မိန်းမနှင့် ငွေ ဆိုလို့ ဦးဆုံး စဉ်းစားမိတာကတော့ ပြောလေ့ ရှိနေကြတဲ့ အကြောင်းအရာပါ။
မြန်မာ ယောက်ျားတွေ လခ အကုန် အပ်ပါတယ်လို့ ဂုဏ်ယူ နေကြတာမျိုးလေ။ နိုင်ငံခြားသားတွေတောင် မှတ်တမ်း တင်ကြတာ။
သိပ်ဟုတ်တာပေါ့။ ဒါ မြန်မာ့ ယဉ်ကျေးမှု မြန်မာ့ ရိုးရာ အစဉ်အလာပဲ။ ဒါပေမယ့် ကျမ စဉ်းစားမိတာ တခုကတော့ ဒီလို လခ အကုန် အပ်တာမျိုး၊ လခ နည်းရင် ဟုတ်တာပေါ့။
ကြံဖန် လောက်ငှအောင် သုံးရအောင်လို့၊ များလို့ ပိုလျှံလို့ကတော့ ဒီလို ငွေအကုန် အပ်ပါ့မလား။ စဉ်းစားစရာပဲနော်။ တလတခါ ငွေ ငါးသောင်း ရှာနိုင်သူဟာ မိန်းမကို ငွေ သုံးသောင်းလောက် ပေးပြီး သူက နှစ်သောင်း သုံးချင် သုံးမှာပေါ့။
ပိုပ်ဆံ ဆိုတာကလည်း သုံးကောင်းရင် ရသလောက် ကုန်တော့တာ။ သည်တော့ အိမ်ထောင်ရှင် မိန်းမတွေ၊ တကိုယ်ရည် မိန်းမတွေလည်း အပါအဝင် အပြင်ထွက် အလုပ် လုပ်ကြတာ ကိုယ်ပိုင်ငွေကို ကိုယ်စိုး ကိုယ်ပိုင် သုံးနိုင်အောင်လို့ပေါ့။
မိန်းမတွေ ဘက်က ပြောရရင်လည်း လက်ထဲ “ငွေ” ရှိရင် ဈေးဝယ်ချင်ကြတာ အမှန်ပါပဲ။ စတိုး ဆိုင်တွေ၊ ဗိုလ်ချုပ်ဈေး၊ မင်္ဂလာဈေး စသည်တို့မှာ စည်စည်ကားကား ဈေးဝယ်လိုက်ကြတာ၊ ဝင်ငွေနှင့် ထွက်ငွေမျှအောင် သုံးကြမလားဘဲ။
တချို့များ ကိုယ့်တကိုယ်ရေ အလှအပ အတွက် ခေါင်းစီးကြိုး၊ ကလစ်က စလို့ ဖိနပ် အထိပေါ့။ ချဲ့ရင် ချဲ့သလို တန်ဖိုးငွေ ထောင်ကျော်ကနေ သောင်းဂဏန်း အထိ ခိုက်သွားတာမျိုး။
နှုတ်ခမ်းနီ၊ လက်သည်းနီ ဆိုးဆေးတွေ ကြေးက နည်းတာမဟုတ်ဘူး။ ပိုက်ဆံ ဖောရင် ဖောသလို သိပ်သုံးလို့ ကောင်းတာပေါ့။ မဖောလည်း သုံးချင်တဲ့လူက သုံးသွားတာပါပဲ။
အဲဒီလို သုံးဖြုန်းလာမိတော့ ယောက်ျား မသိအောင် ကြွေးတင်၊ သိကြတဲ့ တနေ့ အကြိတ်အနယ် ရန်ဖြစ်ကြ၊ ကွဲလုမတတ် ပဋိပက္ခ ဖြစ်ကြတော့တာပါပဲ။
ဒီလို မိန်းမတွေရဲ့ လင်သားတွေကကော ဈေးကြီးပေး ဆံပင် ညှပ်တာက အစ ဟိုတယ်တက်၊ အအေးခန်းနှင့် အနှိပ်အနယ် ဇိမ်ခံနေရာ သွားကြတော့ အိမ်က မိန်းမတွေမှာ အောင့်သက်သက်နဲ့။ ကလေးတွေ မဝတဝ ကြွေးပြီး ခြစ်ခြုတ် သုံးပြီး လင်သည်က အပြင်မှာ သုံးဖြုန်းတယ်ပေါ့။
