အရှေ့တိုင်းသားတွေဟာ မေတ္တာရဲ့ သဘောကို “ကြာ” နဲ့ နှိုင်းပြီး ပြောလေ့ ရှိကြတယ်။
“ကြာ” ရဲ့ သဘောကို ခင်ဗျား သိတယ်ဟုတ်။
“ကြာ” ဟာ နောက်ကျူတဲ့ ရေနဲ့ နုန်းနွံ ရွှံ့တွေမှာ အခြေပြုပေမယ့် ရေကို ဖြတ်ကျော်နိုင်ပြီး နုန်းနွံတွေနဲ့ လွတ်ရာ ရေ မျက်နှာပြင်ပေါ်၊ နေရောင်နဲ့ လေထဲမှာ မြူးမြူး လွင့်လွင့် စင်စင်ကြယ်ကြယ် ပွင့်တဲ့သဘော ရှိတယ်။
သတ္တ လောကမှာ အဖို အမ မိန်းမ ယောက်ျားတွေ ချစ်ကြ ကြိုက်ကြ ပေါင်းသင်း နေထိုင်မှု ပြုကြတာဟာ ပဓာန အားဖြင့်တော့ ရွှံ့နွံ စသည်တွေနဲ့ တူတဲ့ တဏှာရာဂတွေ ပေါ်မှာ အခြေခံပြီး ဖြစ်ကြတာပါပဲ။
လူဟာ သတ္တ လောကမှာဖြင့် အသိဉာဏ် အရှိဆုံး သတ္တဝါ ဖြစ်တယ်။ လူဟာ အသိဉာဏ်ပညာ ရှိသူ၊ အလိမ္မာ ရှိသူ ဖြစ်အောင် သတိ ဝီရိယတွေနဲ့ လုပ်နိုင်စွမ်းသူ ဖြစ်တယ်။
အဖို အမ မိန်းမ နဲ့ ယောက်ျား ပေါင်းသင်း ဆက်ဆံမှုမှာ အကယ်၍ လူဟာ အသိဉာဏ်ပညာ အလိမ္မာ ရှိသူ ဖြစ်အောင် ကြိုးစားနိုင်ရင် တဏှာရာဂနဲ့ ပေါင်းသင်း ဆက်ဆံခြင်း အပြင် မေတ္တာ အကြင်အနာ စိတ်ထားနဲ့ ပေါင်းသင်း ဆက်ဆံနိုင်သူ ဖြစ်လာနိုင်တယ်။
ရေမျက်နှာပြင်ပေါ် ရောက်လာတဲ့ ကြာပွင့် လိုပေါ့။ ဒီသဘောကို ပလေးတိုးရဲ့ Symposium မှာ ဆော့ခရတ္တိ ကလည်း စိစစ်ပြနေတာလို့ ထင်ပါတယ်။
သတ္တဝါတွေဟာ အစက အသားကို အစိမ်းစားကြမယ်။ ဒါပေမယ့် အသိဉာဏ် ရှိတဲ့ လူသတ္တဝါ ကတော့ အသားကို ဖုတ်ကင်ပြီး စားတတ်လာတယ်။
ဒါ့ထက် အသိဉာဏ် တိုးတက်လာတဲ့ အခါ၊ ယဉ်ကျေးမှု တိုးတက်လာတဲ့ အခါမှာ အသားကို အိုးနဲ့ ချက်ပြုတ်တတ် လာတယ်။ သာမန် ချက်ပြုတ်ရာမှ အမွှေးအကြိုင်တွေနဲ့ပါ ရောပြီး အသားကို ချက်ပြုတ်တတ်လာတယ်။
ယဉ်ကျေးမှု တိုးတက်လာလေ၊ စားပုံ စားနည်းကလည်း ပိုပြီး အဆင့်မြင့်မှု၊ အဓိပ္ပာယ် ရှိမှုတွေ ဖြစ်လာမယ်။ လက်နဲ့ ယူစားရာမှ ဇွန်းတို့ ခက်ရင်းတို့နဲ့ စားတတ်လာတယ်။ စားတဲ့အခါမှာ ကိုယ်ကျင့်တရား သဘောတရားတွေပါ ပါလာတယ်။
ဥပမာ… ပလုပ်ပလောင်း လူမြင်မကောင်းအောင် မစားသင့်ဘူး။ စားတဲ့အခါ ပါးစပ်က မနှစ်သက်ဖွယ် အသံတွေ မြည်ပြီး မစားသင့်ဘူး စတဲ့ ပြုသင့်၊ မပြုသင့် ကိုယ်ကျင့်တရား ရေးရာတွေပါ ပါဝင်လာတယ်။
ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို စားသင့်တယ်၊ အကင် တွေ၊ ကာဗွန်တွေ ကပ်ငြိအောင် ဖုတ်၊ ကင်ထားတာတွေ စားရင် ကင်ဆာ ဖြစ်မယ်၊ ဒီတော့ အသားစားချင်ရင် ဘယ်ပုံ ချက်ပြုတ်သင့်တယ် ဆိုတဲ့ ကျန်းမာရေး သဘောတရား တွေလည်း ပါလာတယ်။
