ကချင်အမျိုးသားလွတ်လပ်ရေး တပ်မတော် (KIA) က စစ်ကိုင်းတိုင်းအတွင်း တိုက်ခိုက်မှုများကို အားပေးအားမြှောက်ပြုနေ ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
၎င်းက “KIA မှာရှိတဲ့ ခေါင်းဆောင်တယောက် ပြောကြားတာရှိတယ်။ စစ်ကိုင်းနဲ့အနီးဆုံးနေရာမှာရှိတဲ့ သူတို့ရဲ့ တပ်မဟာ တခုရဲ့ လက်နက်တိုက်ကို ဖွင့်ပေးလိုက်တာ စစ်ကိုင်းတိုင်းက မီးဟုန်းဟုန်းတောက်နေတယ်ပေါ့။ KIA အနေနဲ့ သူတို့ရဲ့ လက်နက်တွေ အကုန်လုံးသာပေးလိုက်ရင် မြန်မာတပြည်လုံး ဒုက္ခရောက်သွားမယ်ပေါ့။ အဲဒီပြောစကားအပေါ်မှာ ထောက်ခံတဲ့သူလည်းရှိတယ်၊ ဝမ်းသာတဲ့သူလည်းရှိတယ်။ ကျနော်မေးချင်တာက အဲဒီလိုပြောစကားအပေါ်မှာ ထောက်ခံ နေကြတဲ့ ပွင့်ပွင့်လင်းလင်းပဲပြောမယ်ဗျာ ထောက်ခံနေကြတဲ့ဗမာတွေကို အံ့ဩတယ်။ ဗမာဗမာချင်းသတ်တာကို အားပေးအားမြှောက် လက်ခုပ်တီးနေတဲ့ဟာကို ရောယောင်ပြီးတော့တောင်မှပဲ လက်ခုပ်တီးပြီး အားပေးနေကြသေးတယ်” ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ယခုနှစ်၏ ပထမဆုံးသော သတင်းစာရှင်းလင်းပွဲတွင် စစ်ကိုင်းတိုင်းအတွင်း ဖြစ်နေသည့် တိုက်ခိုက်မှုများအား ဗမာအချင်း ချင်း သတ်ဖြတ်မှုအဖြစ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပုံဖော်ပြောဆိုခဲ့သလို KIA က အားပေးအားမြှောက်ပြုလုပ်နေ သည်ဟု စွပ်စွဲပြောဆိုခြင်းဖြစ်သည်။
၂၀၁၄ သန်းခေါင်းစာရင်းအရ လူဦးရေ ၅သန်းကျော်ရှိသည့် စစ်ကိုင်းတိုင်းတွင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည် အရပ်သား လက်နက်ကိုင်ခုခံတိုက်ခိုက်မှု ကျယ်ပြန့်စွာ ပေါ်ပေါက်ခဲ့ပြီး စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်ချေမှုန်းမှု များကြောင့် အရပ်သားသေဆုံးမှု မြင့်နေသည့်အပြင် နေအိမ်အဆောက်အအုံပေါင်း ၅၉,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထား ရပြီး ဒေသခံသိန်းချီကာ စစ်ဘေးရှောင်နေကြရသည်။
စစ်ကောင်စီ၏ စွပ်စွဲပြောဆိုချက်နှင့်ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “ဗမာပြည်သူလူထုကို ကျနော်တို့ KIO/KIA နဲ့ PDF တွေနဲ့ လက်မတွဲဖို့ပြောတာလည်း ဖြစ်နိုင်ပါတယ်။ အခုချိန်မှာ ပြည်သူလူထုက ဘယ်အဖွဲ့ အစည်းကတော့ အကြမ်းဖက်တယ်၊ ဘယ်အဖွဲ့အစည်းကတော့ တရားမျှတတယ်၊ တော်လှန်ရေးဆိုတဲ့ဟာလည်း တရား သော တော်လှန်ရေးဘက်မှာ ရပ်တည်နေတာလား၊ မရပ်တည်ဘူးလားဆိုတာ ပြည်သူလူထုက အသိဆုံးဖြစ်ပါတယ်။ KIA သည်လည်း ဗမာအချင်းချင်းသတ်ဖို့ဖြတ်ဖို့ ဘာမှရည်ရွယ်ချက်လည်းမရှိဘူး။ ပြည်သူလူထုကလည်း အဖြူအမည်းတော့ သူဟာသူသိပြီးလို့ထင်ပါတယ်” ဟု မှတ်ချက်ပြုပြောဆိုသည်။
KIA သည် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်ရသူများအား ၎င်းတို့၏ ထိန်းချုပ်နယ်မြေတွင် ခိုလှုံခွင့်ပေးခြင်း၊ PDF များအား လေ့ကျင့်သင်ကြားပေးခြင်းတို့အပြင် စစ်ကောင်စီကို လက်နက်ကိုင် ခုခံတိုက်ခိုက်ရာ၌ ဦးဆောင်ပါဝင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ ဖြစ်သည်။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်ထိစပ်နေသည့် ပင်လည်ဘူး၊ ဝန်သို၊ အင်းတော်၊ ကသာ၊ ထီးချိုင့် စသည့် မြို့နယ်များတွင် စစ်ကြောင်းထိုးလှုပ်ရှားနေသော စစ်ကောင်စီတပ်များအား KIA နှင့်အတူ PDF များက ပူးပေါင်းတိုက်ခိုက်လျက်ရှိရာ ဩဂုတ် ၂၀ ရက်က ထီးချိုင့်မြို့နယ်၊ ကွင်းကြီးကျေးရွာအနီးတောင်ရိုး၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ ဘက်မှ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဝင်များက ထုတ်ဖော်ပြောထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်းအား ဖြတ်သန်း၍ ဗန်းမော်မြို့သို့ စစ်ကူနှင့်ရိက္ခာများပို့ဆောင်ရန် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်လာသည့် စစ်ကောင်စီသင်္ဘောများကိုလည်း KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်လျက်ရှိသည်။
ယမန်နေ့က ပြုလုပ်သည့် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲအတွင်း KIA အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် ပူးပေါင်းနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား အကြမ်းဖက်အဖွဲ့ အဖြစ်ကြေညာရန်ရှိမရှိ မေးမြန်းမှုနှင့် ပတ်သက်၍လည်း ထိုအဖွဲ့များ၏ လုပ်ဆောင်ချက်အပေါ်တွင်သာ မူတည်နေကြောင်း နှင့် တနိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း ပါဝင်လျှောက်လှမ်းကြရန် အမြဲဖိတ်ခေါ်နေသော်လည်း အတိုင်းအတာတခုအထိသာ ရှိနေမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။
You may also like these stories:
အကြမ်းဖက်လုပ်ရပ်စွန့်ကြောင်း ကမ္ဘာသိကြေညာမှ ဆွေးနွေးနိုင်မည်ဟု စစ်ကောင်စီပြော
ဘဏ် ၂ ခု အရေးယူခံရခြင်း သက်ရောက်မှုရှိဟု စစ်ကောင်စီ ဝန်ခံ
ဘဏ်တချို့ သစ္စာမရှိဟု စစ်ကောင်စီ ပြော