နိုင်ငံအနှံ့ တိုက်ပွဲများ ပြင်းထန်နေချိန်တွင် စစ်ခေါင်းဆောင်ပိုင်းအသိုင်းအဝိုင်းနှင့် နီးစပ်သည့် တပ်မတော် ဆေးတက္က သိုလ် ကျောင်းဆင်းဆရာဝန်များအား အရပ်ဘက်ဝန်ကြီးဌာနများသို့ ပြောင်းလဲခန့်အပ်လာကြောင်း ဧရာဝတီ သတင်း ရင်းမြစ်များထံက သတင်းရရှိသည်။
ပြီးခဲ့သည့်လပိုင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ရာထူးခန့်ချုပ်ရုံးမှ စစ်ဆေးဆရာဝန် ဗိုလ်ကြီး ၂၄ ဦးအား ကျန်းမာရေးဝန်ကြီးဌာနတွင် လက်ထောက် ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိ ရာထူးများ ပြောင်းလဲတာဝန်ထမ်းဆောင် ရန် အမိန့်ထုတ်ပြန်ခဲ့ပြီး ယခုတွင် ကျန်းမာရေးဝန်ကြီးဌာန၌ စတင် ဝင်ရောက်လုပ်ကိုင်နေကြပြီ ဖြစ်ကြောင်း သိရ သည်။
အမည်မဖော်လိုသည့် ကျန်းမာရေးဝန်ကြီးဌာနမှ အရာရှိကြီးတဦးက “လူကြီးသားသမီးတွေကို လုံခြုံဖို့အတွက် အရပ်ဘက်ကို ရွှေ့ထားတဲ့ သဘောပါပဲ။ စစ်တပ်မှာ ဆက်နေရင် အလှည့်ကျ ရှေ့တန်းထွက်လာရတဲ့အခါ သူတို့ မိသားစုတွေကို ချန်ထားရင်လည်း မကောင်းတော့ အရပ်ဘက်ကို ရွှေ့လိုက်တာ” ဟု ဆိုသည်။
စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ်တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက်ဆက်နွှယ်သူများဖြစ်သည်ဟုလည်း ဧရာဝတီ သတင်းရင်းမြစ်များက ဆိုသည်။
အမှတ် ၁ တပ်မတော်ဆေးရုံ (ခုတင် – ၃၀၀) တွင် တာဝန်ထမ်းဆောင်နေသော ဗိုလ်ကြီး ပြည်ဖြိုးဦး ကြည်း ၅၁၇၅၁ အား ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတွင် လက်ထောက် ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ တပ်မတော် အရိုးရောဂါအထူးကု ဆေးရုံကြီး (ခုတင်-၅၀၀ ) မှ ဗိုလ်ကြီး ကျော်လင်းအား ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးရုံး၌ ဦးစီးအရာရှိအဖြစ်လည်းကောင်း ကျန်သည့် စစ်ဆေးဆရာဝန် ၂၂ ဦးအား ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တွင် ဦးစီးအရာရှိအဖြစ် အသီးသီး ခန့်အပ် တာဝန်ပေးထားသည်။
ထိုသို့ စစ်ဆေးဆရာဝန်များအား အရပ်ဘက်ကျန်းမာရေးဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ်သော်လည်း အရပ်ဘက် ဆေးတက္ကသိုလ်ကျောင်းဆင်းများထဲမှ နိုင်ငံ့ဝန်ထမ်း ခန့်အပ်ခံရသည့် ဖောင်ကြီးသင်တန်းဆင်း ဆရာဝန်များကိုမူ ဗိုလ်အဆင့်သတ်မှတ်ကာ တပ်မတော် (ကြည်း) အရန်အင်အားအဖြစ် မကြာသေးခင်က တာဝန်ပေး၍ စစ်ဘက်တွင် တာဝန်ထမ်းဆောင်ရန် စစ်ကောင်စီက စီစဉ်ခဲ့သေးသည်။
ထို့ပြင် နေပြည်တော်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများအား လုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်အတွက်ဟုဆိုကာ တပ်ခွဲ ၂ ဖွဲ့ အမြန် ဖွဲ့စည်းရန် စစ်ကောင်စီ ညွှန်ကြားထားသည့် စာတစောင်လည်း ထွက်ပေါ်လာခဲ့ပြီး ယင်းစာတွင် အဆိုပါ တပ်ခွဲတခုအနေဖြင့် ရုံးပြင်ပသို့ ထွက်ကာ ကူညီရှာဖွေကယ်ဆယ်ရေးတာဝန်များ ထမ်းဆောင်ရန်နှင့် ကျန်တပ်ခွဲမှာ ရုံး လုပ်ငန်းနှင့် အုပ်ချုပ်ထောက်ပံ့မှုလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရန်ဟု ပါရှိသည်။
၂၀၂၁ အာဏာသိမ်းလိုက်ပြီး နောက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနရှိ ဆရာဝန်အများအပြား အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) လုပ်ဆောင်နေကြချိန်တွင် ဝန်ကြီးဌာန၏ အဆင့်မြင့်ရာထူးနေရာများတွင် စစ်တပ်အသိုင်းအဝိုင်းမှ ဝန်ထမ်းများကို စစ်ကောင်စီက ရာထူးတိုး ခန့်အပ်ခဲ့သည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ချုပ်ဖြစ်လာသူ ဦးစိန်ဝင်းသည် စစ်ဗိုလ်တဦး ဖြစ်ပြီး အလုပ်သင် ၁၁ ကျောင်းဆင်းဖြစ်ကာ စစ်ဘက်မှ အရပ်ဘက်သို့ ပြောင်းလာသည့် မိုးကျရွှေကိုယ် တဦး ဖြစ် သည်။
အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်လာသူ ဒေါက်တာ မြတ် ဝဏ္ဏစိုးသည် စစ်တပ်တွင် စစ်ဆေးဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ၊ တိုင်းရင်းဆေးဌာန၏ ညွှန် ကြားရေးမှူးချုပ်ဖြစ်လာသူ ဒေါက်တာ စုစုဒွေးသည် စစ်ကောင်စီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ ညီမ ဖြစ်သည်။
ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချူပ်ဖြစ်လာသော ဒေါက်တာ မြင့်မြင့်သန်း၏ ခင်ပွန်းသည် စစ်ဗိုလ် ဟောင်းတဦးဖြစ်ကာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။