(ယခင်အပတ်မှ အဆက်)
အခြား ထောက်လှမ်းရေး အဖွဲ့များ
စစ်ထောက်လှမ်းရေး အဖွဲ့အစည်းသည် မြန်မာ့ ထောက်လှမ်းရေး စနစ်တွင် အမြဲ လွှမ်းမိုးနေသည် မှန်သော်လည်း တဦးတည်း လုပ်ငန်း ဆောင်ရွက်သည်ကား မဟုတ်ပေ။
အခြား အဖွဲ့များနှင့် အတူ ယင်းတို့၏ အထောက်အကူဖြင့် အလုပ်လုပ်နေသည့် အရပ်ဘက် ၃ ဖွဲ့မှာ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်တွင် ရှိနေသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် အထူး သတင်းဌာန ဟူ၍ ရှိသည်။
ယင်းကို အချို့ နိုင်ငံခြား သတင်း ရင်းမြစ်များက အထူး စုံစမ်း စစ်ဆေးရေး ဌာန (SID) ဟု ဖော်ပြတတ်ကြသည်။ သို့သော် အထူး ဌာနခွဲ (SB) ဟုသာ အသိများကြသည်။
ယင်း၏ မူလကို နောက်ကြောင်း လိုက်ကြည့်သော အခါ ကိုလိုနီခေတ် ၁၈၈၇ ခုနှစ်တွင် မှုခင်း စုံစမ်း စစ်ဆေးရေး ဌာန (CID) ကို ဖန်တီးခဲ့ပြီး မကြာမီတွင် ယင်းအတွင်း၌ သတင်း ဌာနခွဲ (IB) ဟု ဖွဲ့စည်းခဲ့သည်။
၁၉၆၄ ခုနှစ်တွင် (ဦး) နေဝင်းက မြန်မာ့ လုံခြုံရေး တပ်များကို ပြန်စုဖွဲ့သော အခါ ဗြိတိသျှ ဟန် ဗမာပြည် ရဲတပ်ဖွဲ့ကို ပြည်သူ့ ရဲတပ်ဖွဲ့ အဖြစ် ပြောင်းလဲခဲ့သည်။
သတင်း ဌာနခွဲ (IB) သည်လည်း အသစ်ဖွဲ့စည်းသည့် SID ထဲတွင် ပါဝင်ခဲ့ရသည်။
မကြာမီတွင် ယင်း၏ အမည်ဟောင်း အတိုင်း အထူးဌာနခွဲ (SB) ဟုသာ ခေါ်လာကြသည်။ တခါတရံ အထူးဌာနခွဲ (၂) (SB2) ဟု ခေါ်ခဲ့သည်။
၁၉၈၈ ပုန်ကုန်မှု နောက်ပိုင်းတွင် နဝတ SID ကို တာဝန် အများအပြားကို ပေးအပ်ခဲ့ရာ အထူး အရေးကြီးသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလည်း ပါဝင်သည်။
သို့ရာတွင် “နိုင်ငံရေးရဲ” အလုပ်ကသာ ပင်မတာဝန် ဖြစ်ခဲ့သည်။ သူလျှိုများ၊ လက်ရှိ အစိုးရကို ရန်ပြု ဆန့်ကျင်သူများကို ဖယ်ရှားပေးရန် တာဝန် ပေးထားသည်။
၂၀၀၀ ပြည့်နှစ်တွင် ရဲမှူးချုပ် တဦး ဦးစီးသည့် ခွင့်ပြု အင်အား ၁၂၁၃ ဦးဖြင့် တကြိမ် ပြန်လည် ဖွဲ့စည်းခဲ့သည်။

ပြည်တွင်းရေး၊ ပြည်ပရေး၊ တရားစွဲဆိုရေး၊ စုံစမ်း စစ်ဆေးရေး၊ စစ်ဆင်ရေး၊ နိုင်ငံကူး လက်မှတ်၊ လုံခြုံရေး၊ အုပ်ချုပ်မှု ဟူသော ဌာနခွဲ ၈ ခုဖြင့် လုပ်ငန်း ဆောင်ရွက်နေသည်။
ခင်ညွန့် စီအိုင် (CI) လုပ်နေစဉ်က SB သည်လည်း အမျိုးသား ထောက်လှမ်းရေး စနစ်၏ အရေးကြီးသော လက်ရုံး တဖက် ဖြစ်ခဲ့ကာ ကကလှမ်း (OSS) / OCMI တို့နှင့် နီးကပ်စွာ အလုပ်လုပ်ခဲ့သည်။
မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့၏ မှုခင်း စုံစမ်း စစ်ဆေးရေး ဌာန (CID) သည်လည်း ခင်ညွန့်၏ ထောက်လှမ်းရေး အင်ပါယာ ထဲတွင် တခန်းတကဏ္ဍမှ ပါဝင်ခဲ့သည်။
CID သည် သူ့ချည်း သက်သက်သာ ဆိုလျှင် ထောက်လှမ်းရေး အဖွဲ့ မဟုတ်သော်လည်း အခြေအနေက တောင်းဆိုလျှင် အစိုးရကို ဆန့်ကျင်နေသူများကို အမျိုးသား ထောက်လှမ်းရေး အဖွဲ့ (မထဖ) နှင့် ရဲ တပ်ဖွဲ့ ဌာနချုပ်က ညွှန်ကြားသည့် အတိုင်း စုံစမ်း စစ်ဆေးရ၊ ဖမ်းဆီးရ၊ စစ်ကြောရသည်။
၁၉၆၄ ခုနှစ်တွင် ပြန်ပုံနှိပ်ကာ ရဲ စစ်ဆေးရေး အရာရှိချုပ်က ပြန်ဖြန့်ဝေထားသည့် ကိုလိုနီခေတ် ရဲ လက်စွဲ စာစောင်တွင် “နိုင်ငံရေး သဘော ဆောင်သည့် အမှု” များသည် CID ၏ တာဝန်ဖြစ်သည်ဟု ဖော်ပြထားသည်။
၁၉၉၀ ပြည့်လွန် နှစ်များတွင် SB ကို တိုးချဲ့ပြီးသည့် နောက်တွင်လည်း အလားတူပင် ဖြစ်သည်။ ထိုအချိန်က ယင်း၏ အရွယ်အစားကို မသိရသော်လည်း ၂၀၀၀ ပြည့်တွင် နအဖ က ရဲမှူးချုပ် တဦး၏ လက်အောက်တွင် အင်အား ကျား၊ မ ၈၀၃ ဦးဖြင့် ခွင့်ပြုခဲ့သည်။
ထိုနှစ်တွင် ပြန်ဖွဲ့စည်းပြီးသည့် နောက်၌ အသစ်ဖွင့်လိုက်သည့် အောက်မြန်မာ နိုင်ငံ နှင့် အထက် မြန်မာ နိုင်ငံ ဌာနခွဲများ အတွက် ရန်ကုန် နှင့် မန္တလေး တို့တွင် ရှိခဲ့သည့် CID ရုံးများက တာဝန် ယူရ၏။
ပြည်နယ်နှင့် တိုင်းဒေသကြီးများ တို့၏ မြို့တော်များတွင် CID ရုံးများ ရှိကြသည်။
အခြားထောက်လှမ်းရေး အဖွဲ့များနည်းတူ CID ကလည်း နိုင်ငံ၏ လုံခြုံရေးနှင့် ပတ်သက်လာလျှင် ဥပဒေသည် ပြောင်းလွယ် ပြင်လွယ် ရှိနိုင်သည်ဟု မြင်သော်လည်း SB နှင့် ကကလှမ်း၊ DSIB ၊ OCMI တို့ကဲ့သို့ ထင်တိုင်း မကြဲကြချေ။
စောင့်ကြည့် မှတ်တမ်းများ ထားရှိရာတွင် SB ထက်သာသည်ဟု ကျော်စောသည်။
ထိုသို့ ဖြစ်ရသည်မှာ တရား ရုံးတော်တွင် တင်ပြနိုင်လောက်မည့် သက်သေ အထောက်အထားများကို စုဆောင်းရန် ယင်း၏ အဖွဲ့ဝင်များကို ပိုမိုလေ့ကျင့် စမ်းသပ်ထားသောကြောင့် ဖြစ်နိုင်သည်။
မြန်မာ ထောက်လှမ်း စနစ်၏ နောက်အစိတ်အပိုင်း တခုမှာ အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန – စသုံးလုံး (BSI) ဖြစ်သည်။
ယင်းကို အစိုးရ ဗျူရိုကရေစီမှ “ခြများကို ရှင်းလင်းရန်” ၁၉၅၁ ခုနှစ်တွင် ဝန်ကြီးချုပ် ဦးနု က ဖန်တီးခဲ့သည်။
