သုံးနှစ်နီးပါးကြာလာသောအခါ မြန်မာ့စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုသည် မကြုံဖူးသည့် လူထုထောက်ခံမှုရပြီး စစ်ကောင်စီသည် နိုင်ငံဒေသအများစုကို အုပ်ချုပ်နိုင်စွမ်း မရှိတော့ဘဲ တော်လှန်ရေးဘက်က ကြီးမားသော အောင်မြင်မှု ရလာသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် ငြိမ်းချမ်းရေးယူရေး၊ ရွေးကောက်ပွဲကျင်းပရေး အပါအဝင် စစ်ကောင်စီ၏ လမ်းပြမြေပုံသည် ဖရိုဖရဲ ဖြစ်နေပုံရသည်။
ညီနောင်မဟာမိတ်များက လွန်ခဲ့သော အောက်တိုဘာလတွင် စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်မှ အဓိကကျသော မြို့များ၊ ရာနှင့်ချီသော စစ်တပ်စခန်းများကို သိမ်းပိုက်လိုက်သည်။ ထိုသို့ သိမ်းပိုက်လိုက်ခြင်းသည် စစ်ကောင်စီ၏ စွမ်းရည်ကို သံယဖြစ်နေသည့်အပေါ် အတည်ပြုပေးလိုက်သလိုဖြစ်ပြီး နွေဦးတော်လှန်ရေး တခုလုံးအတွက် စိတ်အား တက်ကြွမှုကို မြှင့်တင်ပေးလိုက်သည်။ စစ်ကိုင်းတိုင်း၊ ချင်း၊ ကချင်၊ ကရင်နှင့် ကရင်နီ (ကယား) ပြည်နယ်များမှ စစ်တပ်စခန်းနှင့် မြို့အများအပြားသည် EAOs များနှင့် တော်လှန်ရေးအင်အားစုများ လက်သို့ ကျရောက်နေသည်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုသည် တဆစ်ချိုးသို့ ရောက်လာပြီး စစ်ကောင်စီ ကျဆုံးမှု စတင်သည့် လက္ခဏာဖြစ်သည်ဟု သရုပ်ခွဲလေ့လာသူအချို့က ယူဆကြသော်လည်း စစ်ကောင်စီ ပြိုကွဲမည်ဟု ခန့်မှန်းရန် စောလွန်းသေးသည်ဟု အချို့က ယုံကြည်သည်။ စစ်ကောင်စီ မည်သည့်အချိန်တွင် ကျဆုံးမည်ကို ပြောရန် ခက်ခဲသော်လည်း ပုံမှန်အခြေအနေ ပြန်လည် ထိန်းသိမ်းရန် လုံးဝ မဖြစ်နိုင်သလောက်ပင် ဖြစ်နေသည်။
တချိန်တည်းတွင် အတိုက်အခံ အုပ်စုများအကြား ညှိနှိုင်းမှုသည် နှိုင်းယှဉ်ကြည့်လျှင် နိမ့်ကျနေသည်။ ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) ကို လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် K3C ဟုခေါ်သည့် ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့နှင့် နိုင်ငံရေးအရ မဟာမိတ်ဖွဲ့ထားသည်။ သို့သော် ထို EAOs များနှင့် စစ်ရေးညှိနှိုင်းမှု လျော့ရဲသည်။
ထိုသို့ အားနည်းသော ညှိနှိုင်းမှုသည် စစ်ကောင်စီ ပြိုကွဲသည်ဖြစ်စေ၊ မပြိုကွဲသည်ဖြစ်စေ နယ်မြေ အစိတ်စိတ်အမွှာမွှာ ကွဲမည့်အပေါ် အလေးအနက် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။ ထို စိုးရိပ်ပူပန်မှုသည် အကြောင်းအမျိုးမျိုးကြောင့် ကျိုးကြောင်း ဆင်ခြင်ဖွယ်ရာဖြစ်သည်။
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ၎င်းတို့၏ သီးခြားအစီအစဉ်ဖြင့် လှုပ်ရှားကြပြီး ကျန် EAOs များနှင့် များပြားလှစွာသော ဒေသဆိုင်ရာ တော်လှန်ရေး အင်အားစုများသည် NUG နှင့် မချိတ်ဆက်ကြသေးပေ။
