မြန်မာ့လူထုတော်လှန်ရေးဖြစ်သည့် နွေဦးတော်လှန်ရေး၏ စည်းလုံးမှုအင်အားသည် သုံးနှစ်ကျော်အတွင်း စစ်ရေးနှင့် နိုင်ငံရေးနယ်ပယ်များတွင် အထင်ကြီးလောက်သော အောင်မြင်မှုများ ရရှိခဲ့သည်မှာ ငြင်း၍မရသောအချက်တခု ဖြစ်သည်။ သို့သော်လည်း ထိုအောင်မြင်မှုတို့သည် စစ်အာဏာရှင်စနစ်တခုလုံးကို ဖယ်ရှားနိုင်လောက်သော အားကောင်းသည့် စုစည်းမှုမျိုးအဖြစ် ယူဆ၍ မရသေးကြောင်းကိုလည်း မြန်မာ့အရေး လေ့လာသုံးသပ်သူများက ထောက်ပြပေးနေကြပါသည်။
အကယ်၍ မြန်မာ့လူထုတော်လှန်ရေးတွင် အဓိက ပါဝင်ပတ်သက်နေကြသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအကြား ခိုင်မာသော ဘုံနိုင်ငံရေးသဘောတူညီမှု (သို့မဟုတ်) နိုင်ငံရေးနားလည်မှုကို တည်ဆောက်နိုင်ကြမည်ဆိုပါက တော်လှန်ရေးအောင်မြင်မှုကို လက်ရှိထက် ပို၍ မြန်မြန်ဆန်ဆန် ရရှိနိုင်မည်ဟု စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက ယုံကြည်နေကြသည်။
နိုင်ငံရေးသဘောတူညီမှု ဆိုတာ ဘာလဲ
နိုင်ငံရေးသဘောတူညီမှု ဆိုသည်မှာ အစိုးရ၏ မူဝါဒ၊ ၎င်း၏ မဲဆန္ဒနယ် (its constituency) သို့မဟုတ် ပြည်သူ့အာဏာကို ကျင့်သုံးခြင်း (exercise of public authority) နှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ၊ ပါတီအဖွဲ့ခွဲများ (party factions)၊ ပြည်သူ့ရုံး ကိုယ်စားလှယ်လောင်းများ (candidates for public office) သို့မဟုတ် အစိုးရရုံး ဦးဆောင်သူများ (holders of public office) အကြားတွင် ရရှိထားသည့်၊ ချုပ်ဆိုထားသည့် သဘောတူညီချက် တခုခုကို ဆိုလိုခြင်းဖြစ်သည်။ ထိုသို့သော သဘောတူညီချက်များကို ရွေးကောက်ပွဲ မတိုင်ခင်နှင့် ရွေးကောက်ပွဲအပြီးကာလ နှစ်ခုစလုံးတွင် ရရှိနိုင်ပါသည်။
ညွန့်ပေါင်းသဘောတူညီချက် (coalition agreement) သည် နိုင်ငံရေးသဘောတူညီချက်တခု၏ ထင်ရှားသော ဥပမာတခုဖြစ်သည်။ ဥပမာ ရွေးကောက်ပွဲအပြီးတွင် ညွန့်ပေါင်းမိတ်ဖက်များအကြား ဝန်ကြီးဌာနများကို မည်သို့ ခွဲဝေတာဝန်ယူကြမည်နည်း၊ တနည်းအားဖြင့် မည်သည့် မိတ်ဖက်က မည်သည့်ဝန်ကြီးဌာနတခု သို့မဟုတ် တခုထက်ပို၍ ရယူမည်နည်း၊ အုပ်ချုပ်ရေးအာဏာ ကျင့်သုံးခြင်းဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များနှင့် စည်းမျဉ်းများ၊ ငွေကြေးခွဲဝေသုံးစွဲခြင်း၊ ဥပဒေပြုရေးနှင့်ဆက်စပ်၍ ပါလီမန် (လွှတ်တော်) ၏ ကြီးကြပ်ကွပ်ကဲမှုတို့ကို စီမံဆောင်ရွက်ခြင်း၊ ပါတီကိုယ်စားလှယ်များက လွှတ်တော်တွင် မဲပေးမည့်ပုံစံ စသည်တို့အပေါ်တွင် ညွန့်ပေါင်းမိတ်ဖက်များအကြား အပြန်အလှန် သဘောတူညီထားခြင်းမျိုးကို ဆိုလိုပါသည်။
