ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီ (PRCF) သည် ၎င်းတို့ရေးဆွဲထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၄) ကို အများပြည်သူသိစေရန် ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
PRCF ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ကရင်အမျိုးသားပါတီ (KNP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP)၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (DNDP)၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ (MNDP)၊ ကယန်းအမျိုးသားပါတီ (KNP)၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP) နှင့် မွန်ရေးရာအဖွဲ့ (MAA) ဆိုသည့် အဖွဲ့ ၁၂ ဖွဲ့တို့ဖြင့် ဖွဲ့ထားသည်။
မူလက PRCF ကို ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေးပြည်သူ့ကော်မတီ (PRF) အဖြစ် ဖွဲ့ထားသော်လည်း ၂၀၂၁ မတ်လ ၁၈ ရက်တွင် PRCF အဖြစ် အမည်ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
PRCF အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရသည့် ရည်ရွယ်ချက်၊ ဥပဒေပါ ထူးခြားသည့် အချက်အလက်များနှင့် ပတ်သက်၍ PRCF အဖွဲ့ဝင် SNLD ပါတီ တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်အား ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ ဘာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆရာတို့ဘက်က ထုတ်ပြန်ကြေညာရတာပါလဲ။
ဖြေ ။ ။ PRCF အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲလာတာက ၂၀၂၂ ကနေဆိုရင် ၁ နှစ်ခွဲ ၂ နှစ်နီးပါး ရှိလာပြီပေါ့။ ဒီအချိန်ကလည်း ကျနော်တို့ PRCF အနေနဲ့က ထုတ်ပြန်သင့်ပြီပေါ့ဗျာ။ အားလုံးက ဆုံးဖြတ်တဲ့အတွက်ကြောင့်မို့လို့ ထုတ်ပြန်ရခြင်းပဲ ဖြစ်ပါတယ်။
မေး ။ ။ PRCF ဖြစ်ပေါ်လာပုံနဲ့ PRCF က ဘယ်လိုအဖွဲ့အစည်းလဲဆိုတာ ပြောပြပေးပါ။
ဖြေ ။ ။ PRCF ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီပေါ့။ ဆိုတော့ အဲဒါက ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖွဲ့စည်းတာဖြစ်တယ်။ ဖွဲ့စည်းတာက အဓိကအားဖြင့် UNA ပေါ့။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) ရဲ့ အဖွဲ့ဝင်အဖွဲ့စည်းအများစုနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ အချို့ကတော့ မပါနိုင်ဘူးပေါ့။ UNA အဖွဲ့ဝင်အများစုရယ်၊ UNA မိတ်ဖက်အချို့ရယ် ပူးပေါင်းပြီး ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးကတည်းကဆိုတော့ ၃ နှစ်နီးပါးလောက် ရှိပြီပေါ့ဗျာ။
