စစ်အာဏာသိမ်းပြီးနောက် ကျယ်ပြန့်တဲ့လူထုရဲ့ ခုခံစစ်ကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်အမာခံ အင်အားစုတွေအနေနဲ့ ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့စစ် (သို့မဟုတ်) ပျူစောထီးတွေ အခြေချနေထိုင်ရာ ကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့က တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အခုနှစ်ပိုင်းအတွင်းမှာ ခပ်စိပ်စိပ် တွေ့လာရပါတယ်။
လူထုခုခံတော်လှန်မှု ၂ နှစ်ကျော်ကာလအတွင်းမှာ လက်လုပ်မိုင်း၊ လက်လုပ်သေနတ်တွေနဲ့ တိုက်ခိုက်ခဲ့ကြရတဲ့ ဒေသ ကာကွယ်ရေးတပ်တွေဟာ ယနေ့မှာတော့ မောင်းပြန်ရိုင်ဖယ်သေနတ် ကိုင်ဆောင်လာနိုင်ကြတာနဲ့အမျှ နယ်မြေစိုးမိုး ထိန်းချုပ်ရေး အတွက် ကြိုးပမ်းလာကြရာမှာ အဟန့်အတားဖြစ်နေတဲ့ ပျူစောထီးရွာတွေကို ပိုမိုပစ်မှတ်ထားလာကြ တာလည်း ဖြစ်ပါ တယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မှာဆိုရင်လည်း စစ်တပ်၊ ရဲနဲ့ ပျူစောထီးတွေ ပူးပေါင်းကာ အင်အား ၁၀၀ ခန့်နဲ့ အထိုင်ချထားတဲ့ ပေါက်မြို့နယ်တောင်ပိုင်းက တပ်ကုန်းကျေးရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့ ၈ ဖွဲ့က ဝင်ရောက် တိုက် ခိုက်ခဲ့ရာမှာ ပျူစောထီးအချို့ သေဆုံးခဲ့သလို ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ၃ ဦးလည်း သေဆုံးခဲ့ပါတယ်။
ဒါ့ပြင် ဇူလိုင် ၅ ရက်ကလည်း စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ချောင်းဦးမြို့နယ်နဲ့ ရွှေဘိုမြို့နယ်အတွင်းက ရဲစခန်းအပါ အဝင် စစ်တပ်နဲ့ ပျူစောထီးတွေ အခိုင်အမာ အထိုင်ချထားတဲ့ ကျေးရွာတွေထဲက စခန်း ၈ ခုကို ဒေသ ကာကွယ်ရေးတပ် တွေက တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်။
အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တဦးက “စစ်ရေးဗျူဟာအရ ကျနော်တို့ နယ်မြေစိုးမိုးထားနိုင်ဖို့အတွက် ပျူရွာတွေ ပပျောက်သွားဖို့ပါပဲ” လို့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြောပါတယ်။
ဒေသကာကွယ်ရေးတပ်တွေရဲ့ တပြိုင်နက်တိုက်ခိုက်မှုမှာ စစ်တပ်နဲ့ ပျူစောထီးဆိုသူတွေ ထိခိုက်သေဆုံးမှုများပြားခဲ့သလို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့လည်း သေဆုံးခဲ့ကြရပြီး အထူးသဖြင့် ပျူစောထီး အင်အားကောင်းတဲ့ အရာတော်မြို့ နယ်၊ ငွေတွင်းကျေးရွာကို တိုက်ခိုက်မှုဖြစ်စဉ်မှာ လူ ၂၀ ဝန်းကျင်အထိ သေဆုံးခဲ့ပါတယ်။
ငွေတွင်းရွာတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သာမန်အရပ်သား ၁၅ ဦး သေဆုံးခဲ့ရသလို ဘုန်း ကြီးသုံးပါး အပါအဝင် ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပေမယ့် ဒေသ ကာကွယ်ရေးတပ်တွေဘက်ကလည်း သေဆုံးသူတွေဟာ စစ်တပ်အမာခံ ပျူစောထီးတွေသာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

