မြန်မာပညာရေးကဏ္ဍသည် ကိုဗစ်နိုင်တင်း ကပ်ရောဂါနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နှစ်ခုလုံးကြောင့် အနှောင့်အယှက်နှင့် ရင်ဆိုင်ရသည်။ ၂၀၂၀ ဖေဖော်ဝါရီလနှင့် ၂၀၂၂ ဖေဖော်ဝါရီလအတွင်း မြန်မာမှ နိုင်ငံပိုင်ကျောင်းများ ၅၃၂ ရက် ပိတ်သွားပြီး အရှေ့အာရှနှင့်ပစိဖိတ် (EAP) ဒေသတွင် ကျောင်းပိတ်ရက် အကြာဆုံးနိုင်ငံ ဖြစ်သွားသည်။
အာဏာသိမ်းပြီးနောက် စစ်အာဏာပိုင်များသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံပိုင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ရန် ညွှန်ကြားသည်။ သို့သော် သင်ကြားရေးဝန်ထမ်း ၃၀ ရာခိုင်နှုန်းနီးပါးသည် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ပြီး စစ်အာဏာပိုင်များက ထုတ်ပယ်ခြင်း ခံထားရသည်။
ကလေး အများအပြားသည် ပညာသင်ကြားချိန် သုံးနှစ်ခွဲ ဆုံးရှုံးထားပြီး ဖြစ်သည်။
ကလေး အများအပြားသည် ပညာသင်ကြားချိန် သုံးနှစ်ခွဲ ဆုံးရှုံးထားပြီး ဖြစ်သည်။ သို့သော် တရားဝင် အချက်အလက် ကောက်ယူသည့် လုပ်ငန်းများကို ဆိုင်းငံ့ထားခြင်းကြောင့် ကျောင်းအပ်နှံမှုနှင့် လေ့လာသင်ယူမှု ရလဒ်များအတွက် တိကျသော အချက်အလက် ရရှိရန် ခက်ခဲနေပြီး အကျပ်အတည်း၏ အတိမ်အနက်ကို နားလည်ရန် ခက်ခဲခြင်းကို ပိုမိုဆိုးရွားစေသည်။
ထိုအချက်အလက် ကွာဟမှုကို ပေါင်းကူးပေးရန် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ဘဏ်သည် မြန်မာမှ မြို့နယ် ၃၃၀ အနက် ၃၀၆ ခုမှ အိမ်ထောင်စု ၈,၅၀၀ ကို ဖုန်းဖြင့် စစ်တမ်းကောက်ခဲ့သည်။ ထို့အပြင် နိုင်ငံတကာ အတွေ့အကြုံကို အခြေခံပြီး တီထွင်ဆန်းသစ်သော ဖုန်းအခြေပြု လေ့လာသင်ယူရေး အကဲဖြတ်ခြင်းကို အသုံးချကာ မြန်မာမှ လေ့လာသင်ယူမှု အဆင့်များကို အကဲဖြတ်သည်။ ထို့လေ့လာမှု၏ အဓိကတွေ့ရှိချက်များကို အောက်တွင် ဆွေးနွေးထားပါသည်။
ကျောင်းထွက်နှုန်း မြင့်မားလာ
ကိုဗစ်နိုင်တင်း ကပ်ရောဂါ နောက်ပိုင်းတွင် နိုင်ငံအများအပြားသည် ကျောင်းအပ်နှံမှုနှုန်း သိသိသာသာ ပြန်လည် နာလန်ထခြင်းကို တွေ့ရသည်။ မြန်မာနိုင်ငံသည် ဆန့်ကျင်ဘက် ဖြစ်နေပြီး အသက် ခြောက်နှစ်မှ ၂၂ အရွယ်ကြား ကျောင်းအပ်နှံမှု ၂၀၁၇ ခုနှစ် တွင် ၆၉ ဒသမ ၂ ရာခိုင်နှုန်းရှိရာမှ ၂၀၂၃ ခုနှစ်တွင် ၅၆ ဒသမ ၈ ရာခိုင်နှုန်းသို့ ကျဆင်းသည်။
