လွန်ခဲ့သော ၁၄ နှစ်က ပြဋ္ဌာန်းခဲ့သည့် စစ်မှုထမ်းဥပဒေကို စတင် အကောင်အထည်ဖော်ရန် စစ်ကောင်စီ၏ ဆုံးဖြတ်ချက်သည် နိုင်ငံမှ လူငယ်များကို တိုက်ခိုက်မှု သို့မဟုတ် စိတ္တဇဆုံးဖြတ်ချက်ကို ထုတ်ဖော်ကြေညာခြင်း ဖြစ်ပြီး မရည်ရွယ်သော အကျိုးဆက်များ ဖြစ်လာနိုင်ကြောင်း လေ့လာသူများက ပြောသည်။
စစ်ကောင်စီက ထိုကြေညာချက်ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၎င်းတို့မီဒီယာများမှ ထုတ်ပြန်ကြေညာသည်။
အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသား အားလုံးနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ အားလုံးသည် နှစ်နှစ်အထိ စစ်မှုထမ်းရမည်ဖြစ်ပြီး အသက် ၄၅ နှစ်အထိ ဆရာဝန်များကဲ့သို့သော ပညာရှင်များသည် သုံးနှစ်အထိ အမှုထမ်းရမည်ဖြစ်သည်။
အရေးပေါ်အခြေအနေ ဆက်လက် ဖြစ်ပေါ်နေပါက စစ်မှုထမ်းသက်ကို ငါးနှစ်အထိ တိုးချဲ့နိုင်သည်။
အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသား အားလုံးနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ အားလုံးသည် နှစ်နှစ်အထိ စစ်မှုထမ်းရမည်ဖြစ်ပြီး အသက် ၄၅ နှစ်အထိ ဆရာဝန်များကဲ့သို့သော ပညာရှင်များသည် သုံးနှစ်အထိ အမှုထမ်းရမည်ဖြစ်သည်။
နိုင်ငံကို ကာကွယ်ရန် တာဝန်သည် စစ်သားများတွင်သာမက နိုင်ငံသားအားလုံးတွင်လည်း တာဝန်ရှိကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
ထို့ကြောင့် အားလုံးအနေဖြင့် စစ်မှုထမ်းဥပဒေကို ဂုဏ်ယူလိုက်နာရမည်ဟုလည်း ၎င်းက ပြောသည်။
လိုက်နာရန် ပျက်ကွက်သူများသည် ထောင်ဒဏ် ငါးနှစ်အထိ ကျခံရမည်ဟု ထိုဥပဒေတွင် ဖော်ပြထားသည်။
အတင်းအကျပ်လုပ်လျှင် ထွက်ပြေးမည်
စစ်တပ်တွင် အမှုထမ်းမည့်အစား နိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း ရန်ကုန်မှ အသက် ၃၁ နှစ်အရွယ် ဆရာဝန်တဦးက Reuters သို့ ပြောသည်။
“သူတို့ အချိန်မရွေး ရောက်လာနိုင်လို့ ကျနော်နိုင်ငံမှာ ဆက်မနေနိုင်တော့ဘူး” ဟု ၎င်းကပြောသည်။
“သူတို့ အတင်းအကျပ်လုပ်ရင် ထွက်ပြေးရုံပဲ။ သူတို့အတွက် ကျနော့်အသက်ကို စတေးစရာ အကြောင်းမရှိဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုဆရာဝန်က ပြောသည်။
စစ်တပ်က သူ့ကို ‘ပညာရှင်’ အဖြစ် သတ်မှတ်ပြီး စစ်မှုထမ်းခိုင်းမည်ကို စိုးရိမ်ကြောင်း အသက် ၃၁ နှစ်အရွယ် ဘဏ်ဝန်ထမ်း အမျိုးသမီးက ပြောသည်။
“သူတို့ဆီမှာ လုပ်မယ့်အစား နိုင်ငံက ထွက်ရင်ထွက်မယ်။ ဒါမှမဟုတ် တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းမယ်” ဟု အမည်မဖော်လိုသော ထိုအမျိုးသမီးက ပြောသည်။
အထိနာနေသော စစ်ကောင်စီ
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက် မြန်မာနိုင်ငံတွင် ဖရိုဖရဲ ဖြစ်နေသည်။
အောက်တိုဘာလတွင် တိုင်းရင်းသားမဟာမိတ် သုံးဖွဲ့နှင့် ဒီမိုကရေစီလိုလားသည့် တိုက်ခိုက်ရေးသမားများ ရှမ်းပြည်မြောက်ပိုင်းတွင် ညှိနှိုင်းထိုးစစ် စတင်ပြီး ထိုထိုးစစ်ကြောင့် စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲပြီး ကိုးကန့်ဒေသကို လက်လွှတ်ဆုံးရှုံးရသည်။
“သူတို့ဆီမှာ လုပ်မယ့်အစား နိုင်ငံက ထွက်ရင်ထွက်မယ်။ ဒါမှမဟုတ် တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းမယ်”
ထိုအချိန်မှစတင်ပြီး စစ်တပ်သည် တနိုင်ငံလုံးမှ အခြား တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ၊ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများနှင့် တိုက်ပွဲများတွင်လည်း အထိနာနေသည်။
ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက် ၁၉၆၂ ခုနှစ်တွင် ပထမဆုံးအကြိမ် စစ်အာဏာသိမ်းချိန်နောက်ပိုင်း ယခု ရင်ဆိုင်နေရသည့် အခက်အခဲများသည် စစ်တပ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်သည်။
စစ်တပ်သည် နိုင်ငံအစိတ်အပိုင်း အများအပြားတွင် အထိနာနေကြောင်း နိုင်ငံတကာ အကျပ်အတည်း လေ့လာရေးအဖွဲ့မှ နိုင်ငံရေးသုတေသီနှင့် မြန်မာဆိုင်ရာအကြံပေး မစ္စတာ ရစ်ချတ် ဟော်ဆီက ပြောသည်။
“လွန်ခဲ့တဲ့ သုံးလအတွင်း စစ်တပ်ဟာ ရှမ်းပြည်နယ်မှာ သမိုင်းဝင် ဆုံးရှုံးမှုတွေ ဖြစ်နေပြီး အခု ရခိုင်ပြည်နယ်မှာလည်း အလားတူဖြစ်နေတယ်” ဟု ၎င်းကပြောသည်။
စစ်သားများ စိတ်ဓာတ်ကျဆင်းနေပြီး တပ်များသည် ပြန့်ကျဲနေကာ အရှိန်အဟုန်ရနေပြီး ဆုံးဖြတ်ချက် ပြတ်သားသည့် အတိုက်အခံများနှင့် ရင်ဆိုင်နေရကြောင်း၊ စစ်ကောင်စီတွင် စစ်သားအများအပြား ရှိသော်လည်း တိုက်ခိုက်ရေးအင်အား ကျဆင်းနေကြောင်း မစ္စတာ ရစ်ချတ် ဟော်ဆီက ပြောသည်။
“စစ်တပ်မှာ စစ်သားအများအပြား ရှိတယ်။ ဒါပေမယ့် အရေးပါတဲ့နေရာတွေနဲ့ အခြေခံ အဆောက်အအုံတွေကို ကာကွယ်ဖို့ ပုံသေတပ်စွဲ ထားရတယ်။ တိုက်ခိုက်ခံနေရတဲ့ တပ်တွေကို စစ်ကူပို့ဖို့ တန်ပြန်ထိုးစစ်ဆင်ဖို့ လိုအပ်တဲ့ အတွေ့အကြုံရှိ အလျင်အမြန် ဖြန့်ကြက်နိုင်တဲ့တပ်တွေ စစ်တပ်မှာ လိုအပ်နေတယ် ” ဟု ၎င်းကပြောသည်။
မည်သည့်အတွက် အကောင်အထည် ထဖော်သနည်း
စစ်သားစုဆောင်းသည့် ဥပဒေကို ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းသော်လည်း အကောင်အထည်ဖော်ခြင်း မရှိခဲ့ပေ။
ထိုဥပဒေကို အသုံးပြုခြင်းက စစ်ကောင်စီသည် ဆိုးရွားသည့် စစ်သား မလုံလောက်မှုနှင့် ရင်ဆိုင်နေရကြောင်း အထင်အရှား ပြသလိုက်သည့် အထောက်အထားဖြစ်ကြောင်း လွတ်လပ်သော မြန်မာ့ရေးရာလေ့လာသူ မစ္စတာ ဒေးဗစ် မက်သီဆန်က ပြောသည်။
“ဒီစစ်မှုထမ်း ဥပဒေက ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ၊ အသွင်းကူးပြောင်းရေးကာလ မတိုင်မီက ထူထောင်ထားတဲ့ စစ်တပ်အတွက် အာမခံချက်ရှိရေးမူဝါဒတွေထဲက တခုဖြစ်တယ်” ဟု မြန်မာမှ တစိတ်တပိုင်း ယာယီ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလကို ရည်ညွှန်းပြီး ၎င်းကပြောသည်။
ထိုဥပဒေကို အသုံးပြုခြင်းက စစ်ကောင်စီသည် ဆိုးရွားသည့် စစ်သား မလုံလောက်မှုနှင့် ရင်ဆိုင်နေရကြောင်း အထင်အရှား ပြသလိုက်သည့် အထောက်အထားဖြစ်ကြောင်း လွတ်လပ်သော မြန်မာ့ရေးရာလေ့လာသူ မစ္စတာ ဒေးဗစ် မက်သီဆန်က ပြောသည်။
“ဒါပေမယ့် အရာရှိတွေ စစ်သားတွေ စုဆောင်းရတာ ပုံမှန်ဖြစ်နေပြီး ပဋိပက္ခကြောင့် ထိခိုက်သေဆုံးတာတွေကို ပြန်ဖြည့်နိုင်တော့ အဲဒီဥပဒေကို မလိုအပ်ခဲ့ဘူး” ဟု ၎င်းကရှင်းပြသည်။
“စစ်ကောင်စီဟာ သေလုမျောပါး ကျဆုံးနေတာနဲ့ အခြေခံလူထုကြားမှာတောင်မှ ထောက်ခံမှု မရတာကို ကောင်းကောင်း သဘောပေါက်တယ်။ အာဏာသိမ်းမှုနဲ့ အရပ်သားတွေကို ပြင်းထန်ရက်စက်မှုတွေကြောင့် မြန်မာပြည်သူအများစုက စစ်တပ်ကို မုန်းတီးကြတယ်” ဟုလည်း ၎င်းကပြောသည်။
“အခြေခံအားဖြင့် တရားမဝင်တဲ့ စစ်ကောင်စီကို ကျားကန်ပေးမယ့်လူ များများ မရှိတော့ဘဲ ဒါကြောင့်မို့လည်း ကံမကောင်း အကြောင်းမလှသူတွေကို စစ်တပ်ထဲ အတင်းဆွဲသွင်းတာဖြစ်တယ်” ဟု မစ္စတာ ဒေးဗစ် မက်သီဆန်က ပြောသည်။
စစ်တပ်သည် စစ်မြေပြင် ထိခိုက်သေဆုံးမှုများ၊ လက်နက်ချမှုများ၊ တပ်ပြေးများကြောင့် အင်အား ပြုန်းတီးမှု မြင့်မားနေပြီး တချိန်တည်းတွင် စစ်သားစုဆောင်ရာတွင် အခက်အခဲရင်ဆိုင်နေရကြောင်း မစ္စတာ ဟော်ဆီက ပြောသည်။
“ပြည်သူအများစုက စစ်ကောင်စီအတွက် စစ်မတိုက်ချင်ကြဘူး။ အခုလို ရှုံးနိမ့်နေချိန်မှာ ပိုလို့တောင် ဆိုးသေးတယ်” ဟု ၎င်းကပြောသည်။
ယခင်ကလည်း အတင်းအကျပ် စစ်သားစုဆောင်းမှုများရှိသော်လည်း ထိုသို့လုပ်ခြင်းသည် ကြုံသလိုလုပ်ခြင်းဖြစ်ပြီး ဥပဒေအရ လုပ်ခြင်းမဟုတ်ကြောင်း မစ္စတာ ဟော်ဆီက ပြောသည်။
