ယခင်အပတ်မှ အဆက်
ကကလှမ်း OSS သည် စစ်တပ်ယောင်ယောင် စစ်ဆင်ရေးများကိုလည်း လုပ်ခဲ့ဟန်တူ၏။
၁၉၉၈ ခုနှစ် တဝိုက်တွင် မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ ကရင် လူမျိုးများကို ပစ်မှတ်ထားကာ သတ်ဖြတ်ရန် အတွက် အထူးတပ် တခုကို ဖန်တီးခဲ့သည်။
ယင်းသည် ၁၉၆၅ ခုနှစ် နှင့် ၁၉၇၂ ခုနှစ် အတွင်းက တောင်ဗီယက်နမ်တွင် စီအိုင်အေ (CIA) က ဦးစီး လုပ်ဆောင်ခဲ့သည့် ဖီးနစ် အစီအစဉ် ကဲ့သို့ ဆောင်ရွက်ရမည်ဟု ထင်ရ၏။
ဤ “လက်မရွံ့ တပ်စိတ်” ကို တန်ပြန် ပြောက်ကျား နှင့် အထူး အာဏာရ အဖွဲ့ စသော အမည်အမျိုးမျိုးဖြင့် သိကြသည်။ ထို့ပြင် သုံးလုံးတပ် ဟုလည်း ခေါ်ကြသေးသည်။
ယင်းသည် ပြည်ထဲရေး ဝန်ကြီးဌာန အောက်ရှိ အမည်တူ စ သုံးလုံး (အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန) ၏ အစိတ် အပိုင်းဟု ယူဆကြသောကြောင့် ဖြစ်သည်။
ကကလှမ်း OSS က ထူထောင်ထားသည့် ခင်ညွန့်ကို တိုက်ရိုက် တာဝန်ခံရသည့် အဖွဲ့သာ ဖြစ်ရန် ရှိသည်။ စစ်တိုင်းများ၏ အထောက်အပံ့ကို ယူသော်လည်း လွတ်လပ်စွာ ဆောင်ရွက်သည်။
အင်အား ၂၀၀ ခန့် ရှိမည့် တန်ပြန် ပြောက်ကျားကို တပ်ခွဲ ၄ ခွဲ၊ ၅ ခွဲ အဖြစ် ခွဲထားသည်။ တပ်ခွဲများတွင် အင်အား ၅ ဦးမှ ၁၀ ဦးထိ ပါသည့် တပ်စိတ်များ ပါရှိသည်။
သူတို့၏ ဆောင်ရွက်ချက်များမှာ KNU နှင့် ဖြစ်စေ၊ ယင်း၏ စစ်တပ် KNLP နှင့် ဖြစ်စေ ဆက်သွယ်သည်ဟု မသင်ကာသူကို သတ်ကာ ဒေသခံ လူထုက ယင်းအဖွဲ့များကို ဆက်လက် မထောက်ခံရဲအောင် ခြောက်လှန့်ရန် ဖြစ်သည်။
၂၀၀၄ ခုနှစ်တွင် ခင်ညွန့်ကို ဖမ်းပြီးသည့်နောက် ယင်းတပ်ဖွဲ့ကို ပုံမှန် စစ်တပ်ကဲ့သို့ ပြန်ထည့်လိုက်ရာ ယင်းတပ်ဖွဲ့မှာ ခင်ညွန့်၏ လက်ရာ ဖြစ်သည် ဆိုသော ယုံကြည်မှုမှာ ပိုမို ခိုင်မာ သွားလေ၏။
ဤအချိန်ပိုင်း အတွင်း စစ်ထောက်လှမ်းရေး အဖွဲ့အစည်းများတွင် အထောက်အကူ ဌာန အများအပြား ရှိလာသည်။
ဥပမာ အားဖြင့် ရန်ကုန် မြောက်ဘက် မင်္ဂလာဒုံတွင် တပ်မတော် ထောက်လှမ်းရေး ဗဟိုဌာန (ယခင် ဗဟို ထောက်လှမ်းရေး တပ်၊ ထို့အလျင်က စစ်ထောက်လှမ်းရေး သင်တန်းကျောင်း) ဟူ၍ ရှိခဲ့သည်။
၁၉၉၄ ခုနှစ်တွင် OSS ကို ဖန်တီးသော အခါ ယင်း တပ်မတော် သတင်း စုဆောင်းရေး သင်တန်းကျောင်းဟု အမည် ပြောင်းလိုက်ကာ တပ်မှူးကိုလည်း ဗိုလ်မှူးကြီး အဆင့်သို့ မြှင့်တင်လိုက်သည်။