အထက်တန်းကျောင်းသားအရွယ် ကျောင်းသားများ၏ ကျောင်းအပ်နှံမှုသည် အဆိုးရွားဆုံး ကျဆင်းသည်။ ထိုအသက်အရွယ်အုပ်စုမှ ကျေးလက်နှင့် မြို့ပြ ကလေးများ ကျောင်းအပ်နှံမှုသည် ၁၇ ရာခိုင်နှုန်းနှင့် ၃၁ ရာခိုင်နှုန်း အသီးသီး ကျဆင်းသည်။
အိမ်ထောင်စုများ၏ ဘဏ္ဍာရေး အကျပ်အတည်းများသည် အရေးပါသော အခန်းမှ ပါဝင်ပြီး ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများ ကျောင်းအပ်နှံမှု ၂၃ ရာခိုင်နှုန်း ကျဆင်းပြီး ပိုမိုချမ်းသာသော မိသားစုများတွင် ၉ ရာခိုင်နှုန်းသာ ကျဆင်းသည်နှင့် နှိုင်းယှဉ်နိုင်သည်။
ကျောင်းမှထွက်ရသည့် အကြောင်းရင်းသည် အချိန်နှင့်အလိုက် ပြောင်းလဲနေသည်။
၂၀၁၈ ခုနှစ် မတိုင်မီက ငွေကြေး မတတ်နိုင်ခြင်းသည် အဓိက အကြောင်းရင်းဖြစ်ပြီး ကပ်ရောဂါအတွင်း ၃၅ ရာခိုင်နှုန်းက ကျောင်းများ ပိတ်ထားသောကြောင့်ဖြစ်ကြောင်း ပြောသည်။ အာဏာသိမ်းမှု နောက်ပိုင်းတွင် ဘဏ္ဍာရေး အကျပ်အတည်းကို အကြောင်းရင်းအဖြစ် တုံ့ပြန်သူ ၈ ရာခိုင်နှုန်း တိုးလာသောကြောင့် လုပ်အားဈေးကွက်နှင့် အိမ်ထောင်စု သာယာစိုပြေမှု အကျပ်အတည်း ကြီးထွားနေကြောင်း ယခု ကမ္ဘာ့ဘဏ် အစီရင်ခံစာက သုံးသပ်သည့်အတိုင်း ဖော်ပြနေသည်။
ထို့ပြင် ကျောင်းထွက်ရခြင်း အကြောင်းရင်းကို တိတိကျကျ မပြောသည့် မိသားစု အချိုးအစားသည်လည်း ၉ ရာခိုင်နှုန်း တိုးလာသည်။ တွေ့ဆုံမေးမြန်းမှုများအတွင်း ပညာရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးရန် ထိုသို့ စိတ်အားထက်သန်မှု မရှိခြင်းသည် ဆက်လက် ဖြစ်ပွားနေသည့် ပဋိပက္ခများအတွင်း ပညာရေးကဏ္ဍကို ထိခိုက်စေသည့် လုံခြုံရေးအန္တရာယ် ကြီးမားကြောင်း ထင်ဟပ်နေနိုင်သည်။
ကျောင်းထွက်ရန် ကြုံနေရသူများအတွက် ကူညီရေး အစီအစဉ်နည်းပါး
သဘောတရားအရ ဆိုပါက နိုင်ငံပိုင် မဟုတ်သော ကျောင်းများသည် ကပ်ရောဂါနှင့် အာဏာသိမ်းမှုက နိုင်ငံပိုင်ကျောင်းများကို ဖြစ်စေသည့် အခက်အခဲများကို ပိုမိုခံနိုင်သည်။ သို့သော် လက်တွေ့တွင် စီးပွားရေး အခွင့်ထူးရသော မိသားစုများသာ အခြေအနေကို ဖြေရှင်းသည့် ယန္တရားအနေဖြင့် နိုင်ငံပိုင် မဟုတ်သော ကျောင်းများတွင် ပညာသင်ကြားနိုင်ကြသည်။
ပုဂ္ဂလိကကျောင်းများတွင် ပညာသင်ကြားမှု တိုးလာခြင်းသည် အခြေခံအားဖြင့် မြို့ပြဒေသများတွင်သာ မြင့်တက်သည်။
