ယခင်အပတ်မှ အဆက်
မကြာမီတွင် OSS (မဟာဗျူဟာ လေ့လာရေး ရုံး) သည် နိုင်ငံခြား ရေးရာထက် ပို၍ စိတ်ဝင်စားစရာများကို တွေ့ရှိ လာလေ၏။
OSS ၏ အဖွဲ့ဝင်များသည် လက်ရွေးစင်များ ဖြစ်ကြကာ အချို့ အကဲခတ်များ၏ အဆိုအရ “မျိုးဆက်သစ်” တပ်မတော် အရာရှိများ ဖြစ်ကြသည်။
“သူတို့၏ စီနီယာများထက် သိသိသာသာ ပို၍ ပါးရည်နပ်ရည်ရှိကာ ပို၍ ကျွမ်းကျင်ကြသည်”။
အချို့မှာ နိုင်ငံခြား အတွေ့အကြုံ ရှိကြသည်။ အများစုက ဘာသာစကား နောက်တမျိုးကို ပြောနိုင်ကြသည်။ OSS တွင် အလုပ်လုပ်နေကြသော်လည်း ကကလှမ်းမှ ရာထူးများကို ဆက်ယူထားသူလည်း အများပင် ရှိသည်။
ထိုင်း သတင်းစာ တစောင်က ယင်းတို့ကို “ဗမာပြည်၏ အကောင်းဆုံး အထက်မြက်ဆုံး” ဟု ဖော်ပြသည်။
၂၀၀၁ ခုနှစ် လောက်တွင် OSS ၌ အင်အား ၅၀ ခန့် ရှိနေပြီး ပြည်တွင်း လုံခြုံရေး၊ လူမျိုးစု ရေးရာ၊ မူးယစ်ဆေးဝါး၊ နိုင်ငံတကာ ရေးရာ၊ သတင်း အချက်အလက် နည်းပညာ (အိုင်တီ) ဟူသော ဌာန ၅ ခုတွင် အလုပ်လုပ်နေကြသည်။
နောက်ဆုံး ဌာနသည် သိပ္ပံ နှင့် ပတ်ဝန်းကျင် ရေးရာကိုလည်း ကိုင်တွယ်သည်။
OSS သည် တီထွင် ဆန်းသစ်သည့် အတွေးအခေါ် ရှိခြင်းနှင့် အလုပ် ဖြစ်ခြင်းတို့ အတွက် ထင်ရှားလာလေသည်။
ဥပမာ အားဖြင့် လုပ်ငန်းစဉ်က ရှုပ်ထွေးသည့်ပြင် အခြားအဖွဲ့များလည်း ပါဝင် ပတ်သက်ခဲ့ကြသည့်တိုင် ကကလှမ်း၊ OSS တို့၏ အကူအညီကြောင့် လူမျိုးစု လက်နက်ကိုင် ၁၇ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေးကို ၁၉၉၀ ပြည့်နှစ်တွင် ခင်ညွန့် ရယူနိုင်ခဲ့သည်။

လုံခြုံရေး ခြိမ်းခြောက်မှုကြီး တခုကို ဖယ်လိုက်ကာ ပြင်ပမှ ဖိအား အတန်အသင့် များနေသည့် အချိန်တွင် နဝတ ၏ ပခုံးပေါ်မှ ဝန်ထုပ်ကို ဖယ်လိုက်နိုင်ခြင်းပင် ဖြစ်၏။
ယခင်က လက်ရှောင်ခဲ့ကြသည့် မြန်မာနိုင်ငံတွင် အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ် ရောဂါ ကပ်ဘေး အသွင်ဖြင့် ကျရောက်နေသည့် ကိစ္စကို သူက ဝန်ခံသည့်ပြင် တိုက်ဖျက်မည့် စီမံချက် တခုကို စတင်ရန် ကူညီခဲ့သည်။
တစတစနှင့် နိုင်ငံခြား သံတမန်များသည်လည်း နယ်ဘက် ဝန်ကြီးဌာနကို ရှောင်ကွင်းကာ OSS ထံသို့ အကူအညီ လာတောင်းကြသည်။
