အမှန်တရားတွေဟာ ခါးသီးပါတယ်။ ဒါပေမယ့် အလိမ်မခံရဖို့၊ ကိုယ်တိုင် ထင်ယောင်ထင်မှားတွေ မဖြစ်ဖို့၊ ပြီးတော့ လက်တွေ့ကျကျ စဉ်းစားပြီး လုပ်သင့်တာတွေ လုပ်နိုင်ဖို့ ဒီခါးသီးတဲ့ အမှန်တရားတွေကို ကျနော်တို့ သိဖို့လိုပါတယ်။
ဆိုတော့ ဆေးခါးကြီးသောက်ရအောင်။ ၁၉ ရာစုကနေ လက်ရှိ ၂၁ ရာစုအထိ ကျနော်တို့ တတိုင်းပြည်လုံး ခံစားနေရတဲ့ နာတာရှည်နိုင်ငံရေး ရောဂါကြီး ပျောက်ဖို့အတွက်ပါ။
ရာစုနှစ်တခုကြာ ဒီနိုင်ငံရေး ပြဿနာကြီးကို ကျနော်ကတော့ “မြန်မာ့ နှစ် ၆၀ နိုင်ငံရေး စက်ဝန်း” လို့ အမည်ပေးထားပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့တိုင်းပြည်ဟာ ကိုလိုနီခေတ်မှာ နှစ် ၆၀၊ စစ်တပ်အောက်မှာ နှစ် ၆၀ နေခဲ့ပြီးပါပြီ။
နောက်ထပ် နှစ် ၆၀ ကြာတဲ့ ၂၀၈၀ မှာရော မြန်မာနိုင်ငံက ဘယ်လိုဖြစ်နေမလဲ။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးတော့ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေမလား။ ဒါဆိုရင် လက်ရှိ စစ်အာဏာရှင်အောက်က ဘယ်တော့ ရုန်းထွက်နိုင်မှာလဲ။ ရုန်းထွက်ဖို့ နည်းလမ်းတွေက ဘာတွေရှိမလဲ။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးတော့ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေမလား။ ဒါဆိုရင် လက်ရှိ စစ်အာဏာရှင်အောက်က ဘယ်တော့ ရုန်းထွက်နိုင်မှာလဲ။ ရုန်းထွက်ဖို့ နည်းလမ်းတွေက ဘာတွေရှိမလဲ။
ပထမ နှစ် ၆၀ စက်ဝန်း- ဗြိတိသျှ ကိုလိုနီခေတ်
ဒီရာစုနှစ်နဲချီတဲ့ နိုင်ငံရေးလမ်းကြောင်းတွေကို နားလည်ဖို့အတွက် ခေတ်တွေ၊ စနစ်တွေအပြင် ကမ္ဘာကို ကိုင်လှုပ်တဲ့ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်လို အဖြစ်အပျက်တွေကိုလည်း ထည့်တွက်ဖို့ အရေးကြီးပါတယ်။
ပထမဆုံး ၁၉ ရာစုကို ပြန်ကြည့်ရအောင်။
တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲကအပြီး ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ဗြိတိသျှတပ်တွေက မန္တလေးနေပြည်တော်ကြီးကို သိမ်းပိုက်ခဲ့ပါတယ်။ သီပေါမင်းကို ဖမ်းဆီး ထီးနန်း စွန့်ခိုင်းပြီး ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ တနိုင်ငံလုံးကို ကိုလိုနီအဖြစ် တရားဝင် သိမ်းပိုက်လိုက်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ နောက်နှစ်ပေါင်း ၆၀ လောက်ကြာအောင် ကိုလိုနီကျွန်အဖြစ်နဲ့ နေရလိမ့်မယ်လို့ ကျနော်တို့ရဲ့ ဘိုးဘွားဘီဘင်တွေ ထင်ခဲ့မှာ မဟုတ်ပါဘူး။

မြန်မာပြည်သူတွေကလည်း နယ်ချဲ့ကိုလိုနီကို ပုံသဏ္ဍန်မျိုးစုံနဲ့ တော်လှန်ဆန့်ကျင်ခဲ့ကြပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းရဲ့အဘိုး ဗိုလ်မင်းရောင်၊ လယ်သမားသူပုန် ဆရာစံတို့လို ကွပ်မျက်ခံရတဲ့အထိ ရရာလက်နက်ဆွဲကိုင်ပြီး တော်လှန်ခဲ့တဲ့သူတွေရှိခဲ့ပါတယ်။