သည့်ထက် ပိုဆိုးတာက ယောက်ျားကောင်း မောင်းမ တထောင် ဆိုတဲ့ အမြှောက်အပင့်က ရှိနေလေတော့ အိမ်က မယားကြီးတွေကို ရာထူး တိုးမြှင့်ပြီး မယားပြိုင်မှသည် မယားမြှောင်တွေ အတွက် သုံးစွဲရတာတွေကလည်း ရှိသေးတယ်။
ဒီစကားပုံအရ ပဒေသရာဇ် စဉ်လာက ဆင်းသက်လာတာမို့ မယား နှစ်ယောက်၊ သုံးယောက်လောက်တော့ ပျင်းတောင် ပျင်းသေးတယ်၊ မေတ္တာတွေ၊ သစ္စာတွေ အသာချောင်ထိုးလို့ စားဝတ်နေရေးကို ဇောင်းပေးနေရတဲ့ အခါမှာ “ငွေ” ဟာ အဓိကပါပဲ။
ဒါကြောင့် တချို့ မိန်းမများ လူသွားချင်သွား၊ ဒါပေမယ့် ငွေလာခဲ့လို့ အပြတ် ပြောတာ။ ဒါကြောင့်ပဲ တချိန်တုန်းက ဆရာ မြို့မငြိမ်းက အမျှော်အမြင် ကြီးစွာ “လူမိုက်” နှင့် “ငွေ” ရယ်လို့ သီချင်း ရေးဖွဲ့ခဲ့တာပဲ။
သူ့သီချင်းက “မိန်းမယူရင် ငွေသာ အဆင်ပြေ ယောက္ခမ အိမ်တောင် ကိုယ် နေချင်သလိုနေ၊ ကိုယ့်အိမ်လို သဘောထားပါ လူလေး ဘာမှ အားမနာနဲ့လေ” လို့ သရော်ခဲ့ပါသေးတယ်။
ဈေးကြီးတွေထဲ နောက်ဆုံးပေါ် ပါတိတ်နှင့် တခြား အထည်တွေကို အချိန်ပေး အာရုံ စိုက်နေကြတဲ့ မိန်းမတွေလည်း မနည်းလှပါဘူး။
ပါတိတ်တွေ အဝတ်အထည်တွေ ဆန်းတာပဲ ကြည့်နေတော့ ကိုယ့်ရုပ်က “အဝ” လွန်ရင် လွန်၊ မီးယပ် ပိန်ချင်ပိန်တာ၊ မျက်ခုံးမွေး မည်းမည်း ပြဲပြဲကြီးဆွဲ၊ သို့မဟုတ် ခုတလော ခေတ်ထနေတဲ့ မျက်ခုံးမွေး ပြောင်သလင်း ပေါ်က သေးသေး ဆွဲ၊ မိတ်ကပ်ထူထူ၊ နှုတ်ခမ်း နီတာရဲ၊ သနပ်ခါး ပါးကွက်ကျားနှင့် ကိုယ်အရုပ်ဆိုးတာ သတိမထားတော့ဘဲ ငွေရှိသလို သုံးနေကြတဲ့ မိန်းမတွေလည်း ရှိရဲ့။
မိန်းမတွေ ငွေအသုံး လွယ်ပုံကိုလည်း ဈေးသုံးလည်း မလွယ်နဲ့ ဆိုတဲ့ စကားပုံတောင် ရှိနေတာပဲ။
မိခင် စိတ်ဓာတ်နှင့် ငွေကို အသုံးချတတ်တဲ့ မိန်းမတွေလည်း ရှိကြပါတယ်။ ကိုယ့်ရင်သွေး၊ ကလေးတွေနှင့် ကိုယ့် အိမ်သားတွေ အာဟာရ ပြည့်ဝဖို့ အတွက် စားသောက်ဖွယ်ရာများ ပြည့်စုံအောင် ဖြည့်တင်းကြရာမှာ ကိုယ်ကျိုး မဖက် မိမိအတွက် ဘာတခုမှ ဝယ်ခြမ်းခြင်း မလုပ်ကြပါဘူး။
