မြန်မာစစ်တပ်သည် ပြီးခဲ့သောနှစ်ကာလများအတွင် စစ်ဗိုလ်အတော်များများကို နိုင်ငံခြားသို့ ပညာတော်သင် စေလွှတ်ခဲ့ရာ ရုရှားသို့ ပညာသင်တော်သင် စေလွှတ်ခဲ့သည်က အများဆုံးဖြစ်သည်ကို တွေ့ရ၏။ သို့နှင့် မြန်မာစစ်တပ်အတွင်း ရုရှားပညာတော်သင်များသည် လူတန်းစားတရပ်အဖြစ် ပေါ်လာခဲ့၏။ သို့ဖြစ်ရာ အရပ်လောကတွင် နိုင်ငံခြားသို့ မည်သို့ပင် ဥဒဟိုသွားနေစေကာမူ မြန်မာစစ်တပ်တွင်း၌ ရုရှားပြန်များက ရေပန်းစားလာ၊ နေရာရလာသည်ကတော့ အမှန်ပင်ဖြစ်၏။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်တွင် မြန်မာစစ်တပ်အတွင်း၌ ရုရှားပြန်များကို ပခုံးချင်းယှဉ်လာသည့် နိုင်ငံခြားပြန်များ တယောက်ပြီးတယောက်၊ တဖွဲ့ပြီးတဖွဲ့ ပေါ်လာသည်သည်ကို တွေ့ရ၏။
ပထမအသုတ် ပေါ်လာသည်က ထိုင်းပြန်များဖြစ်၏။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စစ်ကြောင်းများနှင့် တိုက်ခိုက်ရင်း လက်နက်အပြည့်အစုံနှင့် စစ်ကောင်စီတပ်မှ စစ်သားများ ထိုင်းနိုင်ငံအတွင်း ဝင်ပြေးကြ၏။ ဝေါ်လေအနီး စစ်သားများ ထိုင်းနိုင်ငံသို့ အပြေးအလွှား ဝင်ရောက်နေသည်ကို ဒရုန်းဖြင့် ရိုက်ထားသဖြင့် ကြည်လင်စွာတွေ့ရ၏။ နောက်တကြိမ် KNU တပ်များက ဝိုင်းပိတ်ထားသဖြင့် ထိုင်းနိုင်ငံတွင်း ဝင်ပြေးသည်ကို တွေ့ရပြန်သည်။
တဖန် ကရင်နီ၊ မယ်စဲ့တိုက်ပွဲတွင်လည်း ထိုင်းနိုင်ငံတွင်း လက်နက်အပြည့်အစုံနှင့် ဝင်ပြေးသည့် စစ်သားများအား ထပ်မံတွေ့ရပြန်သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စစ်ကြောင်းများနှင့် တိုက်ခိုက်ရင်း လက်နက်အပြည့်အစုံနှင့် စစ်ကောင်စီတပ်မှ စစ်သားများ ထိုင်းနိုင်ငံအတွင်း ဝင်ပြေးကြ၏။
ယခင့်ယခင်အခါများက အမိန့်သာပေးလိုက်ပါ ဘန်ကောက်မြို့ထဲ တန်းစီပြီးသား ဖြစ်စေရပါမယ်ဟု ကြွားလုံးထုတ်ခဲ့သည့် မြန်မာစစ်သားများ ထိုင်းနိုင်ငံတွင်းသို့ မျက်နှာငယ်နှင့် အသက်လုပြေးကြရသည့် အခြေသို့ ဆိုက်သွားကြပြီး ရုရှားပြန်များနှင့် ပခုံးချင်း စယှဉ်လာကြတော့သည်။
ဒုတိယ ယှဉ်လာကြသူများကတော့ အိန္ဒိယပြန်များဖြစ်သည် အိန္ဒိယနယ်စပ်အနီး ချင်းတော်လှန်ရေး တပ်ဖွဲ့များ၊ ရက္ခိုင့်တပ်တော် (AA) တို့နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် အိန္ဒိယနိုင်ငံတွင်းသို့ ပြေးဝင်သွားကြသည်ကို ၂၀၂၃၊ ၂၀၂၄ ခုနှစ်တို့ အတွင်း တွေ့မြင်ခဲ့ရ၏။ ခြောက်ကြိမ်တိတိ ပြေးဝင်သွားခဲ့ကြပြီး စုစုပေါင်း ၆၀၀ နီးပါးခန့်ရှိသည်ဟု သိရ၏။
