မြန်မာနိုင်ငံမှ စစ်ဖြစ်နေသည့် နယ်စပ်ဒေသ အဓိကမြို့ကြီးများတွင် ပုံစံတခု ပေါ်ပေါက်လာနေသည်။ မြောက်ပိုင်း ကချင်ပြည်နယ်မှ မြစ်ကြီးနားနှင့် ဗန်းမော်မှသည် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း လားရှိုးအထိနှင့် အနောက်ပိုင်း ဘင်္ဂလားပင်လယ်အော်မှ စစ်တွေအထိတွင် စစ်တပ်သည် လေကြောင်း၊ အမြောက်များနှင့် လက်နက်ခဲယမ်း အများအပြားဖြင့် ကာကွယ်ထားသည့် မြို့ပြခံတပ်များသို့ ဆုတ်ခွာနေသည်။
တိုင်းရင်းသားလက်နက်ကိုင် တပ်များ၏လက်တွင် ရှစ်လကြာ ရှုံးနိမ့်မှုများကြောင့် အရူးမီးဝိုင်း ဖြစ်နေသော စစ်ကောင်စီသည် နှေးကွေးသော်လည်း သေချာသည့် ဖြူကောင်တကောင်၏ သေနင်္ဂဗျူဟာသို့ တဖြည်းဖြည်း ပြောင်းလဲနေသည်။ သေလောက်အောင် ချွန်ထက်နေသည့် ဆူးတောင်များကို ဖြန့်ထောင်ပြီး ခွေခွေလေး နေခြင်းဖြစ်သည်။
ယခုနှစ် အစောပိုင်းက တိုင်းရင်းသားနယ်စပ်ဒေသများတွင် စတင်ခဲ့သည့် ရှုံးနိမ့်မှုများ တနိုင်ငံလုံးသို့ ပျံ့နှံ့လာသည့် ဖြစ်ရပ်ဖြစ်လာစဉ် ထိုစစ်စီမံချက်သည် စစ်ကောင်စီ ဆက်လက် ရှင်သန်ရေးအတွက် လက်တွေ့ကျသည့် လမ်းကြောင်းတခု ပေးနိုင်၊ မပေးနိုင်ကို လာမည့်လများတွင် အဆုံးအဖြတ်ပေးမည် ဖြစ်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဖြူကောင်၏ သေနင်္ဂဗျူဟာသို့ ပြောင်းလဲမှု စတင်နေပြီ ဖြစ်သည်။
ဇွန်လ ၂၅ ရက်နေ့မှစတင်ပြီး တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၏ ပလောင်တိုင်းရင်းသား လက်နက်ကိုင်များနှင့် ၎င်းတို့၏ မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များသည် စစ်တပ်ကို ရှေးမြန်မာမြို့တော် မန္တဘေးဘက်သို့ စတင် မောင်းထုတ်နေပြီဖြစ်သည်။ ထိုမြို့မြောက်ဘက် ကပ်လျက် မတ္တရာမြို့နယ်နှင့် မန္တလေးမြို့ အရှေ့ဘက် တောင်တန်းများပေါ်မှ စစ်တပ်၏ ကျော်ကြားသော စစ်တက္ကသိုလ် (DSA) ရှိရာ ပြင်ဦးလွင်သို့ ထိုးစစ်ဆင်နေသည်။

မြို့ပြအမာခံဒေသများသို့ စစ်တပ်၏ မပြီးဆုံးနိုင်သော ဆုတ်ခွာမှုသည် အရှိန်အဟုန် မလျှော့သည့် တော်လှန်ရေး အင်အားစုများ၏ အပြင်းအထန် ချီတက်လာခြင်းကို အသိရှိရှိ တုံ့ပြန်သည့် သေနင်္ဂဗျူဟာ မဟုတ်ဘဲ ဖရိုဖရဲဆုတ်ခွာခြင်းသာ ဖြစ်သည်။ သို့သော် ကြိုတင်စီမံခြင်းမရှိဘဲ အခြေအနေက တွန်းပို့သောကြောင့် ထိုသို့ ဆုတ်ခွာရခြင်းဖြစ်လျှင်ပင် ပေါ်ပေါက်လာနေသည့် မြို့ပြဖြူကောင် သေနင်္ဂဗျူဟာသည် သိသာထင်ရှားသည့် အကျိုးကျေးဇူး သုံးခု ရှိနေသည်။
