၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအတွက် အလုပ်လုပ်ရန် ငြင်းဆန်ပြီး လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် အရည်အချင်းမီ ဆရာ ဆရာမများကြောင့် အကြီးအကျယ်လစ်ဟာနေသည့် ရာထူးနေရာများကို စစ်ကောင်စီက ပြန်လည်ဖြည့်ဆည်းနိုင်ခြင်းမရှိသောကြောင့် မြန်မာ့ပညာရေးစနစ်သည် ဖရိုဖရဲဖြစ်နေသည်။
၂၀၂၁ ခုနှစ်တွင် ပညာရေးစနစ်မှ အစိုးရဝန်ထမ်း ၄၀၀,၀၀၀ ကျော်သည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသည့် CDM လှုပ်ရှားမှုတွင် ပါဝင်ပြီး စစ်ကောင်စီ ပညာရေးစနစ်အတွက် အလုပ်လုပ်ပေးရန် ငြင်းဆန်ကြသည်။ ပါမောက္ခများ၊ ဆရာဆရာမများ၊ ကျောင်းအုပ်ချုပ်သူများ၊ အထွေထွေ ကျောင်းဝန်ထမ်းများသည် ထိုလှုပ်ရှားမှုတွင်ပါဝင်ပြီး အခြေခံပညာမှ တက္ကသိုလ်များအထိ ပညာရေး အဆင့်အားလုံးတွင် ဝန်ထမ်းမလုံလောက်မှု အကြီးအကျယ်ဖြစ်စေသည်။
ဆရာ ဆရာမ အနည်းဆုံး ၁၃၀၀၀၀ သို့မဟုတ် ၂၀၂၁ ခုနှစ်က ပါဝင်ခဲ့သည့် ပညာရေးဝန်ထမ်းများ၏ ၃၀ ရာခိုင်နှုန်း ကျော် CDM လှုပ်ရှားမှုတွင် ဆက်လက်ပါဝင်နေဆဲဖြစ်ကြောင်း အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့တွင် အရပ်သား အမျိုးသားညီညွတ်ရေး အစိုးရက ကြေညာသည်။
ရန်ကုန်မြို့စွန် မြောက်ဒဂုံမှ အခြေခံပညာကျောင်းတခုတွင် ဝန်ထမ်းလွန်စွာနည်းသောကြောင့် ကျောင်းသားများအတွက် ပုံမှန် အချိန်ပြည့်သင်တန်းများ ပို့ချနိုင်ခြင်း မရှိတော့ကြောင်း မိဘများနှင့် ကျောင်းသားများ ပြောသည်။
“ကျမရဲ့သမီးက တလကို ၂ ပတ်ပဲ ကျောင်းတက်ရတော့တယ်” ဟု ထိုမြို့နယ်မှ ပထမတန်းကျောင်းသူတဦး၏ မိခင်ပြောပြီး “ဆရာဆရာမ တဝက်က CDM မှာပါတော့ အတန်းအားလုံးကို ကိုင်တွယ်ဖို့ ဆရာဆရာမ လုံလုံလောက်လောက် မရှိတော့ဘူး” ဟုလည်း ရှင်းပြသည်။
ရန်ကုန်တိုင်း သာကေတမြို့နယ်မှ ကျောင်းတကျောင်းသည် ကျောင်းဖွင့်ရက်များတွင် နေ့စဉ်ကျောင်းဖွင့်သော်လည်း နေ့တဝက်သာ ဖွင့်နိုင်တော့သည်။
“အခြေခံ ပညာကျောင်းတွေက ပုံမှန်အားဖြင့် နံနက် ၉ နာရီမှာ ကျောင်းတက်ပြီး ညနေ ၃ နာရီမှာ ကျောင်းဆင်းပေမယ့် ကျမသားက နေ့လည်မွန်းတည့်ချိန်ဆိုရင် ပြန်လာပြီ။ သူ့အတွက် ထမင်းဗူးတောင် ပြင်ပေးစရာ မလိုတော့ဘူး” ဟု ထိုကျောင်းတွင်တက်နေသည့် ကျောင်းသားတယောက်၏ မိခင်ပြောသည်။
စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနအောက်ရှိ ရန်ကုန်နှင့် အခြားမြို့ကြီးများမှ ကျောင်းများသည် ဆရာဆရာမ မလုံလောက်ခြင်းနှင့် အရည်အချင်းရှိသော ဆရာဆရာမများ ကင်းမဲ့ခြင်းတို့ကို ရင်ဆိုင်နေရကြောင်း CDM လှုပ်ရှားမှုတွင် ပါဝင်သော ဆရာဆရာမများပြောသည်။
၂၀၂၀ ခုနှစ် မတ်လက မြန်မာတွင် ကိုဗစ်နိုင်တင်းကပ်ရောဂါဖြစ်ပွားသောအခါ သန်းပေါင်းများစွာသော ကျောင်းသားများသည် စာသင်ခန်းများ ကျောင်းများနှင့် ကင်းကွာသွားသည်။ စစ်ကောင်စီ၏ ပညာရေးစနစ်ကို ကျောင်းသား ၁၀ သန်း နီးပါးက သပိတ်မှောက်သောကြောင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက မီးလောင်ရာ လေပင့်လိုက်သည်။
ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများမှ မိဘများက ၎င်းတို့၏ ကလေးများကို ပုဂ္ဂလိက ကျောင်းများသို့ ရွှေ့ပြောင်းကြပြီး ခုခံတော်လှန်ရေး အမာခံဒေသများမှ ကျောင်းသားများသည် အမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်သည့် လမ်းညွန်ချက်အရ CDM ဆရာဆရာမများနှင့် စေတနာ့ဝန်ထမ်းများက တည်ထောင်ထားသည့် လူမှုအသိုက်အဝန်း ကျောင်းများတွင် ပညာဆက်လက်လေ့လာကြသည်။
စစ်အာဏာသိမ်းပြီး ၂ နှစ်ကြာသောအခါ မြို့ပြဒေသများရှိ အခွင့်အလမ်းနည်းသော မိသားစုများနှင့် စစ်ကောင်စီ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၏ ကလေး အများအပြားသည် ပုဂ္ဂလိကကျောင်းတက်ရန် ငွေကြေးမတတ်နိုင်သောကြောင့် စစ်ကောင်စီကျောင်းများသို့ ပြန်သွားရသည်။
NUG ပညာရေးဝန်ကြီးဌာနက ထောက်ပံ့ထားသည့် အွန်လိုင်းပညာရေးသည်လည်း လုံခြုံရေးနှင့် စစ်ကောင်စီက CDM ဆရာ ဆရာမများကို နှိမ်နင်းခြင်းတို့ကြောင့် ကျောင်းသားအများစုအတွက် တက်ရောက်ရန် မလွယ်ကူပေ။
လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း၊ အင်တာနက် အသုံးမပြုနိုင်ခြင်းနှင့် မိုဘိုင်းကိရိယာ မရှိခြင်းတို့သည် အွန်လိုင်း ပညာရေးအတွက် အဟန့်အတားဖြစ်စေသည်။
” မိဘတွေက ဆက်လက်စောင့်ဆိုင်းမနေနိုင်တော့လို့ စစ်ကောင်စီရဲ့ ကျောင်းတွေကို ပြန်သွားတဲ့ ကျောင်းသား အရေအတွက် တဖြည်းဖြည်းတိုးလာတယ်လို့ ကျမ ထင်တယ်။ အထူးသဖြင့် အခြေခံပညာ အပိုင်းမှာပေါ့။ ကျမတို့ ကလေးတွေ အလုပ်ရဖို့ အခြေခံပညာ ပြီးစီးဖို့ လိုတယ်” ဟု ဆယ်တန်းကျောင်းသားတဦး၏ မိခင်ပြောသည်။