မေး ။ ။ PRCF အနေနဲ့ ဆောင်ရွက်မယ့် လုပ်ငန်း ၃ ချက်ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်တဲ့ PRCF ရဲ့ ထုတ်ပြန်ချက်မှာ ထည့်ရေးထားတာတွေ့ပါတယ်။ အဲဒီ လုပ်ငန်း ၃ ချက်အကြောင်း ရှင်းပြပေးလို့ရမလား။
ဖြေ ။ ။ အာဏာရှင်ဆိုတာကတော့ စစ်အာဏာရှင်ပဲဖြစ်ဖြစ်၊ အရပ်သားအာဏာရှင်ပဲဖြစ်ဖြစ် ဘယ်လိုပုံစံမျိုးကိုမှ ကျနော်တို့ လက်ခံလို့မရပါဘူး။ ဒါက ရှင်းလင်းပါတယ်။ ပြီးတော့ ကျနော်တို့ တိုင်းပြည်ကို ကြည့်တဲ့အချိန်မှာ လွတ်လပ်ရေး ရပြီးကတည်းကနေ အခုထက်ထိ ကျနော်တို့တိုင်းပြည်ရဲ့ ပဋိပက္ခက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လုံးလုံးသက်ဆိုင်ပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံဆိုရင်လည်း ပင်လုံမှာ သဘောတူခဲ့တဲ့အချက်အလက်တွေနဲ့ ကွဲပြားတယ်လေ။ ဒါကြောင့် ပြင်ဖို့ကြိုးစားတယ်။ ၁၉၇၄ ကလည်း ဒီအတိုင်းပဲ။ တိုင်းသူပြည်သားတွေရဲ့ ဆန္ဒနဲ့ မကိုက်ညီဘူး။ ၂၀၀၈ လည်း မကိုက်ညီဘူး။
ဖွဲ့စည်းတာက အဓိကအားဖြင့် UNA ပေါ့။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) ရဲ့ အဖွဲ့ဝင်အဖွဲ့စည်းအများစုနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ အချို့ကတော့ မပါနိုင်ဘူးပေါ့။ UNA အဖွဲ့ဝင်အများစုရယ်၊ UNA မိတ်ဖက်အချို့ရယ် ပူးပေါင်းပြီး ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ဒါကြောင့် ကျနော်တို့ တိုင်းပြည်ရဲ့ပြဿနာက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြဿနာလို့ ကျနော်တို့က ရှုမြင်တယ်။ ပြီးတော့ ဖက်ဒရယ်စနစ်နဲ့ ဒီတိုင်းပြည်ကို တည်ဆောက်မယ်ဆိုရင် စုံလင်ကွဲပြားတဲ့ မတူကွဲပြားမှု အင်မတန်မြင့်ပြီးတော့ လူမျိုးပေါင်းစုံနေထိုင်တဲ့ ဒီတိုင်းပြည်အတွက် ဖက်ဒရယ်စနစ်က အကောင်းဆုံးလို့မြင်တယ်။ ပြီးရင် ဖက်ဒရယ်ချည်းပဲလည်း သွားလို့မရဘူး။ ဒီမိုကရေစီနည်းနဲ့လည်း သွားရမှာဖြစ်တယ်။ ဒါကြောင့်မို့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို ပေါ်ပေါက်အောင်ရေးရမယ်။ ပေါ်ထွန်းအောင်ရေးရမယ်ဆိုပြီး ရည်ရွယ်ချက်အနေနဲ့ ရှိရတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဖွဲ့စည်းပုံတခုပေါ်ရုံနဲ့ မရပါဘူး။ တကယ့်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖြစ်အောင် ခိုင်မာအောင် ဘယ်လိုတည်ဆောက်မလဲဆိုတာလည်း အင်မတန်မှ အရေးကြီးပါတယ်။ ဥပမာ ငြိမ်းချမ်းစွာ အတူတကွ ဘယ်လိုယှဉ်တွဲနေထိုင်မလဲပေါ့။ Peaceful Coexistence ပေါ့။ အဲဒီဟာတွေလည်း အင်မတန်အရေးကြီးပါတယ်။ အဲဒီအချက်အလက်တွေမရှိဘဲနဲ့ ပြည်ထောင်စု စုနိုင်အောင်၊ ပြည်ထောင်စု မကွဲမပြားနဲ့ ရှိနိုင်အောင် မတည်ဆောက်နိုင်သေးသ၍တော့ မရဘူးလို့မြင်တယ်။ ဒါကြောင့်မို့ ဒီ ၃ ချက်ကို အဓိက ဦးတည်ချက်အနေနဲ့ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
မေး ။ ။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကိုရော ဆရာတို့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ အကြမ်းဖျင်းကတော့ ဒီအချိန်မှာ စစ်ရေးပိုကဲနေတယ်ပေါ့။ စစ်ရေးအပိုင်းကို ပိုပြီးတော့မှ အားသာကြတယ်။ လုပ်ဖို့ ပိုပြီးတော့ အားသန်ကြတယ်။ အဲဒီလို အခြေအနေတော့ ရှိကြတယ်။ ဒါပေမယ့် ကျနော်တို့က နိုင်ငံရေးသမားတွေ ဆိုတော့ကာ စစ်ရေးအပိုင်းကို ကျနော်တို့ နားမလည်ပါဘူး။ နိုင်ငံတခုမှာ စစ်ရေးတခုပဲ အားသန်လို့မရဘူး။ နိုင်ငံရေးပိုင်းကလည်း အားသာမှသာလျှင် ပြည်သူလူထုရဲ့ လိုအင်ဆန္ဒတွေ ပိုဖြည့်စွမ်းပေးနိုင်မယ်လို့ မြင်တယ်။ ကျနော်တို့မှာက ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တဲ့ဆန္ဒတော့ ရှိပါတယ်။
မေး ။ ။ ဆိုတော့ ဆရာတို့ နိုင်ငံရေးပါတီတွေက Non-Violence (အကြမ်းမဖက်ခြင်း) နည်းလမ်းဘက်ကို ပိုသွားတဲ့သဘောများလား။
ဖြေ ။ ။ ကျနော်တို့ကတော့ ဘယ်ဟာက မှန်တယ်။ ဘယ်ဟာ မှားတယ်တော့ မပြောပါဘူး။ ကျနော်တို့ အားသန်တဲ့ပုံစံကိုပဲ ပြောတာဖြစ်တယ်။ နိုင်ငံရေးနည်းဆိုတဲ့နေရာမှာလည်း ပါတီထောင်တယ်၊ မထောင်ဘူး။ ရွေးကောက်ပွဲဝင်မယ်၊ မဝင်ဘူး။ ဆန့်ကျင်တယ်၊ ကန့်ကွက်တယ်။ Statement (ကြေညာချက်) ထွက်တယ်။ ကိုယ့်ရဲ့ သဘောထားတွေ ထုတ်ပြန်တယ်ဗျာ။ ဒါတွေအားလုံးက နိုင်ငံရေးနည်းလမ်းလို့ ဆိုတယ်။ နောက်ပြီးတော့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာသည်လည်း နိုင်ငံရေးနည်းလမ်းထဲကတခုပေါ့။ အဲဒီလိုမျိုးတော့ ကျနော်တို့ ယုံကြည်ပါတယ်။
နိုင်ငံရေးနည်းဆိုတဲ့နေရာမှာလည်း ပါတီထောင်တယ်၊ မထောင်ဘူး။ ရွေးကောက်ပွဲဝင်မယ်၊ မဝင်ဘူး။ ဆန့်ကျင်တယ်၊ ကန့်ကွက်တယ်။ Statement (ကြေညာချက်) ထွက်တယ်။ ကိုယ့်ရဲ့ သဘောထားတွေ ထုတ်ပြန်တယ်ဗျာ။ ဒါတွေအားလုံးက နိုင်ငံရေးနည်းလမ်းလို့ ဆိုတယ်။ နောက်ပြီးတော့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာသည်လည်း နိုင်ငံရေးနည်းလမ်းထဲကတခုပေါ့။