မြို့ပြအမာခံဒေသများသို့ စစ်တပ်၏ မပြီးဆုံးနိုင်သော ဆုတ်ခွာမှုသည် အရှိန်အဟုန် မလျှော့သည့် တော်လှန်ရေး အင်အားစုများ၏ အပြင်းအထန် ချီတက်လာခြင်းကို အသိရှိရှိ တုံ့ပြန်သည့် သေနင်္ဂဗျူဟာ မဟုတ်ဘဲ ဖရိုဖရဲဆုတ်ခွာခြင်းသာ
စစ်ရေးအရကြည့်ပါက ထိုသို့လုပ်ခြင်းသည် တော်လှန်ရေးအင်အားစုများကို နယ်စပ်ဒေသ တောင်တန်းများနှင့် တောများမှ ဆင်းပြီး စစ်တပ်ကို မြို့ကြီးများ ပတ်လည်မှ လွင်ပြင်နှင့် စပါးခင်းများတွင် လာရောက် ထိတွေ့လာစေရန် ဖိတ်ခေါ်နေသည်။ ထိုနေရာများတွင် စစ်တပ်၏ အမြောက်၊ သံချပ်ကာနှင့် လေကြောင်းစွမ်းအား အလွန်အမင်း အားသာမှုသည် အထိရောက်ဆုံး ဖြစ်သည်။ ထိုသို့ သက်ရောက်အောင် လုပ်နိုင်လျှင် စစ်တပ်၏ ပစ်အားသည် လက်နက်တပ်ဆင်မှု အားနည်းပြီး ညှိနှိုင်းမှု လစ်ဟာသော PDF များကို ထိခိုက်သေဆုံးစေနိုင်သည်။
နိုင်ငံရေးအရကြည့်ပါက မြို့ပြဒေသများကို စစ်ကောင်စီ၏ လုပ်ဆောင်မှုသည် မြန်မာလူဦးရေ အများစုအပေါ် ထိန်းချုပ်ထားခြင်းဖြစ်ပြီး လာမည့်နှစ်တွင် စီစဉ်ထားသည့် ရွေးကောက်ပွဲအတွက် အခြေခံအုတ်မြစ်ကို ဖြစ်စေသည်။ ထိုရွေးကောက်ပွဲသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ကပ်ဆိုးသဖွယ်ဖြစ်သော နိုင်ငံရေးတဖက်ပိတ်လမ်းတွင် ပိတ်မိနေသည့် စစ်တပ်အတွက် တခုတည်းသော ထွက်ပေါက်သေနင်္ဂဗျူဟာ ဖြစ်သည်။
သံတမန်ရေးအရ ကြည့်ပါက မည်မျှ ကန့်သတ်ထိန်းချုပ်၊ အပြစ်အနာအဆာ မကင်းသည်ဖြစ်စေ ရွေးကောက်ပွဲလုပ်ငန်းစဉ် ပုံစံတမျိုးမျိုး လုပ်နိုင်ပါက ပေါ်ပေါက်လာသည့် အရပ်သားအစိုးရအတုသည် နိုင်ငံတကာ ကြားဝင်ပေးသည့် စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းတွင် ယခု စစ်မြေပြင်ရှုံးနိမ့်မှုများကို အနိုင်ပြန်ယူရေး စစ်တပ်အတွက် လုံလုံလောက်လောက် အချိန်ဆွဲပေးနိုင်သည်။
သေချာသည်မှာ မြန်မာ၏ အဓိက အိမ်နီးချင်းများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) တို့က ထိုရွေးကောက်ပွဲကို အချိန်မဖြုန်းဘဲ ထောက်ခံကြမည်ဖြစ်ပြီး စစ်ဝတ်စုံ မဝတ်ဘဲ အရပ်သားပုဆိုးဝတ်သည့် မည်သည့်အစိုးရနှင့်မဆို ထိတွေ့ဆက်ဆံမှု ချဲ့ထွင်ကြမည်ဖြစ်သည်။ ထို ထိတွေ့ဆက်ဆံမှု အရှိန်ရလာသောအခါ အနောက်နိုင်ငံများသည်လည်း စိတ်မပါသည့်တိုင် တဖြည်းဖြည်းနှင့် ထိုလမ်းကြောင်းအတိုင်း လိုက်ရမည် ဖြစ်သည်။
လာမည့်နှစ်အတွက် အရေးအပါဆုံးမေးခွန်းမှာ လူဦးရေထူထပ်သည့် နိုင်ငံအလယ်ပိုင်းဒေသ မြို့ကြီးများကို အားထားသည့် စစ်ကောင်စီ၏ ဖြူကောင်သေနင်္ဂဗျူဟာသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးကို ဆက်လက် ထိန်းသိမ်းနိုင်ရေး အချိန်ကြာကြာ ဆွဲထားနိုင်မည်လားဆိုသည့် မေးခွန်းဖြစ်သည်။