ယင်းတို့ကလည်း တနေ့လျှင် ၂၄ နာရီ အလုပ်လုပ်ကြသည်။
နာမည်ဆိုးနှင့် ထင်ရှားသည့် မြန်မာနိုင်ငံ၏ ကြိုးနီစနစ် ကိုလည်း ဖြတ်ပစ်နိုင်စွမ်း ရှိသည်။ ခက်ခဲသည့် ကိစ္စများတွင်ပင် ခိုင်မာစွာ ဆုံးဖြတ်နိုင်သည်၊ ရလဒ်ကောင်းများ ထွက်လာစေနိုင်သည်။
OSS ပေါ်ပေါက်လာမှု၊ ယင်း၏ အောင်မြင်မှုများက ထိုစဉ်က စစ်အစိုးရ၏ အားနည်းချက်ကြီး အများအပြားကို ဖော်ထုတ် နိုင်ခဲ့သည်၊ ကိုင်တွယ်နိုင်ခဲ့သည်။
၁၉၉၉ ခုနှစ်က မယ်ရီ (Mary P. Callahan) ကယ်လာဟန် ပြောခဲ့သကဲ့သို့ ဖြစ်သည်။
“OSS ရဲ့ ဌာနတွေက မူးယစ်ဆေးဝါး ရောင်းချမှု၊ စီးပွားရေး၊ လူမျိုးစု ရေးရာ၊ နိုင်ငံခြားရေးရာလို နယ်ပယ်တွေမှာ ပေါင်းစပ် ညှိနှိုင်းတာတင် မကဘူး၊ မူဝါဒ ချဖို့တောင်မှ တာဝန်ယူထားတာ ပေါ်လွင်နေတယ်။
လက်တန်းလုပ်တတ်တဲ့ နဝတ ရဲ့ စောစောပိုင်း မူဝါဒတွေက ဒီလောက်တောင် အကောင်အထည် ဖော်လို့ မရအောင် အခြေအနေ မဆိုးခဲ့ရင် OSS က ကျောက်ဖြစ် ရုပ်ကြွင်းကနေ နိုင်ငံခြားရေးထိ အရာရာကို ပေါင်းစပ် ညှိနှိုင်းခွင့် ဆိုတာ ရှိလာမှာ မဟုတ်ဘူး။
၁၉၉၅ ခုနှစ်လောက် ရောက်တော့ နဝတ အုပ်ချုပ်တာက အလုပ်မဖြစ်သေးဘူး၊ ဒါနဲ့ပဲ စစ်အစိုးရ အဖွဲ့ဝင်တွေကလည်း ကမန်းကတန်းနဲ့ အဖြေတွေ လိုက်ရှာကြတာနဲ့ OSS လည်း ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်အောက်မှာ အကောင်အထည် ပေါ်လာတာပဲ”။
နောက် ၁ နှစ်၊ ၂ နှစ် လောက်မှာ ခရစ္စတီးနား ဖင့် (Christina Fink) က OSS နှင့် ပတ်သက်၍ ယခုကဲ့သို့ ရေးခဲ့၏။
“သူတို့၏ အာဏာကို အဖွဲ့အစည်း အသွင် ပြောင်းရန် ဒု ဗိုလ်ချုပ်ကြီး ခင်ညွန့် နှင့် ထောက်လှမ်းရေး လုပ်ဖော် ကိုင်ဖက် များက သူတို့၏ အာဏာစက်ကို ပထဝီ အနေအထား အရရော ထောင်လိုက် အနေနှင့်ပါ တိုးချဲ့ခဲ့ပြီး ယဉ်ကျေးမှု နှင့် နိုင်ငံရေး အဝန်းအဝိုင်းတိုင်းကို မွှေနှောက်ခဲ့သည်”။
ထောက်လှမ်းရေး အဝန်းအဝိုင်း ပြင်ပမှ စိတ်သဘောချင်း တူသည့် အရာရှိ အချို့တို့နှင့် အတူ ခင်ညွန့်နှင့် OSS တို့သည် –
“စစ်တပ် ကွပ်ကဲမှု အဆင့်ဆင့် အတွင်းမှ သီးခြား ထွက်ပေါ်နေသည့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်သည့် အသံ”