“ပြည်သူ့ ပစ္စည်း ကာကွယ်ရေး ရဲ” (People’s Property Protection Police) “ပီလေးလုံး” ကို အခြေခံသည်။ စဖွဲ့စဉ်က အင်အား ၃၁၅ ဦးရှိခဲ့သည်။
ပညာရှင် တယောက်က “မြန်မာပြည်၏ FBI” ဟု ခေါ်ခဲ့သည်။ စသုံးလုံးကို အာဏာ အများအပြား ပေးထားသည်။ ယင်း၏ ပင်မ တာဝန်မှာ လဘ်စားမှု နှင့် ငွေကြေးဆိုင်ရာ ပြစ်မှုများကို စုံစမ်း စစ်ဆေးရန် ဖြစ်သည်။
သို့သော် ခေတ်ပြိုင် အကဲခတ် တဦးကမူ “လုပ်ချင်ဇော နှင့် မသင်္ကာစိတ်က အလျှံအပယ် ဖြစ်နေသလောက် သက်ဆိုင်သူ၏ ပုဂ္ဂိုလ်ရေး လုံခြုံမှု နှင့် စေ့ဆော်မှုတို့ကို ညှာတာသည့် စိတ်ကမူ မလောက်င သဖြင့် စသုံးလုံးသည် အကူအညီမရဘဲ အနှောင့်အယှက် ဖြစ်လာသည်” ဟု ဖော်ပြသည်။
ပထမတွင် စသုံးလုံးသည် ဝန်ကြီးချုပ်ကို တိုက်ရိုက် တာဝန်ခံရသော်လည်း နောင်သော် ပြည်ထဲရေး ဝန်ကြီးဌာန အောက်သို့ ပြောင်းရွှေ့လိုက်သည်။
ယင်းတွင် မူရင်း တာဝန်ထက် “အစိုးရကို ဆန့်ကျင် ဖျက်ဆီးမည့် သဘောရှိသည့် မသင်္ကာဖွယ် လှုပ်ရှားမှုကို ရပ်တံ့ရန်” တာဝန်ကို ဦးစားပေးရသည်။
၂၀၀၄ ခုနှစ် မတိုင်မီက စသုံးလုံးတွင် ဌာနခွဲ ၆ ခုသာ ရှိခဲ့သည်။
“ဘေးမဲ့ ပေးထားသဖြင့် အကြမ်းဖက်မှုကို ကျူးလွန်နေကြသည်” ဟု သတင်း ထွက်နေသည်။
ဆိုခဲ့သည့် အတိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနသည် မြန်မာ့ အစိုးရ ဌာနများတွင် အဆင့် မကောင်းလှချေ။ သို့သော် ထောက်လှမ်းရေး တာဝန်များကိုမူ ကျေပွန်ခဲ့သည်။
ပွင့်လင်း ရင်းမြစ် သတင်း (OSINT) စုဆောင်းခြင်း၊ သုံးသပ်ခြင်း၊ စသည့် သာမန် သံတမန် တာဝန်များကို သာမက ပြည်ပ တာဝန်ကျ ထောက်လှမ်းရေး အရာရှိများကို သံတမန် အကာအကွယ် ပေးခြင်း၊ အုပ်ချုပ်မှု ထောက်ပံ့ပေးခြင်း တို့ကိုလည်း ဆောင်ရွက်သည်။
ဥပမာ အားဖြင့် မြန်မာ့ စစ်သံမှူးရုံးသည် တာဝန်ကျသည့် နိုင်ငံ၏ စစ်ရေး ဆိုင်ရာ အဖြစ်အပျက်များ၊ မဟာဗျူဟာ ဆိုင်ရာ အပြောင်းအလဲများကို စောင့်ကြည့် စစ်ဆေးရသည်။
မိမိနိုင်ငံမှ လာနေသူများကိုလည်း စောင့်ကြည့်ကာ သူတို့၏ လှုပ်ရှားမှုများကို ကကလှမ်း / DSIB / OCMI သို့ သတင်း ပို့ရသည်။ မြန်မာ သံအမတ်ကြီးများသည်လည်း စစ်အရာရှိ ဟောင်းများ ဖြစ်တတ်၏။
အချို့မှာ ထောက်လှမ်းရေး ကျောထောက် နောက်ခံ ရှိကြပြီး အနည်းစုမှာ ခင်ညွန့်ထံသို့ တိုက်ရိုက် သတင်း ပို့ကြရ၏။