ထိုသို့ အားနည်းသော ညှိနှိုင်းမှုသည် စစ်ကောင်စီ ပြိုကွဲသည်ဖြစ်စေ၊ မပြိုကွဲသည်ဖြစ်စေ နယ်မြေ အစိတ်စိတ်အမွှာမွှာ ကွဲမည့်အပေါ် အလေးအနက် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။ ထို စိုးရိပ်ပူပန်မှုသည် အကြောင်းအမျိုးမျိုးကြောင့် ကျိုးကြောင်း ဆင်ခြင်ဖွယ်ရာဖြစ်သည်။
လူမျိုးစု ခံစားချက်များ အရေးပါ

နှစ်ပေါင်း ၇၀ ကျော်ကြာသည့် ခါးသီးသော အတွေ့အကြုံနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခြင်းတို့ကို အခြေခံပြီး “ဗမာဇာတ်သွင်းခြင်း” ကိုသာ လုပ်ဆောင်နေသည့် စစ်တပ်နှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး အောင်မြင်ရန် မဖြစ်နိုင်ဟု EAOs များ ယူဆကြသည်။ စစ်ကောင်စီနှင့် အလုပ်လုပ်ခြင်းသည် ရွေးချယ်စရာ မဟုတ်တော့ပေ။
၂၀၁၅ ခုနှစ်မတိုင်မီကအထိ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် EAOs များ သို့မဟုတ် ဗမာမဟုတ်သည့် တိုင်းရင်းသားအုပ်စုများအတွက် ဖက်ဒရယ်ကိစ္စ ဆောင်ရွက်ရန် ပိုမိုကောင်းမွန်သည့် ရွေးချယ်စရာ ဖြစ်ခဲ့ပုံရသော်လည်း ၂၀၂၀ တွင် အမြင်ပြောင်းသွားခဲ့သည်။ NLD ငါးနှစ်ကြာ အာဏာရခြင်းသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ် ပြဿနာများနှင့် ပတ်သက်လျှင် “ဗမာခေါင်းဆောင်အားလုံး အတူတူသာ ဖြစ်သည်” ဆိုသည့် ခံစားချက်သစ်ကို မျိုးစေ့ချပေးသည်။
စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများက ၂၀၂၁ ခုနှစ် အစောပိုင်းတွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် NUG ကို ဖွဲ့စည်းခြင်းသည် ပြန်လည်သင့်မြတ်ရေးအတွက် မျှော်လင့်ချက်ကို ဖြစ်စေသည်။ ထိုသို့ အဆင်မပြေသည့် ခံစားချက်သည် လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးသော်လည်း စစ်အာဏာသိမ်းမှုကြောင့် အလယ်အလတ် သဘောဆောင်သော ဗမာအုပ်စုများ သို့မဟုတ် တိုင်းရင်းသားများကို စာနာနားလည်သော အုပ်စုများ မွေးထုတ်ပေးသည်ဆိုသည့် အယူအဆ အထင်အရှား ပေါ်လာသည်။ စိန်ခေါ်မှု အများအပြားရှိသော်လည်း NUG သည် ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်သည်။
အတိုက်အခံအင်အားစုများအကြား ဘုံသဘောတူညီချက် တည်ဆောက်ရန် စင်မြင့်အဖြစ် ရည်ရွယ်ခဲ့သော NUCC သည် ပြင်းထန်သော မအောင်မြင်မှုများနှင့် ရင်ဆိုင်ရသည်။ အဖွဲ့တွင်း သဘောထား ကွဲလွဲမှုများကြောင့် အချို့အဖွဲ့ဝင်များ အဖွဲ့မှ ထွက်ခွာသွားကြပြီး လက်ရှိ သဘောထား ကွဲလွဲမှုများ ပိုမိုကျယ်ပြန့်လာသည်ဟု ယူဆရသည်။
ဘုံရည်မှန်းချက် မရှိခြင်းကြောင့် ပြိုကွဲမည်လား