နိုင်ငံပိုင် မဟုတ်သော ကျောင်းများတွင် ကျောင်းတက်နှုန်းသည် ၂၀၁၇ ခုနှစ်တွင် ၅ ရာခိုင်နှုန်း ရှိရာမှ ၂၀၂၃ ခုနှစ်တွင် ၈ ရာခိုင်နှုန်းသို့ တိုးလာသည်။ ထိုအပြောင်းအလဲသည် အချမ်းသာဆုံး အိမ်ထောင်စု ၆၀ ရာခိုင်နှုန်းကြောင့် ဖြစ်သည်။ ထို့အပြင် ပုဂ္ဂလိကကျောင်းများတွင် ပညာသင်ကြားမှု တိုးလာခြင်းသည် အခြေခံအားဖြင့် မြို့ပြဒေသများတွင်သာ မြင့်တက်သည်။
ပညာသင်ကြားခွင့်ရရန် အခြားကုစားပေးသည့် အစီအစဉ်များတွင် အွန်လိုင်းပညာရေးနှင့် မိဘ အထောက်အပံ့ဖြင့် အိမ်တွင် သင်ကြားပေးခြင်း ပါဝင်သည်။ သို့သော် နိုင်ငံတွင် မိုဘိုင်းဖုန်း ပိုင်ဆိုင်သော အိမ်ထောင်စု ရာခိုင်နှုန်း သိသိသာသာ တိုးလာသော်လည်း မိမိတို့ စစ်တမ်းတွင် အသက် ၆ နှစ်မှ ၁၇ နှစ်အရွယ်အကြား ကလေးများ၏ ၄ ဒသမ ၁ ရာခိုင်နှုန်းသာ အွန်လိုင်းရင်းမြစ်များကို သုံးနိုင်သည်။
ထို့ပြင် ကျောင်းအပ်နှံထားသော ကျောင်းသားများ၏ အွန်လိုင်းပညာရေးကို အသုံးပြုနိုင်ခြေသည် ကျောင်းမှ ထွက်သွားသူများထက် နှစ်ဆ ပိုမိုများပြားသဖြင့် အွန်လိုင်းပညာရေးသည် မြန်မာတွင် ကုစားသင်ကြားပေးခြင်း မဟုတ်ဘဲ ဖြည့်စွက် ပညာရေးသာ ဖြစ်နေသည်။
အိမ်တွင် မိဘအထောက်အပံ့ဖြင့် သင်ကြားပေးခြင်းသည်လည်း အလားတူပင် ဖြစ်သည်။ ပိုမိုချမ်းသာသော နောက်ခံရှိသည့် ကလေးများသည် ပိုမိုဆင်းရဲနွမ်းပါးသော နောက်ခံရှိသည့် ကလေးများထက် ၎င်းတို့ ပညာရေးအတွက် မိသားစုအထောက်အပံ့နှင့် လမ်းညွှန်မှု ပိုမိုရရှိသောကြောင့် နိုင်ငံတွင် ဝင်ငွေမြင့်မားစွာ ဆုံးရှုံးခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဖော်ပြနေသည်။ မိဘ အထောက်အပံ့သည်လည်း ပုံမှန် ကျောင်းတက် ပညာသင်ကြားခြင်းအတွက် အစားထိုး မဟုတ်ဘဲ ဖြည့်စွက် ပညာသင်ကြားခြင်းသာ ဖြစ်ကြောင်း တွေ့ရသည်။
လေ့လာသင်ယူမှုရလဒ်များ လျော့ကျပြီး လူသားရင်းမြစ် မျိုးဆက်လိုက် ဆုံးရှုံးမှု အန္တရာယ်ရှိ
လေ့လာသင်ယူမှုချို့တဲ့ခြင်းကို ကိုင်တွယ်ဖြေရှင်းမည့် အကန့်အသတ်မရှိသော အစီအမံများကို ကျောင်းသားများနှင့် ကျောင်းမှ ထွက်သွားရသူများအကြား သင်ယူမှုရလဒ် ကွာဟမှုတွင် ထင်ဟပ်နေသည် ။