နောက်ပြီး သခင်ကိုယ်တော်မှိုင်းတို့ ဦးဆောင်တဲ့ သခင်ခေတ်၊ နောက်ပိုင်း ကျောင်းသားသမဂ္ဂ အလံအောက်မှာ သခင်လူငယ် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုအောင်ဆန်းတို့ ကိုနုတို့ ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အစွမ်းကုန်ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ နောက်ဆုံးတော့ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို ဖွဲ့ပြီး လွတ်လပ်ရေးကို လက်နက်ကိုင် တိုက်ယူခဲ့တဲ့ အထိပါပဲ။
၁၉ ရာစုနဲ့ ၂၀ ရာစုနှစ်တွေမှာ ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်ဟာ နယ်ချဲ့ကိုလိုနီစနစ် ဖြစ်နေတာကြောင့် မြန်မာအပါအဝင် ကမ္ဘာမှာ နိုင်ငံတော်တော်များ ကိုလိုနီဖြစ်ခဲ့ရပါတယ်။ အာရှမှာလည်း မနည်းပါဘူး။
တနိုင်ငံလုံး ဗြိတိသျှ ကိုလိုနီအောက် စရောက်ခဲ့တဲ့ ၁၈၈၆ ခုနှစ်ကနေ ၁၉၄၈ ခုနှစ်အထိဆိုရင် စုစုပေါင်း နှစ်ပေါင်း ၆၂ နှစ်ကြာ တိုက်ပြီးမှ လွတ်လပ်ရေး ရခဲ့ပါတယ်။ တနည်းအားဖြင့် ဆယ်စုနှစ် ခြောက်ခုကျော် နယ်ချဲ့ကိုလိုနီ အောက်မှာ နေခဲ့ရပါတယ်။ ဒါက ကျနော်တို့နိုင်ငံရဲ့ ပထမ နှစ် ၆၀ စက်ဝန်းပါ။
နိုင်ငံ ပြန်လည်တည်ဆောက်ဖို့ ပထမအခွင့်အရေး
၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရတော့ ကျနော်တို့ နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အရေး ရခဲ့ပါတယ်။ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) ခေါင်းဆောင် ဝန်ကြီးချုပ် ဦးနုရဲ့ အစိုးရလက်ထက် ၁၉၄၈ ခုနှစ်ကနေ ၁၉၅၈ ခုနှစ်ကာလမှာ အိမ်နီးနားချင်း နိုင်ငံတွေထက် လွတ်လပ်မှုနဲ့ နိုင်ငံသားအခွင့်အရေးတွေ ပိုရခဲ့ပါတယ်။ စီးပွားရေးမှာလည်း အာရှရဲ့ အအောင်မြင်ဆုံး နိုင်ငံတွေထဲက တနိုင်ငံဖြစ်ခဲ့လို့ “မြန်မာ့ရွှေခေတ်” လို့တောင် သတ်မှတ် လို့ရပါတယ်။
ဒါပေမယ့် ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတဲ့အခါ တိုင်းပြည်တည်ဆောက်နေမှုတွေ အဆုံးသတ်ခဲ့ရပြီး ပြန်လည် မွေးဖွားစနိုင်ငံဟာ ဖျက်ဆီးခံခဲ့ရပါတယ်။
ဒုတိယ နှစ် ၆၀ စက်ဝန်း- စစ်အာဏာရှင်ခေတ်
ဒုတိယ စက်ဝန်းကတော့ ၁၉၅၈ ခုနှစ်ကစပြီး သန္ဓေတည်တယ် ပြောရင် မမှားပါဘူး။ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့မှာ အရပ်သားအစိုးရဆီကနေ အိမ်စောင့်အစိုးရရဲ့ ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်နေဝင်းက အာဏာလွှဲယူပြီး ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာလည်း စစ်ဗိုလ်ချုပ်တွေ အောက်မှာ နောက်နှစ်ပေါင်း ၆၀ လောက် နေရလိမ့်မယ်လို့ ကျနော်တို့ ပြည်သူတွေ ဘယ်သူမှ အိပ်မက်မက်ခဲ့မှာ မဟုတ်ပါဘူး။

