တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး (ကကလှမ်း) အကြောင်း သတင်းများစွာ ထွက်လာသော်လည်း တခုကမျှ ဗမာ့ လူ့ဘောင်၏ ကဏ္ဍ အသီးသီးသို့ ဤ အဖွဲ့အစည်း၏ သြဇာ ပျံ့နှံ့ပုံကို သရုပ်မဖော်နိုင်ပေ။
မည်သည့် နိုင်ငံခြားသားကမျှ ကကလှမ်း၏ ဖွဲ့စည်းပုံ အပြည့်အစုံကို မသိကြပေ။ အကြောင်းမှာ ယင်း၏ သဘာဝအရ ယင်း၏ လှုပ်ရှားမှု အများစုကို လျှို့ဝှက်ထားခြင်းကြောင့် ဖြစ်သည်။
“တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး (ကကလှမ်း) ၏
ဗမာပြည်တွင် သြဇာ သက်ရောက်မှု”
အမေရိကန် ကြည်းတပ် ထောက်လှမ်းရေး နှင့်
လုံခြုံရေး ကောင်စီ (INSCOM)
၁၉၇၃၊ ဇန်နဝါရီလ ၁၂ ရက်
လက်နက်ကိုင် တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့၊ နယ်ဘက် ဌာနများ အတွင်းရှိ ဌာနခွဲ အမျိုးမျိုးနှင့် စုံစမ်း စစ်ဆေးရေးတပ် အမျိုးမျိုးတို့ ပါဝင်သည့် ကြီးမားထွေပြားသည့် အလွှာအဆင့်ဆင့် ရှိသည့် စနစ်ကြီးကို ဖြစ်ထွန်းစေနိုင်သောကြောင့်သာ ဤအဆင့်မြင့် အနေအထားသို့ ရောက်ရှိကာ ဤသို့ လှုပ်ရှားနိုင်လာရပေသည်။
ယင်းတို့ အားလုံးကို လွှမ်းမိုးထားသည်မှာ စစ်ထောက်လှမ်းရေး အဖွဲ့အစည်း ဖြစ်သည်။
စစ်ထောက်လှမ်းရေး အဖွဲ့အစည်း
၁၉၈၃ ခုနှစ်တွင် (ဦး) ခင်ညွန့်ကို စီအိုင် (ထောက်လှမ်းရေးမှူးချုပ်) အဖြစ် ခန့်အပ်စဉ်က ဦးဆောင် အဖွဲ့မှာ စစ်ထောက်လှမ်းရေး (MIS) ဟု လူသိများသည့် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး (ကကလှမ်း) ဖြစ်သည်။
ယင်းသည် စစ်ထောက်လှမ်းရေး အဖွဲ့အစည်းများ၏ သမားရိုးကျ တာဝန် အားလုံးကိုသာ ထမ်းဆောင်နေခဲ့သော်လည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လိုလားသည့် ပုန်ကန်မှု နောက်ပိုင်းတွင် ယင်း၏ အရွယ်အစား၊ လျှို့ဝှက် နက်နဲမှု၊ ပိုင်နက် နယ်ပယ် တို့မှာ ဗြုန်းခနဲ တိုးတက်လာခဲ့သည်။
စစ်အစိုးရကို ကာကွယ်သည့် တာဝန်ကိုလည်း ပို၍ယူလာသည်။
ခင်ညွန့်၏ သစ္စာတော်ခံ အလယ်အလတ်တန်း အရာရှိ ၂၃ ဦးက ရန်ကုန် ကကလှမ်း ဌာနချုပ်ကို စီမံခန့်ခွဲနေကြသည်။
ယင်းကို တိုက်ပွဲဝင် ထောက်လှမ်းရေး၊ တန်ပြန် ထောက်လှမ်းရေး၊ နိုင်ငံခြား ထောက်လှမ်းရေး၊ မူးယစ်နှိမ်နင်းရေး၊ ရေတပ်၊ လေတပ် စသဖြင့် ဌာန ၉ ခုဖြင့် ဖွဲ့စည်းထားသည်။