စစ်ရေး လေ့လာသုံးသပ်သူတဦးက “အရပ်သား ထိခိုက်သေဆုံးမှုဆိုတာကတော့ အငြင်းပွားဖွယ်တွေပေါ့၊ စစ်တပ်က လည်း ပဇီကြီးရွာ ဗုံးကြဲတာ ပကဖတွေလို့ ပြောတာကိုး။ ပကဖ တွေက ပျူစောထီးရွာတွေကို ပစ်ရင်တော့ ပျူစောထီး တွေလို့ပဲပြောမှာပဲ၊ စစ်တပ်က ရွာထဲစခန်းချထိုင်ထားရင် တိုက်ခိုက်ကြမှာဖြစ်သလို စစ်တပ်ကလည်း PDF ထောက်ခံ တယ်ဆိုပြီး ရွာတွေထဲပြီး ပစ်ခတ်ကြတာပဲ။ အပြန်အလှန် သတ်ဖြတ်ကြမှာပဲ၊ ဘယ်သူမှားတယ် မှန်တယ်ပြောလို့တော့ မရဘူး၊ အားလုံးက အနာတွေနဲ့ ဖြစ်ကုန်ပြီ” လို့ ပြောပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ဘက်ကတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို စစ်သည်တော် ကျင့်ဝတ်တွေကို တိကျစွာလိုက်နာဖို့ လေ့ကျင့်၊ အမိန့်ပေးထားသလို ချိုးဖောက်မှုတွေရှိလာရင်လည်း အရေးယူတာတွေပြုလုပ်နေပြီး စစ် ကောင်စီဘက်က သတင်းထုတ်ပြန်မှုတွေဟာ ဝါဒဖြန့်မှုတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်အနေနဲ့ ဌာနေပြည်သူ့စစ်လို့ခေါ်တဲ့ ပျူစောထီးအဖွဲ့တွေကို အာဏာသိမ်းပြီး တနှစ်ခန့်အကြာမှာ စစ်မှုထမ်းဟောင်း တွေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ စစ်တပ်လိုလားထောက်ခံတဲ့ ယခင် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအသင်း (မဘသ) အဖွဲ့ဝင်တွေကို အခြေခံပြီး စည်းရုံးဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။
အများအားဖြင့် ပျူစောထီးအဖွဲ့တွေဟာ စစ်ကိုင်း၊ မကွေး၊ မန္တလေးတို့လိုတိုင်းတွေမှာ အားကောင်းကြပြီး စစ်တပ်နဲ့အတူ နယ်မြေအတွင်း စစ်ကြောင်းထိုး လှုပ်ရှားကြသလို တော်လှန်ရေးတပ်တွေရဲ့ သတင်းတွေပေးတာ၊ လမ်းပြတာတွေနဲ့ သူတို့ ကို မထောက်ခံတဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတိုက်ခိုက်တာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတာ ကြတာ ဖြစ်ပါတယ်။
ပျူစောထီးအဖွဲ့တွေထဲ ကန့်ဘလူမြို့နယ်က ဘုန်းကြီး ဦးဝါသဝ ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဟာ လူသိများပြီး အဖွဲ့ဝင် လူ အင်အား ၅၀၀ ခန့်ရှိနိုင်သလို လက်ရှိအချိန်ထိလည်း ဒေသခံတွေကို အတင်းအဓမ္မ၊ မဝင်မနေရ စစ်သင်တန်းတက်ခိုင်း တာတွေ၊ ဖိနှိပ်တာတွေ လုပ်နေတယ်လို့ ကန့်ဘလူမြို့နယ် ဒေသခံတဦးက ပြောပါတယ်။
ဦးဝါသဝ ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဟာ ကန့်ကဘူမြို့ တောင်ဘက် မူးမြစ်အနီးဒေသ ကျေးရွာ၂၀ ခန့်ကို သူတို့ရဲ့ အမာခံ နယ်မြေအဖြစ် စိုးမိုးထားပြီး ဒေသမှာရှိတဲ့ အသက် ၁၈ မှ ၅၀ ကြား အမျိုးသားတွေကို ပြည်သူ့စစ်သင်တန်း မတက်မနေရ ဖိအားပေးနေသလို မတက်ချင်လို့ ရှောင်တိမ်းနေသူတွေကိုလည်း PDF လို့ စွပ်စွဲပြီး ပိုင်ဆိုင်မှုသိမ်းဆည်းရယူတာတွေ လုပ် နေတယ်လို့ ပျူစောထီး ထိန်းချုပ်နယ်မြေအတွင်းက ကျေးရွာဒေသခံတဦးက ဆိုပါတယ်။