ချင်းလက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပြီး ထွက်ပြေးကြသူများကို အိန္ဒိယက မိုးရေးမှတဆင့် တမူးသို့ ပြန်ပို့ပေး၏။ ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲဖြစ်ပြီး ထွက်ပြေးကြသူများကိုမူ အရေအတွက် များလွန်း၍ စစ်တပ်က လေယာဉ်လွှတ်ပြီး သွားခေါ်ခဲ့ရ၏။ ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာ ဆိုသကဲ့သို့ပင် သွားကြိုသည့် လေယာဉ်တစင်း အိန္ဒိယတွင် လေယာဉ် ပြေးလမ်းချော်ပြီး ခါးကျိုးသွားသည်ကို တွေ့ရ၏။ အိန္ဒိယပြန်များက “အကျိုး” ပေးကောင်းသည်ဟု ဆိုရမည်။
တတိယ နိုင်ငံခြားပြန်များမှာ တရုတ်ပြန်များဖြစ်သည်။ ယခင်က တရုတ်ပြည်သို့ ပညာတော်သင် စေလွှတ်ခဲ့ဖူးသော်လည်း ယခုတခေါက် ကိုယ့်စရိတ်နှင့်ကိုယ် သွားကြသူများ ဖြစ်သည်။ ၂၀၂၄ ခုနှစ် နှစ်ဆန်းက ကချင်ပြည်နယ် မန်ဝိန်းကြီးတိုက်ပွဲတွင် KIA နှင့် တိုက်ပွဲဖြစ်ပြီးနောက် အင်အား ၆၀ နီးပါး နှစ်နိုင်ငံနယ်စပ်တွင် ကာရံထားသော သံဆူးကိုဖြတ်၊ ချောင်းကိုဖြတ်ပြီး အူယားဖားယား ပြေးကြသည်ကို ဗီဒီယိုမှတ်တမ်းများတွင် တွေ့ရသည်။ တရုတ်က မူဆယ်ဘက်သို့ ပြန်လွှဲပြောင်းပေးလိုက်သည်ကို တွေ့ရ၏။
စတုတ္ထ နိုင်ငံခြားပြန်များကတော့ ဘင်္ဂလားဒေ့ရှ်ပြန်များ ဖြစ်သည်။ ၂၀၂၄ ခုနှစ် နှစ်ဆန်းက ဘင်္ဂလားဒေ့ရှ်နယ်စပ် တောင်ပြိုလက်ဝဲနှင့် တောင်ပြိုလက်ယာ စခန်းနှစ်ခုအား ရက္ခိုင့်တပ်တော်မှ ဝင်ရောက်တိုက်ခိုက်ရာ စစ်သားနှင့် နယ်ခြားစောင့်ရဲများ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ အသက်လုပြေးကြသည်ကို ဗီဒီယိုမှတ်တမ်းများတွင်တွေ့ရသည်။ လေးငါးရက်ခန့် ဆက်တိုက် ပြေးဝင်ကြသည်မှာ ၄၀၀ နီးပါးခန့်ရှိသည်ကို တွေ့ရ၏။ ထိုသူများအား ဘင်္ဂလားဒေ့ရှ်မှ ပြန်ပို့ရန် စီစဉ်နေသည်ဟု သိရ၏။
မြန်မာပြည်နှင့် နယ်စပ်ထိတွေ့နေသည့် နိုင်ငံငါးနိုင်ငံအနက် လာအိုမှအပ ကျန်လေးနိုင်ငံမှ ပြန်လာကြသည့် နိုင်ငံခြားပြန် ထောင်နှင့်ချီ၍ မြန်မာစစ်တပ်တွင် ရှိခဲ့ပြီဖြစ်သည်။ အကယ်၍ ရှမ်းအရှေ့တွင် တိုက်ပွဲဖြစ်ပွားပါက မြန်မာစစ်တပ်အတွင်း လာအိုပြန်များပါ ထပ်တိုးပြီး နိုင်ငံခြားပြန်ဖြင့် ပြည့်နေသော စစ်တပ်ဖြစ်ရန် မဝေးတော့ပြီ။
မြန်မာပြည်နှင့် နယ်စပ်ထိတွေ့နေသည့် နိုင်ငံငါးနိုင်ငံအနက် လာအိုမှအပ ကျန်လေးနိုင်ငံမှ ပြန်လာကြသည့် နိုင်ငံခြားပြန် ထောင်နှင့်ချီ၍ မြန်မာစစ်တပ်တွင် ရှိခဲ့ပြီဖြစ်သည်။ အကယ်၍ ရှမ်းအရှေ့တွင် တိုက်ပွဲဖြစ်ပွားပါက မြန်မာစစ်တပ်အတွင်း လာအိုပြန်များပါ ထပ်တိုးပြီး နိုင်ငံခြားပြန်ဖြင့် ပြည့်နေသော စစ်တပ်ဖြစ်ရန် မဝေးတော့ပြီ။ သို့သော်လည်း ထိုနိုင်ငံခြားပြန်များသည် အိမ်နီးချင်းနိုင်ငံပေါင်းစုံသို့လက်နက်အပြည့်အစုံနှင့် ထွက်ပြေးသည့် ဂုဏ်သိက္ခာမဲ့ နိုင်ငံခြားပြန်များ ဖြစ်နေ၏။ သို့ဖြစ်ရာ မြန်မာစစ်တပ်၏ အဆိုပါ နိုင်ငံခြားပြန်များဆိုသူများမှာ သေရမည်ကို ကြောက်၍ ထွက်ပြေးကြသည့် ပြည်ပြေးများသာ ဖြစ်ပေတော့၏။
ပြည်ပြေးစစ်တပ်