မြန်မာနိုင်ငံမှ စာရင်းအင်း ဟူသမျှကို သတိထား ကိုင်တွယ်ရမည် ဖြစ်သော်လည်း အထွတ်အထိပ်၌ ရောက်နေသည့် အချိန်က ကကလှမ်း၏ အင်အားမှာ ၂၀၀၀ ခန့် ရှိကြောင်း ပေါ်လွင်သည်။
ထိုစဉ်က (၁၉၈၈ ခုနှစ်) တိုင်းစစ်ဌာနချုပ် ၁၂ ခုသို့ တွဲဖက်ထားသည့် တပ်ခွဲများ ရှိသည့်ပြင်၊ စစ်ထောက်လှမ်းရေး တပ်စိတ် ၂၇ ခုကလည်း နိုင်ငံ အနှံ့တွင် ရှိနေခဲ့သည်။
ယင်းအဆင့်ရှိ တပ်များကို အမ်အိုင် (MI) – ၁၊ အမ်အိုင် – ၂၊ အမ်အိုင် – ၃ စသဖြင့် အမှတ်စဉ် ထိုးထားသော်လည်း ကံမကောင်း ဟု ယူဆကြသည့် ၁၃ ဂဏန်းကိုမူ မသုံးခဲ့ပေ။
ရန်ကုန်ကဲ့သို့ လူနေထူထပ်သော နေရာများတွင် မြို့နယ်အဆင့် ရုံးငယ်များ ရှိတတ်သည်။
တပ်မတော်၏ တပ်ဖွဲ့ ၃ ခုအတွင်းရှိ ထောက်လှမ်းရေး အရာရှိများ၏ အဆင့်အတန်းမှာ မရှင်းလင်းချေ။
တပ်မတော် (ကြည်း) အတွက် ဆိုလျှင် ထောက်လှမ်းရေး စစ်သည်များမှာ ကကလှမ်းကို တိုးချဲ့ထားခြင်းသာ ဖြစ်သည်။ ကြည်းတပ်ရင်းများမှ သင့်တော်သည့် စစ်သားများကို ဖော်ထုတ်ကာ ရွှေ့ပြောင်းလိုက်သည်။
ရန်ကုန်ရှိ ကကလှမ်း၏ ပင်မ လေ့ကျင့်ရေး ဌာနတွင် သင်တန်းတခု သို့မဟုတ် ပို၍ တက်ပြီးနောက် ထောက်လှမ်းရေး တပ်ရင်း၊ တပ်ခွဲများသို့ ပို့ကာ “နိုင်ငံရေး” နှင့် တန်ပြန် ထောက်လှမ်းရေး တာဝန်များကို ထမ်းဆောင်စေသည်။
တပ်မတော် လေ့ကျင့်ရေးနှင့် ဦးစီးဆိုင်ရာ လက်စွဲဆိုင်ရာ စာအုပ်များအရ ထိုအချိန်ပိုင်း အတွင်းက စစ်တိုင်းများသို့ တွဲဖက်ထားသည့် (ဗိုလ်မှူး ဦးစီး) ထောက်လှမ်းရေး တပ်များ ရှိခဲ့သည်။
ကွပ်ကဲမှု အဆင်ပြေစေရေး အတွက် ၁၉၉၂ ခုနှစ်မှ စတင် ဖွဲ့စည်းခဲ့သည့် ဒကစ (ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ်) များတွင် ထောက်လှမ်းရေး တပ်စိတ်များ တွဲဖက်ထားသည်။
ပင်မ တိုက်ခိုက်ရေး တပ်ဖွဲ့များ ဖြစ်သည့် ၁၉၉၅ ခုနှစ်မှ စတင် ဖွဲ့စည်းခဲ့သည့် စကခ (စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်) များနှင့် တမခ (တပ်မ ဌာနချုပ်) ၁၀ ခု တို့တွင် ထောက်လှမ်းရေး တပ်များ ရှိကာ ဗိုလ်ကြီး သို့မဟုတ် ဗိုလ် က ကွပ်ကဲ ကြသည်။