မြန်မာ့တော်လှန်ရေး လှုပ်ရှားမှုသည် ဒီမိုကရေစီနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လှုပ်ရှားမှုများ ပေါင်းစပ်ထားသည့် လှုပ်ရှားမှုဟု မကြာခဏ ပုံဖော်တတ်ကြသည်။ ဒီမိုကရေစီလှုပ်ရှားမှုကို ဗမာလူမျိုးစုက ဦးဆောင်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လှုပ်ရှားမှုကို ဗမာ မဟုတ်သည့် တိုင်းရင်းသားလူမျိုးစုများ ဦးဆောင်သည့် လှုပ်ရှားမှုအဖြစ် မြင်ကြသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအလွန် နွေဦးတော်လှန်ရေးက ထိုလှုပ်ရှားမှုနှစ်ခုကို ပေါင်းစပ်သွားစေသည်။ သို့သော် စစ်ကောင်စီကို ဖြုတ်ချခြင်းသည် ဘုံအကျိုးစီးပွားဖြစ်ပြီး “ဖက်ဒရယ်ဒီမိုကရေစီ” သည် သဘောတူထားသည့် အခြေခံအယူအဆ ဖြစ်သော်လည်း ထိုသို့ပေါင်းစပ်ခြင်းအတွက် ညီညွတ်သော နိုင်ငံရေးရည်မှန်းချက် မရှိပေ။ ထိုအချက်သည် အစိတ်စိတ်အမွှာမွာ ကွဲမည့် အလားအလာအတွက် စိုးရိမ်မှုများ၏ အကြောင်းရင်းများအနက် တခုဖြစ်ပြီး ပြိုကွဲမှုဖြစ်နိုင်ခြေ များသည်ဟု ကြိုတင်ဟောကိန်း ထုတ်နေကြသည်။
ထိုစိုးရိမ်မှုများကို ပိုမိုဆိုးရွားစေသည်မှာ မည်သည့်အဆင့်ရှိ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တောင်းခံမည်နှင့် ဒီမိုကရက်တစ်ပုံစံ လိုလားမှုအရ အတွေးအခေါ်ဆိုင်ရာ ကွဲလွဲမှုများ ပြည်နယ်တစိတ်တပိုင်း အဆင့်တွင် ရှိနေသည်။ NUG မဟာမိတ် K3C သည် ဒီမိုကရေစီအခြေခံ “အောက်မှအထက်သို့” သွားသည့် ဖက်ဒရယ်စနစ်ကို လိုလားသည်ဟု ယူဆရသည်။ ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) သည် ၁၉၉၀ ပြည့်နှစ်များ အစောပိုင်းမှ စတင်ပြီး ဝ ဒေသကို တပါတီစနစ်ဖြင့် အုပ်ချုပ်နေပြီး နေပြည်တော်မှ သြဇာသက်ရောက်မှု အလွန်နည်းသည်။
MNDAA, TNLA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ အပါအဝင် ရှမ်းပြည်မြောက်ပိုင်းမှ အခြား EAOs များသည်လည်း ဝ နှင့်အလားတူသောစနစ်ကို နှစ်သက်ပုံရသည်။ ၂၀၁၉ ခုနှစ်တွင် AA ခေါင်းဆောင်က ၎င်းတို့အဖွဲ့သည် ဖက်ဒရယ်စနစ်ထက် ကွန်ဖက်ဒရိတ်စနစ်ကို ပိုမိုလိုလားသည်ဟု ပြောသည်။ AA သည် အနာဂတ်ရခိုင်အတွက် တပါတီစနစ်ကို ပုံဖော်နေကြောင်းလည်း ရင်းမြစ်များက ပြောသည်။
ထောက်ခံမှု အများအပြားရသော အခြေခိုင်ပြီးသည့် ဗဟိုအင်စတီကျူးရှင်း မရှိသောကြောင့် ဘော်လ်ကန် ပုံစံ အစိတ်စိတ်အမွှာမွှာကွဲမှုမျိုး မဖြစ်နိုင်လောက်ပေ။ ထိုသို့ မဖြစ်စေရေးအတွက် တားဆီးကာကွယ်ရန် အချိန်လည်း ရှိသေးသည်။
ထို့ကြောင့် အစိတ်စိတ်အမွှာမွှာကွဲမည့် ကိစ္စအပေါ် စိုးရိမ်မှုများသည် အသေးအဖွဲ မဟုတ်ပေ။ မြန်မာသည် ဘော်လ်ကန်ကဲ့သို့ အစိတ်စိတ်အမွှာမွှာ မကွဲလျှင်ပင် ဝ ပုံစံအဆင့်အတန်းရှိသော ပိုင်နက်များ ပေါ်ပေါက်လာမည့် ရှင်းလင်းပြတ်သားသည့် လက္ခဏာများ ရှိနေသည်။
ထောက်ခံမှု အများအပြားရသော အခြေခိုင်ပြီးသည့် ဗဟိုအင်စတီကျူးရှင်း မရှိသောကြောင့် ဘော်လ်ကန် ပုံစံ အစိတ်စိတ်အမွှာမွှာကွဲမှုမျိုး မဖြစ်နိုင်လောက်ပေ။ ထိုသို့ မဖြစ်စေရေးအတွက် တားဆီးကာကွယ်ရန် အချိန်လည်း ရှိသေးသည်။ သို့သော် ထိုအလုပ်ကို မည်သူက လုပ်နိုင်မည်ဆိုသည့်ကိစ္စသည် အချိန်မီမေးရမည့် မေးခွန်းဖြစ်သည်။
အရေးပါသောသူများ
NUCC ဖွဲ့စည်းခြင်းကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) မှတဆင့် NLD က ဦးဆောင်သည်။ CRPH ကို NLD မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖွဲ့စည်းသည်။ NLD အဖွဲ့ဝင်များသည် NUCC တွင် CRPH အဖြစ်သာမက ပါတီ အစုအဖွဲ့အဖြစ်မှလည်း ပါဝင်သည်။ NLD သည် NUCC မှ ၂၀၂၂ ခုနှစ် နှောင်းပိုင်းတွင် တရားဝင် နုတ်ထွက်သော်လည်း CRPH မှတဆင့် ဆက်လက် ပါဝင်နေသေးသည်။
NUCC ၏ ဖွဲ့စည်းတည်ဆောက်သည့် စနစ်သည် အမျိုးမျိုးသော လူမှုအခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ CRPH, ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ EAOs/EROs များ စသည်ဖြင့် အဖွဲ့ဝင် အများအပြား ပါဝင်ရန် ခွင့်ပြုခြင်းသည် ဘုံသဘောတူညီချက်ရရန် အတားအဆီးဖြစ်စေသည်ဟု အချို့က ပြောသော်လည်း အချို့က ကွဲပြားသော နိုင်ငံရေးအကျိုးစီးပွားများသည် အဓိက အတားအဆီးများဖြစ်ကြောင်း ပြောသည်။
NLD သည် တော်လှန်ရေးအတွင်းနှင့် နောက်ပိုင်းကာလတွင် နိုင်ငံရေးအရ ဦးဆောင်မှုယူရန် ၂၀၂၀ ရွေးကောက်ပွဲက ပေးသည့် လုပ်ပိုင်ခွင့်ကို တောင်းဆိုသည်ဟု NUCC အတွင်းလူ အများအပြားက စာရေးသူကို ပြောသည်။ NLD အဖွဲ့ဝင်အချို့သည် စစ်မှန်သော ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဆွေးနွေးရန် တုံ့ဆိုင်းနေပြီး NUCC ကို အတားအဆီးဖြစ်စေသည့် အဓိကအချက်များ ဖြစ်နေကြောင်း ထိုရင်းမြစ်များက စွပ်စွဲသည်။
NLD သည် ပြည်နယ်/တိုင်းအဆင့် နိုင်ငံရေးတွင်လည်း သဟဇာတဖြစ်စေရန် ရုန်းကန်နေရပုံရသည်။ NLD က လွန်ခဲ့သော အောက်တိုဘာလတွင် စစ်ကိုင်း၊ မကွေးနှင့် တနင်္သာရီတိုင်းများတွင် ၎င်းတို့ လွှတ်တော်ကိုယ်စားလှယ်များက ဒေသလွှတ်တော်များ ဖွဲ့စည်းကို ထောက်ခံခြင်းသည် ဒေသဆိုင်ရာ အုပ်စုများထံမှ ကျယ်ပြန့်သော မလိုလားမှုနှင့် ရင်ဆိုင်ရသည်။ ချင်းနှင့် ကရင်ပြည်နယ်များတွင် NLD ပါတီမှ လူများသည် EAOs များနှင့် အဆင်မပြေကြဘဲ ပြည်နယ်အဆင့်အုပ်ချုပ်ရေး တရားဝင်လုပ်ငန်းစဉ်တွင် ဒေသခံ သက်ဆိုင်သူများလည်း ပါဝင်ကြသည်။
NUG ကို NUCC အတွင်း ဘုံသဘောတူညီချက်ဖြင့် ဖွဲ့စည်းသည်။ အစိုးရ၏ အဓိကကျသည့် ဝန်ကြီးဌာနများကို တာဝန်ယူသည့် NLD အဖွဲ့ဝင်များသည် ပါတီ၏ ကြားဖြတ် ဝါရင့်ခေါင်းဆောင်မှု ပြင်ပမှ လူများ ဖြစ်သည်။ ပါတီနှင့် အစိုးရအကြား တင်းမာမှုသတင်းများလည်း မကြာခဏ ပေါ်ထွက်နေသည်။ NUG ကို ကွဲပြားသော နိုင်ငံရေးအုပ်စုများနှင့် ဖွဲ့စည်းထားသောကြောင့် NLD မဟုတ်သော အစိုးရအဖွဲ့ဝင်များသည် ပါတီ၏ အစိုးရအပေါ် သြဇာကို ပြန်လည်ထိန်းညှိသည့် အခန်းကဏ္ဍမှ ပါဝင်သည်။