နိုင်ငံရေးသဘောတူညီမှုသည် စစ်ရေးအောင်မြင်မှုအတွက် ပထမဆုံး အရေးကြီးခြေလှမ်း
အစ္စရေးလူမျိုးနှင့် အစ္စရေးနိုင်ငံသည် စစ်ရေးစစ်ရာတွင် ထင်ရှားသော၊ အင်အားကြီးသော နိုင်ငံတနိုင်ငံ ဖြစ်ပါသည်။ ၁၉၆၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် “ခြောက်ရက် စစ်ပွဲ” (six-day war) ဟူ၍ နာမည်တွင်ခဲ့သော စစ်ပွဲမှာ အစ္စရေးစစ်တပ်သည် အီဂျစ်၊ ဂျော်ဒန်၊ ဆီးရီးယား နိုင်ငံတို့ကို ခြောက်ရက်အတွင်း စစ်အောင်နိုင်ခဲ့သည်မှာ ထင်ရှားသော သာဓကတခု ဖြစ်ပါသည်။
စစ်ရေးစစ်ရာတွင် စစ်မတိုက်မီ စစ်ပြီးကာလအတွက် နိုင်ငံရေးသဘောတူညီမှုကို ဦးစွာတည်ဆောက်ရန် အရေးကြီးကြောင်းကို အစ္စရေးလူမျိုးတို့၏ သမိုင်းတွင် လေ့လာနိုင်ပါသည်။
၂၀၂၃ ခုနှစ်၊ Global Firepower ခေါ် စစ်အင်အားညွှန်းကိန်းတွင် ကမ္ဘာ့အဆင့် ၁၈ ဖြစ်သည်။ စစ်ရေးစစ်ရာတွင် စစ်မတိုက်မီ စစ်ပြီးကာလအတွက် နိုင်ငံရေးသဘောတူညီမှုကို ဦးစွာတည်ဆောက်ရန် အရေးကြီးကြောင်းကို အစ္စရေးလူမျိုးတို့၏ သမိုင်းတွင် လေ့လာနိုင်ပါသည်။
သာဓကအားဖြင့် ခရစ်ယာန် သမ္မာကျမ်းစာ (တရားသူကြီးမှတ်စာ 11: 1 – 10) တွင် ဖော်ပြထားသည့် ယေဖသ၏ အကြောင်းသည် လက်ရှိ မြန်မာ့လူထုတော်လှန်ရေးနှင့် ဆက်စပ်ပြီး နမူနာအဖြစ် မှတ်ယူသင့်ပါသည်။ ယေဖသသည် ဂိလဒ် အမျိုးသားဖြစ်ပြီး ခွန်အားကြီးသော စစ်သူရဲကောင်း ဖြစ်ပါသည်။

သူ့ဖခင်က ဂိလဒ်၊ မိခင်က ပြည့်တန်ဆာ တဦးဖြစ်သည်။ ဂိလဒ်တွင် သူ့တရားဝင်မယားမှ ဖွားမြင်သည့် အခြားသော သားများလည်း ရှိပါသည်။ သူတို့ကြီးလာသောအခါ ယေဖသကို သင်သည် အခြားတပါးသော (တရားဝင် မဟုတ်သော) မိန်းမ၏ သားဖြစ်သောကြောင့် ငါတို့နှင့်အတူ အမွေမခံထိုက်ကြောင်းပြောကာ နှင်ထုတ်ကြလေသည်။
ထို့ကြောင့် ယေဖသသည် တောဘပြည်သို့ ထွက်သွားပြီး ထိုအရပ်၌ လူဆိုးအုပ်စုများကို စည်းရုံး၍ အခြေချနေခဲ့သည်။ များမကြာမီအချိန်တွင် အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးကို စစ်တိုက်ရန် အကြောင်းဖန်လာသည်။ ထိုအခါ ဂိလဒ်ပြည်မှ လူကြီးများက ယေဖသကို တောဘပြည်မှ ပြန်ခေါ်၍ ဣသရေလ စစ်တပ်အင်အားကို ဦးစီးစေပြီး အမ္မုန်တို့ကို တိုက်ခိုက်စေရန် သဘောတူကြကာ ယေဖသထံသို့ သွားရောက်တောင်းဆိုကြသည်။