ထိုအုပ်စု နှစ်စုအကြား သင်ယူမှုအဆင့် ကွာဟမှုသည် ပိုမို အသက်အရွယ် ကြီးရင့်သူများအကြား ကျယ်ပြန့်လာသည်။ ထို့အပြင် ပိုမိုဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများနှင့် ပညာတတ်မြောက်မှု နည်းသော အိမ်ထောင်စုများမှ ကလေးများသည် ပိုမိုချမ်းသာ၊ ပိုမိုပညာတတ်သော မိသားစုများမှ ကလေးများထက် ပိုမိုနိမ့်ကျသော လေ့လာသင်ယူမှု အဆင့်များ တွေ့ကြုံရသည်။ ထို့ကြောင့် ထိခိုက်လွယ် အိမ်ထောင်စုများ အကြားတွင် ကျောင်းထွက်နှုန်း ပိုမိုမြင့်မားမည်ဟု မျှော်လင့်ရစေသည်။
ကိုင်တွယ်ဖြေရှင်းခြင်း မရှိပါက မြန်မာတွင် လူသားရင်းမြစ် မျိုးဆက်လိုက် ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရမည့် အန္တရာယ်ရှိသည်။
စိတ်ဝင်စားစရာကောင်းသည်မှာ နိုင်ငံပိုင်ကျောင်းမှ ကလေးများနှင့် နိုင်ငံပိုင် မဟုတ်သော ကျောင်းများမှ ကလေးများအကြား၊ အွန်လိုင်းနှင့် မိဘအထောက်အပံ့ဖြင့် သင်ကြားခြင်းစသည့် အခြားပညာရေး ရွေးချယ်စရာများရှိသော ကလေးများနှင့် ထိုသို့သော အခွင့်အလမ်း မရှိသူများအကြား ကျွမ်းကျင်မှု သိသိသာသာ ကွာခြားခြင်း မရှိပေ။ မည်သည့်အတွက် ထိုသို့ ဖြစ်ရသည်ကို ပိုမိုကောင်းစွာ နားလည်ရန် ဆက်လက် လေ့လာရန် လိုနေသေးသည်။
အထက်တန်း ကျောင်းထွက်နှုန်း မြင့်မားခြင်း၊ သင်ယူမှုဆုံးရှုံးခြင်းကို ဖြေရှင်းရန် အခွင့်အလမ်း အကန့်အသတ်ရှိခြင်းနှင့် ကုစားမှု အစီအမံများ ထိရောက်မှုနည်းခြင်းတို့ ပေါင်းစပ်လိုက်သောအခါ မြန်မာပညာရေးကဏ္ဍ၏ ကြီးထွားနေသော အကျပ်အတည်းကို ပြသနေသည်။ ကိုင်တွယ်ဖြေရှင်းခြင်း မရှိပါက မြန်မာတွင် လူသားရင်းမြစ် မျိုးဆက်လိုက် ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရမည့် အန္တရာယ်ရှိသည်။
(Worldbank Blog ပါ Sutirtha Sinha Roy, Roy Van der Weide, Saurav Dev Bhatta နှင့် Mar Mar Thwin တို့၏ A generation of children are at risk of learning losses in Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
စာသင်ကျောင်းများ ဖရိုဖရဲဖြစ်နေသောကြောင့် ပညာရေးတွင် စစ်ကောင်စီ ကျရှုံး
ပညာရေးဆိုတာကတော့ လူတိုင်းရဲ့ အခွင့်အရေးပါ
မြန်မာ့ပညာရေး အကျပ်အတည်းဆိုက်ဟု ကမ္ဘာ့ဘဏ်ပြော
စစ်ကောင်စီ ပညာရေးနှင့် ရင်လေးဖွယ် မြန်မာ့အနာဂတ်
ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒကို မူကြမ်းရေးဆွဲထားပြီ
လူငယ်များ ပညာရေးနှင့် အဆက်မပြတ်စေရန် KSCC က ကော်မတီဖွဲ့လုပ်ဆောင်