တခုကို တည်ဆောက်ကာ အစိုးရ အရေးအရာများတွင် ထင်ရှားသည့် ကဏ္ဍကို ရရှိလာသည်။
မော်တင် ပက်ဒါဆင် (Morten B. Pedersen) ၏ အဆိုအရမူ ယင်းတို့သည် –
“အစိုးရ အသွင်၊ စစ်တပ်နှင့် အဖွဲ့အစည်း အသွင် စစ်တပ်တို့ ကွဲထွက်လာကာ အနည်းဆုံး ပိုမိုကောင်းမွန်သည့် အုပ်ချုပ်မှု ဖြစ်စေမည် ဟူသော ကတိကို ကမ်းလှမ်းထားသည်” ကို ပြသနေသည်။
OSS ကို တပ်မတော် အတွင်းမှရော အပြင်မှပါ ဝေဖန်သူ မရှိသည်ကား မဟုတ်၊ သို့သော် သြဇာ အလွန့်အလွန် ကြီးလာလေ၏။
“ဗမာပြည်၏ နိုင်ငံရေး လောကတွင် အနန္တ တန်ခိုးတော်ရှင် နီးပါး ဖြစ်သည်ဟု ညွှန်းရသည့် အဖွဲ့အစည်း ဖြစ်လာသည်” မှာ အမှန် ဖြစ်သည်။
၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့်လေ့လာရေး အဖွဲ့ (ICG) က ယင်းကို စစ်အစိုးရ၏ “ဦးနှောက်သစ်” ဟု ခေါ်သည်။
ဘာတေးလ် လစ်တ်နာ (Bertil Lintner) ကမူ “တကယ်တော့ သူကမှ အစိုးရ” ဟု ပြောခဲ့၏။
OSS သြဇာ တက်လာသည်နှင့် အမျှ ကကလှမ်း၏ အခြား ဌာနများသည်လည်း တိုးချဲ့လာကာ အခြားသော နယ်ပယ် သစ်များသို့ ဝင်ရောက်လာကြသည်။ စွမ်းဆောင်ရည် အသစ်များ ရရှိလာကြသည်။

မြန်မာ့ တပ်မတော်၏ ဆက်သွယ်ရေး တပ်ဖွဲ့ (ကကဆက်) ၏ အကူအညီဖြင့် ကကလှမ်းသည် မြန်မာနိုင်ငံ အတွင်းနှင့် ပတ်လည်တွင် ဆက်သွယ်မှုများကို စောင့်ကြည့် စစ်ဆေးလာလေသည်။
သောင်းကျန်းသူတို့၏ ဆက်သွယ်မှုများ၊ စီးပွားရေး ရေဒီယို ထုတ်လွှင့်မှုများကို ပိတ်ဆို့ရာတွင် အောင်မြင်မှု အရ နည်းသော်လည်း ရေဒီယို ဆက်သွယ်မှုများကို စောင့်ကြည့် ဖမ်းယူနိုင်ကြောင်း၊ ၈၈ ပုကန်မှု ဖြစ်ပြီးနောက် မကြာမီတွင် ထုတ်ဝေလိုက်သည့် မိုးလုံးပြည့် မုသာဝါဒ များကဲ့သို့သော စာစောင်များက ဖော်ပြနေသည်။
ထို့ပြင် အိုင်တီကြောင့် ဖြစ်ပေါ်လာသည့် အလျင်အမြန် တိုးတက်မှုကိုလည်း ၁၉၉၄ ခုနှစ်မှ စကာ အမြတ် ထုတ်လာနိုင် ခဲ့သည်။
အစိုးရ ဆန့်ကျင်သူ လှုပ်ရှားသူတို့၏ အင်တာနက် သုံးစွဲမှုကို တန်ပြန်နိုင်ရန် အတွက် စခဲ့ခြင်း ဖြစ်သော်လည်း မကြာမတင် မှာပင် ခင်ညွန့်သည် အခြား ရလဒ်များ အတွက်ပါ အိုင်တီ၏ စွမ်းဆောင်ရည်ကို သုံးစွဲလာနိုင်ခဲ့သည်။