ပါတီ၏ လက်ရှိဂုဏ်သတင်းသည် မည်သို့ဖြစ်နေစေကာမူ ရွေးကောက်ပွဲတွင် အကြီးအကျယ် အနိုင်ရခြင်းနှင့် CRPH, NUCC နှင့် NUG စသည့် သြဇာခံအဖွဲ့အစည်း ရှိနေခြင်းကြောင့် ထိုပါတီသည် လက်ရှိ နိုင်ငံရေးနယ်ပယ်တွင် အဓိက အစိတ်အပိုင်း ဖြစ်နေဆဲပင်။
အခြားတဖက်တွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် ငါးနှစ်သက်တမ်းသာ ရှိသည်ဆိုသည့် အချက်ကြောင့် ၂၀၂၅ ခုနှစ်နောက်ပိုင်းတွင် ပါတီ၏ အခန်းကဏ္ဍ လျော့နည်းလာနိုင်သည်။ ထိုသို့ဆိုပါက ပြည်သူလူထုက အကြီးအကျယ် ထောက်ခံပြီး ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်က တရားဝင်စေသည့် NUG အစိုးရသည် ထိုနယ်ပယ်တွင် အဓိက ခေါင်းဆောင် NLD နေရာကို အစားထိုးလာနိုင်သည့် ဖြစ်နိုင်ခြေများသော အလားအလာ သဘောတရားအရ ရှိသည်။
အဖျက်သမားနှင့် ကယ်တင်ရှင်

စစ်ကောင်စီ တစတစ ယိုယွင်းခြင်းသည် NLD အနေဖြင့် ဖက်ဒရယ်သဘောတူညီချက်အတွက် ပိုမို ကောင်းမွန်သော ရွေးချယ်စရာဖြစ်သည်ဆိုသည့် ဂုဏ်သတင်း ပြန်လည်ရယူရန် အခွင့်အလမ်းရစေသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဝါရင့်ခေါင်းဆောင်ပိုင်း မရှိခြင်းသည် လှုပ်ရှားမှု တခုခုလုပ်ရန် အတားအဆီးဖြစ်စေသည်။ သို့သော် အလျင်အမြန် ပြောင်းလဲနေသည့် နိုင်ငံရေးအခြေအနေတွင် အချိန်အကန့်အသတ် ရှိသည်။ ထိုသို့သောအခြေအနေတွင် NLD သည် ၎င်းတို့လိုလားသည့် ရလဒ်အတိုင်း ဖက်ဒရယ် ပြည်ထောင်စုတခုအတွက် အဖျက်သမားဖြစ်စေ၊ ကယ်တင်ရှင်ဖြစ်စေ ဖြစ်နိုင်သည်။
စစ်ကောင်စီအလွန် အာဏာရရေးသည် အခြေခံအာရုံစိုက်သည့်အရာဖြစ်ပြီး ဖက်ဒရယ်စနစ် ဆွေးနွေးမှုများကို ဘေးဖယ်ထားပါက NLD ပါတီအပေါ် အပြုသဘော မဆောင်သည့် လက်ရှိခံစားမှုများကို အရှိန်မြှင့်တင်ပေးနိုင်ပြီး အတွင်းအကွဲအပြဲများကို ပိုမိုဆိုးရွားစေနိုင်သည်။ ထိုသို့ဖြစ်လျှင် EAOs များနှင့် တိုင်းရင်းသားအုပ်စုများသည် ပိုမိုကျယ်ပြန့်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရန် ကြိုးစားမည်ဖြစ်သည်။
သို့သော် NLD သည် EAOs များနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပြီး ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခြေခံမူများနှင့် ပတ်သက်သည့် သဘောတူညီချက် ရှာနိုင်ပါက ကယ်တင်ရှင် ဖြစ်နိုင်သည်။ ထိုသို့လုပ်လျှင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် နိုင်ငံရေးအရ ညှိနှိုင်းဖြေရှင်းမှု ဖြစ်လာနိုင်သလို စစ်ကောင်စီကို တိုက်ခိုက်ရန် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိုပင် မြှင့်တင်ပေးနိုင်သည်။