ခြေလျင်၊ ခြေမြန် တပ်ရင်းများတွင် အင်အားပြည့်ပါက ၁၀ ဦးအထိ ရှိသည့် ထောက်လှမ်းရေး တပ်စိတ်များ ရှိကြသည်။ စစ်သည်များတွင် အနိမ့်ဆုံး အဆင့်မှာ တပ်ကြပ် ဖြစ်သည်။
မြန်မာ့ တပ်မတော် (ရေ) နှင့် မြန်မာ့ တပ်မတော် (လေ) တို့တွင်လည်း ထောက်လှမ်းရေး တပ် အနည်းငယ် ရှိသည်။
ရေတပ်၏ ပင်မ ထောက်လှမ်းရေး ဌာနမှာ ရေတပ် ဌာနချုပ် တည်ရာ ရန်ကုန်တွင် ရှိသော်လည်း နယ်မြေအလိုက် ရေတပ် စခန်း ဌာနချုပ် ၅ ခုသို့ စစ်သည်များကို စေလွှတ်ထားသည်။
ထိုအချိန်ပိုင်း အတွင်းကမူ ယင်းတို့သည် မြန်မာနိုင်ငံ၏ ရှည်လျားလှသည့် ဘင်္ဂလား ပင်လယ်အော် နှင့် ကပ္ပလီ ပင်လယ်ပြင် ကမ်းရိုးတန်းကို စောင့်ကြည့် စစ်ဆေးရသည့် ရေတပ်နှင့် သက်ဆိုင်သည့် နည်းဗျူဟာနှင့် စစ်ဆင်ရေး အဆင့် ထောက်လှမ်းရေး တို့ကိုသာ အဓိက ဆောင်ရွက်ခဲ့ရသည်။
လေတပ် ထောက်လှမ်းရေး အရာရှိများမှာ မင်္ဂလာဒုံ လေဆိပ်နှင့် မိတ္ထီလာ၊ ရှမ်းတဲ စသော အဓိက လေတပ်စခန်း ဌာနချုပ် များတွင်သာ တာဝန် ချထားခံရတတ်သည်။ ယင်းတို့ကို ရေတို တာဝန်များကိုသာ ပေးအပ်မည် ဖြစ်၏။
ယင်းတာဝန်တို့မှာ လူမျိုးစု လက်နက်ကိုင် တပ်များ၊ မူးယစ်စစ်ဘုရင် တပ်များကို တိုက်ခိုက်သည့် မြေပြင် စစ်ဆင်ရေး များတွင် လေကြောင်း အကူပေးရန် ဆိုသော ထိုအချိန်က လေတပ်၏ ပင်မ တာဝန်နှင့်သာ သက်ဆိုင်လိမ့်မည်။
လေတပ် ထောက်လှမ်းရေး အရာရှိများသည် ကောင်းကင် ဓာတ်ပုံများကို အနက်ဖွင့်ရာတွင်လည်း ထောက်ကူရသည်ဟု ယူဆသည်။
ကြည်းတပ် နည်းတူ ရေတပ် နှင့် လေတပ် တို့မှ ထောက်လှမ်းရေး တပ်များသည်လည်း ယင်းတို့၏ ဦးစီးချုပ်များ အစား ကကလှမ်း ကို တာဝန်ခံရသည်။
ထို့ပြင် ၁၉၈၃ ခုနှစ် မတိုင်မီ နှင့် ၁၉၉၂ ခုနှစ် နောက်ပိုင်း တို့တွင် ရှေ့တန်း ထောက်လှမ်းရေး စစ်သည်များသည် စစ်တပ်၏ သာမန် ကွပ်ကဲမှု အဆင့်ဆင့်ကို ရှောင်လွှဲကာ ကကလှမ်း ဌာနချုပ် သို့သာ တိုက်ရိုက် တင်ပြကြရသည်။
ကကလှမ်း၏ အမြင့်ဆုံး ဦးစားပေးမှာ ၁၉၈၈ ခုနှစ်တွင် စတင် ဖွဲ့စည်းချိန်မှ စ၍ နိုဘယ်ဆုရှင် (ဒေါ်) အောင်ဆန်းစုကြည် က ထိရောက်စွာ ဦးဆောင်နေသည့် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို စောင့်ကြည့်ရေးပင် ဖြစ်၏။