ကကလှမ်း အရာရှိ အချို့ကို အမေရိကန်သို့ စေလွှတ်ကာ အိုင်တီကို သီးသန့် သင်တန်း တက်စေသည်။
၁၉၉၅ ခုနှစ်သို့ အရောက်တွင် “ဗမာပြည်တွင် အကြီးဆုံး ကွန်ပျူတာ ဌာန” ရှိနေပြီဟု ကကလှမ်းက ကြွားလေ၏။ ယင်းကို “ဆိုင်ဘာ စစ်ဆင်ရေး ဌာန” ဟု လူသိများသည်။
ဤဌာနသည် ဂြိုဟ်တုမှ တဆင့် အပါအဝင် ထုတ်လွှင့်မှု အမျိုးမျိုးကို စောင့်ကြည့် ဖမ်းယူထားသည်ဟု ဆို၏။
ယင်းသည် စစ်ဘက်၊ နယ်ဘက် ကြားဖြတ် ဖမ်းယူမှုများကို ကြီးကြပ်ကြောင်း၊ ကွန်ပျူတာ နှင့် ဖက်စ် စက်များ ပျံ့နှံ့ပုံ၊ အသုံးပြုပုံ တို့ကို စောင့်ကြည့် စစ်ဆေးနေကြောင်း ပေါ်လွင်သည်။
အင်တာနက် ကဖေးများက လာရောက် သုံးစွဲသူများကို စောင့်ကြည့်ရသည်။
ကကလှမ်း နှင့် OSS တို့၏ အကူအညီဖြင့် ရေးဆွဲခဲ့သည့် ၁၉၉၆ ကွန်ပျူတာ သိပ္ပံပညာ ဖွံ့ဖြိုးရေး ဥပဒေတွင် ကွန်ပျူတာ ကွန်ရက်များ နှင့် အိုင်တီတို့ကို –
“နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အမျိုးသား စည်းလုံးရေး၊ အမျိုးသား စီးပွားရေး၊ အမျိုးသား ယဉ်ကျေးမှု တို့ကို ထိခိုက် ပျက်စီးအောင်” အသုံးမပြုရန် တားမြစ်ထားသည်။
သို့သော် မြန်မာနိုင်ငံ ကွန်ပျူတာ နည်းပညာ ဖွံ့ဖြိုးရေး ကောင်စီတွင် ခင်ညွန့် ဥက္ကဌ ဖြစ်နေခြင်းကိုမူ မထိခိုက်ပေ။
၂၀၀၀ ပြည့်နှစ်တွင် ကကလှမ်းသည် အင်တာနက် ဝန်ဆောင်သူ ဖြစ်သည့ ပုဂံ ဆိုင်ဘာတက် ကို ထူထောင်လိုက်သည်။
ယင်းသည် နောက်ပိုင်းတွင် ထိုင်းဝန်ကြီးချုပ်ဟောင် သက်ဆင် ရှင်နာဝပ်ထရာ ၏ ရှင်း ကော်ပိုရေးရှင်း နှင့် နီးကပ်စွာ အလုပ်လုပ်ခဲ့ရာ ခေတ်မီ နည်းပညာ အမျိုးမျိုးကို လက်လှမ်းမီလာလေ၏။
ကြားဖြတ် ဖမ်းယူနိုင်စွမ်းများလည်း ရရှိလာသဖြင့် ကကလှမ်း၏ “ဖိနှိပ်နိုင်စွမ်း” လည်း အကြီးအကျယ် တိုးတက် လာလေသည်။
၂၀၀၄ ခုနှစ် လောက်တွင် မြန်မာနိုင်ငံ၏ “ပြည်တွင်း နိုင်ငံရေးသမားများကို အဓိက ထားသည့် နည်းပညာ စောင့်ကြည့်မှု စွမ်းရည်မှာ အတော်ကြီးကို တိုးတက်လာသည်” ဟု အမေရိကန်က ဆိုသည်။
ဤနေရာတွင်လည်း လူထု၏ စိတ်ထဲ၌ ထိုစွမ်းဆောင်ရည် တို့ကို အလွန်အမင်း ပုံကြီးချဲ့၍ မြင်နေသည်ဟု ဆိုနိုင်သည်။
သို့သော် အန်ကြီအို တဖွဲ့က ပြောသကဲ့သို့ “စစ်အစိုးရ၏ တင်းကျပ် စိစစ်သည့် အုပ်စိုးမှုသည် အကြောက် နှင့် ကိုယ့်ကိုယ်ကိုယ် ဆင်ဆာ စနစ်ကို ဖြစ်ပေါ်စေသည်”။
