စစ်ကောင်စီတပ်အတွင်း အင်အား သိသိသာသာ လျော့နည်းလာသောကြောင့် အောက်ခြေစစ်သည်များ၏ သားသမီးများကို မြို့တွင်းနှင့် တပ်ပြင်လုံခြုံရေးအတွက် သက်ဆိုင်ရာ တပ်နယ်မှူးများက အမိန့်ပေးခိုင်းစေ လာကြောင်း စစ်သည် မိသားစုဝင်များထံမှ သတင်း ရရှိသည်။
နေပြည်တော် တပ်နယ်မှ အမည်မဖော်လိုသည့် အရာရှိတဦးက “စစ်သား သားသမီးတွေ ၁၈ နှစ် မပြည့် သေးတဲ့ ကလေးတွေလည်း ပါတယ်။ သေနတ်နိုင်တဲ့အရွယ်တွေကို ကင်းစောင့်ခိုင်းတာ လူကြီးတွေရဲ့ လုံ ခြုံရေး လုပ်ခိုင်းတာတွေ လုပ်လာတယ်။ အဲဒီလို ခိုင်းလို့ အများစုကတော့ မကျေနပ်ကြဘူး” ဟု ပြောသည်။
စစ်တပ် အာဏာသိမ်းပြီး တနှစ်အကြာတွင် စစ်ကောင်စီတပ်တွင်းရှိ အောက်ခြေစစ်သည်များ၏ အရွယ် ရောက်သည့် သားသမီးများအား တပ်တွင်း လုံခြုံရေးအတွက် ကင်းစောင့်ခိုင်းသည်များရှိခဲ့ပြီး ယခုအခါ တပ် တွင်း လုံခြုံရေးသာမက မြို့တွင်းနှင့်အထက်လူကြီး လုံခြုံရေးတာဝန်များပါ ခိုင်းစေလာခြင်း ဖြစ်သည်။
ထိုကဲ့သို့ အောက်ခြေ စစ်သားများ၏ သားသမီးများအား လုံခြုံရေး တာဝန်များ ခိုင်းစေသည့်အတွက် အချို့ သော မိဘများသည် သားသမီးများကို တခြားနေရာသို့ ပြောင်းရွှေ့ နေထိုင်စေခြင်း သင်တန်းတက်ခါနီး အချိန်တွင် သာသနာ့ဘောင်တွင် ကိုရင်ဝတ်ခိုင်းခြင်းများ လုပ်ဆောင်လာကြကြောင်း ပြည်သူ့ဘက် ရပ်တည်လာသည့် CDM တပ် ကြပ်ကြီး ကျော်နိုင်စိုး၏ ဇနီးက ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ကြား မြန်မာနိုင်ငံအနှံ့အပြားတွင် တိုက်ပွဲများဖြစ်လာသည့်အတွက် စစ်ကောင်စီတပ်အနေဖြင့် တိုက်ခိုက်ရေး တပ် မဟုတ်သော လက်ရုံးတပ်မှ စစ်သည်များပါကို ရှေ့တန်း ပို့လာခဲ့ရသည်။
ထို့ကြောင့် တပ်ရင်းတပ်ဖွဲ့များ၏ နောက်တန်း စခန်းများ၏ လုံခြုံရေး တာဝန်အား စစ်သည်များ၏ဇနီးသည် များ တာဝန်ပေးခြင်းများ ရှိလာခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သည့်အချိန်မှစ၍ မြန်မာစစ်တပ်တွင်းသို့ ဝင် ရောက်သူ သိသိသာသာ လျော့နည်းသွားခဲ့ပြီး စစ်တပ်၏ပြုန်းတီး အင်အားမှာ စစ်သားရရှိသည့် အင်အား ထက် ပို၍များလာခဲ့သည်။
စစ်ကောင်စီတပ်ကို ခုခံတော်လှန်နေကြသည့် တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲမှာ နေရာအနှံ့ဖြစ်ပွား နေသလို၊ ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့များမှာ အကျအဆုံး များလျက်လည်း ရှိနေသည်။
ထိုသို့ အင်အားလျော့နည်းလာသည့် စစ်အင်အားကို ပြန်လည်ဖြည့်တင်းရန်အတွက် စစ်သားစုဆောင်းရေး ကို ယခင်ကာလများကဲ့သို့ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်၍မရတော့သဖြင့် လူမှုကွန်ရက်မှာ အလုပ်ခေါ် အင်တာဗျူးသည်ပုံစံမျိုးဖြင့် လိမ်လည်၍ လုပ်ဆောင်လာသည်များလည်း ရှိကြောင်း ပြည်သူ့ရင်ခွင် အဖွဲ့ ထံမှ သိရသည်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီတပ်အား စွန့်ခွာသူ CDM လုပ်သူ တိုက်ပွဲကျဆုံးသူနှင့် ထိခိုက် ဒဏ်ရာရသူအင်အားမှ သိသိသာသာ တိုးပွားလာပြီး အင်အားထပ်မံ မဖြည့်နိုင်သည့်အခြေအနေ ဖြစ်နေကြောင်း လေ့လာသူများက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်မှနေ စွန့်ခွာကာ CDM ဝင်ရောက်လာသည့် စစ်သားဦးရေမှာ ၁ သောင်းကျော် ရှိနေပြီး ထပ်မံ၍ ပြည်သူ့ဘက်မှ ရပ်တည်ကြရန်လည်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ ကာကွယ်ရေး အဖွဲ့များက ဖိတ်ခေါ်လျက်ရှိသည်။
You may also like this story:
အမျိုးသမီးများကို စစ်မြေပြင်လွှတ်ရန် စစ်ကောင်စီ ကြံစည်
သြစတြေးလျက မြန်မာ CDM စစ်သားများအား ပြည်ဝင်ခွင့်ပေး
ထီးလင်းမှ ဂန့်ဂေါသို့ တက်လာသည့် စစ်ကောင်စီ ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ
ပြည်ထောင်စုသားချင်း စာနာထောက်ထားမှု ပြကြပါ