၁၉၆၀ ပြည့်နှစ်မှာ ရွေးကောက်ခံအစိုးရကို အာဏာပြန်အပ်ခဲ့ပေမယ့် ၁၉၆၂ မှာတော့ စစ်တပ်က အပြီး အာဏာပြန်သိမ်းခဲ့ပါတယ်။
ဗိုလ်ချုပ်နေဝင်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို ဖွဲ့စည်းပြီး နိုင်ငံကို တပါတီအာဏာရှင်စနစ်နဲ့ ၂၆ နှစ်ကြာ အုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၅၈-၁၉၆၀ သူ့ရဲ့ အိမ်စောင့်အစိုးရ နှစ်နှစ်ကိုပါ ထည့်တွက်မယ်ဆိုရင် ကျနော်တို့နိုင်ငံဟာ စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းရဲ့ အောက်မှာ ပထမဦးစွာ ၂၈ နှစ် နေခဲ့ရပါတယ်။
၁၉၈၈ ခုနှစ်မှာ တပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ၈၈ အရေးတော်ပုံကြီး ဖြစ်ခဲ့ပေမယ့် စစ်တပ်ကပဲ ဒီမိုကရေစီအရေးတော်ပုံကို ဖြိုခွင်းပြီး ဦးနေဝင်းရဲ့ မဆလ ပါတီဆီကနေ အာဏာလွှဲယူခဲ့ကြတယ်။ တိုင်းပြည်ဟာ တပါတီအာဏာရှင်စနစ်ကနေ မူလဘူတ စစ်အာဏာရှင်စနစ်ကို ပြန်ရောက်ခဲ့ရပါတယ်။
၁၉၈၈ ခုနှစ်မှာ တပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ၈၈ အရေးတော်ပုံကြီး ဖြစ်ခဲ့ပေမယ့် စစ်တပ်ကပဲ ဒီမိုကရေစီအရေးတော်ပုံကို ဖြိုခွင်းပြီး ဦးနေဝင်းရဲ့ မဆလ ပါတီဆီကနေ အာဏာလွှဲယူခဲ့ကြတယ်။ တိုင်းပြည်ဟာ တပါတီအာဏာရှင်စနစ်ကနေ မူလဘူတ စစ်အာဏာရှင်စနစ်ကို ပြန်ရောက်ခဲ့ရပါတယ်။
ဒုတိယ စက်ဝန်းကို အသေးစိတ် ထပ်ခွဲပြီး လေ့လာကြည့်မယ်ဆိုရင် သုံးပိုင်းတွေ့ရမှာပါ။ ပထမပိုင်းက အပေါ်မှာ ဆွေးနွေးခဲ့သလို ၁၉၈၈ ခုနှစ်အထိ ဗိုလ်ချုပ်နေဝင်းရဲ့ အုပ်ချုပ်မှုအောက်မှာ ၂၈ နှစ်။ ဒုတိယပိုင်းအနေနဲ့ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် အထိက နိုင်ငံတော် ငြိမ်ဝတ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) နဲ့ နောက်ပိုင်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရတွေရဲ့ အောက်မှာ ၂၀၁၁ ခုနှစ်အထိ ၂၃ နှစ်။ တတိယပိုင်း ငါးနှစ်ကတော့ ၂၀၁၁ ကနေ ၂၀၁၆ အထိ ဘောင်းဘီချွတ်ပြီး အရပ်သား အမည်ခံထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန် အစိုးရကာလဆိုပြီး တွေ့ရမှာပါ။
ဒီနေရာမှာ ဦးသိန်းစိန်အစိုးရခေတ်ကိုပါ ထည့်တွက်တဲ့ အကြောင်းတွေကတော့ သူ့အစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲကို ကြိုတင်မဲတွေနဲ့ မဲခိုးပြီး နိုင်ခဲ့တာဖြစ်ပါတယ်။
နေက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် အဓိက တိုင်းရင်းသားပါတီတွေ သပိတ်မှောက်ခဲ့တဲ့ ရွေးကောက်ပွဲတခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့အစိုးရဟာ တိုင်းပြည်ကို အတိုင်းအတာ တခုအထိ ဖွင့်ပေးခဲ့ပေမယ့် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေတော့ မလုပ်ခဲ့ပါဘူး။ စစ်တပ်အသွင်ပြောင်း အုပ်ချုပ်ရေးပါပဲ။

အနှစ်သာရကို ကြည့်မယ်ဆိုရင်တော့ စစ်တပ်အာဏာစယူတဲ့ ၁၉၅၈ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ တွက်မယ်ဆိုရင် နှစ်ပေါင်း ၅၈ နှစ်ကြာ စစ်ဗိုလ်ချုပ်တွေရဲ့ စစ်ဖိနပ်အောက်မှာ နေခဲ့ရပါတယ်။ ဒီဆယ်စုနှစ် ၆ ခု နီးပါးဟာ ကျနော်တို့နိုင်ငံရဲ့ ဒုတိယနှစ် ၆၀ စက်ဝန်းဖြစ်ပါတယ်။
ဆိုတော့ ၁၈၈၆ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ နှစ်ပေါင်း ၁၃၀ ကို ပြန်ကြည့်ရင် ၆၀-၁၀-၆၀ နိုင်ငံရေး ပုံစံကို တွေ့ရမှာပါ။
နိုင်ငံ ပြန်လည် တည်ဆောက်ဖို့ ဒုတိယအခွင့်အရေး
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD ဟာ တောင်ပြိုကမ်းပြိုနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ မတ်လမှာ အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ ရာစုနှစ် ထက်ဝက်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ခံအစိုးရတခု အာဏာရတာဖြစ်ပါတယ်။
ဒီကာလဟာ ကျနော်တို့ရဲ့နိုင်ငံကို ပြန်လည် တည်ဆောက်ဖို့ ဒုတိယအခွင့်အလမ်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးပြီးကာလလို ၁၀ နှစ်တောင် မရဘဲ ငါးနှစ်ပဲ ရခဲ့ပါတယ်။
တကယ်လို့သာ ဒီတကြိမ်မှာ စစ်တပ်က အာဏာမသိမ်းဘဲ တဆင်ချင်း ပြောင်းလဲမှုကို လက်ခံနိုင်ခဲ့မယ်ဆိုရင် တိုင်းပြည် ပြန်လည်ထူထောင်တဲ့ ကာလကနေ အခြေခိုင်တဲ့ ဒီမိုကရေစီနိုင်ငံအနေနဲ့ အသွင်ကူးပြောင်း သွားမှာပါ။ စီးပွားရေးနဲ့ လူမှုဘဝတွေလည်း ဆက်တိုးတက်လာမှာ သေချာပါတယ်။
အဲဒီလို ဖြစ်ခဲ့မယ်ဆိုရင် ၁၉ ရာစုတည်းက စခဲ့တဲ့ တိုင်းပြည်ရဲ့ နှစ် ၆၀ နိုင်ငံရေးပုံစံဖြစ်တဲ့ ၆၀-၁၀-၆၀ စက်ဝန်း ကနေ ရေရှည်တည်မြဲတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်သွားနိုင်ပါတယ်။ အဲဒီ အခြေအနေမှာ ငြိမ်းချမ်းရေးကိုလည်း ပိုတည်ဆောက်သွားနိုင်မှာပါ။ ဒီမိုကရက်တစ် ဖက်ဒရယ်ပဲခေါ်ခေါ် ဖက်ဒရယ် ဒီမိုကရက်တစ်ပဲခေါ်ခေါ် ပိုကောင်းမွန်တဲ့ ပြည်ထောင်စုတခုကို ရှေးရှုသွားနိုင်မှာပါ။
ဒါပေမဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာထပ်သိမ်းတဲ့အခါမှာတော့ ဒီဖြစ်နိုင်ခြေတွေအားလုံး ပျက်သုဉ်းခဲ့ပါတယ်။ ရာစုနှစ် တခုမှာ တခါပဲရတဲ့ အခွင့်အရေး ထပ်ဆုံးရှုံးခဲ့ရပါတယ်။