‘ပြည်ပြေး’ ဟူသော အသုံးအနှုန်းကို စတင်သုံးစွဲသူမှာ မြန်မာစစ်တပ်ဖြစ်၏။ ၁၉၆၉ ခုနှစ်တွင် ဦးနုက သူသာလျှင် တရားဝင်အစိုးရဖြစ်သည်ဟူ၍ အင်္ဂလန်တွင် ကြေညာစဉ်ကစ၍ ဦးနုအစိုးရအား ‘ပြည်ပြေးအစိုးရ’ ဟု မြန်မာစစ်တပ်က သမုတ်ခဲ့၏။
၁၉၇၀ ပြည့်နှစ်မှစ၍ ဦးနုက ပါလီမန်ဒီမိုကရေစီပါတီ (ပဒပ) ထောင်၍ ထိုင်းနယ်စပ်တွင် အခြေပြုပြီး မြန်မာစစ်တပ်ကို ပြန်လည် တိုက်ခိုက်လာသောအခါတွင်လည်း ဦးနု၏ ပဒပ အဖွဲ့အား ပြည်ပြေးများဟုပင် မြန်မာစစ်တပ်က သမုတ်ခဲ့ကြသည်။ ထို့နောက်ပိုင်းတွင်လည်း မြန်မာစစ်တပ်အား ဆန့်ကျင်၍ ပြည်ပတိမ်းရှောင်သူများကို မြန်မာစစ်တပ်က ပြည်ပြေးများဟု ဆက်လက်ခေါ်ဝေါ်သမုတ်ခဲ့ကြလေသည်။
သို့သော်လည်း ဝဋ်က မသေခင်မှာပင် လည်၏။ လက်ရှိ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်နှင့် နွေဦးတော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစု သူသေကိုယ်သေ တိုက်ခိုက်ကြသောတိုက်ပွဲများ နယ်စပ်များတလျှောက် ပေါ်လာသောအခါ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်စသည့် နိုင်ငံခြားတိုင်းပြည်များသို့ အသက်လု၍ ထွက်ပြေးကြသူများမှာ မြန်မာစစ်တပ်က ဖြစ်သည်။ သေရမည်ကြောက်သဖြင့် ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ပြေးကြသူများမှာ မြန်မာစစ်တပ်က ဖြစ်သည်။

စစ်အစိုးရ၏ မတရားဖိနှိပ်မှု၊ ဖမ်းဆီးထောင်ချမှုတို့အား ရှောင်ရှားလာကြသူ၊ လက်နက်မဲ့ပြည်သူများကို ပြည်ပြေးများဟု သမုတ်ခဲ့ကြသည့် မြန်မာစစ်တပ်သည် တကယ်တမ်းသူ သေကိုယ်သေတိုက်ရသည့် စစ်ပွဲတွင် ခွေးပြေးဝက်ပြေး ထွက်ပြေးသူမှာ လက်နက်အပြည့်အစုံနှင့် မြန်မာစစ်တပ်ဖြစ်၏။ သံဆူးကြိုးများ၊ မြစ်ချောင်းများကို ဖြတ်၍ တဖက်နိုင်ငံသို့ ထွက်ပြေးကြသူများမှာ မြန်မာစစ်တပ်ကဖြစ်၏။
တဖက်နိုင်ငံများမှ စစ်တပ်နှင့် တာဝန်ရှိသူများသာမက အရပ်သားများက စစ်ဝတ်စုံအပြည့်၊ လက်နက်ခဲယမ်း အပြည့်အစုံနှင့် ထွက်ပြေးလာသည့် မြန်မာစစ်တပ်ကို အထင်အမြင်သေးစွာကြည့်ခြင်း ခံနေရသည်။ ထို့ပြင် ထိုနိုင်ငံများ၏ စစ်တပ်နှင့်ရဲထံသို့ မြန်မာစစ်တပ် ကိုင်ဆောင်လာသည့် လက်နက်ခဲယမ်းကို အပ်နှံနေရသည်။ သို့နှင့် ဂုဏ်သိက္ခာမဲ့သော ပြည်ပြေးစစ်တပ်တပ် ဖြစ်လာနေတော့၏။
တဖက်နိုင်ငံများမှ စစ်တပ်နှင့် တာဝန်ရှိသူများသာမက အရပ်သားများက စစ်ဝတ်စုံအပြည့်၊ လက်နက်ခဲယမ်း အပြည့်အစုံနှင့် ထွက်ပြေးလာသည့် မြန်မာစစ်တပ်ကို အထင်အမြင်သေးစွာကြည့်ခြင်း ခံနေရသော ပြည်ပြေးစစ်တပ် ဖြစ်လာနေ၏။
မြန်မာစစ်တပ်စခန်းများတွင် စိုက်ထူထားသည့်” ငါမသေ ငါ့စခန်း မကျရ” ဟူသည့် စာတန်းအစား “နောက်ကျသည့်ခြေထောက် သစ္စာဖောက်” ဟု ပြောင်းချိတ်ထားမှသာ လက်ရှိအခြေအနေနှင့် ကိုက်ညီပေလိမ့်မည်။
ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သော စစ်မှုထမ်းဥပဒေ
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး တပြည်လုံး အနှံ့အပြား ပုန်ကန်တိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ် တပ်အင်အားတတိတိနှင့် ပြုန်းတီးခဲ့၏။
အဆိုပါ ပြုန်းတီးသည့် စစ်အင်အား ဖြည့်တင်းရန် နည်းမျိုးစုံဖြင့် စစ်ကောင်စီ ကြိုးစားခဲ့သည်။ စစ်ထဲဝင်မည့်သူမရှိ၍ ပျူစောထီးဖွဲ့စည်းခြင်း၊ စစ်လက်ရုံးတပ်နှင့် စစ်ဝန်ထမ်းတပ်များမှ ထုတ်နုတ်ပြီး တိုက်ခိုက်ရေးတပ်များသို့ ပေးပို့ခြင်း၊ စစ်မှုထမ်းဟောင်းများကို ပြန်လည် စစ်မှုထမ်းစေခြင်း၊ ပြစ်မှုမျိုးစုံကျူးလွန်ပြီး စစ်ထောင်ကျနေသူများအား ပြန်လည် စစ်မှုထမ်းစေခြင်း စသည့်နည်းမျိုးစုံ ပြုလုပ်ခဲ့သော်လည်း ၎င်းတို့စစ်အင်အားကို ပြန်လည်ဖြည့်တင်းနိုင်ခြင်း မရှိပေ။
ထို့ပြင် ၁၀၂၇ စစ်ဆင်ရေး မစတင်မီအထိ တတိတိပြုန်းတီးနေရာမှ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး သုံးလကျော်အတွင်း တပ်ရင်း ၄၀ ခန့် နံပါတ်ပျောက်ပြီး တပ်အများအပြား အထိနာခဲ့၏။ စစ်သည်အင်အား ထောင်ချီသေဆုံး၊ ထောင်ချီ အဖမ်းခံရ၊ ထောင်ချီ လက်နက်ချသည့်အပြင် အင်အားထောင်ချီ၍ အိမ်နီးချင်းနိုင်ငံများသို့ အသက်လုပြေးသည်ကို တွေ့ခဲ့ရ၏။ တပ်အင်အား သောင်းနှင့်ချီ၍ လျင်မြန်စွာ ပြုန်းတီးခဲ့၏။ ထိုသို့သော အခြေအနေအောက်တွင် နောက်ဆုံးလက်နက်အဖြစ် စစ်မှုထမ်းဥပဒေကို အသက်သွင်းလာခြင်း ဖြစ်ပုံရ၏။
အာဏာသိမ်းစကာလက ကြည်းတပ်တွင် တိုက်ခိုက်ရေးအင်အား ၅၂၅ ရင်းမှ ၅၄၅ ရင်းအထိ ရှိနိုင်ပြီး တရင်းလျှင် ပျမ်းမျှ စစ်အင်အား ၁၅၀ ခန့် ရှိနိုင်သည်ဟု စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ထားသည်ကို တွေ့ရ၏။ ယခု သုံးနှစ်ခန့်ကြာပြီးသောအခါ တပ်ရင်း ၄၀ နီးပါး တပ်နံပါတ်ပျောက်သွားပြီး စစ်မတိုက်သေးသည့် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) တပ်နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၅ မှအပ ကျန်တပ်အားလုံး အထိနာနေသည်ဟု စစ်ရေးကျွမ်းကျင်သူများထံမှ သိရ၏။

ကျန်တပ်ရင်း ၄၈၀ မှ ၅၀၀ ခန့်မှာလည်း စစ်အင်အား ထက်ဝက်ခန့်အထိ (တရင်းလျှင် ပျမ်းမျှ ၇၅ မှ ၁၀၀ အထိ) ကျဆင်းသွားနိုင်သည်ဟု သိရ၏။ သုံးနှစ်အတွင်း CDM လုပ်သွားသူများလည်း သောင်းနှင့်ချီရှိသည်။ သို့ဖြစ်ရာ မြန်မာစစ်တပ်၏ တိုက်ခိုက်ရေး အင်အားသက်သက်သည် ၅ သောင်းထက် မပိုနိုင်တော့ပေ။ စစ်လက်ရုံးတပ်များမှလည်း ထပ်မံ ထုတ်နုတ်စရာ ရှိပုံမရတော့ဟု စစ်ရေးလေ့လာသူများထံမှ သိရ၏။ စစ်မှုထမ်းဟောင်းများမှာလည်း ဟန်သာရှိပြီး အဆံမရှိတော့သည့် ဂျိုကျိုး နားရွက်ပဲ့များ ဖြစ်နေပေပြီ။