စစ်ကောင်စီ ပညာရေးစနစ်အောက် အခြေခံပညာရေးတွင် ဆက်လက်လုပ်ကိုင်နေသည့် CDM မဝင်သည့် ဆရာ ဆရာမများသည် ဆရာမလုံလောက်သောကြောင့် ကြီးမားသော ဝန်ထုပ်ဝန်ပိုးကို ထမ်းနေရကြောင်း CDM မဝင်သည့် ဆရာဆရာမများ၏ ဆွေမျိုးများနှင့် ၎င်းတို့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များပြောသည်။
“ကျမ အမက သူ့အထက်တန်းကျောင်းမှာ သိပ္ပံသင်ပေးနိုင်တဲ့ ဆရာမရှိလို့ တယောက်တည်းနဲ့ အခန်း ၇ ခန်း သင်ပေးနေရတယ်” ဟု ရန်ကုန်မှ CDM မဝင်သည့် ကျောင်းဆရာမ တဦး၏ ဆွေမျိုးတဦးပြောသည်။
အရည်အသွေးမီ ဆရာများမရှိသောကြောင့် စစ်ကောင်စီကျောင်းများမှ ပညာအရည်အသွေးကျဆင်းနေကြောင်း မိဘများပြောသည်။
“တချို့ဆရာ ဆရာမတွေက လစဉ် စာမေးပွဲမေးခွန်းကို အဖြေနဲ့အတူ ထုတ်ပေးနေတယ်” ဟု သူပြောသည်။
“ဒါကြောင့် ကျမသားကို သင့်တင့်လျှောက်ပတ်တဲ့ ပညာရစေဖို့ ပုဂ္ဂလိကကျောင်းကို ပြောင်းဖို့ ဆုံးဖြတ်လိုက်ရတယ်။ စစ်ကောင်စီပညာရေးစနစ်ကို ကျမ အယုံအကြည်မရှိဘူး” ဟု ဆယ်တန်းကျောင်းသား တဦး၏ မိခင်ပြောသည်။
ဆင်းရဲနွမ်းပါးသော မိသားစုများက ၎င်းတို့သည် ရွေးစရာမရှိတော့သောကြောင့် ထိုသို့ငြီးငြူရန် မတတ်နိုင်ကြောင်း ပြောသည်။
“မိဘတယောက်အနေနဲ့ ကျမကလေးတွေကို အကောင်းဆုံးပညာရေးပဲ ရစေချင်တယ်။ အခုလောလောဆယ် ရွေးစရာမရှိသေးဘူး။ အခြေအနေက သေရေးရှင်ရေး ဖြစ်နေတယ်။ ဒါကြောင့် ဘာမှ ငြီးငြူမနေနိုင်ဘူး” ဟု ရန်ကုန်မှ ပထမတန်းကျောင်းသား တဦး၏ မိခင်က စိတ်ပျက်လက်ပျက်ဖြင့်ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Gets an ‘F’ for Education as Schools Spiral into Chaos ကို ဘာသာပြန်သည်။)
You may also like these stories:
သေဒဏ်နှင့် တသက်တကျွန်းကျနေသူများ ထောင်ဝင်စာတွေ့ခွင့် မရသေး
စစ်ကောင်စီကို မြန်မာနိုင်ငံသားများ ဖိလစ်ပိုင်တွင် တရားစွဲ
ဒေါ်အောင်ဆန်းစုကြည် လည်ပင်းကျီးပေါင်းရောဂါ ခံစားနေရ
“သန်းခေါင်ယံသတ်ဖြတ်မှု”အပြီး ကျန်ရစ်သူ စစ်ဘေးရှောင်များ ရှင်သန်ရေး ရုန်းကန်နေရ
ဘာသာရေးအဆောက်အအုံများကို စစ်ရေးအတွက် စစ်ကောင်စီ အသုံးချနေ