အသိဉာဏ်ပညာ မြင့်လာတာနဲ့ အမျှ ယဉ်ကျေးမှုကလည်း မြင့်လာတဲ့ အတွက် လူရဲ့ စားပုံ စားနည်းဟာ အခြား သတ္တဝါ တိရစ္ဆာန်တွေထက် တင့်တယ် မြင့်မြတ်သွားတယ်၊ တခြား သတ္တဝါ တိရစ္ဆာန်တွေကတော့ ကမ္ဘာဦးကတည်းက အသားကို အစိမ်းစားလာခဲ့တာ၊ အခုလည်း အရင်က အတိုင်း စားနေတုန်းပဲ။
ပြောချင်တာက ဒီလိုဗျာ…။
အဖိုက အမကို၊ ယောက်ျားက မိန်းမကို တဏှာရာဂတွေနဲ့ တပ်မက်ပြီး ကာမဂုဏ် ဖြေဖျောက်ဖို့ အဖို အမ၊ ယောက်ျား မိန်းမ ပေါင်းသင်း ဆက်ဆံကြတာဟာလည်း လူပီပီသသ ဖြစ်ပေါ်လာကတည်းကပါပဲ။
လူမှအပ ဖြစ်တဲ့ သတ္တဝါ တိရစ္ဆာန်တွေကတော့ တဏှာရာဂတွေနဲ့ အဖိုက အမကို၊ အမ အဖိုကို တပ်မက်မှုတွေနဲ့ ပေါင်းသင်းပြီး ကာမဂုဏ်မှုတွေကို ပြုကြတယ်။ ကာမဂုဏ်ကို သုံးဆောင် ခံစားကြတယ်။ အဲဒီ သတ္တဝါတွေရဲ့ ပေါင်းသင်း ဆက်ဆံမှုဟာ ရိုးရိုးရှင်းရှင်းပါပဲ။
ဒါပေမယ့် လူ့လောကက မိန်းမနဲ့ ယောက်ျား ပေါင်းသင်း ဆက်ဆံမှု၊ ကာမဂုဏ် ခံစား သုံးဆောင်မှုကတော့ အင်မတန် သိမ်မွေ့ နက်နဲ ခက်ခဲသွားတယ်။
အသိဉာဏ် မြင့်မားလာမှုကြောင့် အသားစားပုံဟာ လူသတ္တဝါတွေရဲ့ လောကမှာ ထွေပြား နက်နဲသွားသလိုပဲ၊ မိန်းမနဲ့ ယောက်ျား ဆက်ဆံမှုဟာ ထွေပြား နက်နဲသွားတယ်။ ဒါဟာ လူ့အသိဉာဏ် တိုးတက်မှု၊ ယဉ်ကျေးမှု တိုးတက် လာမှုကြောင့် လို့ ဆိုရမှာပဲ။
လူ့လောကရဲ့ ယောက်ျားမိန်းမ ပေါင်းသင်း ဆက်ဆံမှုမှာ ညှာတာခြင်းတွေ၊ ထောက်ထားခြင်းတွေ၊ စွန့်လွှတ်ခြင်းတွေ၊ အနစ်နာခံခြင်းတွေ၊ စောင့်စည်းခြင်းတွေ၊ ချုပ်တည်းခြင်းတွေ စတဲ့ ကိုယ်ကျင့်တရား ဆိုင်ရာ အချက်အလက်တွေကလည်း များပါဘိ။
တခြား သတ္တဝါတွေရဲ့ လောကမှာတော့ အဖိုက အမကို၊ အမက အဖိုကို ပွင့်ပွင့်လင်းလင်းပဲ တပ်မက်ရင် တပ်မက်သလို ပေါင်းဖော်လိုက်တာပဲ။
ဒါပေမယ့် လူ့လောက က လူတွေ အတွက်က ယောက်ျားက မိန်းမကို၊ မိန်းမက ယောက်ျားကို ကြိုက်ရင် ကြိုက်သလို ပွင့်ပွင့်လင်းလင်း ပေါင်းဖော်လို့ မရဘူး၊ ယဉ်ကျေးမှု ဆိုင်ရာ အချက်အလက်တွေက ရှိနေတယ်။ မပြုသင့်ဘူး၊ မပြောသင့် ဘူး…ဆိုတာတွေကလည်း အများကြီး ခုခံနေတတ်တယ်။
ဒါတွေဟာ လူ့အသိဉာဏ် မြင့်မားလာမှု၊ လူ့ယဉ်ကျေးမှု တိုးတက်လာမှုကြောင့် ဖြစ်တယ်။ ယဉ်ကျေးမှု ဆိုင်ရာ အဟန့်အတားတွေကြောင့် လူဟာ စိတ်မချမ်းသာမှုတွေတော့ ဖြစ်ရတာပဲ၊ အလိုမပြည့်နိုင်မှုတွေနဲ့ ကြုံရတာပဲ။
