ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့တို့သည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့ကို သိမ်းယူနိုင်ခဲ့သည်။ တိုင်းစစ်ဌာနချုပ်သည်လည်း မကြာခင် ကျမည့်ပုံ ပေါ်နေသည်။ အကယ်၍ သိမ်းယူနိုင်ပြီဆိုလျှင် မြန်မာ့သမိုင်းတလျှောက်တွင် တိုင်းစစ်ဌာနချုပ်တခု ပထမဆုံးအကြိမ် ကျရှုံးမှုအဖြစ် မှတ်တမ်းဝင်သွားတော့မည်။
ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ကျားကုတ်ကျားခဲ နှစ်ရှည်လများ စစ်ထိုးရသည့် ဗိုလ်နေဝင်း လက်ထက်တွင်ပင် တိုင်းစစ်ဌာနချုပ်တခု ကျရှုံးသည်အထိ အခြေအနေ မဆိုးရွားခဲ့ပေ။ ယခု လားရှိုး ကျရှုံးမှုသည် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ယာယီသမ္မတရာထူး ရယူပြီး သုံးရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်အနေဖြင့် မည်မျှအထိ အင်အားချိနဲ့နေကြောင်း သက်သေထူလိုက်ခြင်းဖြစ်သည်။
လားရှိုးမြို့မကျမီ ရက်ပိုင်းအလိုကလည်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မန္တလေး PDF ပူးပေါင်းတပ်တို့သည် မိုးကုတ်မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး ပြည်သူတို့ကလည်း မြို့ထဲသို့ဝင်လာသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်ကို ရုပ်သံမှတ်တမ်းများမှတဆင့် တွေ့ရှိရသည်။
မိုးကုတ်နှင့် လားရှိုးတိုက်ပွဲသည် နွေဦးတော်လှန်ရေးအတွက် အခြားကောင်းမွန်သော အကျိုးဆက်တခုအား ယူဆောင်လာသည်ကိုလည်း တွေ့ရှိရသည်။ ထိုအကျိုးဆက်ကား တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်အင်အားကို တက်ကြွစေခြင်းပင်။
မိုးကုတ်နှင့် လားရှိုးတိုက်ပွဲသည် နွေဦးတော်လှန်ရေးအတွက် အခြားကောင်းမွန်သော အကျိုးဆက်တခုအား ယူဆောင်လာသည်ကိုလည်း တွေ့ရှိရသည်။ ထိုအကျိုးဆက်ကား တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်အင်အားကို တက်ကြွစေခြင်းပင်။
လူထုထောက်ခံမှုမှ လွဲ၍ စစ်ကောင်စီနှင့်ယှဉ်လျှင် လက်နက်အင်အား၊ လူအင်အား၊ နည်းပညာအင်အား အဖက်ဖက်မှ နိမ့်ကျနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအတွက် စိတ်ခွန်အားဖြစ်စရာသည် အမြဲလိုလို လိုအပ်နေပါသည်။ စိတ်ခွန်အား ပြည့်ဝနေမှသာလျှင် စစ်တိုက်နိုင်မည် မဟုတ်ပါလား။ မိုးကုတ်နှင့် လားရှိုး ကျသွားသည့်သတင်းသည် တော်လှန်ရေးဘက်တော်သားများအတွက် အတိုင်းထက်အလွန် ဝမ်းသာစရာသတင်းပင် ဖြစ်လေသည်။