မြန်မာစစ်တပ်၏ တိုက်ခိုက်ရေး အင်အားသက်သက်သည် ၅ သောင်းထက် မပိုနိုင်တော့ပေ။ စစ်လက်ရုံးတပ်များမှလည်း ထပ်မံ ထုတ်နုတ်စရာ ရှိပုံမရတော့။ စစ်မှုထမ်းဟောင်းများမှာလည်း ဟန်သာရှိပြီး အဆံမရှိတော့သည့် ဂျိုကျိုး နားရွက်ပဲ့များ ဖြစ်နေပေပြီ။ ထိုအခြေအနေကို ကုစားရန်၊ စစ်အင်အားဖြည့်တင်းရန် စစ်မှုထမ်းဥပဒေဆိုသည်ကို ပြဌာန်းလာခဲ့၏။
ထိုအခြေအနေကို ကုစားရန်၊ စစ်အင်အားဖြည့်တင်းရန် စစ်မှုထမ်းဥပဒေဆိုသည်ကို ပြဌာန်းလာခဲ့၏။ အဆိုပါ စစ်မှုထမ်းဥပဒေသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လက်ထက်က ရေးဆွဲခဲ့သော ဥပဒေဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က ဥက္ကဋ္ဌဖြစ်သူ စစ်အာဏာရှင် သန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် ဥပဒေဖြစ်၏။ သို့သော် ထိုဥပဒေအတည်ဖြစ်ရန်မှာ ထိုဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ ခ အရ “နအဖ” အမိန့်စာဖြင့် အတည်ပြုသည့်နေ့တွင် စတင်အာဏာ တည်သည်ဟု ပြဌာန်းထား၏။
ယခုအခါ နိုင်ငံတော်စီမံရေးကောင်စီ (နစက) ဥက္ကဋ္ဌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဆိုပါ ဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ ခ အရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင် အာဏာတည်စေရမည်ဟု အမိန့်ထုတ်ပြန်သည်ကို တွေ့ရ၏။
ကလိမ်ကကျစ် လိုရာသုံးဥပဒေများအရ နအဖ ဥက္ကဋ္ဌအစား နစက ဥက္ကဋ္ဌ လက်မှတ်ထိုး၍ရသည်ဟု ဆိုပေလိမ့်မည်။
နအဖ ဆိုသည်မှာ ၂၀၀၈ အခြေခံဥပဒေ အသက်ဝင်ကတည်းက ဖျက်သိမ်းပြီးဖြစ်သည်။ ယနေ့ စစ်ကောင်စီက ဆုပ်ကိုင်ထားသည့် ၂၀၀၈ အခြေခံဥပဒေအရ ဥပဒေများကို လွှတ်တော်က အတည်ပြုပြဌာန်းမှ ရမည်ဖြစ်သည်။ လက်ရှိတွင်လည်း တိုင်းရင်းသားတို့၏ ပြည်နယ်ပြဿနာ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဿနာနှင့် ပတ်သက်လျှင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လွှတ်တော်က အတည်ပြုမှရမည်ဟု တဖွဖွပြောလေ့ရှိ၏။ ပြောနေဆဲလည်းဖြစ်သည်။
ဤသို့ဆိုပါက ယခု စစ်မှုထမ်းဥပဒေမှာလည်း လွှတ်တော်က အတည်ပြုမှ ရပေလိမ့်မည်။ သို့သော် စစ်ကောင်စီခေါင်းဆောင်များတွင် အရှက်နှင့်ဂုဏ်သိက္ခာ ရှိကြသည် မဟုတ်ပေရာ စစ်မှုထမ်းဥပဒေကို ဇွတ်အတည်ပြုခဲ့ကြ၏။
ထို့ပြင် ထိုဥပဒေ၏ အစပိုင်းအခန်းများတွင် အသက်ကန့်သတ်ချက်၊ စစ်မှုထမ်းကာလ ကန့်သတ်ချက်များ ဖော်ပြထားသော်လည်း နောက်ပိုင်းအခန်းများ၌ အရေးပေါ်အခြေအနေတွင် အကန့်အသတ်မရှိ စစ်မှုထမ်းရမည်ဟူ၍ အဓိပ္ပာယ်သက်ရောက်သည်ကို တွေ့ရ၏။ သို့ဖြစ်ရာ တပ်ပြုန်းနေသည့် ပြည်ပြေး စစ်တပ်သည် စစ်မှုထမ်းဥပဒေပြဌာန်းပြီး အသက်ဆက်ရန် ကြိုးပမ်းနေသည်ဟု ဆိုရမည်။