လကုန် လဆန်း ရက်တွေမှာ မိန်းမ စေတနာရှင်တွေ ကြည့်မြင်တိုင် ဈေးတို့၊ ပုဇွန်တောင် ဈေးတို့ ပတ်သက်ရာ သွားကြပြီး အာဟာရ ပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် စားသောက်ဖွယ်တွေကို ဝယ်ယူ စုဆောင်းတာတွေလည်း တွေ့မြင် နေရပါတယ်။
ဒါကြောင့်
Eat an apple a day.
Keep the doctor away.
ဆိုတဲ့ သိုးဆောင်းတို့ ဆိုစကားမှာ
တနေ့ ပန်းသီးတလုံး စားပါလေ
ဆရာဝန် နှင့် ဝေးလေလေ။
အာဟာရ ပြည့်ဝ ကျန်းမာလို့ ဆေးမကုရတော့ဘူးလို့ ဆိုလိုတာပါ။
ဒီလို မိန်းမတွေ ငွေ အသုံးချနည်းဟာ မှန်ကန်ရုံမက မွန်လည်း မွန်မြတ်ပါတယ်။
တကယ်တော့ ငွေဆိုတာဟာ ကြားခံ ဖလှယ်တဲ့ အသုံးချ ပစ္စည်း တရပ်မို့ ဒီငွေကို မေတ္တာ၊ သစ္စာ တရားနှင့် မလဲနိုင်ပါဘူး။ ဂုဏ်သိက္ခာနှင့်လည်း မလဲနိုင်ဘူး။ ကုသိုလ် တရားနှင့်လည်း မလဲနိုင်ဘူး ဆိုတဲ့ အယူအဆမျိုး လက်ကိုင်ထားတဲ့ မိန်းမတွေလည်း ရှိနေမှာပါ။
တချို့များ ဈေးသည်က ပိုက်ဆံ ပိုအမ်းလို့ တကူးတက ပြန်လှည့်ပေးတဲ့ မိန်းမတွေလည်း ကျမ တွေ့ဖူးပါရဲ့။ လေးစား မြတ်နိုးဖွယ်ပါပဲ။ သူက ခိုးခြင်း ၂၅ ပါးနဲ့ ကင်းလွတ်အောင် နေတတ်ပြီး သီလ လုံခြုံသူ မိန်းမ ဖြစ်ပါတယ်။
အိမ်ထောင်စုရဲ့ ပင်မသော့ချက် ဖြစ်တဲ့ မိခင် အိမ်ထောင်ရှင်တွေ ငွေကို ခင်မင်နိုင်သော်လည်း အလိုလောဘ ရမ္မက်နှင့် မတပ်မက်ကြဖို့ ငွေနှင့် ကိုယ်ကျင့်တရား မလဲလှယ်ဖို့ ဆန္ဒပြုလိုက်ရပါတယ်။ ။
(စာရေး ဆရာမကြီး ခင်ဆွေဦး ရေးသားခဲ့သည့် ဤဆောင်းပါးကို စာပေလောက စာအုပ်တိုက်က ၂၀၀၁ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “မိန်းမနှင့်…” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၁၉ ခုနှစ် မတ်လ ၂၇ ရက် အသက် ၈၇ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)