ထို့ပြင် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ လော နိုင်ငံတို့ရှိ မြန်မာ သံရုံးများတွင် အချက်ပြ ဆက်သွယ်ရေး သတင်း (SIGINT) စုဆောင်းသည့် စခန်းများကို အစ္စရေး၊ တရုတ်၊ စင်္ကာပူ တို့က ထောက်ပံ့ထားသည့် ကိရိယာများကို သုံးကာ ကကလှမ်း က ဆောင်ရွက်နေသည် ဟုလည်း မသင်္ကာစရာ ရှိ၏။
ထို့ပြင် ကပ္ပလီ ပင်လယ်တွင်း မြန်မာပိုင် ကိုကိုးကျွန်းတွင် တရုတ်နှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သည့် အချက်ပြ ဆက်သွယ်ရေး သတင်း စုဆောင်းသည့် စခန်းကြီးတခု ရှိသည်ဟု ကောလာဟလများလည်း ရှိနေ၏။
ဤ မသင်္ကာစရာ များကို အယုံလွယ်သည့် သတင်းသမားများ၊ ပညာရှင်များကလည်း အားပေးနေကြ၏။
အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးကပင် ထိုဇာတ်လမ်းများကို ယုံကြည်စွာဖြင့် ပရိသတ် ရှေ့တွင် ထုတ်ပြောခဲ့သည် အထိ ဖြစ်၏။
သို့သော် သေချာစွာ စုံစမ်းသောအခါ အခြေအမြစ် မရှိကြောင်း တွေ့ရသဖြင့် နောက်ပိုင်းတွင် အိန္ဒိယ စစ်ဦးချုပ်ကပင် ဝန်ခံခဲ့ရလေသည်။
ကကလှမ်း (OSS) သည် သတင်း အချက်အလက် စစ်ပွဲတွင် အပြင်းအထန် ပါဝင်ခဲ့သည်။

ဒေသခံ မီဒီယာ အချို့တွင် စိတ်ဝင်စားခဲ့ရာ ၁၉၉၉ ခုနှစ် နောက်ပိုင်းတွင် အင်္ဂလိပ် သတင်းစာ မြန်မာတိုင်းမ် လည်း အပါအဝင် ဖြစ်သည်၊ ယင်းသည် OSS ၏ အမြင်များကိုသာ ထင်ဟပ်ပြရန် ဖြစ်သည်ဟု ပြောကြ၏။
ဒေသခံ မီဒီယာ အချို့တွင် စိတ်ဝင်စားခဲ့ရာ ၁၉၉၉ ခုနှစ် နောက်ပိုင်းတွင် အင်္ဂလိပ် သတင်းစာ မြန်မာတိုင်းမ် လည်း အပါအဝင် ဖြစ်သည်၊ ယင်းသည် OSS ၏ အမြင်များကိုသာ ထင်ဟပ်ပြရန် ဖြစ်သည်ဟု ပြောကြ၏။
ကကလှမ်း (OSS) သည် ကျန် သတင်းစာများတွင်လည်း ဝါဒဖြန့် ဆောင်းပါးများကို ပုံမှန် ထည့်သွင်းနေရာ နိုင်ငံပိုင် အင်္ဂလိပ် သတင်းစာ လုပ်သားပြည်သူ့ နေ့စဉ် ကို ၁၉၉၃ ခုနှစ်တွင် အမည် ပြောင်းလိုက်သည့် ကမ္ဘာလုံး ဆိုင်ရာ မြန်မာ့ အလင်း (Global New Light Of Myanmar) လည်း ပါဝင်သည်။
OSS သည် ပညာရပ် နှီးနှောဖလှယ် ပွဲများကိုလည်း ကျင်းပခဲ့ရာ လက်သင့်ရာ နိုင်ငံခြားသားများကို ဖိတ်ခဲ့သည်။