လားရှိုးနှင့် မိုးကုတ်သတင်းကြောင့် စိတ်ဓာတ်တက်ကြွနေကြသော တော်လှန်ရေးဘက်တော်သားတို့သည် ရှမ်းမြောက်နှင့်အပြိုင် ထိုးစစ်ဆင်လာကြသည်ကိုလည်း တွေ့ရသည်။ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင်လည်း ထိုးစစ်ပြန်စသလို ကချင်ပြည်နယ်၊ ဗန်းမော်တွင်လည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က စစ်စခန်းများ သိမ်းပိုက်ရရှိရေး ကြိုးပမ်းလာသည်ကိုလည်း တွေ့ရှိရသည်။

မန္တလေးတိုင်းတွင်လည်း စဉ့်ကူးမြို့အား သိမ်းပိုက်ရရှိထားသည့် မန္တလေး PDF တပ်ဖွဲ့သည်လည်း မတ္တရာမြို့နယ်ဘက်အား ခြေဆန့်လာသည်ကို တွေ့ရှိရသည်။ ဤကဲ့သို့ စစ်ကောင်စီအား အဖက်ဖက်မှ ထိုးစစ်ဆင်မှုသည် အားအင်လျော့နေသော စစ်တပ်အား ပို၍ ဖရိုဖရဲဖြစ်အောင် လုပ်ဆောင်နိုင်သည်။ အကယ်၍ ကံကောင်းထောက်မပါက စစ်ကောင်စီ ပြိုကျသွားသည်အထိ ဖြစ်သွားနိုင်လေသည်။
သို့ရာတွင် ထိုကဲ့သို့ဖြစ်ရန်အတွက်ဆိုလျှင် တော်လှန်ရေးအဖွဲ့များအကြား စစ်ဆင်ရေးများ ယခုထက်ပို၍ အချိတ်အဆက်မိရန် အထူးလိုအပ်လှသည်။
မြန်မာ့ပြည်တွင်းစစ်သမိုင်းကို ပြန်ကြည့်မည်ဆိုလျှင် စစ်တပ်သည် အများအားဖြင့် စစ်မျက်နှာကို တခုချင်းသာဖွင့်၍ တိုက်သည်ကို တွေ့ရှိရသည်။ စစ်မျက်နှာတခုကို တိုက်နေစဉ်တွင် နောက်ထပ် စစ်မျက်နှာတဖက်မှ ရန်သူကို ခေတ္တခဏ ချွေးသိပ်ထားပြီး ပထမရန်သူအား ချေမှုန်းပြီးမှသာ ဒုတိယရန်သူကို ဆက်လက်ချေမှုန်းသည့်စနစ်ကို ကျင့်သုံးလေ့ရှိသည်ကို စူးစမ်းတွေ့ရှိရသည်။
ဤဗျူဟာ၏ အထင်ရှားဆုံး ဥပမာမှာ ၁၉၉၀ နှစ်အလွန်များတွင် ရှိသည်။ ထိုကာလက ရှမ်းမြောက်တွင် ဗကပ ပြိုကွဲပြီးနောက် ဝတပ်ဖွဲ့အပါအဝင် လက်နက်ကိုင်အဖွဲ့များစွာ ထွက်ပေါ်လာခဲ့သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) အစိုးရ၏ ပြင်ပဆက်ဆံရေးတာဝန်ခံသဖွယ် တာဝန်ထမ်းဆောင်သည့် ဗိုလ်ချုပ် ခင်ညွန့်သည် ထိုအဖွဲ့များအား အကျိုးတူစီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ခွင့်ပေးကာ အပစ်ရပ်စာချုပ်များ ချုပ်ဆိုခဲ့သည်။