“အခု ဒီမှာက ပျူစောထီးတွေက စစ်တပ်ထက်ကို ပိုဆိုးနေသလိုပဲ၊ သူတို့အနားရှိတဲ့သူတွေကတော့ ဒုက္ခရောက်တော့ တာပဲ။ ရွာတွေရောက်ရင် ပိုက်ဆံရှိမယ်ထင်တဲ့ အိမ်တအိမ်ဝင်ပြီးတော့ အကုန်ရိုက်ခွဲပြီးတော့ အကုန်ရချင်တာ ယူတာပဲ။ ကျနော်တို့ရွာဆို အခု သူဌေးတွေ ဖြစ်ကုန်ပြီ၊ ဥက္ကဋ္ဌတွေ တိုက်အိမ်တွေတည်ပြီးတော့ ရွှေတွေငွေတွေနဲ့၊ နဂိုက ဆင်းရဲပါ တယ်ဆိုတဲ့သူတွေ သူဌေးကို ဖြစ်ကုန်တော့တာ၊ တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသလို အခွင့်အရေး ရတော့လည်း လုပ်ကြတာပဲ။ မနှစ်သက်လဲ မပြောရဲလို့ နေရတာပဲ။ သူတို့ကို အာခံရင်လည်း အသက်အန္တရာယ်က စိုးရိမ်ရ တယ်လေ” လို့ သူ ကြုံနေရတဲ့အခြေအနေကို ပြောပြပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူ့စစ် အမည်တပ်ထားတဲ့ ပျူစောထီးအဖွဲ့တွေကို ဒေသတွင်းက စစ်တပ်ထောက်ခံတဲ့ ဘုန်းကြီးတွေ ကိုပါ ဦးဆောင်စေတဲ့ လုပ်ရပ်တွေဟာ ဘာသာရေး၊ လူမျိုးရေးအရ သွေးခွဲမှိုင်းတိုက်ကာ ပြည်သူအချင်းချင်း ပြန်တိုက်ခိုက် စေလိုတဲ့ လုပ်ရပ်သာဖြစ်ပြီး ပျူစောထီးလို့ အမည်တပ်ကာ ဓားစာခံအဖြစ် အသုံးချနေတာဖြစ်တယ်လို့ အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။
၎င်းက “ခုခံစစ် အားကောင်းလာတဲ့အချိန်မှာ စစ်မှုထမ်းဟောင်း မိသားစုဝင်တွေ၊ ဘာသာရေးလူမျိုးရေးအရ သွေးခွဲခံထား ရတဲ့ ပုဂ္ဂိုလ်တွေရယ်၊ တချို့ရပ်ရွာက ဘုန်းကြီးတွေကို အသုံးချပြီးတော့ သွေးခွဲတာတွေ လုပ်လာတယ်။ ပျူစောထီးတွေက လက်နက်မီးကျိုးမောင်းပျက်တွေနဲ့ အဲဒီနားပတ်ဝန်းကျင်မှာ စစ်ကြောင်းထိုးတဲ့ ကိစ္စတွေ၊ လုံခြုံရေးကိစ္စတွေမှာဆို သူတို့က အရှေ့ကနေ လူသားဒိုင်းလို လိုက်ရတယ်၊ ရင်ဆိုင်တိုက်ပွဲတွေမှာကျတော့လည်း ရင်ဆိုင်တိုက်နိုင်စွမ်းမရှိဘူး၊ သူတို့ဘဝက အသုံးချခံသက်သက် ဖြစ်တယ်။ စစ်ကောင်စီအတွက်ကတော့ အဲဒီရွာလေးတွေကို အခြေပြုပြီး လှုပ်ရှားနေနိုင်တဲ့ သဘော တော့ ရှိတာပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ပျူစောထီးအဖွဲ့တွေကို လက်နက်တပ်ဆင်ပေးနေသလို မကြာသေးမီကလည်း လက်နက်ဥပဒေတရပ် ထုတ်ပြန်ကာ သူတို့ထောက်ခံတဲ့သူတွေ၊ အုပ်ချုပ်ရေးယန္တရားမှာရှိနေတဲ့သူတွေ လက်နက်ကိုင်ဆောင်နိုင်ရေးကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။