ကိုယ်ပိုင် စာအုပ်များကို ထုတ်ဝေခြင်း၊ အထူး သတင်းစဉ်များကို ဖြန့်ခြင်း စသည့် နည်းများကို သုံးကာ အစိုးရ၏ ပြရုပ်ကို ကောင်းစေခဲ့သည်။
ဥပမာ အားဖြင့် ၁၉၉၇ ခုနှစ်တွင် မြန်မာ့ နိုင်ငံရေး အခြေအနေနှင့် ဒေသတွင်း အခန်းကဏ္ဍ ဟူသော စာအုပ်ငယ်ကို ထုတ်ဝေခဲ့ရာ ၂၅ ကြိမ် ကျော်မျှ ထပ်မံ ရိုက်နှိပ်ခဲ့ရသည်။
ယင်း စာအုပ်တွင် စစ်အစိုးရကို တိုက်ခိုက်သော ဝေဖန်ချက် အများအပြားကို ဖြေရှင်းရန် အားထုတ်ထားသည်။
၁၉၉၀ ပြည့်လွန် နှောင်းပိုင်း နှင့် ၂၀၀၀ ပြည့်လွန် အစောပိုင်းတို့တွင် OSS သည် အမှန်တရား ဆိုသော အင်္ဂလိပ် ဘာသာ သတင်းစဉ်များကိုလည်း ထုတ်ဝေခဲ့သည်။
ယင်းတို့တွင် NLD ၊ အရေးအရာ လှုပ်ရှားသည့် မီဒီယာ အုပ်စုများ၊ နိုင်တကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI)၊ ကရင် လူ့အခွင့်အရေး အုပ်စု စသည့် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ၊ အခြား စာရွက်စာတမ်းများကို သုံးသပ်ပြကာ မှားယွင်းကြောင်း ချေပထားသည်။
သတင်း အချက်အလက် စစ်ပွဲ၏ နောက်တိုက်ကွက် တခု အဖြစ် အောင်ဆန်းစုကြည် ၏ အတ္ထုပ္ပတ္တိကို ရေးနေသည့် အမေရိကန် စာရေးဆရာမ တဦး မြန်မာနိုင်ငံသို့ လာရန် OSS က ကမကထ ပြုခဲ့သည်။
စစ်အစိုးရ အကြောင်း သက်သက် ညှာညှာ ရေးသားအောင် သွေးဆောင်ရန် မျှော်လင့်နေကြောင်း သိသာလှ၏။ ။
ဆက်လက်ဖော်ပြပါမည်။
(ဤဆောင်းပါး စာစုကို လွင်ဦးစာပေ (လှည်းတန်း) က ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ထုတ်ဝေသော ဉာဏ်သစ် မြန်မာပြန် “လျှို့ဝှက်ချက်များ နှင့် အာဏာ (ထောက်လှမ်းရေး နှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း)” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းစာအုပ်မှာ Andrew Selth ရေးသားသည့် Secrets and Power in Myanmar : Intelligence and The Fall of General Khin Nyunt ဖြစ်ပါသည်။)
You may also like these stories:
၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၂)
၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်