ထိုစာချုပ်များကြောင့် စစ်တပ်အနေဖြင့် နှစ်ပေါင်းများစွာ တိုက်ခိုက်နေရသည့် ရှမ်းမြောက်စစ်မျက်နှာ ပျောက်ကွယ်သွားပြီး အသက်ရှူချောင်သွားခဲ့ရသလို ထိုဒေသမှ သယံဇာတများ ထုတ်ဖော်ရောင်းချခွင့် ရရှိသွားသည့်အတွက် စစ်တပ်၏ ဝင်ငွေလည်း တိုးပွားလာခဲ့ရသည်။ တဖက်တွင်လည်း ရှမ်းမြောက်စစ်မျက်နှာတွင် အသက်ရှူချောင်သွားရဖြင့် စစ်တပ်၏ ထိုးစစ်အား နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံလာခဲ့သော ကရင်အမျိုးသားအစည်းအရုံး (KNU) ကဲ့သို့သော အဖွဲ့အစည်းများအား ပို၍ဖိအားပေး ထိုးစစ်ဆင်ရန် အခွင့်အလမ်းများ ရရှိသွားခဲ့လေသည်။
ယခုလက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည်လည်း ဤနည်းဗျူဟာအား ဆက်လက် အသုံးချသည်ကို တွေ့ရှိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ရခိုင်တွင် တိုက်ပွဲပြန်ဖြစ်သောအခါ ရက္ခိုင့်တပ်တော် (ယခု အာရက္ခတပ်တော် AA) အား အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ်ကိုလည်း နှစ်နှစ်ကျော် သုံးနှစ်နီးပါးကြာ အင်တာနက် ဖြတ်တောက်လိုက်သည်။ AA ကို ထိုးစစ်ဆင်သည်သာမက ရခိုင်ပြည်နယ် အင်တာနက်ဖြတ်တောက်မှုကို ဆန့်ကျင်ဆန္ဒပြသည့် ကျောင်းသားများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအားလည်း ဖမ်းဆီး ခုံရုံးတင်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီး တနိုင်ငံလုံးရှိ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများအား ယာယီဖြတ်တောက်လိုက်သည်။ သို့ရာတွင် ရခိုင်ပြည်နယ်တွင်မူ အင်တာနက်လိုင်းများ ပြန်ပွင့်လာခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီး တနိုင်ငံလုံးရှိ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများအား ယာယီဖြတ်တောက်လိုက်သည်။ သို့ရာတွင် ရခိုင်ပြည်နယ်တွင်မူ အင်တာနက်လိုင်းများ ပြန်ပွင့်လာခဲ့သည်။
“တနိုင်ငံလုံးသည် အင်တာနက်လိုင်းများ ပြတ်တောက်ချိန်တွင် အာဏာသိမ်းမှန်း သိလိုက်ရပြီး ရခိုင်ပြည်နယ်တွင်မူ အာဏာသိမ်းခြင်းသည် အင်တာနက်လိုင်းများ ပြန်ပွင့်ခြင်းနှင့် အစပြုသည်” ဟူ၍ပင် စတီဖင်ဘက်ခ်တိုးလ်က သူ၏ “အဆက်အသွယ်ဖြတ်တောက်ခြင်း၊ အမည်ကောင်းစာရင်းနှင့် အခြားအကြမ်းဖက်သူများ” စာတမ်းတွင် ရေးသားခဲ့သည်။
ထို့ပြင် AA အား ထိုးစစ်ဆင်နေရာမှ ရုတ်ချည်း ရပ်တန့်လိုက်ပြီးလျှင် အကြမ်းဖက်အဖွဲ့အဖြစ် စာရင်းသွင်းထားရာမှ ပယ်ဖျက်ပေးခဲ့သလို အခမ်းအနားအချို့ကိုလည်း ဖိတ်ကြားတက်ရောက်စေခဲ့သည်။ ဤကဲ့သို့ ပြုလုပ်ခြင်းသည် စစ်ပန်းနေပြီဖြစ်သော ရခိုင်ပြည်နယ်အတွင်း ဆန္ဒပြအုံကြွမှုများ မဖြစ်အောင် ထိန်းသိမ်းလိုက်ခြင်းဖြစ်သလို AA ကိုလည်း ကျေနပ်အောင် ချွေးသိပ်လိုက်ခြင်းပင်ဖြစ်သည်။