ထိုအခါ ယေဖသက ဂိလဒ်လူကြီးများကို ပြန်ပြောသည်မှာ “သင်တို့သည် ငါ့ကိုမုန်း၍ ငါ့အဘအိမ်မှ နှင်ထုတ်ခဲ့ကြသည် မဟုတ်လော။ ယခု ဆင်းရဲခြင်းသို့ ရောက်သောအခါ အဘယ်ကြောင့် ငါ့ထံသို့ လာကြသနည်း” ဟူ၍ မေးခွန်းထုတ်ခဲ့သည်။ ဂိလဒ်လူကြီးများကလည်း “ငါတို့သည် ယခု သင့်ထံသို့ ပြန်လာပါပြီ။ ငါတို့နှင့်အတူ ကြွ၍ အမ္မုန်လူမျိုးတို့ကို စစ်တိုက်ပြီးလျှင် ဂိလဒ်ပြည်သားအပေါင်းတို့၏ ဘုရင်လုပ်ပါဟု” ယေဖသ အားတောင်းဆိုကြသည်။
စစ်တိုက်ပြီးလျှင် ဂိလဒ်ပြည်သားတို့၏ ဘုရင်လုပ်ပါ ဆိုသည့် ဂိလဒ်လူကြီးများ၏ အဆိုပြုချက်ကို ပိုသေချာအောင် မေးမြန်းသည့်အနေဖြင့် အကယ်၍ ထာဝရဘုရားသည် အမ္မုန်လူမျိုးတို့ကို ကျနော့်လက်ထဲတွင် အပ်ပေးခဲ့လျှင် (သို့မဟုတ်) စစ်နိုင်ပြီးလျှင် ငါသည် သင်တို့၏ ဘုရင်ဖြစ်ခွင့်ကို အမှန်တကယ် ရမည်လောဟု ပြန်မေးမြန်းခဲ့သည်။
ဂိလဒ် လူကြီးများကလည်း ယေဖသကို ဂိလဒ်ပြည်၏ ဘုရင်ဖြစ်ခွင့် အမှန်တကယ် ရမည်ဖြစ်ကြောင်း၊ ထာဝရဘုရားသည် နှစ်ဖက်ကြားတွင် သက်သေဖြစ်တော်မူပါစေသော ဟူ၍ ကတိပြုကြ၏။ ထို့ကြောင့် ယေဖသကလည်း ဂိလဒ်ပြည်လူကြီးများနှင့် လိုက်သွားပြီး ဣသရေလ စစ်အင်အားကို ဦးစီးကာ အမ္မုန်လူမျိုးတို့ကို တိုက်ခိုက် အောင်မြင်ခဲ့၍ ဂိလဒ်ပြည်၏ ဘုရင်မင်းမြတ် ဖြစ်လာခဲ့ကြောင်း သိရသည်။
“စစ်တိုက်အောင်မြင်လျှင် ဘုရင်ဖြစ်ခွင့်” သည် စစ်ပြီးခေတ်တွင် ရရှိမည့်အကျိုးစီးပွားနှင့် ပတ်သက်ပြီး ဂိလဒ်လူကြီးများနှင့် ယေဖသ အကြား စစ်မတိုက်ခင် သဘောတူထားကြသည့် နိုင်ငံရေးသဘောတူညီမှု ဖြစ်ပါသည်။ လက်ရှိ ဖြစ်ပေါ်နေသည့် မြန်မာ့လူထုတော်လှန်ရေးနှင့် ယှဉ်ပြီး သုံးသပ်မည်ဆိုလျှင် တော်လှန်ရေးအင်အားစုများ အကြားတွင် ခိုင်မာသော နိုင်ငံရေးသဘောတူညီမှု တည်ဆောက်ထားနိုင်ရန် အရေးကြီးပါသည်။
အကယ်၍ လူပုဂ္ဂိုလ်တဦးနှင့်တဦး၊ အဖွဲ့အစည်းတခုနှင့်တခုကြားတွင် စီးပွားရေး တခုခုကို ပူးပေါင်းလုပ်ဆောင်ကြမည် ဆိုလျှင်လည်း ရရှိလာမည့် အကျိုးအမြတ်များကို မိမိထည့်ဝင်ထားသည့် အရင်းအနှီး ပမာဏ အချိုးအစားများအတိုင်း ခွဲဝေယူကြရမည်ကို ဦးစွာဆွေးနွေးပြီး သဘောစာချုပ် ချုပ်ဆိုကြရသည်မှာ အားလုံးနားလည်နိုင်သည့် သဘာဝတရား (common sense) တခု ဖြစ်ပါသည်။
အထက်ပါ သာဓကအတိုင်းပင် အကယ်၍ လူပုဂ္ဂိုလ်တဦးနှင့်တဦး၊ အဖွဲ့အစည်းတခုနှင့်တခုကြားတွင် စီးပွားရေး တခုခုကို ပူးပေါင်းလုပ်ဆောင်ကြမည် ဆိုလျှင်လည်း ရရှိလာမည့် အကျိုးအမြတ်များကို မိမိထည့်ဝင်ထားသည့် အရင်းအနှီး ပမာဏ အချိုးအစားများအတိုင်း ခွဲဝေယူကြရမည်ကို ဦးစွာဆွေးနွေးပြီး သဘောစာချုပ် ချုပ်ဆိုကြရသည်မှာ အားလုံးနားလည်နိုင်သည့် သဘာဝတရား (common sense) တခု ဖြစ်ပါသည်။