ယင်းတို့ကို ဟောင်ကောင်၊ ဇင်းမယ် စသည့် စစ်သံများ မရှိသည့်၊ အရေးကြီးသည့် နေရာများသို့ စေလွှတ်မြဲ ဖြစ်သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဝှက်စာ၊ တိုင်စာ ရေးများမှာလည်း ထောက်လှမ်းရေး တပ်ဖွဲ့က လေ့ကျင့်ပေးထားသည့် စစ်တပ်မှ အခြား အဆင့်များသာ ဖြစ်သည်။
နိုင်ငံခြားရေး ဝန်ကြီးဌာနသည် မဟာဗျူဟာ ဆိုင်ရာ သတင်း သုံးသပ်ချက်များကိုလည်း ကကလှမ်း / DSIB / OCMI နှင့် နဝတ၊ နအဖ တို့သို့ ပေးပို့ရသည်။
ကကလှမ်း / DSIB / OCMI ဌာနချုပ်သို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အထက်တန်း အရာရှိ တဦးကို အမြဲတမ်း တွဲဖက် ပေးထားရသည်။
နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည်များ၊ ဥပမာ နိုင်ငံခြားသား တဦးဦး၊ တဖွဲ့ဖွဲ့ အလည်အပတ် မလာမီ ယင်းတို့နှင့် ပတ်သက်၍ ခင်ညွန့်အား ရှင်းပြရန် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဤပင်မ အဖွဲ့များ အပြင် အခြား စုံစမ်း စစ်ဆေးရေး အဖွဲ့ငယ်များလည်း ရှိသေးသည်။
အမျိုးသား စီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန လက်အောက်ခံ အကောက်ခွန် ဦးစီးဌာန၏ ထောက်လှမ်းရေး နှင့် သုတေသန ဌာနခွဲ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန၏ ထောက်လှမ်းရေး အဖွဲ့ငယ်များ စသည်တို့ ဖြစ်သည်။
တခါတရံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စုံထောက် ဌာနသည်လည်း ယင်းတို့ထဲတွင် ပါဝင်တတ်သည်။
၂၀၁၃ ခုနှစ်အထိ ဤနိုင်ငံ၏ အီလက်ထရွန်နစ် ဆက်သွယ်ရေးကို လက်ဝါးကြီးအုပ်ထားသည့် ဆက်သွယ်ရေး ဝန်ကြီးဌာနသည် ကကလှမ်း / OCMI တို့၏ စောင့်ကြည့် စစ်ဆေးနိုင်စွမ်း တိုးချဲ့ရာတွင် တယ်လီဖုန်း ကြားဖြတ် နားထောင်ခြင်း စသည့် လုပ်ဆောင်ချက်များဖြင့် ကူညီခဲ့သည်။
ဤအဖွဲ့အစည်းများကို မြန်မာ့ ထောက်လှမ်းရေး စနစ်အကြောင်း ရေးသား ထုတ်ဝေရာတွင် ဖော်ပြခဲသည်။
ယင်းတို့၏ အရွယ်အစား သေးငယ်ခြင်း၊ အမျိုးသား လုံခြုံရေးနှင့် မသက်ဆိုင်သည့် သီးခြား နယ်ပယ်များတွင်သာ တာဝန် ထမ်းဆောင်ရခြင်း တို့ကြောင့် ဖြစ်မည်။
ဗိုလ်ချုပ်ကြီးများ၏ အုပ်ချုပ်မှုအောက်တွင် ယင်းတို့၏ အမိန့်အရ မည်သည့် အစိုးရ ဌာနမဆို ထောက်လှမ်းရေး လုပ်ငန်းတွင် ပါဝင်နိုင်ပေသည်။