တပြိုင်နက်တည်းတွင်ပင် ရခိုင်ပြည်နယ်မှလွဲ၍ တနိုင်ငံလုံး အတိုင်းအတာဖြင့် အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုများ အရှိန်အဟုန်ဖြင့် ပေါ်ပေါက်လာသည်ကိုလည်း နယ်စပ်ဒေသတွင် စေလွှတ်ထားသည့် တိုက်ခိုက်ရေးတပ်မများအား ခေါ်ဆောင်ကာ ချေမှုန်းခဲ့သည်။ နှစ်လ၊ သုံးလအကြာ ဆန္ဒပြမှုများ ငြိမ်သက်သွားပြီး စစ်တပ်ကို လက်နက်ကိုင်ဆန့်ကျင်သည့် အဖွဲ့များ ပေါ်ပေါက်လာသောအခါတွင် မြို့ကြီးများပေါ်မှ တိုက်ခိုက်ရေးတပ်များကို နယ်စပ်ဒေသများတွင် အသုံးပြုပြန်လေသည်။ ဤအချင်းအရာကို ကြည့်ချင်းဖြင့် စစ်ကောင်စီသည် စစ်မျက်နှာတခုပြီးတခု တိုက်ခိုက်ရခြင်းကို ပို၍နှစ်သက်ကြောင်း ထင်ရှားလေသည်။
စစ်အာဏာသိမ်းပြီးနောက်တွင် စစ်တပ်၏ လူထုထောက်ခံမှု တဟုန်ထိုး ထိုးကျသွားခဲ့သလို တပ်ဖွဲ့အလိုက် ဖွဲစည်းပုံ မပြည့်ဘဲ အင်အားချိနဲ့နေမှုသည်လည်း ဗူးပေါ်သလို ပေါ်လာခဲ့လေသည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် တော်လှန်ရေးအင်အားစုတို့၏ ဘက်ပေါင်းစုံမှ ထိုးနှက်မှုတို့သည် စစ်တပ်အတွက် ကြီးမားသောသက်ရောက်မှု ရှိသည်ဟု ယူဆရမည်ဖြစ်ပေသည်။

ပြီးခဲ့သည့်နှစ်အတွင်းက မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးကို အသက်သွင်းကာ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ စစ်စခန်းများကို တပြိုင်နက် ထိုးစစ်ဆင်၍ သိမ်းပိုက်ခဲ့သည်။ ထိုစစ်ဆင်ရေးသည် နွေဦးတော်လှန်ရေးအတွက် အလှည့်အပြောင်းတခု ဖြစ်စေခဲ့ပြီး မကြုံစဖူး များပြားလှသည့် စစ်စခန်းများ၊ မြို့များ တော်လှန်ရေးအင်အားစုများ၏ လက်တွင်းသို့ ကျရောက်ခဲ့ရသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ကမူ ရေရှည်အစီအမံများ ပြုလုပ်ထားပုံရသဖြင့် စစ်ရှိန်တန့်မသွားဘဲ ရည်ရွယ်ထားသည့်မြို့များ၊ စခန်းများကို သိမ်းပိုက်နိုင်ကာ ယခု ရမခအား ရရှိသည်အထိ အောင်မြင်မှု ရရှိခဲ့လေသည်။ အခြား တော်လှန်ရေးအဖွဲ့များအကြား အားနည်းချက်တခုမှာ ချိတ်ဆက်မှု အားနည်းခြင်းပင် ဖြစ်သည်။ ချိတ်ဆက်မှု မရှိခြင်းကြောင့် စစ်မျက်နှာများမှာ အချိတ်အဆက် မမိဘဲ စစ်ကောင်စီအား အလဲထိုးနိုင်သည့် အခြေအနေ မရောက်ရှိရခြင်း ဖြစ်သည်။