ဆယ်စုနှစ်တခုချင်းရဲ့ နိုင်ငံရေးကိုပုံစံကို သုံးသပ်တဲ့အခါ ခေါင်းဆောင် (သို့မဟုတ်) အုပ်ချုပ်သူတဦးရဲ့ ဆုံးဖြတ်ချက်နဲ့ မူဝါဒတွေကို ကြည့်ရပါတယ်။ သူ့ရဲ့ ထက်မြက်မှုတွေ ဒါမှမဟုတ်လည်း ရူးမိုက်မှုတွေက ကျနော်တို့ရဲ့ ဘဝတွေကို တိုက်ရိုက် သက်ရောက်ပါတယ်။ ရူးမိုက်တဲ့ သူရဲ့အောက်မှာ မြန်မာပြည်သူတွေရဲ့ လက်ရှိဘဝက ဘယ်လောက် ဆိုးဝါးလဲဆိုတာတော့ ပြောစရာ မလိုတော့ပါဘူး။
ပြီးခဲ့တဲ့ ရာစုနှစ် နှစ်ခုမှာ ဖြစ်ခဲ့တဲ့ ဒီနိုင်ငံရေးလမ်းကြောင်းအရဆိုရင် ၂၀၂၁ ခုနှစ်ကနေပြီး နောက်နှစ် ၆၀ ပေါင်းရမှာဖြစ်ပါတယ်။ အဲဒီပုံစံအရဆိုရင် ကိုလိုနီစနစ်အောက်မှာ နှစ် ၆၀ → တိုင်းပြည် ပြန်လည် တည်ဆောက်ရေးကာလ ၁၀ နှစ် → စစ်အာဏာစနစ်အောက်မှာ နှစ် ၆၀ → ပြန်လည် တည်ဆောက်ရေးကာလ ၅ နှစ် → နောက်တကြိမ် စစ်အာဏာရှင်စနစ် ဆိုတဲ့ပုံစံပါ။ ဒီအတိုင်းဆိုရင် ၂၁ ရာစုနှစ်အကုန်ဖြစ်တဲ့ ၂၀၈၀ ပြည့်နှစ်အထိ လက်ရှိနိုင်ငံရေးပုံစံက ဆက်သွားမယ့်ပုံ ဖြစ်နေပါတယ်။
နွေဦးတော်လှန်ရေး- ကျိန်စာစက်ဝန်းကို ရိုက်ချိုးနိုင်မလား
ဒါပေမဲ့ ဒီနောက်ဆုံးတခေါက် နှစ် ၆၀ နိုင်ငံရေးစက်ဝန်း စတင်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ပြည်သူတွေက နွေဦးတော်လှန်ရေးနဲ့ ဒီစက်ဝန်းကို ရိုက်ချိုးဖို့ စတင်ခဲ့ပါတယ်။ စစ်တပ်က အကြမ်းဖက်နှိမ်နင်းတဲ့အတွက် ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုတွေကနေ လက်နက်ကိုင်တော်လှန်ရေးအဖြစ် အသွင်ပြောင်းလဲခဲ့ပါတယ်။ အဆုံးသတ်တိုက်ပွဲလို့ ကြွေးကြော်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီနောက်ဆုံးတခေါက် နှစ် ၆၀ နိုင်ငံရေးစက်ဝန်း စတင်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ပြည်သူတွေက နွေဦးတော်လှန်ရေးနဲ့ ဒီစက်ဝန်းကို ရိုက်ချိုးဖို့ စတင်ခဲ့ပါတယ်။ စစ်တပ်က အကြမ်းဖက်နှိမ်နင်းတဲ့အတွက် ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုတွေကနေ လက်နက်ကိုင်တော်လှန်ရေးအဖြစ် အသွင်ပြောင်းလဲခဲ့ပါတယ်။ အဆုံးသတ်တိုက်ပွဲလို့ ကြွေးကြော်ခဲ့ကြပါတယ်။
နွေဦးတော်လှန်ရေးမှာ Gen-Z, Gen-Y, Gen-X သာမက မျိုးဆက်အားလုံးပါသလို ပထဝီအနေအထားကို ကြည့်မယ်ဆိုရင်လည်း မြို့ကြီးတွေကနေ တိုင်းရင်းသားပြည်နယ်အားလုံး ပါဝင်ခဲ့ပါတယ်။

၁၉၆၂ စစ်အာဏာသိမ်းကတည်းက ပြီးခဲ့တဲ့ နှစ်ပေါင်း ၆၀ ကာလမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်တာ ဒီတခါ အားအပြင်းထန်ဆုံးနဲ့ အားအကောင်းဆုံး ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် ဒေသအသီးသီးက တိုက်ပွဲတွေကို ကြည့်မယ်ဆိုရင်လည်း တကယ်တိုက်နိုင်တာကို တွေ့ရပါတယ်။ စစ်ကောင်စီ တပ်ပျက်နေတာကို ကျနော်တို့ အားလုံး မျက်မြင်တွေ့ခဲ့ပြီးပါပြီ။
