အဲဒီလောက်နဲ့ညီမျှတဲ့ ရွှေတွေနဲ့ လက်ဆောင်တွေပေးရတယ်။ ပြီးတော့ လုပ်ငန်းအမျိုးအစားပေါ် မူတည်ပြီး ငွေထပ်ပေးရတယ်” ဟု သူနှင့် မိုးမြင့်ထွန်းအကြား ဆက်ဆံရေးကို စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့က သူနဲ့တွေ့ဖို့ အနည်းဆုံး အမေရိကန် ဒေါ်လာ ၂,၀၀၀ ဒါမှမဟုတ် အဲဒီလောက်နဲ့ညီမျှတဲ့ ရွှေတွေနဲ့ လက်ဆောင်တွေ ပေးရတယ်။ ပြီးတော့ လုပ်ငန်းအမျိုးအစားပေါ် မူတည်ပြီး ငွေထပ်ပေးရတယ်”
မိုးမြင့်ထွန်းသည် သူ့ကို “အမေရိကန် ဒေါ်လာ ၂ သောင်းအောက် လာဘ်ထိုးတဲ့သူဆိုရင် သူကမတွေ့ဘူး။ ငွေလဲပြန်မပေးဘူး” ဟုအမည်မဖေါ်လိုသော ထိုစီးပွားရေးလုပ်ငန်းရှင်ပြောသည်။
“မကြာသေးခင်က အထုတ်ခံလိုက်ရတဲ့ သူ့အတွင်းရေးမှူးတောင်မှ သန်းကြွယ်သူဌေးဖြစ်နေပြီ” ဟု အခြားစီးပွားရေးလုပ်ငန်းရှင်တဦးပြောသည်။
စစ်အရာရှိတဦးဖြစ်သော ထိုအတွင်းရေးမှူးသည် မိုးမြင့်ထွန်းကိုယ်စား လာဘ်ငွေများကို ကိုင်တွယ်ရသော်လည်း လွန်ခဲ့သောလအနည်းငယ်တွင် သူနှင့်အငြင်းပွားပြီးနောက် ရာထူးမှ ထုတ်ပယ်ခံရကြောင်း သတင်းရင်းမြစ်များပြောသည်။
မိုးမြင့်ထွန်း ဘယ်သူလဲနှင့် သူ့ရှေ့ရေး
သူရရှိထားသော ရာထူးများသည် သူ့ကို ကြီးမားသော အကျိုးကျေးဇူးများဖြစ်စေသည်။

မိုးမြင့်ထွန်းသည် လက်ရှိစစ်ကောင်စီတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုခေါင်းဆောင် စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ရေတပ်ဗိုလ်ချုပ်မိုးအောင်နှင့် လေတပ်ဗိုလ်ချုပ် ထွန်းအောင်တို့ပြီးလျင် ဆဋ္ဌမမြောက်သြဇာအကြီးမားဆုံး ဗိုလ်ချုပ်ဖြစ်သည်။
စစ်တက္ကသိုလ် အပတ်စဉ် ၃၀ ဆင်း မိုးမြင့်ထွန်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် အရေးပါသော အခန်းမှပါဝင်ပြီး ရွေးကောက်ခံသမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးသည့် အဖွဲ့ကို ဦးဆောင်သည်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် မင်းအောင်လှိုင်က သူ့ကို ယုံကြည်သည်။
အာဏာသိမ်းပြီးနောက် သူ့ကို စစ်ကောင်စီဝင်အဖြစ် ခန့်အပ်ခဲ့သည်။ အသက် ၅၅ နှစ်သာရှိသေးသောကြောင့် သူသည် စစ်ကောင်စီတွင် အသက်အငယ်ဆုံးဖြစ်သည်။

မြန်မာ့စီးပွားရေးရာများကို ကြီးကြပ်ရန် သူ့ကို တာဝန်ပေးထားပြီး စစ်ကောင်စီထိန်းချုပ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နှင့် ဒေါ်လာမလုံလောက်မှုကို တုံ့ပြန်ရန် စစ်ကောင်စီက ဖွဲ့စည်းထားသည့် နိုင်ငံခြားငွေကြေး ကြီးကြပ်ရေးကော်မတီ (FESC) တို့တွင် ဥက္ကဋ္ဌ ဖြစ်သည်။
FESC သည် မြန်မာနိုင်ငံဗဟိုဘဏ်ကို နောက်ကွယ်မှ ထိန်းချုပ်ထားရုံသာမက နိုင်ငံ၏မည်သည့် နိုင်ငံခြားသုံးငွေကိုမဆိုလည်း ထိန်းချုပ်ထားသည်။ ထုတ်ကုန်သွင်းကုန်လိုင်စင်များကိုလည်း ထုတ်ပေးသည်။
မြန်မာ့စီးပွားရေးရာများကို ကြီးကြပ်ရန် သူ့ကို တာဝန်ပေးထားပြီး စစ်ကောင်စီထိန်းချုပ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နှင့် ဒေါ်လာ မလုံလောက်မှုကို တုံ့ပြန်ရန် စစ်ကောင်စီက ဖွဲ့စည်းထားသည့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုကော်မတီ (FESC) တို့တွင် ဥက္ကဋ္ဌဖြစ်သည်။
မိုးမြင့်ထွန်းသည် ခရိုနီအများအပြားနှင့် အဆက်အသွယ်ရှိသော ယခင်စစ်အုပ်စု ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၏ ကိုယ်ရေးအရာရှိ ဖြစ်ခဲ့သည်။ ထိုရာထူးကြောင့်သူသည် မြန်မာမှ ထိပ်တန်းခရိုနီများအပါအဝင် စီးပွားရေးလုပ်ငန်းအဆက်အသွယ်ကွန်ရက်တခုကို တည်ဆောက်နိုင်ခဲ့သည်။

မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးနှင့် စီးပွားရေးကို ကြီးကြပ်သည့် အဓိက ရာထူးများတွင် လက်ရှိ စစ်ကောင်စီက သူ့ကိုခန့်ပြီးနောက် မိုးမြင့်ထွန်းသည် ရန်နောင်စိုးကို သူ၏ရုံးသို့ ခေါ်ယူခဲ့သည်။
ရန်နောင်စိုးသည် စစ်ကောင်စီ၏ ကုန်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုချောမွေ့ရေး ဗဟိုကော်မတီကို ဦးဆောင်သည်။ သူသည် အမေရိကန်အရေးယူပိတ်ဆို့မှုများကြောင့် စစ်ကောင်စီသည် ဒေါ်လာမလုံလောက် မွန်းကျပ်နေစဉ် အသက်ရှူပေါက်ရှာပေးသူဖြစ်ပြီး မြန်မာစီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံသားများထံမှ ဒေါ်လာများအား စစ်ကောင်စီလက်ထဲရောက်စေသည့် ငွေမလဲမနေရစနစ်ကို ကူညီတည်ထောင်သူ ဖြစ်သည်။
သို့သော် လွန်ခဲ့သောအပတ်တွင်မူ ရန်နောင်စိုးသည် ကုန်ဈေးနှုန်းမြင့်မားမှုကို ဖြိုခွဲရာတွင် လက်ရှိ အချိန်အထိ ရာထူးအမြင့်ဆုံး အရေးယူခံရသူဖြစ်သည်။

“အဂတိလိုက်စားမှုအရှုပ်တော်ပုံ ပေါ်ပေါက်လာတော့ ရန်နောင်စိုးကို ဓားစာခံလုပ်လိုက်တာ။ မိုးမြင့်ထွန်း မသိဘဲ သူဘာမှ လုပ်လို့မရဘူး” ဟု စီးပွားရေးလုပ်ငန်းရှင်တဦးပြောသည်။
“အဂတိလိုက်စားမှု အရှုပ်တော်ပုံ ပေါ်ပေါက်လာတော့ ရန်နောင်စိုးကို ဓားစာခံ လုပ်လိုက်တာ။ မိုးမြင့်ထွန်း မသိဘဲ သူဘာမှ လုပ်လို့မရဘူး” ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။
ရန်နောင်စိုးကို စစ်မေးနေသောကြောင့် မိုးမြင့်ထွန်းသည် စစ်ထောက်လှမ်းရေးအကြီးအကဲ ရဲဝင်းဦးကို ဖိအားပေးနေသည်ဟု စစ်ရုံးမှ ပေါက်ကြားလာသည့် သတင်းများအရ သိရသည်။
တချိန်တည်းတွင် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ညိုစောကို ကုန်သွယ်ရေးနှင့်ကုန်စည်စီးဆင်းမှု ချောမွေ့စေရေးကော်မတီ၏ ရန်နောင်စိုး နေရာတွင် အစားထိုးလိုက်သည်။
စစ်ကောင်စီခေါင်းဆောင်သည် ယခုအခါ သူ၏လူယုံ မိုးမြင့်ထွန်းကို ရာထူးမှ ဖယ်မဖယ်ဆုံးဖြတ်ရမည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
“မင်းအောင်လှိုင်ဘယ်လိုဆုံးဖြတ်မလဲ ကျနော်တို့စောင့်ကြည့်ရမှာပဲ” ဟု စီးပွားရေး လုပ်ငန်းရှင်တဦး ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta’s ‘Kickback King’ in Spotlight of Corruption Crackdown ကို ဘာသာပြန်သည်။)
You may also like these stories:
ကုန်သွယ်ရေး တာဝန်ခံ ဗိုလ်ချုပ်ရန်နောင်စိုးနှင့် စီးပွားရေးသမားတချို့ စစ်ဆေးခံနေရ
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း MIC ဥက္ကဋ္ဌအသစ် ဖြစ်လာ
စစ်တပ်ထိပ်ပိုင်း အကွဲအပြဲ ဘာကြောင့် မဖြစ်လဲ
မင်းအောင်လှိုင်ကိုသာ ဖြုတ်လဲပါ