လာမည့်နှစ်အတွက် အရေးအပါဆုံးမေးခွန်းမှာ လူဦးရေထူထပ်သည့် နိုင်ငံအလယ်ပိုင်းဒေသ မြို့ကြီးများကို အားထားသည့် စစ်ကောင်စီ၏ ဖြူကောင်သေနင်္ဂဗျူဟာသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးကို ဆက်လက် ထိန်းသိမ်းနိုင်ရေး အချိန်ကြာကြာ ဆွဲထားနိုင်မည်လားဆိုသည့် မေးခွန်းဖြစ်သည်။
၂၀၂၄ ခုနှစ် မိုးရာသီအစတွင် ရှင်းလင်းသောအဖြေတခု ပေးရမည်ဆိုလျှင် စွန့်စားလွန်းရာ ရောက်မည်ဖြစ်သည်။ ဆက်လက် မြင့်မားလာနေသည့် ယခင်မကြုံဖူးသည့် စိန်ခေါ်မှုများကြောင့် အားအင်ကုန်ခန်း ပင်ပန်းနွမ်းနယ်နေသော ရန်မီးဝိုင်းခံ စစ်ကောင်စီ၏ ဆက်လက်ရှင်သန်မှုနှင့် ပတ်သက်သည့် မလွှဲမရှောင်သာသောအရာ ဘာမှမရှိသည်မှာ သေချာသည်။
၁၉၇၅ ခုနှစ်က ဗီယက်နမ်နှင့် ကမ္ဘောဒီးယား၊ ၁၉၉၂ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်မှ ပဋိပက္ခ နောက်ဆုံးတိုက်ပွဲများသည် ငြင်းပယ်မရသည့် သင်ခန်းစာတခုကို ညွှန်ပြနေသည်။ ပြည်ပထောက်ခံမှုရပြီး လက်နက်ကောင်းစွာ တပ်ဆင်ထားသော်လည်း ကျဉ်းမြောင်းလာသည့် မြို့ပြဒေသများ ကာကွယ်ရေးကို အဓိကထားနေသော စစ်တပ်များအား နေရာအနှံ့အပြားမှ ခုခံတော်လှန်ရေး အင်အားစုများက ပြိုကွဲပြိုလဲသည်အထိ တိုက်ခိုက်နိုင်သည်ဆိုသည့် သင်ခန်းစာဖြစ်သည်။
အလားတူစွာပင် မြန်မာ၏ ဖက်ဒရယ် ဒီမိုကရက်တစ် ခုခံတော်လှန်ရေး အောင်မြင်မှုနှင့် ပတ်သက်သည့် ကံကြမ္မာက မျက်နှာသာပေးသည့်အရာ ဘာမှမရှိပေ။ ကျယ်ပြန့်သော လူထုထောက်ခံမှု ရသော်လည်း နွေဦးတော်လှန်ရေးတွင် အောင်ပွဲအတွက် အရေးအပါဆုံး လိုအပ်ချက်များ ဆက်လက် ကင်းမဲ့နေသည်။ သေနင်္ဂဗျူဟာကျသည့် ညီညွတ်မှု၊ လမ်းညွှန်မှုပေးနိုင်သည့် ဦးဆောင်နိုင်ငံရေးပါတီ၊ စိတ်အားတက်ကြွ စုစည်းရန် စည်းရုံးဆွဲဆောင်နိုင်သည့် ခေါင်းဆောင်မှု၊ ရုပ်ဝတ္တုနှင့် သံတမန်ရေးထောက်ခံမှုပေးရန် စိတ်အားထက်သန်သည့် ပြင်ပထောက်ခံသူတို့ ဖြစ်သည်။
သေနင်္ဂဗျူဟာကျသော နည်းလမ်း နှစ်ခု
လာမည့်နှစ်အတွင်း မြန်မာ၏ ဖရိုဖရဲနိုင်သည့် စစ်မြေပြင်ကို ပုံဖော်ရာတွင် အဓိက အချိန်မရွေး ပြောင်းလဲနိုင်သည့် အခြေအနေ နှစ်ခုသည် အရေးပါမည်ဖြစ်သည်။ ယနေ့တွင် မသိနိုင်သော်လည်း ထိုအချက် နှစ်ခုလုံးသည် ၂၀၂၅ ခုနှစ် နှစ်ဦးတွင် အပြည့်အဝ ပုံပေါ်လာမည် ဖြစ်သည်။
ပထမနှင့် ပိုအရေးပါနိုင်သည့်အချက်မှာ စစ်ကောင်စီ၏ ဖြူကောင် သေနင်္ဂဗျူဟာအပေါ် တန်ပြန်ရန် တော်လှန်ရေး အင်အားစုများက တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်နည်းလမ်း ချမှတ်နိုင်သည့် အတိုင်းအတာဖြစ်သည်။