သို့သော်လည်း ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်အား ရွံရှာမုန်းတီးခြင်း၊ မြန်မာစစ်တပ်က ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နှိပ်စက်မှုကြောင့် မြန်မာစစ်တပ်တွင်းသို့ ဝင်ရောက်လိုသူ မရှိပေ။ ထို့ပြင် ယခုအခါ စစ်အရှုံးကြီးရှုံးပြီး အထိနာနေ၍ ပို၍ဝင်ရောက်လိုသူ မရှိပေ။ ပြီးခဲ့သော သုံးနှစ်ကာလအတွင်း စစ်သားဝယ်ခြင်း၊ ပေါ်တာဖမ်းခြင်းတို့ဖြင့် စစ်သားစုဆောင်းလာခဲ့သော်လည်း မလုံလောက်တော့သဖြင့် ယခုအခါ တပြည်လုံးအနှံ့ စစ်သားဆွဲရန် ဥပဒေပြဌာန်းခြင်းဖြစ်၏။
သို့သော်လည်း လူငယ်များသည် စစ်မှုထမ်းဥပဒေကို အလွယ်တကူ လိုက်နာကြလိမ့်မည် မဟုတ်ပေ။ နည်းမျိုးစုံသုံး၍ ဆန့်ကျင်ကြမည်သာ ဖြစ်၏။ တိုင်းရင်းသားပြည်နယ်များရှိ လူငယ်များသည် စစ်ကောင်စီ၏ ပြည်ပြေးစစ်တပ်တွင် မဝင်လို၍ ၎င်းတို့ တိုင်းရင်းသားတပ်ဖွဲ့များသို့သာ ပြေးဝင်ကြမည်၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ထိန်းချုပ်ရာဒေသသို့ သွားရောက် တိမ်းရှောင်ကြမည်၊ နိုင်ငံခြားသို့ ထွက်ခွာကြမည် ဖြစ်၏။

ပြည်မရှိ ဗမာလူငယ်များမှာလည်း PDF တွင်း ဝင်ရောက်သူနှင့် နိုင်ငံရပ်ခြားသို့ လည်းကောင်း၊ တိုင်းရင်းသားပြည်နယ်များသို့ လည်းကောင်း ထွက်ပြေးသူ ပိုများလာမည် ဖြစ်၏။ စစ်ကောင်စီက မည်သို့ တားဆီးသည်ဖြစ်စေ နည်းမျိုးစုံဖြင့် ထွက်ပြေးကြမည်သာဖြစ်၏။ ထိပ်ဆုံးမှ အောက်ခြေအထိ လာဘ်ပေးလာဘ်ယူဖြင့် ပျက်စီးနေသော မြန်မာစစ်တပ်ယန္တယားသည် တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
သို့ဖြစ်ရာ တိုင်းရင်းသားတပ်ဖွဲ့များနှင့် PDF များ ပိုအားကောင်းလာမည် ဖြစ်သကဲ့သို့ ၎င်းတို့ ထိန်းချုပ်ရာဒေသသို့ လာရောက် တိမ်းရှောင်သည့် လူငယ်များကို အကာကွယ်ပေးကြမည်မှာ မြေကြီး လက်ခတ်မလွဲ ဖြစ်၏။ စစ်မှုထမ်းဥပဒေ အကြောင်းပြုပြီး မြန်မာပြည်အနှံ့တွင် စစ်တပ်က လူငယ်များအား ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ငွေညှစ်ခြင်းများ ဖြစ်ပေါ်လာမည် ဖြစ်သော်လည်း ထင်တိုင်းပေါက်စေမည် မဟုတ်ဘဲ ဆိုးကျိုးကိုသာ ပေးပေလိမ့်မည်။
စစ်ကောင်စီက မည်သို့ တားဆီးသည်ဖြစ်စေ နည်းမျိုးစုံဖြင့် ထွက်ပြေးကြမည်သာဖြစ်၏။ ထိပ်ဆုံးမှ အောက်ခြေအထိ လာဘ်ပေးလာဘ်ယူဖြင့် ပျက်စီးနေသော မြန်မာစစ်တပ်ယန္တယားသည် တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
ယခုအချိန်တွင် သာမန်စစ်သား မဆိုထားနှင့် စစ်ဗိုလ်လုပ်လိုသူပင် နည်းပါးသည်။ ၂၀၂၃ ခုနှစ် DSA ဗိုလ်သင်တန်းဆင်းပွဲတွင် သင်တန်းဆင်း ၅၀၀ ခန့်သာရှိ၏။ ကြည်းတပ်တွင်ပင် ခြေလျင်၊ ခြေမြန်၊ အမြောက်၊ လေကြောင်းရန်၊ သံချပ်ကာ၊ ထောက်ပို့ အစရှိသဖြင့် တပ်ရင်းတပ်ဖွဲ့ပေါင်း ၁ ထောင်ခန့်ရှိရာ တရင်းလျှင် တယောက်ပင် မပို့နိုင်ပေ။ ရေနှင့်လေတပ် ကျန်သေးသည်။
စစ်မြေပြင်တွင် သာမန်အရာရှိငယ် မဆိုထားနှင့် တပ်မမှူး ဗိုလ်မှူးချုပ်အဆင့်များပင် ပြုန်းတီးနေသည်။ ပြီးခဲ့သော သုံးလကျော်အတွင်း တပ်မ ၁၁၊ တပ်မ ၄၄၊ တပ်မ ၉၉ တပ်မမှူး သုံးယောက်သေသည်။ စကခ ၉၊ စကခ ၁၉၊ တပ်မ ၁၀၁ တပ်မမှူး သုံးယောက်အဖမ်းခံရပြီး စကခ ၁၊ စကခ ၁၂၊ စကခ ၁၄၊ စကခ ၁၆၊ တပ်မ ၅၅၊ လောက်ကိုင် ဒကစမှူးနှင့် ကိုးကန့်ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ခုနစ်ယောက် လက်နက်ချရာ ဗိုလ်မှူးချုပ်အဆင့် ၁၃ ယောက် ပြုန်းတီးသွားသည်။ အခြားအရာရှိအဆင့် များစွာလည်း ပြုန်းတီးသွားသည်။
လူထုထောက်ခံမှု မရှိသည့် မြန်မာစစ်တပ်အတွက် ဆေးမမီတော့ပေ။ ကုစားရန် မလွယ်တော့။ စစ်မှုထမ်းဥပဒေသည် ပြုန်းတီးသွားသော စစ်အင်အားကို အချိန်တိုတွင်း ဖြည့်တင်းပေးမည့်အစား လူမုန်းများနေသော စစ်တပ်အတွက် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သော လုပ်ရပ်သာ ဖြစ်လိမ့်မည်။
ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ
တပြည်လုံးအနှံ့စစ်ပွဲတွင် စစ်တပ် အထိနာနေသည်။ မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့နှင့် တိုက်သည့်တိုက်ပွဲများတွင် ပို၍ အထိနာနေသည်။ မြန်မာစစ်ဗိုလ်ချုပ်များ စစ်မြေပြင်တွင် အောင်ပွဲရသည်ကို မတွေ့ရပေ။ စစ်မြေပြင်တိုင်းတွင် စစ်ရှုံးဗိုလ်ချုပ်များ ဖြစ်နေကြသည်။ ရှမ်းမြောက်တွင် မြို့များစွာ၊ တပ်ရင်းများစွာ၊ စစ်အင်အား၊ စစ်လက်နက်များစွာ ဆုံးရှုံးခဲ့သူ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူး နိုင်နိုင်ဦးအား စစ်ရှုံးအပြီးတွင် ဒုဗိုလ်ချုပ်ကြီးရာထူး တိုးပေး၍ရှမ်းပြည်နယ်ရှိ စစ်တိုင်းလေးတိုင်းလုံးကို တာဝန်ယူရသည့် ကစထမှူး ခန့်အပ်သည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ရှမ်းမြောက်တွင် စစ်ရှုံးခဲ့သူကို ဆက်လက် ဦးစီးခိုင်းပါက ရှမ်းပြည်တခုလုံး ဆက်လက် စစ်ရှုံးဖွယ်သာ ရှိပေသည်။
ထို့အတူ စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ထောက်ချုပ်တာဝန် ယူထားသူ ကျော်စွာလင်းမှာလည်း စစ်မတိုက်ဖူးသူဟု နာမည်ကြီးသည်။ ပြုတ်သွားသည့် မိုးမြင့်ထွန်း၊ ကျော်စွာလင်း၊ ကိုကိုဦး (လက်ရှိ ကစထ ၁ မှူး) တို့မှာ နအဖ လက်ထက်က ဒုချုပ်ဖြစ်ခဲ့သူ မောင်အေးတို့ လင်မယား၏ ကိုယ်ရေးအရာရှိ၊ တပည့်လက်ရင်း အိတ်ဆွဲများဖြစ်ကြရာ စစ်မတိုက်ဘဲ ရာထူးတက်လာကြသူများအဖြစ် နာမည်ကြီးကြသည်။
လက်ရှိ ထိပ်ဆုံးမှ စစ်ကောင်စီ ခေါင်းဆောင်နှစ်ဦးမှာလည်း စစ်ရေးအစွမ်းအစ မပြနိုင်သည့်အပြင် ရှမ်းမြောက်၊ ရခိုင်အပါအဝင် တပြည်လုံးအနှံ့တွင် မြို့များ၊ တပ်များဆုံးရှုံးပြီး အလဲလဲအကွဲကွဲ ဖြစ်နေချိန်တွင် နောက်တန်း၌ အပြုံးမပျက် ပွဲတက်နေကြ၏။ အခြေအနေမှန်ကို လူထုမသိရန် လိမ်ညာဖို့ကြိုးစားနေကြသည်။