ဤအဖွဲ့များ၊ တပ်များ၊ ဝန်ကြီးဌာနများ စုပေါင်းထားသည့်၊ ကြီးမားသည့်၊ ထွေပြားသည့်၊ အလွှာ အထပ်ထပ် ပါဝင်သည့် ကွန်ရက်ကြီးသည် လိုလားချက် ဖော်ထုတ်ခြင်း၊ စုဆောင်းခြင်း၊ ရေးသားခြင်း နှင့် အမြတ် ထုတ်ခြင်း၊ သုံးသပ်ခြင်း နှင့် သတင်း ထုတ်လုပ်ခြင်း၊ ဖြန့်ဝေခြင်း ဆိုသည့် ထောက်လှမ်းရေး စက်ဝန်း၏ အဆင့် ၅ ဆင့်စလုံးကို လွှမ်းခြုံထားလေသည်။
ဤနိုင်ငံ၏ ထောက်လှမ်းရေး စနစ် ကြီးမားလာပြီး တာဝန်များ ပိုမို ကျယ်ပြန့်လာသော အခါ လမ်းညွှန်မှု၊ ပေါင်းစပ် ညှိနှိုင်းမှု၊ ဖြန့်ဖြူးမှု ဆိုင်ရာ ကိစ္စများသည် ပိုမို အရေးပါလာသည်။
၁၉၆၂ ခုနှစ် စစ်အာဏာ သိမ်းမှု နောက်ပိုင်းတွင် နေဝင်း၏ တော်လှန်ရေး ကောင်စီသည် ဤနိုင်ငံ၏ လုံခြုံရေး စနစ်ကို ပိုမို ထိရောက်စေရန်၊ ယင်း၏ လုပ်ငန်းများကို ပိုမို ထိန်းချုပ်ရန် အရေးယူ ဆောင်ရွက်ခဲ့သည်။
၁၉၆၄ ခုနှစ်တွင် အမျိုးသား ထောက်လှမ်းရေး အဖွဲ့ (မထဖ) ကို ဖန်တီးခဲ့သည်။
ယင်းသည် ထောက်လှမ်းရေး နှင့် လုံခြုံရေး အဖွဲ့ အသီးသီး၏ လှုပ်ရှားမှုများကို အမြင့်ဆုံး အဆင့်၌ ပေါင်းစပ် ညှိနှိုင်းပေးသည့် မူဝါဒ ချမှတ်သည့် အဖွဲ့ငယ် ဖြစ်သည်။
၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်အရ အရပ်သား (ဟုဆိုသော) ပါလီမန် တခု ပေါ်ပေါက်လာသော အခါ အမျိုးသား ထောက်လှမ်းရေး အဖွဲ့ ဥပဒေကို အတည်ပြုခဲ့ပြီး မထဖ ကို တရားဝင် အဆင့်အတန်း ပေးလိုက်သည်။
MI ၊ SB ၊ CID စသုံးလုံး (BSI) တို့ကိုသာမက သက်ဆိုင်လျှင် နိုင်ငံခြားရေး၊ ဆက်သွယ်ရေး စသည့် ဝန်ကြီးဌာန တို့၏ လှုပ်ရှားမှုများကိုပါ လမ်းညွှန်ခဲ့သည်။

ထိုအချိန်က မထဖ ကို ယင်း၏ ကွပ်ကဲရေး အဖွဲ့ ဥက္ကဌ ဖြစ်သည့် ဝန်ကြီးချုပ်၏ ရုံးတွင် တွဲဖက်ထားသော်လည်း အမှန် တကယ်တွင်မူ ကကလှမ်း ညွှန်ကြားရေးမှူးက ထိန်းချုပ်ထားသည်။
ထိုသို့သော ရာထူးနေရာကြောင့် စီအိုင်သည် “မိမိ တဦးတည်း သဘောဖြင့် ဆုံးဖြတ်နိုင်သည့် အာဏာကို ရရှိထားပြီး သီးခြား လွတ်လပ်သည့် အသွင် ရှိနေုခြင်းကြောင့် တာဝန်ခံမှု နှင့် အာဏာ အလွဲသုံးမှု ဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ် စေနိုင်သည်” ဟု တင်မောင်မောင်သန်းက ဆိုသည်။
ကကလှမ်းက မထဖ သို့ ရုံးဝန်ထမ်းများကို တွဲဖက်ပေးထားရာ နှစ်ဖွဲ့စလုံးမှ ရာထူးများကို ရယူထားကြသူလည်း အများပင် ရှိသည်။
၁၉၈၃ ခုနှစ်တွင် မြန်မာ့ ထောက်လှမ်းရေး စနစ်ကို ပြည့်စုံစွာ ပြန်လည် သုံးသပ်သည့် အနေဖြင့် မထဖ ကို အားသစ် လောင်ပေးခဲ့ပြီး မထဖ ဥပဒေကိုလည်း ပြင်ဆင်ခဲ့သည်။