တိုက်ရိုက်နည်းလမ်းတခုသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံဖြစ်စေ၊ သီးခြား လွတ်လပ်သည်ဖြစ်စေ PDF တပ်များနှင့် သက်ဆိုင်သည်။ ၂၀၂၁ ခုနှစ်မှ စတင်သည့် သုံးနှစ်ခွဲကြာ ပဋိပက္ခအတွင်း အသိအမှတ်ပြုဖွယ် တော်လှန်ရေး စိတ်ဓာတ်ကို ဆိုးရွားသည့် အကျိုးဆက် ဖြစ်စေနိုင်သော ကျယ်ပြန့်သော မြို့ပြဒေသများကို တိုက်ခိုက်ရန် ကြိုးစားပြီး စစ်တပ်၏ အင်အားကြီးသော လက်နက်များရှေ့တွင် သတ်ဖြတ်ခံရမည့် အန္တရာယ်ကို ရင်ဆိုင်မှု ပါဝင်သည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန၏ သဘောသဘာဝမှာ ၎င်းတို့၏ ပစ္စည်းထောက်ပံ့နိုင်မှုနှင့် ထိရောက်သော ကွပ်ကဲထိန်းချုပ်မှု ကင်းမဲ့ခြင်းကို တနှစ်အတွင်း စစ်အောင်နိုင်ရေး ကြွေးကြော်သံဖြင့် ပြန်လည် ဖြည့်စွက်ခြင်း ဖြစ်သည်။ စစ်မှန်သော စစ်ရေးအတွေ့အကြုံနည်းသည့် ကာကွယ်ရေး ဝန်ကြီးဌာနသည် ထိုသို့ စိတ်အားတက်ကြွစရာ ကောင်းသော်လည်း လက်တွေ့မကျသည့် ရည်မှန်းချက်များဖြင့် ရှေ့ဆက်မည်၊ မဆက်မည်ကို အာမခံနိုင်ခြင်း မရှိသေးပေ။
NUG ကာကွယ်ရေးဝန်ကြီးဌာန၏ သဘောသဘာဝမှာ ၎င်းတို့၏ ပစ္စည်းထောက်ပံ့နိုင်မှုနှင့် ထိရောက်သော ကွပ်ကဲထိန်းချုပ်မှု ကင်းမဲ့ခြင်းကို တနှစ်အတွင်း စစ်အောင်နိုင်ရေး ကြွေးကြော်သံဖြင့် ပြန်လည် ဖြည့်စွက်ခြင်း ဖြစ်သည်။ စစ်မှန်သော စစ်ရေးအတွေ့အကြုံနည်းသည့် ကာကွယ်ရေး ဝန်ကြီးဌာနသည် ထိုသို့ စိတ်အားတက်ကြွစရာ ကောင်းသော်လည်း လက်တွေ့မကျသည့် ရည်မှန်းချက်များဖြင့် ရှေ့ဆက်မည်၊ မဆက်မည်ကို အာမခံနိုင်ခြင်း မရှိသေးပေ။
၎င်းနှင့်အပြိုင် သွယ်ဝိုက်နည်းလမ်းတွင် အင်အားကုန်ခန်းနေပြီးဖြစ်သည့် စစ်ကောင်စီတပ်များကို သွေးခွဲပြီး အားအင်ဆုတ်ယုတ်အောင် ရည်ရွယ်သည့် ဘက်စုံအားထုတ်မှု ပါဝင်သည်။ ညှိနှိုင်းဆောင်ရွက်မှု အနည်းငယ်သာ လိုအပ်သောကြောင့် အခြေခံစစ်ဆင်ရေး အာရုံစိုက်မှုသည် အထူးသဖြင့် လာမည့်လများတွင် မြို့ပြဒေသများ မဟုတ်ဘဲ သေနင်္ဂဗျူဟာကျသည့် လမ်းများ၊ ရထားလမ်းများနှင့် ၎င်းတို့ကို ဆက်သွယ်ထားသည့် မြစ်ကြောင်း ဆက်သွယ်ရေးလမ်းကြောင်းများတွင် ဖြစ်သည်။