မေး ။ ။ ဆရာတို့ PRCF အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို ရေးဆွဲရတဲ့ အဓိကအကြောင်းအရင်းက ဘာတွေများဖြစ်မလဲ။
ဖြေ ။ ။ အဲဒါကလည်း အဖွဲ့အစည်း ၁၁ ခုက နိုင်ငံရေးပါတီတွေ ဖြစ်တယ်ပေါ့။ နောက်တခုကလည်း နိုင်ငံရေးအဖွဲ့အစည်းပဲ။ ဆိုတော့ ကျနော်တို့တိုင်းပြည်က ရေရှည်အနာဂတ်မှာကတော့ဖြင့် ကိုင်စွဲရတော့မယ်။ ဒါမှမဟုတ် ကျနော်တို့ တိုင်းပြည်ကတော့ဖြင့် ဒီလိုပုံစံတော့ ဖြစ်သင့်ပါတယ်ပေါ့လေ။ ဒီလိုပုံစံဖြစ်မှသာ ကျနော်တို့ တိုင်းပြည်က ပိုတည်ငြိမ်အေးချမ်းတဲ့ပုံစံမျိုး ရောက်မှာဖြစ်တယ်။ အဲဒီလို ယုံကြည်တဲ့အတွက်ကြောင့် ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲတာဖြစ်တယ်။ ပါတီဆိုတာကလည်း အရင့်အရင် ရွေးကောက်ပွဲတွေမှာ အနည်းနဲ့အများ သက်ဆိုင်ရာနေရာဒေသတွေမှာ ပြည်သူလူထုရဲ့ထောက်ခံမှုတွေ၊ အားပေးကူညီမှုတွေ၊ မဲပေးတာတွေ အများကြီးရခဲ့တဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်ပေါ့။ ဒါကြောင့် တထောင့်တနေရာကနေ ပြည်ထောင်စုကတော့ ဒီလိုဖြစ်ရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်ဆိုပြီး ကျနော်တို့ PRCF က ရေးဆွဲထုတ်ပြန်ရတာ ဖြစ်ပါတယ်။
မေး ။ ။ PRCF က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဓိကအားဖြင့် ဘယ်လိုအကြောင်းအရာတွေ ပါဝင်ပါသလဲ။
ဖြေ ။ ။ အဓိကတော့ ထုတ်ပြန်ချက်ထဲမှာလည်း ကျနော်တို့ ရေးထားပါတယ်။ ကိုးကားတဲ့စာရွက်စာတမ်းက အဓိကအားဖြင့် ၄ ခုပေါ့။ PRCF ရဲ့ အခြေခံမူတွေ၊ ဖက်ဒရယ်ဒီမိုကရေစီချာတာ အစိတ်အပိုင်း (၁) မှာပါတဲ့ အခြေခံမူတွေ၊ FCDCC (ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီ) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ UNA နဲ့ မဟာမိတ်တွေရေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အဲဒါတွေကို ကိုးကားပြီးတော့ အခြေခံပြီး ရေးထားတာဖြစ်တယ်။ အရင့်အရင် ရေးခဲ့တဲ့မူတွေနဲ့ ဘာကွာသလဲဆိုတော့ အကြောင်းအရာအသစ်တချို့ ပါပါတယ်။ ဘဏ္ဍာရေးဆိုင်ရာကိစ္စတွေ ၊ နောက်တခုက အစိုးရချင်းအကြားဆက်ဆံမှုတွေ၊ Administration and Public Services ပေါ့။ FDC မှာက အဲဒီအပိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့် မပါဘူးပေါ့။ ဒီမှာ ကျနော်တို့ ထပ်ပြီးပြင်ဆင်ဖြည့်စွက်ပြီးတော့ ရေးဆွဲထားတာ ဖြစ်ပါတယ်။
မေး ။ ။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နဲ့ ချိတ်ဆက်မှုရှိလား။ တသီးတခြားစီပဲလား။