အချုပ်အားဖြင့် စစ်ရေးသည် အသက်၊ သွေး၊ ချွေး၊ အိုးအိမ်စည်းစိမ်များ အရင်းနှီးကြီးသော၊ စွန့်စားမှုများသော တော်လှန်ရေး ဖြစ်သည်။ ထို့ကြောင့် စစ်ပြီးကာလတွင် မည်သို့သော အကျိုးရလဒ်များ ရရှိခံစားနိုင်ကြမည်နှင့် ပတ်သက်၍ လက်ရှိ လူထုတော်လှန်ရေးတွင် ပါဝင်နေကြသည့် တော်လှန်ရေးအင်အားစုများ အကြား ခိုင်မာသော နိုင်ငံရေးသဘောတူညီမှု၊ နားလည်မှု တည်ဆောက်နိုင်ရန် အရေးကြီးသည်မှာ ပေါ်လွင်ထင်ရှားနေသည်။
ခိုင်မာသော နိုင်ငံရေးသဘောတူညီမှု လိုအပ်နေ
လက်ရှိတွင် ရရှိထားသော၊ တည်ဆောက်ထားနိုင်သော နိုင်ငံရေးသဘောတူညီမှု၊ နားလည်မှုသည် လုံလောက်သော ခိုင်မာမှု၊ စုစည်းမှု မဟုတ်သေးကြောင်း အောက်ပါအချက်များက ဖော်ပြနေသည်။
CRPH/NUG နှင့် NUCC ဆက်ဆံရေး
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်မှ ၉ ရက်အထိ ဦးဆောင်ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံ၏ နောက်ဆုံးနေ့ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မတက်ကြောင်း မဇ္ဈိမသတင်းဌာနက ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့သတင်းတွင် ဖော်ပြသည်။
အကြောင်းရင်းမှာ ညီလာခံတွင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၂) ပါ ပြဌာန်းချက်များထက် ကျော်လွန်ပြီး ဆွေးနွေးဆုံးဖြတ် အတည်ပြုရန် လုပ်ဆောင်လာသည့်အပြင် ကြိုတင်ဖြန့်ဝေထားသည့် အစီအစဉ်များထက် ကျော်လွန်ပြီး လုပ်ဆောင်လာသောကြောင့်ဟု ဆိုသည်။ မည်သို့ပင်ဆိုစေ CRPH/NUG နှင့် NUCC ကြား ဆက်ဆံရေးမှာ အားနည်းချက်များ ရှိနေကြောင်း ညွှန်ပြနေသည်။
ပြန့်ကျဲနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမြောက်အများ ပေါ်ထွက်ခဲ့သည်။ ယခုချိန်တွင် အများစုသည် NUG ၏ ကွပ်ကဲမှုကို ခံယူကြသလို သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းအဖြစ် ရပ်တည်နေကြသည့် အဖွဲ့များလည်း ရှိနေသေးကြောင်း အားလုံးအသိဖြစ်ပါသည်။ ထိုကဲ့သို့ သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းများသည် အညာဒေသဖြစ်သော စစ်ကိုင်းနှင့် မကွေး စသည်တို့တွင် ပို၍ရှိနေသေးကြောင်း သိရသည်။
NUG အစိုးရ၏ ကွပ်ကဲမှုအောက်တွင် မရှိသော PDF များ အားလုံးကို တော်လှန်ရေးအတွက် ဆူးညှောင့်ခလုတ်များအဖြစ် ရှုမြင်ခြင်း မဟုတ်ပဲ မဟာမိတ်များအဖြစ် ရှုမြင်ပြီး ပူးပေါင်းဆောင်ရွက်နိုင်သည့် ကဏ္ဍများတွင် ပူးပေါင်းနိုင်အောင် ကြိုးစားသင့်ပါသည်။
တော်လှန်ရေးကာလတွင် ဤများပြားလှသော PDF များ အားလုံးကို NUG အစိုးရ၏ ကွပ်ကဲမှုအောက်တွင် ထားရှိရေးသည် လက်တွေ့မကျနိုင်ပါ။ သို့သော် NUG အစိုးရ၏ ကွပ်ကဲမှုအောက်တွင် မရှိသော PDF များ အားလုံးကို တော်လှန်ရေးအတွက် ဆူးညှောင့်ခလုတ်များအဖြစ် ရှုမြင်ခြင်း မဟုတ်ပဲ မဟာမိတ်များအဖြစ် ရှုမြင်ပြီး ပူးပေါင်းဆောင်ရွက်နိုင်သည့် ကဏ္ဍများတွင် ပူးပေါင်းနိုင်အောင် ကြိုးစားသင့်ပါသည်။
ရှင်းလင်းသည့် နိုင်ငံရေးပန်းတိုင်နှင့် ဦးဆောင်မှုရှိလျှင် လက်တွေ့ကျသော စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာ အားကောင်းလာမည် ဖြစ်ကြောင်း ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့မှ ကိုဝေက “လက်နက်ကိုင် တော်လှန်ရေးနှင့် တနင်္သာရီ လွတ်မြောက်ရေး” ဆိုသည့် ဆွေးနွေးပွဲတွင် သုံးသပ်သည်။
လူနည်းစု တိုင်းရင်းသားများနှင့် နိုင်ငံရေးသဘောတူညီမှု
မြန်မာနိုင်ငံတွင် တော်လှန်ရေးလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းပေါင်း များစွာရှိသည်မှာ အားလုံးအသိဖြစ်သည်။ သို့သော် လက်ရှိ လူထုတော်လှန်ရေးတွင် NUG နှင့် တရားဝင် လက်တွဲပြီး ပါဝင်တိုက်ပွဲဝင်နေကြသည့် အဖွဲ့အစည်း အရေအတွက်က နည်းနေပါသေးသည်။
ဥပမာ ကချင် (KIO/KIA + KPDF)၊ ကရင် (KNU/KNLA)၊ ကရင်နီ (KNPP/KA + KNDF) နှင့် ချင်း (CNF/CNA + CDFs) များသာ စစ်ရေးနှင့် နိုင်ငံရေး နှစ်ခုလုံးတွင် NUG နှင့် ပူးပေါင်းနေသည်ဟု ပြောနိုင်ပါသည်။ အဖွဲ့အစည်းနာမည် ဖော်ပြသည်ဖြစ်စေ၊ မဖော်ပြသည်ဖြစ်စေ မည်သည့်အဖွဲ့အစည်းက လူထုတော်လှန်ရေးတွင် အင်တိုက်အားတိုက် ပါဝင်နေသည်ကို လူထုက သိကြပါသည်။
NUG နဲ့ ပူးပေါင်းမှု မရှိရသည့် အကြောင်းရင်းများစွာ ရှိနိုင်ပါသည်။ အချို့က စစ်ရေးအင်အား မရှိ၍ (သို့မဟုတ်) နည်း၍၊ အချို့က NUG ကို၊ အထူးသဖြင့် ဗမာတော်လှန်ရေး ခေါင်းဆောင်များကို အပြည့်အဝ ယုံကြည်မှု မရှိ၍ ဖြစ်နိုင်ပါသည်။
တရားဝင်ကြေညာပြီး ပူးပေါင်းမှု မဟုတ်ခြင်းကြောင့် ထိုပူးပေါင်းမှုသည် တော်လှန်ရေးအစိုးရဖြစ်သည့် NUG အတွက် လိုအပ်သော နိုင်ငံရေးသိက္ခာ (နိုင်ငံရေးသမာဓိ) ကို အပြည့်အဝ မဖြစ်စေပါ။ မတူညီသော တော်လှန်ရေး အင်အားစုများကို စည်းရုံးစုစည်းနိုင်သည့် တော်လှန်ရေးအစိုးရ တရပ်အဖြစ် ပြည်တွင်းနှင့် ပြည်ပ နိုင်ငံတကာ မျက်နှာစာတွင် ပြသနိုင်ရေးမှာ အားနည်းစေ၍ ဖြစ်သည်။