ကကလှမ်း၏ မင်္ဂလာဒုံရှိ သုတေသန နှင့် သတင်းတပ်ကိုလည်း ၁၉၆၃ ခုနှစ်တွင် ထောက်လှမ်းရေး အကူတပ် အဖြစ် အဆင့် မြှင့်ခဲ့သည်။
ယင်းတွင် အုပ်ချုပ်၊ စစ်ဆင်ရေး၊ စစ်ကြောရေး၊ ထောက်ပံ့ရေး ဟူသည့် ဌာန ၄ ခု ရှိသည်။
ဤတပ်မျိုး နောက်တခုကို ၁၉၉၀ ပြည့်လွန် နောက်ပိုင်းတွင် ဖွဲ့စည်းခဲ့သည်။ ထို့အတူ လူဦးရေ များသည့် နေရာများတွင် အုပ်ချုပ်မှု ရုံးများ၊ စစ်ကြောရေး ဌာနများ၊ ထိန်းသိမ်းရေး စခန်းများ အဖြစ် အသုံးချသည့် တပ်များ ရှိလာသည်။

ယင်းတို့ အနက် အမည်ဆိုးနှင့် ထင်ရှားသည်မှာ မင်္ဂလာဒုံရှိ ရေကြည်အိုင် ထိန်းသိမ်းရေး စခန်းဖြစ်ပြီး ၁၉၆၂ ခုနှစ် အာဏာ သိမ်းမှု အပြီးတွင် ဝန်ကြီးချုပ် ဦးနု ကို ယင်းစခန်းတွင် ထိန်းသိမ်းခဲ့သည်။
ယင်းစခန်းကို နိုင်ငံရေး အကျဉ်းသားများ စစ်ကြောရန်၊ ထိန်းသိမ်းရန် အတွက် ထိုအချိန်မှ စ၍ တောက်လျှောက် အသုံးပြု ခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ဆိုသည်။
၂၀၀၁ ခုနှစ်တွင် ကကလှမ်း နှင့် OSS တို့ကို ပူးပေါင်းလိုက်ကာ တပ်မတော် ထောက်လှမ်းရေး အရာရှိချုပ်ရုံး (DSIB) ကို ဖန်တီးလိုက်သည်။
ယင်းသည် နိုင်ငံ၏ ထောက်လှမ်းရေး စနစ်ကို တိုးချဲ့လိုက်ကာ မြန်မာ့်စစ်ထောက်လှမ်းရေး အဖွဲ့အစည်းကို နောက်ထပ် တဆင့် မြှင့်လိုက်ခြင်း ဖြစ်သည်။
တပ်မတော်၏ တရားဝင် ဖွဲ့စည်းပုံအရ “အရာရှိချုပ်ရုံး” သည် “ညွှန်ကြားရေးမှူးရုံး” ထက် အဆင့်မြင့်ပြီး စစ်ဆင်ရေး အထူး အဖွဲ့မှူးရုံးများ၊ လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်ရုံး စသည်တို့နှင့် အဆင့်တူ ဖြစ်လာ၏။
ယင်းတို့ အားလုံးကို ဒု ဗိုလ်ချုပ်ကြီးများက ကွပ်ကဲသည်။
ထောက်လှမ်းရေးသည် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့နှင့် တန်းတူ စတုတ္ထ စစ်လက်ရုံး ဖြစ်လာနိုင်မည့် အခြေသို့ပင် ရောက်ခဲ့သည်ဟု ထင်မြင်ရသည်။
သို့သော်လည်း ရည်ရွယ်ချက်ကြီးသည့် ခင်ညွှန့် အပါအဝင် DSIB အဖွဲ့ဝင် အချို့၏ ကိုယ်လိုရာ ဆွဲ၍ တွေးခြင်း ဖြစ်ကြောင်း ပေါ်လာလေသည်။
ထိုမျှမက DSIB တွင် စစ်မှုထမ်းများ တာဝန် ထမ်းဆောင်နေသော်လည်း တပ်မတော်မှ ခွဲထွက်ထားသည့် “နယ်ဘက်” အဖွဲ့အစည်း ဖြစ်လာမည် ဟုလည်း ထိုအချိန်က ထင်ကြေးပေးခဲ့ကြသည်။
မည်သည့် အပြောင်းအလဲမျှ မဖြစ်ခဲ့ပါ။ တပ်မတော် ခေါင်းဆောင်များထဲက ကန့်ကွက်မှုများ ရှိခဲ့ဟန် တူသည်။ သို့သော် ကွပ်ကဲမှု ဆိုင်ရာ စိုးရိမ်မှုများလည်း ရှိခဲ့နိုင်သည်။