ဖြေ ။ ။ မူဝါဒပိုင်းအရတော့ မကွဲပြားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖက်ဒရယ်ဒီမိုကရေစီချာတာရဲ့ ကျောရိုးကို သွားကြည့်မယ်ဆိုရင်လည်း အရင့်အရင်က ရှိခဲ့တဲ့ FCDCC ဖွဲ့စည်းပုံနဲ့ သိပ်မကွာပါဘူး။ ခုနက ကျနော်ပြောတဲ့ အကြောင်းအရာတွေ နည်းနည်းပိုလာတာပဲ ရှိပါတယ်။ ဆိုတော့ ကျနော်တို့ရေးဆွဲလိုက်တဲ့ ဟာတွေကလည်း ဒီဟာတွေအပေါ်မှာ ဒီစာတမ်းတွေအပေါ်မှာ အခြေခံထားတယ်ဆိုတော့ ကွဲပြားမှုအများကြီးမရှိဘူး။ နည်းနည်းပါးပါးပဲ ရှိကောင်းရှိမယ်။ အဲဒီလို ပြောလို့ရပါတယ်။
မေး ။ ။ ဒါဆိုရင် အခုက PRFC က လုပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်ကောင်စီကို တော်လှန်တဲ့ နိုင်ငံရေးအင်အားစုတွေ ဆွေးနွေးပြီး ကြေညာထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ကိုယ်စားပြုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလို့ မှတ်ယူလို့ရမလား။
ဖြေ ။ ။ အဲဒီလိုတော့ မှတ်ယူလို့မရဘူးဗျ။ ဘာကြောင့်လဲဆိုရင် ဖက်ဒရယ်ဒီမိုကရေစီချာတာက အဖွဲ့အစည်းပေါင်းမြောက်မြားစွာနဲ့ ပေါင်းပြီးရေးထားတာဖြစ်တယ်။ EAOs တွေလည်းပါတယ်။ တခြားသော အဖွဲ့အစည်းတွေလည်းပါတယ်။ ကျနော်တို့ အခုဟာက PRCF အဖွဲ့ဝင်တွေပဲ ရေးဆွဲထားတဲ့မူဖြစ်တယ်။ ဒါက တချိန်ချိန်ကျရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံး ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆွေးနွေးသယ်ဆောင်သွားပြီး ဒါကို မူကြမ်းအဖြစ် တင်ဆွေးနွေးပြီး ပြင်သင့်တာပြင် စသဖြင့် လုပ်ဆောင်သွားပြီး အားလုံး သဘောတူတယ်ဆိုရင်တော့ အားလုံးလက်ခံတဲ့ ဖွဲ့စည်းပုံအဆင့်ကို ရောက်သွားနိုင်ပါတယ်။ လောလောဆယ်တော့ ဒီဟာက PRCF အဖွဲ့ဝင်တွေ ရေးဆွဲထားတဲ့ အဆင့်ပဲရှိပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီချာတာက အဖွဲ့အစည်းပေါင်းမြောက်မြားစွာနဲ့ ပေါင်းပြီးရေးထားတာဖြစ်တယ်။ EAOs တွေလည်းပါတယ်။ တခြားသော အဖွဲ့အစည်းတွေလည်းပါတယ်။ ကျနော်တို့ အခုဟာက PRCF အဖွဲ့ဝင်တွေပဲ ရေးဆွဲထားတဲ့မူဖြစ်တယ်။
မေး ။ ။ တကယ်လို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး အကြံပြုချက်တွေ ပို့လာရင် ဆွေးနွေးပြီး ပြုပြင်သွားဖို့ အစီအစဉ်တွေ ရှိပါသလား။