အတိုချုပ်အားဖြင့် ဆိုရပါက လမ်းများအတွက် တိုက်ပွဲများသည် မည်သည့်မြို့ကိုမဆို တိုက်ခိုက်သည့် တိုက်ပွဲထက် စောလျင်စွာ ဖြစ်လာမည်ဖြစ်သည်။ ထောက်ပံ့ရေးလမ်းကြောင်းများ ပိတ်ဆို့ပြီး တပ်တွင်း ပြိုကွဲအောင် လုပ်ဆောင်ခြင်းဖြင့် တော်လှန်ရေးအင်အားစုများသည် မြို့ကြီးများကို သိမ်းရန် တိုက်ပွဲလိုအပ်ချက်ကို ရှောင်ရှားနိုင်သည်။ ထိုသို့ဖြစ်ခြင်းသည် မတော်တဆဖြစ်ခြင်း မဟုတ်ကြောင်း အထက်ပါ အင်ဒိုချိုင်းနားနှင့် အာဖဂန်နစ္စတန် ဥပမာများက ပြသသည်။ မြို့တော် သုံးခုဖြစ်သော ဆိုင်ဂုံ၊ ဖနွမ်ပင်နှင့် ကဘူးလ်တို့သည် ခုခံမှုမရှိ သို့မဟုတ် ခုခံမှု အနည်းငယ်ဖြင့် အစိုးရဆန့်ကျင်ရေး အင်အားစုများလက်သို့ ကျရောက်သွားသည်။
မြန်မာနိုင်ငံအလယ်ပိုင်း၏ မြေမျက်နှာသွင်ပြင်သည် ထိုသေနင်္ဂဗျူဟာအတွက် အလွန်ကောင်းမွန်သော အခြေအနေကို ဖန်တီးပေးသည်။ ဧရာဝတီမြစ်ကြောင်းတလျှောက် မြောက်-တောင် ဆက်သွယ်ရေး ပင်မလမ်းကြောင်းများနှင့် စစ်တောင်းမြစ်ဝှမ်းကို အနောက်ဘက်တွင် ရခိုင်ရိုးမ၊ ချင်းတောင်တန်းများ၊ အရှေ့ဘက်တွင် ကရင်တောင်တန်းများနှင့် နိုင်ငံအလယ်ပိုင်းကျောရိုးတွင် ပဲခူးရိုးမတို့က ဝိုင်းရံထားသည်။

တပ်ဖွဲ့ငယ် ပစ်-ပြေး ခြုံခိုတိုက်ခိုက်မှုနှင့် နှောက်ယှက်မှုဖြင့် စတင်ခဲ့သည့် တိုက်ခိုက်မှုသည် အရေးပါသော လောင်စာနှင့် ခဲယမ်း ပေးပို့ရေးအတွက် အရေးပါသည့် ဆက်သွယ်ရေးနှင့် ထောက်ပံ့ရေး လမ်းကြောင်းတလျှောက် ချေမှုန်းရေးစစ်ပွဲတခု ဖြစ်လာသည်။ ထိုလုပ်ငန်းစဉ်ကြောင့် လက်ရှိစစ်ကောင်စီသည် အဓိကကျသည့် လမ်းကြောင်းများကို ဆက်ဖွင့်ထားရန်နှင့် ပြန်လည်ဖွင့်ရန် ပင်ပန်းပြီး အကုန်အကျများသည့် စစ်ဆင်ရေးများ ပြုလုပ်ရကာ အရေးမပါသော လမ်းများနှင့် မြို့ငယ်များကို ကာကွယ်ရန် တပ်အင်အား မရှိသောကြောင့် စွန့်လွှတ်ရသည်။
ထိုသို့သော သေနင်္ဂဗျူဟာသည် ကပ္ပလီပင်လယ်တလျှောက် တနင်္သာရီတိုင်းတောင်ပိုင်း ကမ်းမြှောင်ဒေသမှ စစ်ကောင်စီထိန်းချုပ်သည့် မြို့ကြီးများကို ဆက်သွယ်သည့် အဓိက အဝေးပြေးလမ်းများ တလျှောက်၊ ရန်ကုန်-မော်လမြိုင်နှင့် ရန်ကုန်-မန္တလေး ရထားလမ်းများကို ဖျက်ဆီးရာတွင် လွန်ခဲ့သော ပွင့်လင်းရာသီအတွင်း အလိုအလျောက် ပေါ်ပေါက်လာသည်။
လာမည့်လများအတွင်း သေနင်္ဂဗျူဟာ အရှိန်အဟုန်သည် စစ်ဆင်ရေးတခုမှ လမ်းများကို ရက်ပေါင်းများစွာ ဖြတ်တောက်ထားရန်၊ ၎င်းတို့ ရွေးချယ်သည့် နေရာများတွင် စစ်ကောင်စီတပ်များကို အင်အားဖြင့် ခြုံခိုတိုက်ခိုက်ရန်နှင့် အနီးရှိ တောင်တန်းများတွင် ပျောက်ကွယ်သွားကာ အခြားနေရာများတွင် ထပ်မံတိုက်ခိုက်မှုများ လုပ်ရန် ပိုမိုကြီးမားသည့် ရွေ့လျား တော်လှန်ရေးတပ်များ လိုအပ်မည်
