အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက စစ်ကောင်စီ ထိန်းချုပ်မှုအောက်ရှိ နိုင်ငံပိုင်ဘဏ် ၂ ခုကို အရေးယူပိတ်ဆို့ လိုက်ခြင်းက နိုင်ငံခြားငွေ ရရှိမှု၊ သုံးစွဲမှုတို့ အပေါ် သက်ရောက်မှုများ ရှိကြောင်း စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယမန်နေ့ နေပြည်တော်သတင်းစာရှင်း လင်းပွဲတွင် ပြောသည်။
စစ်ကောင်စီသည် လက်နက်နှင့် လေယာဉ်ဆီဝယ်ရန် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့မှ ပြည်ပငွေစာရင်းကိုသုံး၍ နိုင်ငံတကာဈေးကွက်သို့ ဝင်ကာ နိုင်ငံခြားငွေ အသုံးပြုမှု လွယ်ကူရန် ပြုလုပ်ပေးရာ၌ အရေးပါခြင်းကြောင့် ၂၀၂၃ ခုနှစ် ဇွန်လက အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး ဩဂုတ်လ ၅ ရက် နေ့မှ စ၍ ယင်းဘဏ်များနှင့် ထိတွေ့ဆက်ဆံမှုအားလုံး ရပ်ဆိုင်းရမည်ဟု ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ် သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက “အကြောင်းပြချက် ခိုင်မာမှုမရှိတဲ့ အရေးယူပိတ် ဆို့ မှုဖြစ်တယ်။ ဒီအပေါ်ကို နိုင်ငံအလိုက်၊ ဘဏ်အလိုက်ကလည်း အဓိပ္ပာယ်လွဲမှားစွာ ကောက်ယူနေတယ် ” ဟု ပြောဆိုသည်။
ဤသို့ အရေးယူပိတ်ဆို့ခံရခြင်းက နိုင်ငံတော်အစိုးရက ပြည်သူများအတွက် ဆောင်ရွက်ပေးနေသော ပညာရေး၊ ကျန်းမာရေးအစရှိသော အခြေခံအဆောက်အဦများ တည်ဆောက်ရေးအပြင် နိုင်ငံခြားငွေသုံးစွဲမှုများကို သက်ရောက်မှု များရှိလာပြီး နိုင်ငံခြားဘဏ်ဝန်ဆောင်မှုများ ရယူသုံးစွဲနေသော ပုဂ္ဂိုလ်များ၊ အစိုးရဌာနများနှင့် အဖွဲ့အစည်းများအပေါ် ကိုလည်း ထိခိုက်စေကြောင်း ၎င်းက ဆိုသည်။
စစ်ဗိုလ်ချုပ်များ၊ စီးပွားရေးလုပ်ငန်းရှင်ခရိုနီများနှင့် မြန်မာ့စီးပွားရေးလုပ်ငန်း အများအပြားအတွက် နိုင်ငံတကာ ငွေပေးချေ မှုများနှင့် ငွေအလွှဲအပြောင်း ကိစ္စရပ်များတွင် အဓိကအကျဆုံး ပြည်ပကြားခံဘဏ်တခုဖြစ်သည့် စင်ကာပူအခြေစိုက် United Overseas Bank (UOB) ကလည်း အမေရိကန်ဆန်ရှင်ကို လိုက်နာကြောင်း ပြသည့် အနေဖြင့် မြန်မာဘဏ်များ နှင့် အဆက်အသွယ် ဖြတ်တောက်ပြီး ပြည်တွင်းပြည်ပ ငွေလွှဲပြောင်းမှု ကြားခံဘဏ် ဆက်ဆံရေးကို အဆုံးသတ် လိုက်ကြောင်း ကြေညာခဲ့သည်။
အလားတူ မြန်မာနှင့် နယ်စပ်ကုန်သွယ်ရေးရှိနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၎င်းတို့၏ နိုင်ငံပိုင် ကုန်သွယ်ရေးဘဏ် Sonali အနေဖြင့် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားသော မြန်မာနိုင်ငံ ပိုင်ဘဏ် ၂ ခု၏ အကောင့်များကို ပိတ်ထားပြီး ဖြစ်သလို ထိုဘဏ် ၂ ခု၏ အပ်နှံငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၁ဒသမ ၁ သန်းကိုလည်း ပြန်လည် ထုတ်ယူ၍ မရအောင် ကန့်သတ်ပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့သည်။

ထို့အတွက် မြန်မာကျပ်ငွေတန်ဖိုးသည် ဆက်တိုက်ကျဆင်းလာကာ နိုင်ငံခြား ငွေလဲနှုန်းနှင့် ပြည်တွင်း ရွှေဈေးနှုန်းများ မြင့်တက်လာခဲ့ရာ ယမန်နေ့က ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ကျပ် ၃၇၀၀ ကျော်အထိ ရှိနေပြီး ထိုင်းဘတ် ၁ ဘတ်လျှင် ကျပ် ၁၀၀ ဝန်းကျင် နှင့် တရုတ်ယွမ်ငွေ ၁ ယွမ် လျှင် ကျပ် ၄၈၀ ဝန်း ကျင်အထိ ပေါက်ဈေးရှိ နေပြီး ပြည်တွင်းရွှေဈေးနှုန်းသည်လည်း အခေါက်ရွှေ ၁ကျပ်သားကို ကျပ် ၃၇ သိန်းကျော်အထိ ရှိနေသည်။