ဖြေ ။ ။ ကျနော်တို့နိုင်ငံမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေလည်း အများကြီးပါ။ ကျနော်တို့ လက်လှမ်းမမီတဲ့ လူတွေပေါ့။ ကျနော်တို့ လက်လှမ်းမီတဲ့ ကျနော်တို့ရဲ့ မိတ်ဖက်တွေ ဖြစ်တယ်ဆိုရင်တော့ တိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့ဖြည့်စွက်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်။ လက်လှမ်းမမီဘူး၊ ကျနော်တို့ အဝန်းအဝိုင်းထဲမှာ မဟုတ်ပေမယ့်လည်း ကျနော်တို့အပေါ်မှာ အကြံပြုချက်တွေ ပေးလာတယ်ဆိုရင် ကျနော်တို့ လုပ်ဆောင်နေတဲ့မူတွေနဲ့ မကွဲပြားဘူး။ ဒီထက်တောင် ပိုကောင်းတယ်ဆိုရင်တော့ဖြင့် ကျနော်တို့ လက်ခံသွားဖို့ အဆင်သင့်ရှိပါတယ်။ အဲဒီသဘောပါ။ ဒါက ဒီဖွဲ့စည်းပုံသည် အပြီးမဟုတ်ဘူး၊ အသေမဟုတ်ဘူး။ လုံးဝ ပြုပြင်ပြောင်းလဲလို့၊ အမြဲပြုပြင်ပြောင်းလဲလို့ရတဲ့ ဖွဲ့စည်းပုံဖြစ်တယ်ဆိုတဲ့သဘောနဲ့ ရေးထားတာဖြစ်ပါတယ်။
မေး ။ ။ စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်ထားတာပေါ့။ ဆရာတို့ PRCF ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို ရေးဆွဲထုတ်ပြန်လိုက်တော့ ဆရာတို့ရဲ့ ဖွဲ့စည်းပုံနဲ့ စစ်ကောင်စီရဲ့ ဖွဲ့စည်းပုံက အားပြိုင်သလို ဖြစ်နေမလားပေါ့။ စစ်ကောင်စီဘက်က မလိုလားတဲ့ သဘောထားတွေရှိလာရင် ဆရာတို့ဘက်ကရော ဘယ်လိုသဘောထားမလဲ။
ဖြေ ။ ။ ကျနော်တို့က လူထုကို အတိုင်းအတာတခုအထိ ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ပြီးတော့ ကျနော်တို့ဟာ လူထုအဝန်းအဝိုင်းကြားထဲမှာ နေထိုင်ပါတယ်။ ဆိုတော့ ဒီတိုင်းပြည်က ဘယ်လိုမျိုး ဖြစ်သင့်တယ်ဆိုတာကို ကျနော်တို့နည်း ကျနော်တို့လမ်းနဲ့ ကျနော်တို့မြင်တဲ့ အမြင်ရှုထောင့်ကနေ ကျနော်တို့ ရေးဆွဲပြဋ္ဌာန်းတာ ဖြစ်တယ်ပေါ့။ ဆိုတော့ အဲဒီဟာက တိုင်းပြည်တခုမှာ ညှိနှိုင်းရမယ်ပေါ့။ အဖွဲ့အစည်းတခု၊ အုပ်စုတစုကပဲ လုပ်တယ်ဆိုတဲ့ အကုန်လုံးကို လွှမ်းခြုံပြီးတော့ အားလုံးကို ကိုယ်စားပြုပြီး လုပ်တယ်ဆိုတဲ့ပုံစံမျိုးက မအောင်မြင်ခဲ့ဘူးဆိုတာ အားလုံးလည်း သိပြီးသားဖြစ်တယ်။ နောက်ဆုံးကျရင်တော့ အဖွဲ့အစည်းပေါင်းစုံ၊ အင်အားစုပေါင်းစုံက ဆွေးနွေးပြီး၊ ညှိနှိုင်းပြီး ဘက်ပေါင်းစုံက လက်ခံနိုင်တဲ့ ဖွဲ့စည်းပုံတခုဖြစ်အောင်တော့ ကြိုးပမ်းသွားရမယ်ပေါ့။
မေး ။ ။ အခုဆရာတို့ရဲ့ ထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံထဲက Stakeholders အသီးသီးက ဘယ်လိုသဘောထားတွေနဲ့ တုံ့ပြန်ကြတာရှိပါသလဲ။
ဖြေ ။ ။ လောလောဆယ်ကတော့ ပြင်းပြင်းထန်ထန် ဆန့်ကျင်တုံ့ပြန်တယ်ဆိုတဲ့ သဘောမျိုးတော့ မရှိသေးဘူး။ ထုတ်ပြန်တာ မကြာသေးတဲ့အတွက် တချို့လည်း လေ့လာနေဆဲ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် ကျနော်တို့ အခြေခံထားတဲ့ အခြေခံမူတွေ၊ ဒီစာတမ်းတွေ ဖွဲ့စည်းပုံတွေဆိုတာက နည်းပေါင်းမြောက်မြားစွာ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားနိုင်ငံရေးအဖွဲ့အစည်းတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ ဗမာညီအကိုတွေပေါ့ဗျာ။ လုပ်ခဲ့တဲ့ဟာတွေအပေါ်မှာ အခြေခံထားတယ်ဆိုတော့ကာ အရမ်းကြီး ကွဲပြားခြားနားမှု ရှိမယ်မမြင်ဘူး။