သို့သော် လာမည့်လများအတွင်း သေနင်္ဂဗျူဟာ အရှိန်အဟုန်သည် စစ်ဆင်ရေးတခုမှ လမ်းများကို ရက်ပေါင်းများစွာ ဖြတ်တောက်ထားရန်၊ ၎င်းတို့ ရွေးချယ်သည့် နေရာများတွင် စစ်ကောင်စီတပ်များကို အင်အားဖြင့် ခြုံခိုတိုက်ခိုက်ရန်နှင့် အနီးရှိ တောင်တန်းများတွင် ပျောက်ကွယ်သွားကာ အခြားနေရာများတွင် ထပ်မံတိုက်ခိုက်မှုများ လုပ်ရန် ပိုမိုကြီးမားသည့် ရွေ့လျား တော်လှန်ရေးတပ်များ လိုအပ်မည်ကို သံသယဖြစ်ရန် မလိုပေ။
ထိုကဲ့သို့သော နည်းဗျူဟာသည် ၁၉၄၄ ခုနှစ် အစောပိုင်းက စစ်ကိုင်းတိုင်းမြောက်ပိုင်း အင်းတော်ဒေသတွင် ဂျပန်တော်ဝင်တပ် စစ်ကြောင်းများ၏ နောက်မှ လှုပ်ရှားသည့် ဗြိတိန် ချင်းဒစ် (ခြင်္သေ့) စစ်ကြောင်းက လုပ်ခဲ့သည့် စစ်ဆင်ရေးများကို ထင်ဟပ်နေပြီး ထိုစစ်ဆင်ရေးများသည် ၎င်းတို့၏ ထောက်ပံ့ရေးလမ်းကြောင်းများကို အကြီးအကျယ် ဖြတ်တောက်ခဲ့သည်။
သွယ်ဝိုက်နည်းလမ်း၏ အခြားသော အစိတ်အပိုင်းများတွင် စစ်ကောင်စီက ဆုံးရှုံးပြီးနောက် လူအင်အား လိုအပ်ချက်ကြောင့် ပြန်လည် မသိမ်းပိုက်နိုင်သည့် အစွန်အဖျားမြို့နယ်များနှင့် စီးပွားရေးအကျပ်အတည်း မြင့်မားနေပြီးဖြစ်ကာ စိတ်ပျက်နေသော ကြီးမားသည့် ပြည်သူလူထုက စစ်ကောင်စီကို မကြာမီ စိန်ခေါ်မှုများ ပြုလုပ်မည့် မြို့ကြီးများတွင် ထိခိုက်စေမည့် ပြောက်ကျားတိုက်ခိုက်မှုများ ပါဝင်သည်။
အချိန်မရွေးပြောင်းလဲနိုင်သည့် လူမျိုးစု အခြေအနေ
ဒုတိယ ပြောင်းလဲသွားနိုင်သည့် အခြေအနေသည် အဓိကကျသည့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း ခေါင်းဆောင်များ၊ အထူးသဖြင့် ကချင်၊ ကရင်၊ တအာင်းနှင့် ရခိုင်အဖွဲ့အစည်းများက ယခု မဆုံးဖြတ်ရသေးလျှင် မကြာမီ ချမှတ်ရမည့် ဆုံးဖြတ်ချက်တခုအပေါ် မူတည်သည်။
သမိုင်းဝင် သက်ရောက်မှုများဖြစ်စေမည့် ထိုဆုံးဖြတ်ချက်များသည် မည်သည့်လူမျိုးစု အသိုက်အဝန်းမဆို ရေရှည်အကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာ အကျိုးပြုမည့် နိုင်ငံ၏ အလယ်ပိုင်းတွင် မည်သူအာဏာရမည်နှင့် ပတ်သက်သည့် အမြင်အပေါ်တွင် ရိုးရှင်းစွာ မူတည်နေသည်။
ရွေးချယ်စရာတခုတွင် သွယ်ဝိုက်သေနင်္ဂဗျူဟာအနေဖြင့် မဟာမိတ် PDF များကို ခဲယမ်း၊ အကြံပေးနှင့် လေ့ကျင့်မှုအတွက် ပိုမိုများပြားသည့် ထောက်ခံမှု ပေးပြီး NUG ကို ဗဟိုပြုသည့် ကြားဖြတ်အုပ်ချုပ်ရေးကို ကြိုဆိုခြင်းဖြင့် စစ်ကောင်စီနှင့် စစ်ရေးချိန်ခွင်လျှာ ထိန်းထားရန် ဖြစ်သည်။
ရွေးချယ်စရာတခုတွင် သွယ်ဝိုက်သေနင်္ဂဗျူဟာအနေဖြင့် မဟာမိတ် PDF များကို ခဲယမ်း၊ အကြံပေးနှင့် လေ့ကျင့်မှုအတွက် ပိုမိုများပြားသည့် ထောက်ခံမှု ပေးပြီး NUG ကို ဗဟိုပြုသည့် ကြားဖြတ်အုပ်ချုပ်ရေးကို ကြိုဆိုခြင်းဖြင့် စစ်ကောင်စီနှင့် စစ်ရေးချိန်ခွင်လျှာ ထိန်းထားရန် ဖြစ်သည်။
