အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်း တွေကို မြောက်ပိုင်းမဟာမိတ် ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံ သတင်းရင်းမြစ်တွေနဲ့ မြေပြင်တပ်ဖွဲ့တွေဆီက သတင်းရရှိပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီခန့်ကစတင်ပြီး လားရှိးမြို့ လေယာဉ်ကွင်းလမ်းရှိ (၆၆) တပ်စခန်း၊ ရက်ကွတ် ၅ ရှိ (၅၀၇) တပ်စခန်း၊ ရက်ကွတ် ၄ ရှိ တပ်စခန်း၊ ရက်ကွတ် (၉) ဆင်တောင်အနီးက တပ်စခန်းနဲ့ မြို့အနီးက စစ်ကောင်စီတပ်စခန်းတွေကို ညီနောင် မဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုတွေကို တန်ပြန်တဲ့ အနေနဲ့ စစ်ကောင်စီတပ်တွေက မြို့ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့တာကြောင့် လားရှိုးမြို့ ရပ်ကွက် ၅ ရှိ နေအိမ်တလုံးထဲ လက်နက်ကြီးကျည် ကျမှန် ပေါက်ကွဲပြီး အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရပါတယ်။

လားရှိုးမြို့ ရက်ကွက် ၅ နေ အမျိုးသားတဦး က “အိမ်ထဲကျတော့ တယောက်က ဗုံးသံကြောင့် ပွဲချင်းပြီးသေတာ။ နောက်တယောက်က နှလုံးရောဂါရှိတော့ နောက်မနက်မှာဘဲ သေတာ။ ကျနော်တို့က ဒရုန်းကို မကြောက်ရဘူး။ စစ်တပ်က လျှောက်ပစ်လာတဲ့ လက်နက်ကြီးဘဲ ကိုယ့်ဆီ ဘယ်တော့ရောက်မလဲ စိုးရိမ်နေရတာ“ လို့ ဧရာဝတီကို ပြောပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့ ည ၁၁ နာရီကျော်အထိ အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှုတွေရှိနေပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် လားရှိုး – မိုင်းယော် လမ်းပိုင်းက မန်မွမ်း၊ ကုန်းဆာနဲ့ မက်ချီနုကျေးရွာတွေက ဒေသခံ ၂ ထောင်ကျော်ဟာ မြို့ပေါ် မန်ဆူဘုန်းကြီးကျောင်းထဲ ညတွင်းချင်း တိမ်းရှောင်ခဲ့ကြရပါတယ်။
စစ်ကောင်စီတပ်ဟာ ညီနောင် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးအဖြစ် စစ်ကြောညာခဲ့အပြီးမှာ လားရှိုးမြို့အနီးဝန်းကျင်က တောင်ကုန်းတွေနဲ့ ရက်ကွက်တွေထဲ တပ်ဖြန့်နေရာယူထားခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခွဲခန့်မှာတော့ ညီနောင် ၃ ဖွဲ့ဟာ မြို့ပေါ် ရက်ကွက် ၅ နဲ့ ရက်ကွက် ၁၂ ရှိ စစ်ကောင်စီတပ်စခန်းနဲ့ ပြည်သူ့စစ်တပ်စခန်းတွေကို ဒရုန်းနဲ့ စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရပ်ကွက် ၅ ရှိ ပြည်သူ့စစ် တပ်စခန်းမှ ၅ ဦး သေဆုံးခဲ့ကြောင်း မြို့ခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
လားရှိုးမြို့ခံ အမျိုးသမီးတဦးကလည်း “မြို့ပေါ်ထိ တိုက်ပွဲဖြစ်လာတော့ စျေးတွေ ပိတ်သိမ်းကုန်တယ်။ လမ်းပေါ်မှာလည်း လူသွားလာတာ နည်းတယ်။ ဆိုင်ခန်းတွေ ပိတ်ကြတာပဲ။ စိုးရိမ်ကြတာပေါ့“ လို့ ဧရာဝတီကို ပြောပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့ ည ၇ နာရီအထိလည်း မြို့အနီးမှာ လက်နက်ကြီးသံတွေ ထွက်ပေါ်နေဆဲဖြစ်သလို မြို့ပေါ် ရဲစခန်းရှေ့တွေမှာလာ်ဒ ယာဉ်လမ်းပိတ်ဆို့မှုတွေ ပြုလုပ်ထားကြပါတယ်။ ဒါ့အပြင် လားရှိုးလေဆိပ်ကို ဒီကနေ့ထိ ရပ်ဆိုင်းထားရဆဲဖြစ်သလို မနေ့ ပစ်ခတ်ခံခဲ့ရတဲ့ မြို့အဝင် ဟိုပိတ် တိုးဂိတ်မှာလည်း လမ်းအသုံးပြုခွင့်ကို ပိတ်ပင်ထားဆဲဖြစ်ပါတယ်။