“အခု စုဆောင်းတဲ့သူတွေဟာ အတွေ့အကြုံမရှိ စိတ်အားထက်သန်မှု မရှိပေမယ့် ရည်ရွယ်ချက်က ပိုမို အတွေ့အကြုံရှိတဲ့တပ်တွေကို ရှေ့တန်းလွှတ်ဖို့ ရှေ့တန်းလွှတ်နိုင်အောင် လုပ်တာ ဖြစ်နိုင်တယ်” ဟု ၎င်းက ပြောသည်။
တပ်အင်အား တိုးချဲ့ရန်သာမဟုတ်
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ယခုကျင့်သုံးရန် ဆုံးဖြတ်ခြင်းသည် တော်လှန်ရေးကို ဦးဆောင်နေသည့် လူငယ်များကို ပြည်သူလူထုအကြားမှ ဖယ်ရှားပြီး အသက်သေဆုံးနိုင်သည့် အနေအထားသို့ ရောက်အောင် လုပ်ခြင်းဖြစ်သည်ဟု ဒိန်းမတ် နိုင်ငံတကာလေ့လာရေး အင်စတီကျုမှ မြန်မာ့အရေးလေ့လာသူ ဒေါက်တာ ဂျပ်စတင် ချိန်ဘာက ပြောသည်။
အတင်းအကျပ် စုဆောင်းထားသည့် စစ်သားများကို စစ်အုပ်စု ယခင်က လုပ်ခဲ့သည့်အတိုင်း လူသားဒိုင်းများနှင့် အထမ်းသမား ပေါ်တာများအဖြစ်သုံးရန် ဖြစ်နိုင်ပြီး ရှေ့တန်းသို့မပို့မီ လေ့ကျင့်မှု အနည်းသာ ပေးနိုင်ကြောင်း ၎င်းကပြောသည်။
“ဒါက သူတို့ကို ဖျက်ဆီးဖို့၊ သူတို့ဘဝတွေကို ဖျက်ဆီးဖို့၊ သူတို့ကိုရှေ့တန်းပို့ပြီး အချင်းချင်း တိုက်ခိုင်းဖို့ လုပ်တာ။ လာမယ့်နှစ်မှာ စစ်တပ်ကို မထောက်ခံတဲ့ပြည်သူတွေ၊ စစ်သားမဟုတ်သူတွေ အသက်ဆုံးရှုံးမှု အကြီးအကျယ် တွေ့ရတော့မယ်” ဟု ပြောသည်။
ထိုကြေညာချက်ကြောင့် မိမိပြည်သူကို ပြန်တိုက်ရန် အတင်းအကျပ် စစ်သားစုဆောင်းခံရမည်ကို လူငယ်များ၏ နှလုံးသားတွင် ကြောက်လန့်မှုများ ဖြစ်ပွားနေစေပြီ ဖြစ်ကြောင်း ဒေါက်တာ ချိန်ဘာက ပြောသည်။
“ဒါက သူတို့ကို ဖျက်ဆီးဖို့၊ သူတို့ဘဝတွေကို ဖျက်ဆီးဖို့၊ သူတို့ကိုရှေ့တန်းပို့ပြီး အချင်းချင်း တိုက်ခိုင်းဖို့ လုပ်တာ။ လာမယ့်နှစ်မှာ စစ်တပ်ကို မထောက်ခံတဲ့ပြည်သူတွေ၊ စစ်သားမဟုတ်သူတွေ အသက်ဆုံးရှုံးမှု အကြီးအကျယ် တွေ့ရတော့မယ်”
“ကျမမှာ အရမ်းကို တုန်လှုပ်နေတဲ့၊ စစ်မှုထမ်းသက် အကြုံးဝင်တဲ့ မိတ်ဆွေတွေ အများကြီးရှိတယ်။ ကျမနဲ့ စကားပြောခဲ့သူ နှစ်ယောက်က သူတို့အိပ်လို့တောင် မပျော်ဘူးလို့ ပြောတယ်” ဟုလည်း ၎င်းက ဆက်ပြောသည်။
“သူတို့ကို စစ်တပ်က ဘယ်အချိန်လာခေါ်မယ်ဆိုတာ လူငယ်တွေ မသိကြဘူး။ ဒီတပတ်ထဲမှာ လာခေါ်မှာလား၊ နောက် ခြောက်လအတွင်း လာခေါ်မှာလား” ဟု ပြောသည်။
သြစတြေးလျ အစိုးရနှင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ထိုလုပ်ရပ်ကို ပြစ်တင်ရှုတ်ချရန် ဒေါက်တာ ချိန်ဘာက တောင်းဆိုသည်။