DSIB ကို တပ်မတော် စစ်ထောက်လှမ်းရေး အရာရှိချုပ် ရုံး (OCMI) ဟုသာ လူထုရှေ့တွင် ပိုမို ခေါ်ဝေါ်သည်မှာ မည်သည့် အကြောင်းကြောင့်ဟု မရှင်းလင်းသော်လည်း ထိုကဲ့သို့သော ကောလာဟလ များကြောင့်လည်း ဖြစ်နိုင်သည်။
ယင်းသည် ခင်ညွန့်၏ အဆင့်မြင့်လာခြင်းကို မီးထိုးပြနေသည်။
၂၀၀၁ ခုနှစ်တွင် ပူးပေါင်းလိုက်သည့် နောက်တွင် တပ်မတော် စစ်ထောက်လှမ်းရေး အရာရှိချုပ် ရုံး (OCMI) တွင် ဗိုလ်မှူးချုပ် အဆင့် ဦးစီးသည့် ဌာနကြီး ၇ ခု ရှိလာသည်။
ရင်းမြစ် အလိုက် သတင်းများ ကွဲလွဲနေသော်လည်း ဌာနကြီး ၅ ခုမှာ ပြည်တွင်းရေး၊ နယ်စပ် ဒေသ လုံခြုံရေး၊ တန်ပြန် ထောက်လှမ်းရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ အိုင်တီ ဟူသော စစ်ဆင်ရေး ကိစ္စများကို ကိုင်တွယ်သည်ဟု ထင်မြင်ရသည်။
သိပ္ပံနှင့် နည်းပညာ ဌာန ဟုလည်း ခေါ်သည့် အိုင်တီ ဌာနသည် “ဆိုင်ဘာ စစ်ဆင်ရေး ဌာန” ကိုလည်း စီမံ ခန့်ခွဲရသည်။ ကျန်ဌာနကြီး ၂ ခုမှာ အုပ်ချုပ်မှု၊ လုံခြုံရေး နှင့် လေ့ကျင့်ရေးကို ကိုင်တွယ်သည်။
အင်အား အပြည့်နှင့် ဆိုပါက ဌာန တခုလျှင် အရာရှိ အင်အား ၅၀၊ ၆၀ ခန့် ရှိမည်။ ဤနေရာတွင်လည်း ကွဲလွဲမှုများ ရှိနေပြန်၏။
သို့သော် ဂျိမ်းစ် မက်အင်ဒရူး (James McAndrew) က စစ်မြေပြင် ထောက်လှမ်းတပ် ၃၇ တပ် ရှိနေသည်၊ ကြည်းတပ် အတွက် ၃၁ တပ်၊ ရေတပ် အတွက် ၃ တပ်၊ လေတပ် အတွက် ၃ တပ် ဟု ဆို၏။
ကြည်းတပ် အတွက် တိုင်းအဆင့်တွင် ဒု ဗိုလ်မှူးကြီး ဦးစီးသည့် “တပ်ရင်း” ၁၂ ရင်း ဖွဲ့စည်းထားသည်။ ဗိုလ်မှူး အဆင့် ဦးစီးသည့် တပ်ခွဲများကို နယ်မြေအလိုက် တာဝန်ချထားသည်။
ရှေ့တွင် ပြောခဲ့သလိုပင် ရန်ကုန်ကဲ့သို့ လူဦးရေ ထူထပ်သည့် နေရာတို့တွင် ရုံးအငယ်စားများ၊ တပ်ဆွယ်များကို တာဝန် ချထားသည်။
OCMI ၏ အရွယ်အစားကို ခန့်မှန်းရန် အလွန် ခက်သည်။ အချို့ အကဲခတ်များက ၁၀၀၀၀ မှ ၃၀၀၀၀ ဟု၊ အချို့ကမူ ၃၀၀၀ မှ ၄၀၀၀ ထိဟု ခန့်မှန်းကြသည်။
ဤကိန်းဂဏန်းများကို မည်သို့ တွက်ချက် ယူသည်မှာလည်း မရှင်းလင်းပေ။
သို့သော် ဂျိမ်းစ် မက်အင်ဒရူး နှင့် မီကီအေဘရာ (Miki Ebara) တို့က အဓိက အယူအဆ နှစ်ရပ်ကို တင်ပြကြသည်။
ဂျိမ်းစ် မက်အင်ဒရူး က စစ်မြေပြင်တပ် ၃၇ တပ် ဟူသော သူ့အဆိုကို မူတည်ကာ ၁ တပ်လျှင် အင်အား ၂၀၀ မှ ၂၅၀ ထိ ထားလိုက်ပြီး စစ်မြေပြင် အင်အား ၇၄၀၀ မှ ၉၂၅၀ ထိ ရှိမည်ဟု တွက်သည်။