အခြားနည်းလမ်းတခုမှာ လူမျိုးစု အကျိုးစီးပွားများကို ပိုမိုအကျိုးပြုနိုင်သည့် လက်ရှိ အနိုင်ရပြီး စစ်မြေပြင်များတွင် ရရှိထားသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို စစ်ကောင်စီနှင့် တရားဝင်ပြုလုပ်ကာ ပြုပြင်ပြောင်းလဲရေး မလုပ်သော်လည်း အင်အားချိနဲ့သွားသည့် နေပြည်တော် စစ်ကောင်စီအား နိုင်ငံကို ရှေ့ဆက်မောင်းနှင်မည့် နေရာတွင် လက်ခံခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ် နှစ်လယ်နှောင်းပိုင်းတွင် ပကတိအခြေအနေမှာ လူမျိုးစု တပ်မတော်များ၏ အခြေအနေကို စောင့်ကြည့် သို့မဟုတ် ကာကွယ်သည့် နည်းလမ်းသည် လက်နက်တပ်ဆင်မှုချို့တဲ့ပြီး ညွှန်ကြားမှု မကောင်းသည့် PDF များ၏ အောင်ပွဲထက် စစ်ကောင်စီ ဖြူကောင် သေနင်္ဂဗျူဟာ ဆက်လက် ရှင်သန်ရေးနည်းလမ်းများကို ပိုမို အားသာစေသည်။
ထို အချိန်မရွေးပြောင်းလဲနိုင်သည့် အခြေအနေများသည် စစ်တပ်၏ အားနည်းချက်ဖြစ်သည့် စစ်အင်အားချို့တဲ့မှုနှင့် အပြိုင်ဖြစ်နေသည်။ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း စစ်တပ် ခြေလျင်တပ်ရင်းများအတွက် အမြဲတမ်းရှိနေသည့် ပြဿနာမှာ ဖွဲ့စည်းပုံ အင်အား ၈၂၇ ဦးမဟုတ်ဘဲ အင်အား ၂၀၀ ခန့်သာ ရှိနေခြင်းသည် တပ်ပျက်မည့် လက္ခဏာကိုပြသည့် လက္ခဏာဖြစ်သည်။
စစ်မှုမထမ်းမနေရဥပဒေကို လွန်ခဲ့သော ဖေဖော်ဝါရီလတွင် စတင်ကျင့်သုံးပြီး အတင်းအကျပ် စစ်သားစုဆောင်းမှု အရှိန်မြှင့်တင်ရန် ဂမူးရှူးထိုး လုပ်ကိုင်ခြင်းသည် ဝီကီပီဒီးယားက ဖော်ပြသကဲ့သို့ စစ်တပ်အင်အား ၃ သိန်းခွဲမှ ၄ သိန်းအထိ ရှိသည်ဆိုသည့် ဒဏ္ဍာရီ မမှန်ကန်ဘဲ လိမ်ညာထားကြောင်း ဖော်ပြနေသည်။ ထိုတွက်ချက်မှုသည် စစ်ရေးနှင့်မဆိုင်သည့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ နည်းပညာနှင့် ဆေးဘက်ဆိုင်ရာများ အပါအဝင် တပ်ဖွဲ့တိုင်းတွင် အင်အားအပြည့် ရှိသည်ဆိုသည့် အမည်ဆိုးကျော်ကြားသည့် ချဲ့ထွင်ဇာတ်လမ်းများကို အခြေပြုခြင်း ဖြစ်သည်။
ယနေ့တွင် စစ်ကောင်စီ၏ စစ်ဆင်နိုင်သည့် အင်အားကို ယုံကြည်လောက်သည့် မြန်မာနှင့် ပြည်ပ သုတေသီများ၏ အကဲဖြတ်ချက်များအရ တိုက်ခိုက်ရေး စစ်အင်အား ၇ သောင်းနှင့် ၉ သောင်းကြားသာ ရှိသည်။