ကျန် လူထုကြီး တရပ်လုံးကိုလည်း ကျွမ်းကျင်သည့် ထောက်လှမ်းရေး အရာရှိများနှင့် အခပေး၊ အခမဲ့ သတင်းပေး ကွန်ရက်ကြီးက အနီးကပ် စောင့်ကြည့်နေသည်။
အချိန်ကို လိုက်ကာ အတက်အကျ ရှိမည် ဖြစ်သော်လည်း ၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထားသည်။
လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး ရှိသည်ဟု ဆို၏။
လူထု အများစုမှာ အစိုးရအကြောင်း မကောင်းပြောသည်ကို ကြားသွားမည်ကို၊ အစိုးရ၏ ဖိနှိပ်လှသည့် ဥပဒေများကို အသေးအဖွဲ ဖောက်ဖျက်မိသဖြင့် သတင်း အပို့ခံရမည်ကို ကြောက်နေကြသည်။
နိုင်ငံတော်က ဖန်တီးထားသည့် သံသယမှာ ကြီးမားလှသဖြင့် မြန်မာ အများစုသည် စောင့်မကြည့်ဘဲ၊ အသံ မဖမ်းယူဘဲ နေသည့်တိုင် ထိုသို့ ပြုနေသည်ဟု မှတ်ယူကြကာ လိုက်လျော ညီထွေ ပြုမူ နေထိုင်ကြသည်။
မော်တင် ပက်ဒါဆင် (Morten B. Pedersen) အောက်တွင် ရေးထားသလို ဖြစ်ပေ၏။
“စောင့်ကြည့်မှုမှာ ကျယ်ပြန့်သလောက် မနက်ရှိုင်းနိုင်သော်လည်း အမ်မိုင် အကုန်သိသည် ဟု ဗမာ အများစုက မှတ်ယူထားကြ သဖြင့် စိတ်မချနိုင်တော့ဘဲ မိမိတို့ကိုယ် မိမိတို့ ပြန်၍ စောင့်ကြည့်နေကြသည်”
နယ်စွန် နယ်စပ်တွင်သာ စုပြုံနေထိုင်ကြသည့် လူမျိုးစုများမှာ အလယ်ပိုင်းနှင့် တောင်ပိုင်းတွင် နေထိုင်ကြသည့် လူများစု ဗမာ တို့ထက် ပို၍ ကြောက်ကြပေလိမ့်မည်။
ကရင် လူမျိုးများနှင့် ရင်းနှီးသည့် အကဲခတ် တဦးက ဤသို့ ဆိုသည်။
“နေရာတကာမှာ သူလျှိုတွေကို မြင်နေရတယ်။ ရန်ကုန်ကို သတင်းပို့မယ့် သူလျှိုတွေနဲ့ ခေါင်းဆောင်တွေကို လုပ်ကြံမယ့် သူလျှိုတွေနဲ့…” ။ ။
ဆက်လက်ဖော်ပြပါမည်။
(ဤဆောင်းပါး စာစုကို လွင်ဦးစာပေ (လှည်းတန်း) က ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ထုတ်ဝေသော ဉာဏ်သစ် မြန်မာပြန် “လျှို့ဝှက်ချက်များနှင့် အာဏာ (ထောက်လှမ်းရေးနှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း)” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းစာအုပ်မှာ Andrew Selth ရေးသားသည့် Secrets and Power in Myanmar : Intelligence and The Fall of General Khin Nyunt ဖြစ်ပါသည်။)
You may also like these stories:
၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၂)