ဌာနချုပ်မှ အင်အား ၃၅၀ မှ ၄၀၀ ထိကိုပါ ပေါင်းလိုက်ပါက ၁၀၀၀၀ ခန့်ရှိမည်၊ ယင်းတွင် OCMI ၏ စာရင်းပေါက် သောင်းနှင့် ချီသည့် အခပေး၊ အခမဲ့ သတင်းပေးများ မပါသေးပေ။

အေဘရာ ကမူ များစွာ လျှော့၍ ခန့်မှန်း၏။ အင်အား ၁၀၀ စီသာ ရှိမည့် စစ်မြေပြင်တပ် ၂၉ တပ်သာ ရှိမည်ဟု သူယုံကြည်သည်။
ရေတပ် အတွက် ၃ တပ်၊ လေတပ် အတွက် ၄ တပ်နှင့် ဌာနချုပ်မှ အင်အားကိုပါ ထည့်ပေါင်းလျှင် စုစုပေါင်း ၄၀၀၀ ခန့်သာ ရှိမည်။
ဤအရေအတွက်မှာ ၂၀၀၄ ခုနှစ်တွင် ဖြုတ်ထုတ်သတ် အလုပ်ခံရသည့် ထောက်လှမ်းရေး အရာရှိ ဦးရေနှင့် ကိုက်ညီသည်။ သို့သော် ထိုဦးရေကိုလည်း ငြင်းစရာများ ရှိနေသေးသည်။
ဤခန့်မှန်းချက် နှစ်ခု အကြီးအကျယ် ကွာခြားရခြင်းမှာ တွက်နည်း ကွာခြားသဖြင့် သို့မဟုတ် ထည့်သွင်း တွက်ချက်သည့် စစ်သည် အင်အား ကွာခြားသဖြင့် ဖြစ်နိုင်သည်။ အတိအကျ ဦးရေကိုမူ မသိရပေ။
OCMI သည် တပ်မတော်၏ အခရာကျသော အစိတ်အပိုင်း ဖြစ်သည်။ ဖွဲ့စည်းပုံ ဇယားများတွင် မြန်မာ့ ကြည်းတပ်၏ စစ်ဦးစီးဌာန အောက်တွင် ဖော်ပြထားသည်။
သို့သော် လက်တွေ့တွင်မူ စစ်ထောက်လှမ်းရေး အဖွဲ့အစည်းသည် လွတ်လပ်သည့် သီးခြားအဖွဲ့ အနေမျိုးဖြင့် တာဝန် ထမ်းဆောင်နေသည်။
၂၀၀၂ ခုနှစ်တွင် (ဦး) နေဝင်းကို အကျယ်ချုပ် ချထားသဖြင့် အဆင့်မြင့် အဆုံးအဖြတ်များတွင် ယင်း၏သြဇာ မသက်ရောက် တော့သည့် အချိန်အထိ ခင်ညွန့်သည် ထို အာဏာရှင် အိုကြီးကို သြဇာညောင်းခဲ့ပြီး အခွင့်အရေးလည်း အကြီးအကျယ် ယူခဲ့သည်။
ဥပမာ အားဖြင့် ၁၉၉၂ ခုနှစ်မှ စ၍ စစ်မြေပြင် ထောက်လှမ်းရေး အရာရှိများသည် သာမန်ကွပ်ကဲမှု အဆင့်ဆင့်ကို ရှောင်ကာ ရန်ကုန် ဌာနချုပ်သို့ တိုက်ရိုက် သတင်း ပို့နိုင်ကြပြန်သည်။
မြန်မာ့ လူ့ဘောင်နှင့် စီးပွားရေး တို့ကို သြဇာ သက်ရောက်နိုင်မှုကို အမြတ်ထုတ်ကာ ကကလှမ်း OSS သာမက နောင်တွင် OCMI ကပါ တရားဝင်သော၊ တရားမဝင်သော စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်လာကြရာ တရားဝင် ကာကွယ်ရေး ဘတ်ဂျက်အပြင် လုပ်ငန်း ရန်ပုံငွေများ အတွက် ငွေရလမ်း တခု ဖြစ်လာလေသည်။
ထို့ပြင် အဓိက အစိုးရ လုပ်ငန်းစဉ်များကို ထိန်းချုပ်ထားနိုင်ခြင်း၊ အရာရှိ အချင်းချင်းနှင့် ပတ်သက်သည့် အချက် အလက်များ အပါအဝင် အကဲဆတ်သော သတင်းများကို အခွင့်ထူးဖြင့် လက်လှမ်းမီခြင်း တို့ကြောင့် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များသည် သူတို့ထက် အဆင့်မြင့်သော အရာရှိများကိုပင် စိန်ခေါ်လာနိုင်ကြသည်။