ငွေကြေးဖောင်းပွမှုနှုန်း မြင့်လာခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းများ မတည်မငြိမ် ဖြစ်နေရခြင်းမှာ မှောင်ခို တရားမဝင် ကုန်သွယ်မှု ကြီးထွားလာခြင်း၊ ငွေဈေးကစားခြင်းနှင့် အခြေအမြစ်မရှိသော ကောလာဟလများကြောင့် ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ယမန်နေ့က ပြုလုပ်သည့် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
သို့သော် စီးပွားရေး ပညာရှင်များကမူ လက်ရှိဖြစ်ပေါ်နေသော စီးပွားရေးကျဆင်းမှုနှင့် နိုင်ငံခြားငွေ အကျပ်အတည်းများ ဖြစ်ပေါ်လာရခြင်းမှာ စီးပွားရေးရိုက်ခတ်မှုကြောင့် မဟုတ်ဘဲ နိုင်ငံရေး အပြောင်းအလဲများကြောင့် ဖြစ်လာသော ဆိုးကျိုး များသာ ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ထောက်ပြဝေဖန်ကြသည်။
စီးပွားရေးပညာရှင်တဦးက “ အာဏာသိမ်းမှုနောက်ပိုင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက မဝင်လာဘူး၊ ပြန်တောင်ထွက် ကုန်ကြတယ်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေဆီကလည်း ချေးငွေတွေ မရဘူး။ အဲဒီမှာ သူတို့အတွက် နိုင်ငံခြားငွေရပေါက် ပို့ကုန်ရငွေ တခုတည်းပဲ ရှိတော့တယ်။ အဲဒါကို ပို့ကုန်သမားတွေကို လည်ပင်းညှစ်တော့ သူတို့လည်း နိုင်ငံခြားငွေရဖို့ ပိုကျပ်သွားတာပေါ့။ အဲဒီလို ဖြစ်နေတဲ့အချိန်မှာမှ ဘဏ် ၂ ခုကို ဆန်ရှင်လုပ်လိုက်တော့ သူတို့အတွက် ပို အကျပ်ရိုက် သွားတော့တာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ကန့်သတ်ထိန်းချုပ်မှုများနှင့် အကျင့်ပျက်ခြစားမှုများကြောင့် မှောင်ခိုဈေးကွက် ပိုမိုကြီးထွားလာခြင်းဖြစ်သလို စီးပွားရေးသဘောသဘာဝများကို ဆန့်ကျင်ပြီး ဖမ်းဆီးထိန်းသိမ်းမှုများကလည်း ဈေးကွက်များကို ပိုမိုခြောက်လှန့်စေကာ ဈေးနှုန်းများကို တရှိန်ထိုးမြင့်တက်စေကြောင်း ၎င်းက ဆိုသည်။
နိုင်ငံခြားငွေ ဒေါ်လာနှင့်ပတ်သက်ပြီး အဓိက ကိုင်တွယ်နေသော နိုင်ငံပိုင်ဘဏ် ၂ ခုကို အမေရိကန် အရေးယူ ပိတ်ဆို့မှု လုပ်ဆောင်လိုက်ပြီးနောက် စစ်ကောင်စီအတွက် နိုင်ငံတကာငွေပေးချေမှုများတွင် အကျပ်ရိုက်အခက်တွေ့လာနေပြီး ဒေါ်လာငွေကြေးကို ဘဏ္ဍာရေးလုံခြုံမှု အကြောင်းပြချက်ဖြင့် နိုင်ငံတချို့က လက်နက်သဖွယ် အသုံးချနေကြောင်း ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့ ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပသော ၁၁ ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံသို့ ပေးပို့သော Video Message တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော် ပြောဆိုခဲ့သည်။
You may also like these stories:
ဘဏ်နှစ်ခု ဒဏ်ခတ်ခံရမှုဟာ စစ်ကောင်စီရဲ့ အသည်းနှလုံးကို ထိတာပဲ
နိုင်ငံပိုင်ဘဏ်၂ ခု အမေရိကန်ပိတ်ဆို့အရေးယူမှု စစ်ကောင်စီကို အကျပ်ရိုက်စေ
ဒေါ်လာဈေးတက်နေချိန် အရောင်းအဝယ်သမားအချို့ စစ်ကောင်စီ ဖမ်းဆီး