အခြားနယ်မြေအရပ်ရပ်မှ အဖွဲ့များကလည်း ၁၀၂၇ စစ်ဆင်ရေးကို နမူနာယူကာ အလားတူစစ်ဆင်ရေးများ ဆင်နွှဲခဲ့ကြသည်။ ကရင်နီပြည်တွင်လည်း နိုဝင်ဘာလအတွင်း ၁၁၁၁ စစ်ဆင်ရေး ပေါ်ပေါက်လာခဲ့ပြီး စစ်ကိုင်းတွင်လည်း တော်လှန်ရေးအဖွဲ့များ၏ ထိုးစစ်က ကောလင်း၊ ပင်လည်ဘူးမြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။
သို့ရာတွင် ရေရှည်ထိန်းချုပ်ထားရန် စီမံချက်မရှိဘဲ တိုက်ခိုက်ခြင်းကြောင့် မကြာခင်တွင်ပင် သိမ်းပိုက်ထားသည့် မြို့အချို့ကို လက်လွှတ်ခဲ့ရသည်။ ကရင်နီပြည်တွင်လည်း ထို့အတူပင် လွိုင်ကော်မြို့ကို အလုံးစုံ မသိမ်းပိုက်နိုင်ဘဲ စစ်ရှိန်တန့်သွားရသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ကမူ ရေရှည်အစီအမံများ ပြုလုပ်ထားပုံရသဖြင့် စစ်ရှိန်တန့်မသွားဘဲ ရည်ရွယ်ထားသည့်မြို့များ၊ စခန်းများကို သိမ်းပိုက်နိုင်ကာ ယခု ရမခအား ရရှိသည်အထိ အောင်မြင်မှု ရရှိခဲ့လေသည်။ အခြား တော်လှန်ရေးအဖွဲ့များအကြား အားနည်းချက်တခုမှာ ချိတ်ဆက်မှု အားနည်းခြင်းပင် ဖြစ်သည်။ ချိတ်ဆက်မှု မရှိခြင်းကြောင့် စစ်မျက်နှာများမှာ အချိတ်အဆက် မမိဘဲ စစ်ကောင်စီအား အလဲထိုးနိုင်သည့် အခြေအနေ မရောက်ရှိရခြင်း ဖြစ်သည်။
ယခု ရမခ ကျဆုံးပြီးနောက်တွင် တော်လှန်ရေးအဖွဲ့များ ထိုးစစ်စရန် ဟန်ပြင်နေသည့် အရိပ်အယောင်ကို တွေ့မြင်နေရချေပြီ။ သို့ရာတွင် ကြိုတင်ပြင်ဆင်မှုနှင့် ချိတ်ဆက်မှုတို့ အားနည်းပါက အဆိုပါ ထိုးစစ်သည် အရာရောက်မည် မဟုတ်ဘဲ အောင်မြင်မှုမရခင် လမ်းတဝက်တွင် ရပ်တန့်သွားနိုင်ပေသည်။ အချုပ်အားဖြင့် ဆိုရလျှင် စစ်ကောင်စီအား အလဲထိုးရန်အတွက် တော်လှန်ရေးအဖွဲ့များအကြား ဟန်ချက်ညီညီ တပြိုင်နက် ထိုးစစ်ဆင်ကြရန် အရေးကြီးလှပေသည်။
(ဖီးနစ်သည် ရန်ကုန်တက္ကသိုလ်မှ CDM လုပ်ထားသော ကျောင်းသားတဦးဖြစ်သည်။ စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။)
You may also like these stories:
ကွမ်းလုံနှင့် နမ့်ခမ်းမြို့ကို ညီနောင်မဟာမိတ်တပ် ထိန်းချုပ်
စစ်အုပ်ချုပ်ရေးအမိန့် အပစ်ရပ်မှုကို ထိခိုက်နိုင်ဟု ညီနောင်အဖွဲ့ တုံ့ပြန်
ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ်နဲ့ အရှိန်မြင့်လာတဲ့ ၁၀၂၇ စစ်ဆင်ရေး (ရုပ်/သံ)
၁၀၂၇ ဒုတိယလှိုင်းနှင့် မန္တလေးမြောက်ပိုင်း ထိုးစစ်
၁၀၂၇ စစ်ဆင်ရေးကို အရှိအတိုင်း ရှုမြင်သုံးသပ်ခြင်း
၁၀၂၇ စစ်ဆင်ရေး ၃ လအတွင်း စစ်ကောင်စီ အရှက်တကွဲ ဆုံးရှုံးရမှုများ