အဂတိ လိုက်စားသည်၊ မောက်မာသည်၊ အနိုင်ကျင့်သည် ဟုလည်း ကျော်စောလာလေသည်။
ဤ အချက်များကြောင့် ကကလှမ်း (OSS) / OCMI တို့သည် အထက်တန်း အရာရှိကြီးများ အပါအဝင် ကျန် တပ်မတော် တရပ်လုံးနှင့် အချင်းများလာတတ်၏။
ကိုယ်ပိုင် တိုက်ခိုက်ရေး စွမ်းအား (တန်ပြန် ပြောက်ကျား မှအပ) မရှိသဖြင့် ယင်းတို့၏ သြဇာသည် သတင်းများကို အခွင့်ထူးဖြင့် လက်လှမ်းမီမှုကိုသာ မှီတည်နေကြောင်း ကကလှမ်း (OSS) / OCMI တို့ သိကြသည်။
ထို့ကြောင့် စုဆောင်း ရရှိသည့် သတင်းများကို မနာလိုစိတ်ဖြင့် စောင့်ရှောက်ထားတတ်သည်။
ခင်ညွန့်က ထောက်လှမ်းရေး သတင်းများ၊ သတင်း ဖြန့်ဖြူးမှုများကို ထိန်းချုပ် ထားလွန်းသဖြင့် အဓိက ပြိုင်ဘက်ဟု အများက ဆိုကြသည့် နဝတ ဒု ဥက္ကဌ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် လွတ်လပ်သည့် သတင်းရင်းမြစ်များကို လက်လှမ်း မီအောင် လုပ်ဆောင်ထားရသည်ဟု သတင်း ထွက်လာ၏။
ကိုယ်ပိုင် ထောက်လှမ်းရေး အဖွဲ့ကို ဖွဲ့သည်၊ “အစွမ်းထက်သည့် ရေဒီယို ကြားဖြတ် ဖမ်းယူစက် တလုံးကိုပင် အနောက် နိုင်ငံ တခုမှ ဝယ်သည်” ဆိုသော သတင်းများပင် ထွက်လာလေသည်။
အကဲခတ် အများစုက ယင်း “လျှို့ဝှက်” မှောင်ရိပ်ခို အဖွဲ့အစည်းသည် ခင်ညွန့်နှင့် သူ့ အပေါင်းအပါ ကကလှမ်း (OSS) / OCMI များကို စောင့်ကြည့်ရန် ဖြစ်ကြောင်း ထင်မြင်ချက် ပေးကြ၏။
အချို့ကမူ မောင်အေးနှင့် မိသားစု အလုပ်ကြံ မခံရရန် ကာကွယ်ဖို့ဟု ဆိုကြသော်လည်း သူ့ရန်သူကိုမူ ဖော်မပြောကြပေ။
အကယ်၍ မောင်အေးက ထောက်လှမ်းရေး နောက်တဖွဲ့ကို အကြောင်း တခုခုကြောင့် တကယ်ပင် ဖွဲ့ထားစေဦး၊ တရားဝင် အဆင့်အတန်းကိုမူ ပေးမထားပေ။
တရားဝင် ထောက်လှမ်းရေး လမ်းကြောင်းများကို အားမကိုးရဘဲ ဖြစ်ပျက်နေသည်များကို သိနေရအောင် သူ့အား သတင်း ပေးနေမည့် ထောက်ခံသူများကို လက်နက်ကိုင် တပ်များထဲမှရော ပြင်ပ စီးပွားရေး လောကထဲမှပါ စုစည်းကာ တရားမဝင် ကွန်ရက် တခု ဖွဲ့စည်းထားခြင်းကသာ ပို၍ ဖြစ်နိုင်လိမ့်မည်။
၂၀၀၃ ခုနှစ် သြဂုတ်လတွင် ခင်ညွန့်ကို မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ် အဖြစ် ခန့်အပ်လိုက်ပြီး ဗိုလ်ချုပ်ကြီး အဆင့် (ကြယ်လေးပွင့်) သို့ ရာထူး တိုးပေးလိုက်သည်။