ထိုသို့ အင်အား လျော့နည်းခြင်းကို အချက် နှစ်ချက်က ပိုမိုဆိုးရွားစေသည်။ ပထမအချက်သည် စနစ်နှင့် ဆိုင်သည်။ ပြည်ပကျူးကျော်မှုကို ကာကွယ်ရန် မဟုတ်ဘဲ တနိုင်ငံလုံးမှ လူဦးရေကို စောင့်ကြပ်ရန် နိုင်ငံရေးအရ လိုအပ်သည့် စစ်တိုင်း ၁၄ တိုင်းတွင် အင်အားနည်းသည့် တပ်ရင်းအရွယ် တပ်ဖွဲ့ဖြန့်ကြက်မှု၊ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် ဖြန့်ကြက်မှု ဖြစ်သည်။
မကြာသေးမီက ပွင့်လင်းရာသီတွင် ရခိုင်နှင့် ကချင်ပြည်နယ်များတွင် မီးမောင်းထိုးပြသည့် ဒုတိယအချက်မှာ စစ်ဆင်ရေးနှင့် သက်ဆိုင်သည်။ တန်ပြန်ထိုးစစ်အတွက် တပ်များကို ပြန်လည်စုစည်းရန် နယ်မြေများကို ယာယီ စွန့်လွှတ်ရေး စိတ်အားထက်သန်မှု မရှိသည့် ခေါင်းမာမှု ဖြစ်သည်။
အဖန်ဖန် ပြန်လည် ဖြစ်ပေါ်နေသည့် ရလဒ်မှာ သီးခြားဖြစ်နေသည့် တပ်ရင်းများ သို့မဟုတ် စစ်ဆင်ရေးကွပ်ကဲမှု ဌာနများ သိမ်းပိုက်ခံရသည်အထိ တိုက်ခိုက်ခြင်း သို့မဟုတ် သွေးထွက်သံယိုများပြီး လက်နက်ချရခြင်း ဖြစ်သည်။
လက်တွေ့တွင် စစ်တပ်သည် တလလျှင် လူ ၅,၀၀၀ စစ်သားစုဆောင်းမည့် အရေအတွက်ထက် ကျော်လွန်သည့် စစ်မြေပြင် ဆုံးရှုံးမှု အန္တရာယ်များကို မကြာမီ ရင်ဆိုင်ရမည် ဖြစ်သည်။ စစ်တိုက်ရန် စိတ်အားထက်သန်စေကာမူ တိုက်ပွဲအတွေ့အကြုံ မရှိခြင်းသည် ထိုအန္တရာယ်ကို ကြုံစေမည်။

စစ်ကောင်စီထိန်းချုပ် မြို့ပြ ဖြူကောင်များကို ပစ်မှတ်မထားဘဲ ဆက်သွယ်ရေးနှင့် ထောက်ပံ့ရေး စင်္ကြံများကို ပစ်မှတ်ထားသည့် တော်လှန်ရေး သေနင်္ဂဗျူဟာသည် စစ်တပ်၏ ကြီးမားလာနေသည့် လူအင်အား အကျပ်အတည်းကို ပိုမို အရှိန်မြင့်စေရန် ကောင်းစွာ တွက်ချက်ထားသည့် နောက်ထပ် လုပ်ဆောင်ရန်ကိစ္စ ဖြစ်သည်။
သို့သော် ထိုသို့သော သေနင်္ဂဗျူဟာ ချမှတ်၊ မချမှတ် သို့မဟုတ် အမျိုးသားအဆင့်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည့် မြန်မာမှ လူမျိုးစုလက်နက်ကိုင်တပ်များသည် ထိုကိစ္စကို စိတ်အားထက်သန်ခြင်း ရှိ၊ မရှိသည် အာမခံရန် မဖြစ်နိုင်သည့်ကိစ္စလည်း ဖြစ်သည်။
(Asia Times ပါ Anthony Davis ၏ The road to a resistance victory in Myanmar ကို ဘာသာပြန်သည်။ Anthony Davis သည် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူတဦး ဖြစ်သည်။)
You may also like these stories:
မြန်မာ့ပြည်တွင်းစစ်တွင် တံတားများကို ပစ်မှတ်ထားလာခြင်း
မြန်မာ့ ပြောက်ကျားစစ် အောင်နိုင်ရေး အယူအဆ၏ အန္တရာယ်များ
ရှမ်းမြောက် မြို့သိမ်းတိုက်ပွဲများ ပြင်းထန်နေ
စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်
ရမ်၊ ကိုကာကိုလာနှင့် အော်တိုမက်တစ်ရိုင်ဖယ် (သို့မဟုတ်) မြန်မာ့ဂျန်ဇီ ပြောက်ကျားများ