ယနေ့ကဲ့သို့ ကမ္ဘာကြီးက ရွာကြီးဖြစ်နေသောကာလတွင် လူထုအား လိမ်ညာ၍ရမည်ဟု ထင်နေကြဆဲဖြစ်၏။ သနားစရာ မကောင်းလောက်အောင် ညံ့ဖျင်းကြ၏။ ထိပ်ဆုံးက လူညံ့ဖြစ်နေရာ သူ၏ လက်ထောက်များကလည်း လူဖျင်းများ ဖြစ်နေမှာ အံ့ဩစရာမရှိပေ။ လူညံ့လူဖျင်း လက်အောက်တွင် စစ်ရှုံးဗိုလ်ချုပ်များသာရှိပြီး စစ်မှုထမ်းလိုသူ မရှိသည်မှာလည်း အံ့ဩစရာမရှိပေ။ ယခုမှ ဇွတ်အတင်း စစ်မှုထမ်းခိုင်း၍လည်း နလံထူရန် မလွယ်ကူပေ။
ထိပ်ဆုံးက လူညံ့ဖြစ်နေရာ သူ၏ လက်ထောက်များကလည်း လူဖျင်းများ ဖြစ်နေမှာ အံ့ဩစရာမရှိပေ။ လူညံ့လူဖျင်း လက်အောက်တွင် စစ်ရှုံးဗိုလ်ချုပ်များသာရှိပြီး စစ်မှုထမ်းလိုသူ မရှိသည်မှာလည်း အံ့ဩစရာမရှိပေ။ ယခုမှ ဇွတ်အတင်း စစ်မှုထမ်းခိုင်း၍လည်း နလံထူရန် မလွယ်ကူပေ။
ထို့ပြင် စကစ ခေါင်းဆောင်များသည် သူတို့အရှုံးများကို ဖုံးကွယ်ရန်၊ ရှေ့တန်းစစ်မျက်နှာတွင် သေကြေသွားသည့် သူတို့တပ်အင်အားစာရင်းကို ဖုံးဖိရန် သူတို့အတွက် အသက်ပေးသွားခဲ့သူများကို ထုတ်ဖော်ဂုဏ်ပြုခြင်း မပြုရဲကြ၊ မပြုနိုင်ကြပေ။
သူတို့အတွက် အသက်ပေးကြရသူများသည် ခွေးသေ၊ ဝက်သေဖြင့် သေနေကြရ၏။ ကုန်းပေါ်တွင် ကျီးထိုးထိုး၊ လင်းတစားစား၊ ရေထဲတွင် ငါးတွတ်တွတ်၊ မိချောင်းစားစား စွန့်ပစ်ခံထားရပြီး ကောင်းစွာ သင်္ဂြိုဟ်ခြင်းပင် မခံကြရပေ။ ထို့ပြင် အမည်နာမတပ်၍ တိုင်းသိပြည်သိ လူသိရှင်ကြား ထုတ်ဖော်ဂုဏ်ပြုခြင်း မခံကြရပေ။ လူမသိ လူမသိ သေနေကြရ၏။ ထို့ကြောင့်လည်း သူတို့အတွက် အသက်စွန့်လိုသူ ပို၍ နည်းပါးလာသည်။
ထို့ကြောင့်လည်း တိုက်ပွဲဖြစ်သည်နှင့် “ပြေးနိုင်မှလွတ်မဟေ့” ဟူသည့်ထုံး နှလုံးမူပြီး နိုင်ငံရပ်ခြားသို့ပင် ခြေကုန်သုတ်၍ ပြေးနေကြခြင်းဖြစ်၏။ ထို့ကြောင့်လည်း ဒေသတွင်းနိုင်ငံများကြား ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေခဲ့ပေပြီ။
ထိုသို့သော အခြေအနေအောက်တွင် စစ်မှုထမ်းဥပဒေ ပြဌာန်းလိုက်ခြင်းသည် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များကို စတင်ရေတွက်လိုက်ခြင်းပင်ဖြစ်သည်ဟု ဆိုပါက ခင်မမ လွန်ရာကြသည်ဟု မဆိုကြစေလိုပါ။
(ခင်မမသည် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတဦး ဖြစ်သည်။)
You may also like these stories:
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ပြည်သူများ စိုးရိမ်
သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ
စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်း သက်သေပြ
ရှမ်းပြည်မြောက်ပိုင်းမှ မြန်မာ့ အလံဖြူတပ်မတော်
စစ်သား သားသမီးများကို တပ်ပြင် လုံခြုံရေးတာဝန် ခိုင်းစေလာ
ပျက်နေတဲ့ တပ်ထဲ မည်သူမျှ မဝင်လိုတော့