ဒီလို လက်နက်တပ်ဆင်မှုတွေနဲ့ စစ်တပ်အမာခံ ပျူစောထီးရွာတွေဟာ လူထုခုခံမှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အလိုက်မှာ ၁၀ ရာခိုင်နှုန်းခန့် ရှိနေတယ်လို့ NUG နဲ့ နိုင်ငံရေးလေ့လာသူအချို့ သုံးသပ်ထားကြပြီး ဒီကျေးရွာတွေက နေတဆင့် တော်လှန်ရေးအဖွဲ့တွေရဲ့ သတင်းရယူတာ။ လမ်းကြောင်း ဖြတ်တောက်တာတွေနဲ့ စခန်းတွေကို ရုတ်တရတ် စီး နင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နိုင်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီလို အခြေအနေမှာ ဒေသကာကွယ်ရေး အဖွဲ့တွေအနေနဲ့ ပျူစောထီးတွေ အားကောင်းတဲ့ရွာတွေကို စီးနင်းတိုက်ခိုက်မှု တွေ ပိုမိုလုပ်ဆောင်လာပေမယ့်လည်း တချို့သော စစ်တပ်၊ ရဲနဲ့ ပျူစောထီးတွေ အခိုင်အမာအခြေချထားတဲ့ ကျေးရွာတွေ ကို အမြစ်ဖြတ်တိုက်ခိုက်ရေးမှာ လိုအပ်ချက် အခက်အခဲတွေ ရှိနေကြပါတယ်။
ZERO ပြောက်ကျား တပ်ခေါင်းဆောင် ကိုသက်ကြီးက “ချောင်းဦးက ကံကြီးကုန်၊ ကင်းမွန်ထော်ရွာတွေဆို ပျူတွေ အား ကောင်းတဲ့ရွာတွေ၊ အထိုင်ဆိုတော့ ခံစစ်အနေနဲ့အချိန်ယူ ပြင်ဆင်ထားတာဖြစ်လို့ တခါတည်း ပြိုသွားအောင်ဖြိုဖို့ဆိုတာ မလွယ်သေးဘူး၊ ကျနော်တို့ဘက်မှာ အားနည်းချက်တွေ ရှိတယ်၊ အဓိက လက်နက်အင်အားပေါ့” လို့ ပြောပါတယ်။
ဒီလို အခက်အခဲတွေကြားကပဲ ဒေသကာကွယ်ရေးတပ်တွေရဲ့ ပျူစောထီး၊ သတင်းပေး ဒလန်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီသုံးလအတွင်း တနိုင်ငံလုံး အတိုင်းအတာ တိုက်ခိုက်မှုတွေရဲ့ ၁၄ ရာ ခိုင်နှုန်းရှိခဲ့ပြီး စစ်ကိုင်းတိုင်းအနေနဲ့တော့ တိုင်းအတွင်း တိုက်ခိုက်မှု စုစုပေါင်းရဲ့ ၈ ရာခိုင်နှုန်းရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း အတွင်း စစ်ရေး လေ့လာသုတေသနပြုနေနဲ့ မက်သရူးအားနိုးနဲ့ Community Resilience Support Initiative အဖွဲ့တို့က ဆိုထားပါတယ်။
နိုင်ငံရေး လေ့လာသူတဦးက “အဓိက ရည်ရွယ်ချက်ကတော့ သူတို့နယ်မြေထဲမှာရှိတဲ့ စစ်တပ်ရဲ့ အမာခံခြေကုပ်စခန်းတွေ ရှင်းတာပေါ့၊ ဒါမှ သတင်းပေးမယ့်သူမရှိ၊ လမ်းပြမယ့်သူ မရှိအောင် ရှင်းတာက အဓိကကျလိမ့်မယ်။ PDF တွေအနေနဲ့ စစ် တပ်နဲ့ စစ်တပ်ထောက်ခံသူဆို အစိမ်းလိုက် ဝါးစားမယ်ဆိုပြီး ဖြစ်နေတဲ့ကာလမှာတော့ တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန် ဖြစ်ဦးမှာ”လို့ သုံးသပ်ထားပါတယ်။
တော်လှန်ရေး ၂ နှစ်ကျော် ကာလအတွင်း ဒေသကာကွယ်ရေးတပ်တွေရဲ့ ကျေးလက်ကို အခြေခံတဲ့ နယ်မြေ စိုးမိုးထိန်းချုပ် နိုင်ရေး ကြိုးပမ်းမှုတွေဟာလည်း အရှိန်မြှင့် လုပ်ဆောင်လာကြတဲ့နေရာမှာ စစ်ရေးအရ အဟန့်အတားဖြစ်နေတဲ့ စစ်တပ် အမာခံပျူစောထီးကျေးရွာတွေဟာ ယခုထက် ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ကြုံတွေ့နေရဦးမှာလည်း ဖြစ်ပါတယ်။
You may also like these stories:
စစ်ကိုင်းတိုင်းရှိ ပျူစောထီးစခန်း ၈ ခု PDF များ တိုက်ခိုက်၊ နှစ်ဖက် အသေပျောက်ရှိ
ကန့်ဘလူ ဒေသခံ ၆၀ ကျော်ကို စစ်တပ်နှင့် ပျူစောထီးများ ဖမ်းဆီး
ကန့်ဘလူ ရွာတချို့ ပျူစောထီးသင်တန်းတက်ရန် ဖိအားပေးခြိမ်းခြောက်ခံနေရ