အချို့အဖွဲ့အစည်းများက တရားဝင် မဟုတ်သော်လည်း နောက်ကွယ်တွင် ပူးပေါင်းမှုရှိနေကြောင်း သတင်းများတွင် ဖတ်ရသည်။ သို့သော် တရားဝင်ကြေညာပြီး ပူးပေါင်းမှု မဟုတ်ခြင်းကြောင့် ထိုပူးပေါင်းမှုသည် တော်လှန်ရေးအစိုးရဖြစ်သည့် NUG အတွက် လိုအပ်သော နိုင်ငံရေးသိက္ခာ (နိုင်ငံရေးသမာဓိ) ကို အပြည့်အဝ မဖြစ်စေပါ။ မတူညီသော တော်လှန်ရေး အင်အားစုများကို စည်းရုံးစုစည်းနိုင်သည့် တော်လှန်ရေးအစိုးရ တရပ်အဖြစ် ပြည်တွင်းနှင့် ပြည်ပ နိုင်ငံတကာ မျက်နှာစာတွင် ပြသနိုင်ရေးမှာ အားနည်းစေ၍ ဖြစ်သည်။
အကျိုးဆက်အားဖြင့် အရေးပါသည့် အချို့သော ပြည်တွင်းနှင့် ပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက NUG ကို “နိုင်မြင်း” အဖြစ် ခိုင်ခိုင်မာမာ သတ်မှတ်ပြီး ခြေစုံပစ် ထောက်ခံအားပေးရန် တွန့်ဆုတ်နေကြဆဲ ဖြစ်သည်ကို တွေ့ရပါသည်။
တော်လှန်ရေး ဘယ်တော့ပြီးမှာလဲ
“အခုချိန်မှာ ကျနော်တို့ တော်လှန်ရေး ဘယ်တော့ပြီးမလဲ၊ မြန်မလား နှေးမလားဆိုတဲ့ မေးခွန်းအတွက် အဖြေက စစ်အုပ်စုအပေါ်မှာ မူတည်နေတာ မဟုတ်တော့ပါဘူး။ ဒီအတွက် အဖြေက ကျနော်တို့ တော်လှန်ရေး အင်အားစုများ၊ တော်လှန်ရေး ဘက်တော်သားများ အပေါ်မှာပဲ လုံးလုံး မူတည်နေပါတယ်။ အထူးသဖြင့် ဒီတော်လှန်ရေးကြီးရဲ့ အရွေ့အဟုန်ဟာ တော်လှန်ရေးတပ်ဦးတာဝန်ကို ထမ်းရွက်နေကြတဲ့ NUG အစိုးရ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ EROs များ၊ CRPH, NUCC အစရှိတဲ့ အဖွဲ့အစည်းတွေပေါ်မှာ အများကြီး မူတည်နေပါတယ်” ဟူသည့် ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့က ပြောသွားသော ဒေါက်တာ တေဇာစန်း၏ မှတ်ချက်ကို နိဂုံးအဖြစ် တင်ပြအပ်ပါသည်။
(ဇုန်းရိန်သည် မြန်မာအခြေစိုက် လူမှုဝန်ထမ်းလုပ်သားနှင့် လွတ်လပ်သော နိုင်ငံရေး သုတေသီဖြစ်သည်။)
You may also like these stories:
ရှင်းလင်းပြတ်သားသည့် နိုင်ငံရေး စီမံချက်က ခုခံတော်လှန်ရေးအတွက် အထောက်အကူပြုမည်
မြန်မာ့တော်လှန်ရေး၏ ကိုယ်ပိုင်ယုတ္တိဗေဒ
ပြည်သူ့တော်လှန်ရေးကြီး မြန်မလား နှေးမလား
စစ်ပွဲ အလှည့်အပြောင်းဖြစ်လာစေရေး PDF များ လက်နက်များ ရရှိလာနေ
မြန်မာတော်လှန်ရေး ခေါင်းဆောင်များ တိုကျိုတွင် ညီညွတ်မှု ပြသ