ကျနော်တို့ အခြေခံထားတဲ့ အခြေခံမူတွေ၊ ဒီစာတမ်းတွေ ဖွဲ့စည်းပုံတွေဆိုတာက နည်းပေါင်းမြောက်မြားစွာ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားနိုင်ငံရေးအဖွဲ့အစည်းတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ ဗမာညီအကိုတွေပေါ့ဗျာ။ လုပ်ခဲ့တဲ့ဟာတွေအပေါ်မှာ အခြေခံထားတယ်ဆိုတော့ကာ အရမ်းကြီး ကွဲပြားခြားနားမှု ရှိမယ်မမြင်ဘူး။
သူတို့နဲ့က သဘောထားက လုပ်နည်းလုပ်ဟန်သာ ကွဲပြားကောင်းကွဲပြားမယ်။ မူဝါဒပိုင်းဆိုင်ရာမှာတော့ အများကြီး အတိုက်အခံဖြစ်ကြမယ်တော့ မမြင်ပါဘူး။ အနည်းငယ်တော့ ကွဲလွဲနိုင်ပါတယ်။ ဒါလည်း ကွဲလွဲပိုင်ခွင့်ရှိတာပဲ။ အဖြစ်နိုင်ဆုံးကတော့ ဟိုဘက်အင်အားစု ကျနော်တို့ရဲ့ပြိုင်ဘက်အင်အားစုပေါ့။ အဓိကတော့ စစ်ကောင်စီ၊ စစ်တပ်ပေါ့။ အဲဒီဘက်နဲ့တော့ ကျနော်တို့ တော်တော်များများ ကွဲလွဲနိုင်ခြေရှိပါတယ်။ ဒါကလည်း နောင်တချိန်မှာ ဘယ်ဟာက အကောင်းဆုံးဖြစ်မယ် တိုင်းသူပြည်သားတွေအတွက် အကောင်းဆုံးပုံစံကိုပဲ အားလုံးက ဝိုင်းဝန်းလက်ခံပြီး အတည်ပြုရမှာဖြစ်ပါတယ်။
မေး ။ ။ ဆရာတို့အနေနဲ့ ဖွဲ့စည်းပုံလည်း ရေးပြီးပြီဆိုတော့ ဘာဆက်လုပ်သွားဖို့ရှိမလဲ။
ဖြေ ။ ။ ကျနော်တို့ နိုင်ငံရေးပါတီထောင်ကတည်းကိုက ဒီတိုင်းပြည်အတွက် တထောင့်တနေရာကနေ ထမ်းဆောင်မယ်ဆိုတဲ့ဟာ ရှိပြီးသားပဲလေ။ ဆိုတော့ ကျနော်တို့ တိုင်းပြည်ငြိမ်းချမ်းရေး ပြန်လည်ရရှိအောင် တိုင်းသူပြည်သားတွေ အားလုံးလိုချင်တဲ့ ပုံသဏ္ဍာန်နဲ့ တိုင်းပြည်ဆက်သွားလို့ရအောင် ကျနော်တို့ရတဲ့နည်းလမ်းနဲ့၊ လုပ်နိုင်တဲ့နည်းလမ်းနဲ့ ကျနော်တို့အားသာတဲ့ ပိုပြီးကျွမ်းကျင်တဲ့နည်းလမ်းတွေနဲ့ ဆက်ပြီးချီတက်သွားမယ်။ ပိုပြီး လှုပ်ရှားပါဝင်သွားပါမယ်။
You may also like these stories:
ရှမ်းအမျိုးသားနေ့နှင့် ဖက်ဒရယ်အရေး
ဖက်ဒရယ်ဒီမိုကရေစီ ချာတာဟာ ကျနော်တို့ရဲ့ ကျမ်းစာ
မြန်မာ့အနာဂတ် ဖက်ဒရယ် ရည်မျှော်ချက်များ အလျှင်အမြန် မှေးမှိန်လာနေ
၁၀၂၇ စစ်ဆင်ရေးအလွန် မြန်မာတွင် ဗဟိုဖြန့်ထွက်စနစ်သစ် လိုအပ်
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်များကသာ နိုင်ငံ ပြိုကွဲခြင်းကို တားဆီးနိုင်မည်