မြန်မာပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံခံစားနေရတဲ့ နှစ် ၆၀ ကျိန်စာ နိုင်ငံရေးစက်ဝန်းကို ရိုက်ချိုးနိုင်တဲ့ အင်အားရှိတယ်ဆိုတာကို လက်တွေ့ ပြလိုက်တာဖြစ်ပါတယ်။
နောက်ဆုံးတိုက်ပွဲလား (သို့မဟုတ်) နောက်ထပ် စက်ဝန်းလား
ဒါပေမယ့် အာဏာရှင်တွေကလည်း အလျှော့ပေးရိုး ထုံးစံမရှိပါဘူး။ စစ်ကောင်စီဟာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ရဲ့ ထောက်ခံမှုယူပြီး ခြေကုပ်ပြန်ရဖို့ ကြိုးစားနေပါတယ်။ တရုတ်ရဲ့ သံတမန်ဖိအားကိုသုံးပြီး တော်လှန်ရေးတပ်တွေသိမ်းထားတဲ့ လားရှိုးကို ကျည်တချက် မဖောက်ရဘဲ စစ်ကောင်စီဟာ ပြန်ရယူခဲ့ပါတယ်။ ဒီလိုလှည့်ကွက်နဲ့ စစ်ကောင်စီဟာ သူဆုံးရှုံးထားတဲ့မြို့တွေကို ပြန်ရဖို့ ကြိုးစားမယ့် သဘောရှိပါတယ်။
ဆိုတော့ ဒီကျိန်စာစက်ဝန်းကို ကျနော်တို့ ဘယ်လို ချိုးဖျက်ကြမလဲ။
-စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးနည်းနဲ့သာ ချေမှုန်းနိုင်မလား။
-ဒီလောက် ရက်စက်တဲ့ စစ်တပ်နဲ့ စေ့စပ်ညှိနှိုင်းလို့ ရနိုင်မလား။
-စီးပွားရေး၊ သံတမန်ရေးနဲ့ ဥပဒေကြောင်းအရ နိုင်ငံတကာရဲ့ ဖိအားတွေကရော အလုပ်ဖြစ်နိုင်မလား။
ရှင်းလင်းပြတ်သားတဲ့ အဖြေတခုပေးဖို့ ခက်နိုင်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ မရေတွက်နိုင်တဲ့ ပြည်သူတွေ၊ အထူးသဖြင့် လူငယ်တွေဟာ ဒီနောက်ဆုံးတိုက်ပွဲ အဆုံးသတ်ဖို့အတွက် စွန့်လွှတ်အနစ်နာခံနေကြတယ်။ ဒါဟာ နှစ် ၆၀ ကျိန်စာစက်ဝန်းကို အဆုံးသတ်ပြီး သူတို့တိုင်းပြည်ရဲ့ အနာဂတ်ကို ပြန်လည်တည်ဆောက်ဖို့ပါ။
သေချာတာတခုကတော့ ဒီတိုက်ပွဲဟာ ကျနော်တို့နိုင်ငံရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာပါ။
ဒီနေ့တိုက်ပွဲဟာ အာဏာရှင်စနစ်ကို ဖယ်ရှားဖို့ သက်သက်သာ မကပါဘူး။ ၁၉ ရာစုကတည်းက ကျနော်တို့ကို ခြောက်လှန့်နေတဲ့ ကျိန်စာစက်ဝန်းကနေ နောက်ဆုံးမှာ လွတ်မြောက်ဖို့ဖြစ်ပါတယ်။
(ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်းဌာန အမှုဆောင်အယ်ဒီတာ ဖြစ်သည်။)
You may also like these stories:
နှစ် ၆၀ နိုင်ငံရေးကျိန်စာ စက်ဝန်းကို ဘယ်လိုရိုက်ချိုးမလဲ
တရုတ်ရဲ့ ဖိအားက စစ်အာဏာရှင်တော်လှန်ရေးကို ဘယ်လောက်ထိခိုက်လဲ (ရုပ်/သံ)
ဈာပနများက ဖော်ပြသော စစ်အာဏာရှင်တို့၏ သဘောထား အမှန်
စစ်အာဏာရှင်လက်အောက် NLD ပါတီ ဒုတိယအကြိမ် ဖျက်သိမ်းခံရ
“စစ်အာဏာရှင် စနစ်ပြုတ်ကျမှ ဖက်ဒရယ် အခွင့်အရေးရမှာ”(ရုပ်/သံ)
စစ်အာဏာရှင် ဆန့်ကျင်တော်လှန်သူများအား အာဇာနည်အဖြစ် ဂုဏ်ပြုကြောင်း NUG ပြော