“ဒါပေမယ့် ကျမတို့က ရှုတ်ချတာထက်မက လုပ်ဖို့လိုတယ်။ ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဖို့လိုတယ်လို့ထင်တယ်” ဟု ၎င်းက ပြောသည်။
မရည်ရွယ်သော အကျိုးဆက်များ
မြန်မာစစ်တပ်သည် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နိုင်သည့် စွမ်းအား ရှိသေးကြောင်း မစ္စတာ မက်သီဆန်က ပြောသည်။
“ဒါပေမယ့် ဆိုးကျိုးနှစ်ခုက စစ်ဆင်ရေးအရ အားကိုးနိုင်မှုနဲ့ ပိုမိုကျယ်ပြန်တဲ့ လူထုဆန့်ကျင်မှုပဲ” ဟု ၎င်းက ပြောသည်။
“လူသောင်းနဲ့ချီပြီး စစ်သားစုဆောင်းမယ်။ စစ်ဝတ်စုံနဲ့ လက်နက်ပေးမယ်။ ဒါပေမယ့် သူတို့က ထိထိရောက်ရောက် တိုက်လိမ့်မယ်၊ စစ်တပ်ဘက်ကို သေနတ်ပြောင်း မလှည့်ဘူးလို့ အာမ မခံနိုင်ဘူး” ဟု မစ္စတာ မက်သီဆန်က ပြောသည်။
“စစ်တပ်ကို မုန်းတီးပေမယ့် လက်နက်ကိုင်တော်လှန်ရေးကို မထောက်ခံသေးတဲ့ အရပ်သားတွေက သူတို့ရဲ့လူငယ်တွေ အရပ်သား အသက်အရွယ်မရွေးကို စစ်မှုထမ်းဖို့ ကျွန်ပြုတာကို ဘယ်လိုခံစားရမလဲ” ဟုလည်း ပြောသည်။
အတင်းအကျပ် စစ်သားစုဆောင်းသည့် မည်သည့်စနစ်မဆိုသည် လွန်စွာပြဿနာရှိပြီး မရည်ရွယ်သော အကျိုးဆက်များ ဖြစ်တတ်ကြောင်း မစ္စတာ ဟော်ဆီက ပြောသည်။
“ဒီဥပဒေက အတင်းအကျပ် စစ်သားစုဆောင်းတဲ့ အလေ့အထအတွက် ဥပဒေ အကာအကွယ်ပေးတယ်။ ဥပမာအားဖြင့် ပြောရရင် အသက်မပြည့်သေးတဲ့လူငယ်တွေ အပါအဝင် ဆင်းရဲတဲ့လူငယ်တွေကို ဘတ်စ်ကားဂိတ်မှာ ဖမ်းတာမျိုးပေါ့” ဟု ၎င်းကပြောသည်။
“ဒီစနစ်ကို စီစဉ်သူတွေအတွက် အကျင့်ပျက်ခြစားဖို့ အခွင့်အလမ်းတွေလည်း အများကြီး ဖြစ်စေတယ်။ လိုအပ်တဲ့ အတိုင်းအတာအတိုင်း အကောင်အထည်ဖော်လိုက်ရင် စည်းကမ်းထိန်းကြောင်းမှုမဲ့ပြီး အန္တရာယ်များတဲ့ လုပ်အား ရွှေ့ပြောင်းအခြေချမှု ဖြစ်စေမယ်။ လက်နက်ကိုင်တော်လှန်ရေးမှာ ပူးပေါင်းဖို့ ပိုမိုများပြားတဲ့လူတွေကို တွန်းပို့နိုင်တယ်” ဟု ၎င်းကရှင်းပြသည်။
“ဒီဥပဒေက အတင်းအကျပ် စစ်သားစုဆောင်းတဲ့ အလေ့အထအတွက် ဥပဒေ အကာအကွယ်ပေးတယ်။ ဥပမာအားဖြင့် ပြောရရင် အသက်မပြည့်သေးတဲ့လူငယ်တွေ အပါအဝင် ဆင်းရဲတဲ့လူငယ်တွေကို ဘတ်စ်ကားဂိတ်မှာ ဖမ်းတာမျိုးပေါ့”
“စစ်တပ်ဟာ အောက်ခြေစစ်သားတွေကြားက စိတ်ဓာတ်မြင့်မားမှုကို အားမကိုးတဲ့ စစ်တပ်ဖြစ်ပေမယ့် စစ်သားတွေကြားမှာ ပိုမိုစိတ်ဓာတ်ကျဆင်းစေမယ်” ဟု ဆက်ပြောသည်။
သေလုမျောပါးကျဆုံးနေသော စစ်ကောင်စီ
စစ်တပ်သည် ပစ်အားအသာရနေဆဲ ဖြစ်သော်လည်း အရေးပါသည့် စစ်မြေပြင်တွင် စစ်သားများကို ဆုံးရှုံးနေသည်ဟု မစ္စတာ မက်သီဆန်က ပြောသည်။
“အာဏာကို တွယ်ဖက်ဖို့ နည်းလမ်းအနေနဲ့ စစ်ကောင်စီဟာ လက်နက်ကိုင်အဖွဲ့တွေကို ဒဏ်ခတ်ဖို့ လေကြောင်းနဲ့ အမြောက်တွေနဲ့ပစ်တယ်။ အရပ်သားတွေ စိတ်ဓာတ်ပျက်ပြားအောင် ပစ်မှတ်ထားတိုက်တယ်။ အတင်းအကျပ် စစ်သားစုဆောင်းပြီး မြေပြင်တပ်ကို ပြန်ဖြည့်ဖို့ ကြံစည်နေတယ်ဆိုတာ ထင်ရှားတယ်” ဟု ၎င်းကပြောသည်။
စစ်တပ်သည် ရှုံးနိမ့်နေသော်လည်း စစ်သား၊ စစ်စခန်း၊ လက်နက်ကိရိယာကွန်ရက် ကြီးမားစွာ ရှိနေသေးပြီး အချိုးမမျှသော လေကြောင်းအားသာချက် ရှိနေသေးကြောင်း၊ နိုင်ငံ၏ အဓိကကျသည့် နေရာများကို ဆက်လက်ထိန်းချုပ်ဖို့ သေနင်္ဂဗျူဟာဖြစ်ကြောင်း ပြောသည်။
“ရေရှည်မှာ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ သူတို့ သေလုမျောပါး ကျဆုံးနေတယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် စစ်ကောင်စီရဲ့ ရှည်လျားတဲ့ပွဲသိမ်းဟာ ပိုမိုသွေးထွက်သံယိုများမယ်၊ ပိုမို ရက်စက်ကြမ်းကြုတ်မယ်၊ အခုထက် ပိုမို ဖျက်အားပြင်းမယ် ဆိုတာကို ပြသနေတယ်” ဟု ၎င်းက မှတ်ချက်ချသည်။
“ရေရှည်မှာ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ သူတို့ သေလုမျောပါး ကျဆုံးနေတယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် စစ်ကောင်စီရဲ့ ရှည်လျားတဲ့ပွဲသိမ်းဟာ ပိုမိုသွေးထွက်သံယိုများမယ်၊ ပိုမို ရက်စက်ကြမ်းကြုတ်မယ်၊ အခုထက် ပိုမို ဖျက်အားပြင်းမယ် ဆိုတာကို ပြသနေတယ်”
“ဒီအတင်းအကျပ် စစ်သားစုဆောင်းတဲ့ ဥပဒေကြေညာချက်ကို မျှော်လင့်ချက် ကင်းမဲ့တဲ့ လက္ခဏာလို့ မမြင်သင့်ဘူး။ တနိုင်ငံလုံးကို သူတို့နဲ့အတူ ဆွဲချသွားမယ့် စိတ္တဇ ဆုံးဖြတ်ချက်လို့ မြင်သင့်တယ်” ဟု မစ္စတာ မက်သီဆန်က ပြောသည်။
“ဒါဟာ နီးကပ်လာတဲ့ ပြိုကွဲမှုကို ပြသတဲ့လက္ခဏာ မဟုတ်ဘူး။ ပဋိပက္ခက တနိုင်ငံလုံးကို ဝါးမြိုဖျက်ဆီးနိုင်တယ်ဆိုတဲ့ လက္ခဏာဖြစ်တယ်” ဟုလည်း ၎င်းကပြောသည်။
(ABC/Reuters ပါ Will Jackson ၏ Why Myanmar is only now enforcing a conscription law it’s had on the books since 2010 ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရွှေ့ပြောင်းလုပ်သား ပိုများလာနိုင်
အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေ၏ အဓိကအချက် ၆ ချက်
စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ပြည်သူများ စိုးရိမ်