သို့သော် NLD သည် ၎င်း၏ အခြေခံအကျိုးစီးပွားကို စွန့်လွတ်ရန် လွန်စွာခက်ခဲနေပါက NUG သည် မြန်မာ့လူမျိုးစု အုပ်စုများအကြား အရုပ်ဆိုးအကျည်းတန်သည့် အကွဲအပြဲကို ရှောင်ရှားနိုင်သေးသည်။ ထိုသို့ဖြစ်လျှင် ညီညွတ်ရေး အစိုးရတွင်းမှ NLD အဖွဲ့ဝင်များသည် ပါတီနှင့် ပြည်ထောင်စုတည်တံ့မှုအကြား ရွေးချယ်ရမည်ဖြစ်သည်။
နိုင်ငံရေး သဘောတူညီမှု အရေးပါ
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တိုင်းရင်းသား လွတ်မြောက်နယ်မြေများတွင် ပြင်ပစွက်ဖက်မှု မရှိသည့် ကိုယ်ပိုင်အုပ်ချုပ်မှုများ လွှမ်းမိုးနေပြီဖြစ်သည်။ ထိုကိုယ်ပိုင်အုပ်ချုပ်မှု အများအပြားကို အခြေကျပြီးဖြစ်သည့် EAOs များက စီမံကြသည်။ ထိုဒေသများအားလုံးသည် ပေးအပ်ခံရသော ဒေသများ မဟုတ်ဘဲ ရင်းမြစ်များ၊ ဘဝများ၊ သွေးချွေးများ ပေးဆပ်ပြီး တိုက်ယူထားသည့် ဒေသများဖြစ်သည်။ ထို့ကြောင့် ပြင်ပမှ အုပ်ချုပ်သူများကို အာဏာလွှဲပေးရန် မဖြစ်နိုင်ပေ။
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တိုင်းရင်းသား လွတ်မြောက်နယ်မြေများတွင် ပြင်ပစွက်ဖက်မှု မရှိသည့် ကိုယ်ပိုင်အုပ်ချုပ်မှုများ လွှမ်းမိုးနေပြီဖြစ်သည်။ ထိုကိုယ်ပိုင်အုပ်ချုပ်မှု အများအပြားကို အခြေကျပြီးဖြစ်သည့် EAOs များက စီမံကြသည်။
စစ်ကောင်စီကျဆုံးခြင်းနှင့် EAOs များ တိုးတက်မှုတို့သည် တပြိုင်နက်ဖြစ်နေသော ဖြစ်ရပ်ဖြစ်သည်။ လွတ်မြောက်ဒေသများသည် ဆက်လက် ကျယ်ပြန့်နေမည့် အလားအလာရှိသည်။ ထို့ကြောင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် နိုင်ငံရေး သဘောတူညီချက်သည် အစိတ်စိတ်အမွှာမွှာ ကွဲခြင်းကို တားဆီးမည့် တခုတည်းသော ရွေးစရာဖြစ်သည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ နယ်ပယ်သည် အဖွဲ့အလိုက် ကွဲပြားမည်ဖြစ်သော်လည်း ပြိုကွဲခြင်းသည် နောက်ဆုံး ရွေးချယ်စရာသာ ဖြစ်သည်။ EAOs ခေါင်းဆောင်များ မကြာခဏ ပြောကြားခဲ့သည့်အတိုင်း ဆိုရပါက ပြည်ထောင်စုသည် လုံလောက်စွာ နေချင့်စဖွယ်ဖြစ်ပါက မည်သူမှ ခွဲထွက်ရေးအကြောင်း စဉ်းစားရန် လိုမည်မဟုတ်ကြောင်းသာ ပြောရတော့မည် ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ June N.S. ၏ Only Assurances of Self-Determination Can Prevent Myanmar From Shattering ကို ဘာသာပြန်သည်။ )
You may also like these stories:
ဖက်ဒရယ်ဒီမိုကရေစီ ချာတာဟာ ကျနော်တို့ရဲ့ ကျမ်းစာ
NLD၊ ဗမာလူမျိုးကြီးဝါဒနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်
နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားတော်လှန်ရေး
၁၀၂၇ စစ်ဆင်ရေးအလွန် မြန်မာတွင် ဗဟိုဖြန့်ထွက်စနစ်သစ် လိုအပ်
ဟိုပန်နှင့်ပန်လုံကို သိမ်းပိုက်အပြီး “ဝ” ပိုင်နက် ကျယ်ပြန့်လာ