ဒီသဘောကို စိတ်ပညာရှင်ကြီး ဖရွိုက် (Sigmund Freud) စိတ်မငြိမ်းချမ်းခြင်း၊ အလိုမပြည့် ဖြစ်နေရခြင်း တို့ဟာ ယဉ်ကျေးမှု အတွက် ပေးရတဲ့ အဖိုးအခတွေပဲတဲ့ဗျ။
ကဲ…ဒါတွေ ထားပါတော့။ ဒီမှာ ပြောချင်တာက လူဟာ အသိဉာဏ် ရှိတဲ့သူ ဖြစ်တဲ့ အတွက် ချစ်ခင် တပ်မက်ခြင်း၊ တဏှာရာဂ မှ “မေတ္တာ” ဆိုတဲ့ တင့်တယ် ကောင်းမြတ်တဲ့ စိတ်သဘောကို ရအောင် ကြိုးစားနိုင်သူ ဖြစ်တယ်။
ဒီသဘောမျိုးကို ဆော့ခရတ္တိ ကလည်း ပြောနေတာ။
အရှေ့တိုင်းသားတွေကတော့ ဆိုခဲ့တဲ့ အတိုင်း မေတ္တာ ရဲ့ သဘောကို “ကြာ” နဲ့ နှိုင်းပြီး ပြောတတ်ကြတယ်။
“ကြာ” ဟာ မတင့်တယ်တဲ့၊ နှစ်လိုဖွယ် မကောင်းတဲ့ ရေနောက်တွေ နုန်းနွံ နဲ့ ရွှံ့တွေကို အခြေခံခဲ့ပေမယ့် “ရေ” ကို ဖြတ်နိုင်စွမ်းတဲ့ အတွက် ရေမျက်နှာပြင်ရဲ့ အပေါ်… နေရောင်ရဲ့ အောက်မှာ မြူးမြူး လွင့်လွင့် စင်စင် ကြယ်ကြယ် ပွင့်နိုင်သလို၊ အသိ သတိနဲ့ လူသတ္တဝါဟာ ကြိုးစားနိုင်မယ် ဆိုရင် တဏှာရာဂကို အခြေခံတဲ့ “ချစ်ခြင်း” ဟာ ကိလေသာတွေ မရော မယှက်ဘဲ “မေတ္တာ” အဖြစ်နဲ့ စင်စင်ကြယ်ကြယ် ပွင့်လန်းနိုင်တယ်လို့ ပြောခဲ့ကြတယ်။
“အချစ်” ဆိုတာကတော့ ချစ်စရာ ကြိုက်စရာကို မြင်ရင် ချစ်လိုက် ကြိုက်လိုက်တာပဲ၊ လွယ်လွယ်ကူကူ ဖြစ်လာတဲ့ စိတ်မျိုးပါပဲ။ ဒေါသ ထွက်စရာနဲ့ တွေ့လိုက်ရင် ဒေါသ ထွက်လာတာဟာလည်း လွယ်လွယ် ကူကူ ဖြစ်လာတဲ့ စိတ်မျိုးပါပဲ။
ဒေါသတွေ မပါတဲ့။ တဏှာရာဂနဲ့ ချစ်တာ ကြိုက်တာ မဟုတ်တဲ့ (တဏှာ လောဘ နဲ့ ဒေါသ အညစ်အကြေးတွေ မပါဘဲ) စင်စင်ကြယ်ကြယ် “မေတ္တာ” စိတ်မျိုးကတော့ လွယ်လွယ် ကူကူနဲ့ လူသတ္တဝါမှာ ဖြစ်မလာနိုင်ဘူး။
အင်မတန် ခက်ခက်ခဲခဲ ပျိုးထောင် လေ့ကျင့်ယူမှ ဖြစ်လာနိုင်တဲ့၊ တမင်ကို ကြိုးစားယူမှ ရနိုင်တဲ့ စိတ်မျိုး ဖြစ်ပါလိမ့်မယ်။
ရင်ထဲက အလိုအလျောက် လွယ်လွယ် ကူကူ အချစ်စိတ်လို ယိုဖိတ် လျှောကျလာတာမျိုး ဟုတ်ဟန် မတူပါဘူး။
“မေတ္တာပန်း” ဆိုတာမျိုးက စိုက်ပျိုးရ ခက်သလို ပွင့်နိုင်ဖို့လည်း ခက်တဲ့ ပန်းမျိုးလို့ ထင်တာပဲ…။ ။
(ဒဿန စာပေများ ရေးသားသော စာရေးဆရာကြီး နန္ဒာသိန်းဇံ ရေးသားခဲ့သည့် ဤဆောင်းပါးကို Eight Dragon Books စာပေတိုက်က ၂၀၀၄ ခုနှစ်တွင် ထုတ်ဝေသော “ပြောရင်း ပြောနေမည့် ချစ်ခြင်းမေတ္တာ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက် အသက် ၆၄ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)