ထို့ကြောင့် စစ်တပ်၏ ဆင့်ကဲ ဆင့်ကဲ ကွပ်ကဲမှုတွင် ယင်း၏ နေရာ တိုးတက်သွားသော်လည်း နဝတ ၏ နေရာကို ဝင်ယူလာသည့် နအဖ ကမူ စုပေါင်း ခေါင်းဆောင်မှုကိုသာ အလေးထားသည်၊ ပြိုင်ဘက် ပုဂ္ဂိုလ်များ၊ အဖွဲ့များကို မဲတင်းထားလိုသည်။
အမှန်စင်စစ် ဝန်ကြီးချုပ် ရာထူးသည် အစဉ်အလာ အားဖြင့် အခမ်းအနား ဆိုင်ရာသာ ဖြစ်တတ်သောကြောင့် ဤရာထူး ခန့်အပ်မှုသည် စီအိုင် ၏ သြဇာကို လျှော့ချခြင်းဟု အချို့က ရှုမြင်ကြသည်။
သို့သော်လည်း ခင်ညွန့်ကမူ သူ၏ ပြောင်းလဲမှု အစီအစဉ်ကိုရော သူ့ဘဝ တက်လမ်းကိုပါ ဖြစ်ထွန်းစေမည်ဟု သန္နိဌာန် ချထားလိုက်ကာ တာဝန်သစ်များကို သူ့ဟန်မူ အတိုင်း ပုံအော၍ ထမ်းဆောင်လေသည်။
ထောက်လှမ်း ဆိုင်ရာ တာဝန်များကို စွန့်လွှတ်ရန် သူ့ကို ပြောသည်ဟု ကောလာဟလများ ရှိနေသော်လည်း စီအိုင် အဖြစ် ဆက်၍ လုပ်နေသည်။
နေ့စဉ် လုပ်ငန်း ဆောင်တာများကိုမူ သူ့ လက်ထောက် ဗိုလ်ချုပ် ကျော်ဝင်း ကို လွှဲထားလိုက်ပုံ ရသည်။
သို့တစေ တက်မကိုမူ ခင်ညွန့်က မြဲမြဲ ကိုင်ထားဆဲ ဖြစ်သည်။ အတွင်းသိများက သူ့ကို “တကယ့် အလုပ်ရူး” ဟု ပြောကြသည်။
တနှစ် ပတ်လုံး နေ့စဉ် နံနက် ၇ း ၃၀ တွင် အထက်တန်း အကြံပေးများက သူ့ကို အခြေအနေ ဖွင့်ပြရသည်ဟု ဆိုသည်။
အခြား လက်တွေ့ တာဝန်များ၊ အခမ်းအနား ဆိုင်ရာ တာဝန်များ ရှိနေသော်လည်း နိုင်ငံ ထောက်လှမ်းရေး စနစ် လုပ်ဆောင် ချက်များကို သူ့သြဇာ အသက်ရောက်ဆုံး ဖြစ်နေဆဲ၊ ကိစ္စအများစုတွင် အခရာ ကျသည့် ဆုံးဖြတ်ချက်များကို သူက ချမှတ်နေဆဲ ဖြစ်သည်။ ။
ဆက်လက်ဖော်ပြပါမည်။
(ဤဆောင်းပါး စာစုကို လွင်ဦးစာပေ (လှည်းတန်း) က ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ထုတ်ဝေသော ဉာဏ်သစ် မြန်မာပြန် “လျှို့ဝှက်ချက်များ နှင့် အာဏာ (ထောက်လှမ်းရေး နှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း)” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းစာအုပ်မှာ Andrew Selth ရေးသားသည့် Secrets and Power in Myanmar : Intelligence and The Fall of General Khin Nyunt ဖြစ်ပါသည်။)
You may also like these stories:
၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၃)
၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၂)
၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်