ထိုနှစ် စောစောပိုင်းက ထောက်လှမ်းရေး အမှုထမ်း အများအပြားကို အလျှင်အမြန် သန့်စင်ခဲ့ရစေသည့် စီအိုင်၏ ပုဂ္ဂိုလ်ရေး အာဏာကို ကြောင့်ကြ စိုးရိမ်၍ မထဖ ၏ အကြီးဆုံး ရာထူးနေရာကို ဌာန အကြီးအကဲများက အလှည့်ကျ တာဝန်ယူစေရန် ဆုံးဖြတ်ခဲ့သည်။
သို့သော်လည်း လက်တွေ့တွင် ဤအဖွဲ့ကို ကကလှမ်း၏ အကြီးအကဲ ကသာ လွှမ်းမိုးနေသည်။
၁၉၈၈ ပုန်ကန်မှု နောက်ပိုင်းတွင် ယင်းကိစ္စသည် တရားဝင်လာပြီး တကယ့် ရာထူးလည်း ဖြစ်လာသည်။ မထဖ ၏ ညွှန်ကြားရေးမှူး (အချို့ အနောက်တိုင်း ရင်းမြစ်များက မထဖ ၏ ဥက္ကဌ ဟု ဆိုသည်) က နဝတ ကို လည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် နအဖ ကိုလည်းကောင်း တာဝန်ခံရသည်။
မထဖ သည် သေးငယ်သည့် အပြင် ဌာနအနေဖြင့် စစ်ဆင်ရေး ဆောင်ရွက်နိုင်စွမ်း မရှိသော်လည်း ကျယ်ပြန့်သည့် မူဝါဒများကို ဆုံးဖြတ်ရန်၊ ဦးစားပေးများကို ချမှတ်ရန်၊ စစ်ဆင်ရေးကြီးများ အတွက် ပေါင်းစပ် ညှိနှိုင်းပေးရန် တာဝန်ရှိသည့် မြန်မာနိုင်ငံ၏ အမြင့်ဆုံး ထောက်လှမ်းရေး အဖွဲ့ ဟူ၍ တရားဝင် မှတ်ယူထားကြသည်။
မကြာမီမှာပင် ယင်းအဖွဲ့သည် ကျယ်ပြန့်လာသည့် သူ့ထောက်လှမ်းရေး အင်ပါယာကို စီမံ ခန့်ခွဲရာတွင်၊ အခြား အဖွဲ့များ၏ အလုပ်၌ ဝင်ရောက် စွက်ဖက်ရာတွင်၊ စီအိုင်၏ အာဏာကို ကျင့်သုံးရာတွင် ခင်ညွန့် အသုံးပြုသည့် အရေးကြီးသည့် လက်စွဲ ကိရိယာ ဖြစ်လာလေသည်။ ။
ဆက်လက်ဖော်ပြပါမည်။
(ဤဆောင်းပါး စာစုကို လွင်ဦးစာပေ (လှည်းတန်း) က ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ထုတ်ဝေသော ဉာဏ်သစ် မြန်မာပြန် “လျှို့ဝှက်ချက်များ နှင့် အာဏာ (ထောက်လှမ်းရေး နှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း)” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းစာအုပ်မှာ Andrew Selth ရေးသားသည့် Secrets and Power in Myanmar : Intelligence and The Fall of General Khin Nyunt ဖြစ်ပါသည်။)
You may also like these stories:
၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၄)
၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၃)
၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၂)
၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်














