သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးတာဝန်ယူခဲ့သော ဦးရဲထွဋ်အား စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားကြောင်း စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။
ဦးရဲထွဋ်ကို ယမန်နေ့ (အောက်တိုဘာ ၂၈) ညပိုင်းက ဖမ်းဆီးခဲ့ပြီး အလုံမြို့မ ရဲစခန်းက (ပ) ၂၁၆ / ၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် ခေါ်ယူစစ်ဆေးနေကြောင်း စစ်ကောင်စီလော်ဘီ တယ်လီဂရမ် ချန်နယ်တခုဖြစ်သော NOM( News of Myanmar) တွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတဦးက ပြည်သူလူထုထိတ်လန့်စေရန် ကြံရွယ်ပြီး မမှန်သတင်းများ ဖြန့်ဝေခြင်း၊ အစိုးရဝန်ထမ်းများ ပြစ်မှုကျူးလွန်လာစေရန် ရည်ရွယ်လှုံ့ဆော်ခြင်းတို့အတွက် အရေးယူပေးရန် လာရောက် တိုင်တန်းခဲ့သောကြောင့် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဦးရဲထွဋ်အား ယမန်နေ့ ညပိုင်းက ၎င်း၏နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဧရာဝတီ သတင်းရင်းမြစ်များကလည်း ပြောသည်။
ဝန်ကြီးဟောင်းဦးရဲထွဋ်သည် အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လုပ်ကိုင်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ မကြာခဏ ဝေဖန်သည့်အရေးအသားများကို သူ၏လူမှုကွန်ရက်တွင် ရေးသားလေ့ရှိသလို မြန်မာနိုင်ငံတွင် ပြည်သူများအားလုံးဒုက္ခရောက်နေချိန်တွင် မင်းအောင်လှိုင်နှင့်မိသားစုသာ သာယာနေသည်ကို သိမြင်စေရန် ကမ္ဘာကြီးနှင့်လှိုင်သာယာခေါင်းစဉ်ဖြစ် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာနှင့် ဘလော့တွင် ရေးသားခဲ့သည်။

ထို့ပြင် “မိုးနတ်မင်းက မစရင်သာ လူရွေးတာပါ၊ ဒုက္ခရောက်ရင်တော့ အစိမ်းအကျက် မရွေးလူအားလုံး စိတ်ညစ် အောင်၊ မူးအောင် မော်အောင် လုပ်နိုင်ပါတယ်။ အခု မင်းတောင်အော်နေရပြီ မဟုတ်လားဟု လည်းကောင်း၊ ရထားဝန်ထမ်းများ၏ ခရီးသွားစရိတ်ထုတ်ယူပုံအား လည်းကောင်း၊ အရင်းအနှီးမရှိဘဲ လုပ်ပိုင်ခွင့်ကို ရင်းပြီး အမြတ်ကြီးစားသွားတဲ့ မဟာ ဝိသမ လောဘသားတွေက သူတို့ထက်ပိုဆိုးပါတယ်”ဟု ရေးသားခဲ့သည်။
ယခုအောက်တိုဘာအတွင်းကလည်း အင်းလေးကန်ခရီးစဉ်နှင့် ပတ်သက်၍ စာစုရေးသားခဲ့ရာတွင် စားကျက် နေရာများ ရေမြုပ်နေသဖြင့် ကုန်းမြင့်ပေါ်တင်ထားသော ကျွဲအုပ်ကို ဓာတ်ပုံရိုက်ခဲ့ပြီး မြေစာပုံထိပ်မှ ကျွဲတကောင်အား မှတ်ချက်ပြုရာ တွင် “ကျွဲတစ်ကောင် က မြေဆွေးပုံလို့ ထင်ရတဲ့ မြေစာပုံထိပ်မှာ ရပ်နေတာတွေ့တယ်။ နောက်ခံတောင်တန်းတွေနဲ့၊ သူ့အောက်မှာ တခြားကျွဲတွေ၊ ဗျိုင်းဖြူ တွေ နဲ့ ကျွဲဘုရင်လိုလို ဘာလိုလိုပေါ့။ အဲဒီရှုခင်းကို ဓာတ်ပုံလှမ်းရိုက်ရင်း ဒီကျွဲဟာ သူကိုယ်သူ တောင်ထိပ်ရောက်နေတယ်လို့ ထင်နေမလား၊ စားကျက်ပျောက်ပြီး ရေပတ်လည်ဝိုင်းနေတာကိုရော သိရဲ့လားလို့ တွေးမိတယ်” ဟု ရေးသားထားသည်။
ဦးရဲထွဋ်သည် စစ်တက္ကသိုလ်အပတ်စဉ် ၂၂ ( DSA-22 ) ကျောင်းဆင်းတဦးဖြစ်ပြီး နဝတ အစိုးရလက်ထက် ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းတာဝန်ယူချိန်တွင် ပြန်ကြားရေးဌာနသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ညွန်ကြားရေးမှူးချုပ်အဆင့်ထိ ရာထူးအဆင့်ဆင့်တိုးခဲ့ပြီး သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပြန်ကြားရေးဒုဝန်ကြီး နှင့် ဝန်ကြီး အဖြစ်ခန့်အပ်ခံခဲ့ရသည်။
ဦးရဲထွဋ်နှင့်အတူ စစ်တက္ကသိုလ်တက်ခဲ့သူများထဲတွင် လက်ရှိစစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ NLD အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ၊ လက်ရှိနိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး နှင့် အာဏာသိမ်းပြီးနောက် ပြည်သူ့ဖက် ရပ်တည်သဖြင့်အနားပေးခံရသော အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းတို့မှာ လူသိများသူများဖြစ်သည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup