• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

စစ်ကောင်စီနှင့် မုသာဝါဒလမ်းဆုံး

by ခင်မမ
25 December 2023
in သူ့အတွေး သူ့အမြင်
A A
စစ်ကောင်စီနှင့် မုသာဝါဒလမ်းဆုံး

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း

16.1k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေတ်တခေတ်လုံး VOA, BBC, RFA စသည့် နိုင်ငံခြားသတင်းဌာနများသည် မိုးလုံးပြည့်မုသာဝါဒများ ဖြန့်ချိနေသည်ဟု မြန်မာစစ်တပ်က ဆိုခဲ့သည်။ ယခုလည်း လွတ်လပ်သောသတင်းဌာနများအား ဤသို့ပင် ဆိုနေဆဲဖြစ်၏။ သို့သော် လက်တွေ့တွင် မုသာဝါဒနှင့် လမ်းဆုံးနေသည်က စစ်ကောင်စီဖြစ်၏။

၁။ ကျွန်ဝယ်ရာ အဆစ်ပါကြသူများ

မြန်မာစစ်တပ်၏ ဝါဒဖြန့်ချိရေးကားများတွင် တွေ့ရလေ့ရှိသည်မှာ နောက်တန်းအိမ်ထောင်သည် ရဲမေစစ်သည်များက တပ်စခန်းမကျအောင် ရွပ်ရွပ်ချွံချွံ ခုခံကာကွယ်နေသည်များကို ပြသလေ့ရှိ၏။ ၎င်းတို့ဝါဒဖြန့်နေသည့် အိမ်ထောင်သည်ရဲမေများဆိုသည်မှာ တကယ်တော့ ကျွန်ဝယ်ရာ အဆစ်ပါကြသူများ ဖြစ်၏။ လင်ဖြစ်သူက စစ်သားဖြစ်၍ စစ်တပ်အိမ်ထောင်သည်လိုင်းခန်းတွင် လိုက်နေရင်း စစ်တပ်က ခိုင်းသမျှကို လစာတပြားတချပ်မှ မရဘဲ လင့်လုပ်စာမျှော်၍ အလကားမတ်တင်း လုပ်ပေးကြသည့် အိမ်ထောင်သည်မိန်းမများ ဖြစ်၏။

လင်ဖြစ်သူ စစ်သားလစာအပြင် ပိုမရဘဲ စစ်သင်တန်းတက်ရ၊ သေနတ်ကိုင်ရ၊ ကင်းစောင့်ရသည့်အပြင် စစ်ပါတိုက်ခိုက်သည်ကို ကျွန်ဝယ်ရာ အဆစ်ပါသည့် စစ်သားမယားများက လုပ်နေကြရ၏။ စစ်ပွဲမရှိစဉ်ကာလက သာမန်ကင်းစောင့်ရသည်မှာ ပြသနာကြီး မဟုတ်သေးပေ။

သို့သော် ယနေ့ကာလ ပြင်းပြင်းထန်ထန် စစ်ပွဲများဖြစ်လာပြီး အိမ်ထောင်သည်မိသားစုများရှိသည့် တပ်ရင်းဌာနချုပ်များ အတိုက်ခံရသည့်အခါ တကယ့်အဖြစ်အပျက်များသည် စစ်တပ်က ရိုက်ကူးသည့် ဝါဒဖြန့်ချိရေးကားများကကဲ့သို့ မဟုတ်တော့ပေ။ စစ်သားဇနီးမယားများအဖို့ သူတို့၏ အသက်၊ သူတို့၏ သားသမီးများအသက်ပါ သေပွဲဝင်ရမည့် အချိန်အခါနှင့် ကြုံလာရ‌သောအခါ စစ်တပ်ပေါကားများထဲက “ဇွတ်လိုက်များ” မဟုတ်ကြတော့ပေ။

တကယ်တမ်း တပ်ရင်း နောက်တန်းဌာနချုပ်များ အတိုက်ခံရသောအခါ အိမ်ထောင်သည်မိန်းမများ၊ ကလေးများသည် အသေမခံနိုင်ကြတော့ပေ။ သူတို့၏ လင်သား စစ်သားများကလည်း မိန်းမ၊ ကလေးများပါ မိသားစုလိုက်သေမည့်အရေးကို လက်သင့်မခံနိုင်ကြတော့ပေ။

ကွမ်လုံတွင် အခြေချစစ်ဗျူဟာ၊ ခမရ ၃၁၂၊ ခလရ ၁၂၇၊ အမတ ၃၄၈ စသည့် အခြေစိုက်တပ်ရင်းများ ရှိသည်။ ကွမ်လုံအား ၁၂ ရက်ခန့် ပြင်းပြင်းထန်ထန် ခုခံခဲ့သည်။ လေကြောင်းမှ အကြိမ် ၂၀၀ ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့၏။ သို့သော် နောက်ဆုံး စစ်တပ်က ကွမ်လုံအား လက်လွှတ်ခဲ့ရ၏။ ထိုတိုက်ပွဲအပြီး နောက်တန်းဌာနချုပ်ရှိ အိမ်ထောင်သည်မိန်းမများ၊ ကလေးများနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက ကြေညာခြင်း၊ ထုတ်ပြန်ခြင်း မတွေ့ရပေ။ ပြင်းထန်သည့်စစ်ပွဲအတွင်း အားလုံးဘေးရန်ကင်းကြမည့်ပုံ မပေါ်ပေ။

သြဂုတ်လ ၃ ရက်နေ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့ အခြေစိုက် ခလရ ၅၈ ကို ခုခံကာကွယ်ခဲ့သော အိမ်ထောင်သည် ရဲမေများဟု တပ်အသိုင်းအဝိုင်းက ဆိုရှယ်မီဒီယာတွင် ဖြန့်ချိသည်

ရှမ်းမြောက် နန်ဆလပ်အခြေစိုက် ခမရ ၅၆၇၊ ခမရ ၅၆၈၊ ပဲခူးတိုင်း၊ မုန်းအခြေစိုက် ခမရ ၅၉၀၊ ခမရ ၅၉၉ တို့ကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်သဖြင့် အိမ်ထောင်သည် မိသားစုဝင်များ ဖမ်းဆီးခံရပြီး စစ်သုံ့ပန်းများ ဖြစ်သွား၏။

ထို့ကြောင့်လည်း အိမ်ထောင်သည် ဇနီးများ၊ ကလေးများပါရှိသည့် ရန့်ခွမ် ခေါ် ညန့်ခွမ် အခြေစိုက် ခလရ ၁၂၉ နှင့် ကုန်ကြမ်းအခြေစိုက် ခလရ ၁၂၅ တပ်ရင်းများသည် မိသားစုဝင်များပါ တပ်ရင်းလိုက် လက်နက်ချသွားကြခြင်း ဖြစ်ပုံရ၏။ မိသားစုဝင် မိန်းမများ၊ ကလေးများ၏ ရှင်လမ်းကို ရွေးသွားကြ၏။ သူတို့၏ လက်တွေ့ဘဝက ကျွန်ဝယ်ရာ အဆစ်ပါကြသူများ၊ မိသားစုပါ စတေးရမည့်အခြေအနေသို့ ဆိုက်ရောက်နေသူများ ဖြစ်သည်ကို သဘောပေါက်သွားကြ၏။ လက်တွေ့ဘဝသည် မြန်မာစစ်တပ်၏ ပေါကားများကဲ့သို့ မဟုတ်ပေ။ စစ်ခေါင်းဆောင်များ၏ အလိမ်အညာများအောက်၌ မိသားစုကို အဆုံးအရှုံးမခံနိုင်ကြပေ။

ထို့ပြင် မြန်မာစစ်တပ်၏ စစ်ဗိုလ်ချုပ်များသည် သူ၏လက်အောက်ငယ်သား မိသားစုများ၏ လုံခြုံရေးကို လှည့်ကြည့်သူများ မဟုတ်ကြပေ။

လက်တွေ့ဘဝသည် မြန်မာစစ်တပ်၏ ပေါကားများကဲ့သို့ မဟုတ်ပေ။ စစ်ခေါင်းဆောင်များ၏ အလိမ်အညာများအောက်၌ မိသားစုကို အဆုံးအရှုံးမခံနိုင်ကြပေ။

လောက်ကိုင်ဒေသတွင် ပိတ်မိနေသော လက်အောက်ငယ်သား စစ်သားမိသားစုများကို ကယ်ထုတ်ရန် သူတို့ခေါင်းထဲတွင် မရှိ။ သို့သော် လောက်ကိုင် ကေတီဗီမှ သူတို့၏ မယားငယ်များကို ရဟတ်ယာဉ်နှင့် ကယ်ထုတ်ဖို့ မမေ့ကြ။ ဤသည်မှာ ကျွန်ဝယ်ရာ အဆစ်ပါနေကြသည့် စစ်သားမိသားစုများကို စစ်ပွဲတွင် စတေးရန် လက်မတွန့်ကြသည့် စစ်ဗိုလ်ချုပ်များ၏ သရုပ်မှန်ဖြစ်သကဲ့သို့ ကျွန်ဝယ်ရာ အဆစ်ပါကြသည့် စစ်သားဇနီးမယားများ၏ အဖြစ်မှန်လည်းဖြစ်၏။

၂။ အတိုင်ဖောက်ညီတဲ့ ဆရာတပည့်

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် မကြာမီ မြန်မာပြည်စစ်ပွဲတွင် စစ်ရေးအလှည့်အပြောင်းတရပ် ဖြစ်ပေါ်ခဲ့သည်မှာ အားလုံးမျက်မြင်ပင် ဖြစ်၏။ နှစ်လနီးပါးခန့်အတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် စခန်းပေါင်း ၃၀၀ နီးပါးနှင့် မြို့များကို မြောက်ပိုင်းညီနောင်မဟာမိတ်များက သိမ်းပိုက်နိုင်ခဲ့၏။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် ငါးခုအားလည်း သိမ်းပိုက်နိုင်ခဲ့၏။

သံချပ်ကာကားများ၊ အတွဲလိုက်ဒုံးပစ်စင်များ၊ ဒုံးများ၊ ဟောင်ဝစ်ဇာအမြောက်များနှင့် လက်နက်ခဲယမ်း အမြောက်အများကို မြောက်ပိုင်းညီနောင်မဟာမိတ်များက သိမ်းပိုက်နိုင်ခဲ့၏။ ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာစစ်တပ် အထိနာခဲ့ပြီး စစ်ဗျူဟာအခင်းအကျင်း ပျက်သွားသည်ကို မြေပြင်သတင်းများ၊ ဓာတ်ပုံ၊ ဗီဒီယို သက်သေ အထောက်အထားများဖြင့် ရှင်းလင်းစွာ မြင်နေရ၏။ တပ်ရင်းလိုက်တွေလည်း လက်နက်ချနေကြသည်။ ဗျူဟာမြောက်သည့် မြို့များလည်း မြန်မာစစ်တပ်က လက်လွှတ်နေရ၏။

၁၀၂၇ စစ်ဆင်ရေး၏ အရှိန်နှင့်အတူ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ၊ ကရင်၊ ရခိုင်တို့တွင်လည်း စခန်းသိမ်းတိုက်ပွဲများ၊ မြို့သိမ်းတိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်လာ၏။ မြန်မာစစ်တပ်အတွက် နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းဆိုသကဲ့သို့ ဖြစ်နေသည်။ မြန်မာစစ်တပ်အခြေအနေသည် ရန်ကုန်မြို့လယ်တွင် ခါးပိုက်နှိုက် ဖမ်းမိစဉ် ဝိုင်း၍ ဆွမ်းကြီးလောင်းသကဲ့သို့ မရှုမလှ ခံနေရသည်က အမှန်ပင်ဖြစ်၏။

ဤသို့ မရှုမလှခံနေရသည့်အချိန်တွင် ‘ဇော်မဲလုံး’ ဟု တပြည်လုံးက အပြောင်အပြက်ခေါ်ကြသည့် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းမှာ အသံပင် ကောင်းစွာမထွက်တော့ဘဲ ညောင်နာနာ လေပျော့လေးနှင့် ပြောနေ၍ အချင်းချင်း ပစ်တင်ကြိမ်းမောင်းနေသည်ကို တွေ့ရ၏။ စစ်တပ်လော်ဘီများသည်လည်း အသံမထွက်နိုင် ဖြစ်ကုန်၏။

သို့သော်လည်း ရက်အချို့ကြာသောအခါ စစ်တပ်လော်ဘီများသည် စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ရန် သတင်းမှားများကို တက်ညီလက်ညီ အားကောင်းမောင်းသန် ဖြန့်ဖြူးလာသည်ကို တွေ့ရသည်။ နောင်ချိုနှင့် ပြင်ဦးလွင်ကြား တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် PDF တို့၏ ဖြတ်တောက်မှုကြောင့် ရက် ၂၀ ခန့် ရှေ့မတိုးနိုင်သည်ကို ဖုံးကွယ်ရန် မြန်မာစစ်တပ်က တိုက်ခိုက်မှုကြောင့် TNLA နှင့် PDF ၂,၀၀၀ ခန့် သေသည်၊ အလောင်းတွေ ပုံနေသည်ဟု ဝါဒဖြန့်လာသည်။ အထောက်အထား ဓာတ်ပုံ၊ ဗီဒီယို ဖိုင်တခုမှ မပြနိုင်သော်လည်း ခပ်တည်တည်ပင် ဆိုက်ဝါးထည့်ကြသည်။ တကယ်တော့ နောင်ချိုနှင့် ပြင်ဦးလွင်ကြား လမ်းဖြတ်တိုက်သည့် TNLA နှင့် PDF အင်အားပင် ၂,၀၀၀ မရှိပေ။

တဖန်တွင် ကျောက်မဲအနီး မြောက်ပိုင်သုံးဖွဲ့မှ အလောင်း ၇၀ ခန့် မြှုပ်နှံခြင်း မရှိဘဲ ပုပ်သိုးနံဟောင်နေသဖြင့် မြှုပ်နှံပေးပါရန် ကျောက်မဲအခြေပြု စကခ ၁ မှူးထံ အရပ်သားများက တောင်းဆိုသည့်စာတစောင် လူမှုကွန်ရက်ပေါ်တင်ပြီး စစ်တပ်လော်ဘီများက ဝါဒဖြန့်ကြပြန်သည်။ ကျောက်မဲဆိုသည်က နယ်မြို့လေးဖြစ်၏။ မြို့ထဲတနေရာရာ၊ မြို့အနီးတနေရာရာ ထူးထူးခြားခြား တခုခုဖြစ်လျှင် တမြို့လုံးသိကြသည့်မြို့ ဖြစ်သည်။ အလောင်း ၇၀ မဆိုထားနှင့် အလောင်းတလောင်း ပစ်ထားလျှင်ပင် တမြို့လုံးသိကြသည်။ သို့သော် ဤအလောင်း ၇၀ ခန့် ပုံသည့်ကိစ္စကို မည်သည့်မြို့ခံမှ မသိကြ။ သို့သော်လည်း စစ်တပ်လော်ဘီများသာမက စစ်တပ်ပြော‌ရေးဆိုခွင့်ရှိသူဟု ဆိုသူကပါ မျက်လုံးစုံမှိတ်ပြီး မြောက်ပိုင်းအဖွဲ့မှ အလောင်းတွေ့ ပုံနေပြီဟု ဆိုပြန်၏။

ရှမ်းမြောက်တွင် ကွမ်လုံမြို့သည် စစ်ရေးအရ သေနင်္ဂဗျူဟာကျသည့် မြို့တမြို့၊ အရေးပါသည့်မြို့တမြို့ ဖြစ်၏။ ထိုမြို့အား မြောက်ပိုင်းအဖွဲ့များက ၁၂ ရက်ခန့်တိုက်ပြီး သိမ်းယူနိုင်ခဲ့သည်။ အခြေချ စစ်ဗျူဟာများ၊ တပ်ရင်းများ၊ အမြောက်တပ်များ သိမ်းပိုက်ခံလိုက်ရသည်။ ကွမ်လုံကို စစ်ကောင်စီ အလွယ်တကူ ပြန်တိုက်ရန် မဖြစ်နိုင်တော့သည်ကို စစ်ရေးကျွမ်းကျင်သူများ ကောင်းစွာသိကြ၏။ သို့သော်လည်း စစ်ကောင်စီပြောခွင့်ရဆိုသူက လေမလျှော့ဘဲ ‌ဗျူဟာအရ ‘ဟ’ ပေးတာပါဟု ဆိုပြန်သည်။ သိမ်းပိုက်ခံမြို့များ၊ စခန်းများတွင် အောင်ပွဲခံနေသော မြောက်ပိုင်းအဖွဲ့များ၏ ဓာတ်ပုံများကိုလည်း ဓာတ်ပုံလာခိုးရိုက်တာပါဟု ခပ်တည်တည် ဆိုပြန်သေးသည်။

ကိုးကန့်ဒေသတွင် စစ်ဆင်ရေးလှုပ်ရှားနေသော မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့တပ်ဖွဲ့ဝင်များ / ဓာတ်ပုံ- The KoKang

ထိုအချိန်တွင် စစ်တပ်လော်ဘီများနှင့် စစ်တပ်ပြောခွင့်ရဆိုသူတို့ထက်သာသူက ပေါ်လာပြန်သေးသည်။ ထိုသူကတော့ မင်းအောင်လှိုင်ကိုယ်တိုင် ဖြစ်၏။ ရှမ်းမြောက်စစ်ပွဲတွင် မြောက်ပိုင်းသုံးဖွဲ့နှင့် ပြည်ပမှ ဒရုန်းပညာရှင် ၆,၅၀၀ ဦးပါဝင်နေသည်ဟု စစ်ကောင်စီအစည်းအဝေးတွင် ပြောဆိုသည်ကို တွေ့ရပြန်သည်။

မြောက်ပိုင်းသုံးဖွဲ့၏ မြေပြင်စစ်အင်အားအရ ဒရုန်းပညာရှင် ၆,၅၀၀ ဆိုသည့်ကိန်းဂဏန်းမှာ မဖြစ်နိုင်မှန်း လက်တွေ့ လေ့လာစောင့်ကြည့်သူများက ကောင်းစွာသိနိုင်သည်။ သို့သော်လည်း စစ်ကောင်စီ၏ ထိပ်ဆုံးခေါင်းဆောင်ကိုယ်တိုင်က မဖြစ်နိုင်သော ကိန်းဂဏန်းများကို ပြောဆိုပြီး ဖြစ်ရပ်မှန်များကို ဖုံးကွယ်ရန် ကြိုးစားနေသည်ကို တွေ့ရ၏။

ထို့ပြင် လွိုင်ကော်စစ်မြေပြင်တွင် စစ်ကောင်စီ တပ်ရင်းနှစ်ရင်းပြုတ်ပြီး မြို့ဧရိယာအများစုကို ကရင်နီအင်အားစုများက ထိန်းချုပ်ကာ တိုက်ပွဲဝင်နေသည်။ စစ်တပ်နှင့်ရဲက စခန်းအပြင် မထွက်ရဲကြဖြစ်နေသည်ကို မင်းအောင်လှိုင်က လွိုင်ကော်ကို စစ်တပ်က ထိန်းချုပ်နိုင်ပြီဟု ခပ်တည်တည်လိမ်သည်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဒုစစ်ဦးစီးချုပ် ကိုမာဝီက လွိုင်ကော်မြို့ထဲမှာ အအေးသောက်ပြပြီး ဗီဒီယိုဖိုင်နှင့် တုန့်ပြန်လိုက်သည်။ စစ်တပ်လော်ဘီများ အသံမထွက်ကြ။

လိမ်စရာရှိရင် ကြီးကြီးကျယ်ကျယ် လိမ်ပါ၊ ကြာလျှင် လူတွေက အမှန်ထင်သွားလိမ့်မည်ဆိုသည့် စကားအတိုင်း မင်းအောင်လှိုင်နှင့် သူ့တပည့်များ အတိုင်အဖောက်ညီညီ ကျင့်သုံးနေကြ၏။ ဆက်သွယ်မှု ကောင်းမွန်နေသော ခေတ်ကာလကြီးတွင် အမှန်တရားကို ကြာကြာဖုံး၍ မရနိုင်ပေ။ စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်နေသော်လည်း စတားလင့် အင်တာနက်ကို အသုံးပြု၍ ရနေပြီဖြစ်သော မြန်မာပြည်ကြီးတွင် မင်းအောင်လှိုင်နှင့် ဆရာတပည့်များသည် အတိုင်အဖောက်ညီညီ ဗြောင်လိမ်လည်ကြရင်း ကျောက်ခေတ်၌ ကျန်နေခဲ့ကြသည်ကို တွေ့ရသည်။

သို့သော် မင်းအောင်လှိုင်နှင့် စစ်တပ်လော်ဘီများသည် ကွမ်းလုံ၊ ချင်းရွှေဟော်၊ သိန္နီ၊ မုန်းကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ နန့်ဆလပ်၊ ကုန်ကြမ်း၊ ၁၀၅ မိုင်၊ နမ့်ဆန်၊ နမ့်ခမ်းတို့နှင့်ပတ်သက်လျှင် လေသံပင် မဟရဲကြတော့။ ဗျူဟာအရ ‘ဟ’ ပေးသည်၊ ဗျူဟာမြောက် ‘ခွာစစ်ဆင်’ တို့ကိုပင် ကျယ်ကျယ် မပြောရဲကြတော့ပေ။ ဗျူဟာမြောက် ခွာစစ်ဆင်သည်များမှာ တဖြည်းဖြည်းများလာပြီး ရှမ်းမြောက်တခုလုံး ကုန်တော့မည်။

စစ်တပ်နှင့်ရဲက စခန်းအပြင် မထွက်ရဲကြဖြစ်နေသည်ကို မင်းအောင်လှိုင်က လွိုင်ကော်ကို စစ်တပ်က ထိန်းချုပ်နိုင်ပြီဟု ခပ်တည်တည်လိမ်သည်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဒုစစ်ဦးစီးချုပ် ကိုမာဝီက လွိုင်ကော်မြို့ထဲမှာ အအေးသောက်ပြပြီး ဗီဒီယိုဖိုင်နှင့် တုန့်ပြန်လိုက်သည်။ စစ်တပ်လော်ဘီများ အသံမထွက်ကြ။

အလားတူ တပ်လုံးပြုတ်သွားပြီး တပ်နံပါတ်ပါ ပျောက်သွားပြီဖြစ်သည့် ကွမ်းလုံမှ ခလရ ၁၂၃၊ ခမရ ၃၁၂၊ အမတ ၄၁၈၊ ရန့်ခွမ် ခေါ် ညန့်ခွမ်မှ ခလရ ၁၂၉၊ ကုန်းကြမ်းအခြေစိုက် ခလရ ၁၂၅၊ နန်ဆလပ်မှ ခမရ ၅၆၇၊ ခမရ ၅၆၈ တို့အကြောင်း မပြောရဲကြတော့ပေ။ ထိုနေရာအရပ်ဒေသများသို့ စစ်ကောင်စီတပ် ဓာတ်ပုံပင်သွားပြီး ခိုးရိုက်နိုင်ခြင်း မရှိတော့သည်ကို တွေ့ရ၏။

မုန်းအခြေစိုက် ခမရ ၅၉၀ နှင့် ခမရ ၅၉၉ တို့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြန်လည် ဆုတ်ခွာပေးသဖြင့် စစ်ကောင်စီတပ်များ ပြန်လည်နေရာယူပြီး ဓာတ်ပုံရိုက်ပြနိုင်သေးသည်။ သို့သော် အဖမ်ဆီးခံသွားရသော စစ်သား၊ အိမ်ထောင်သည်များနှင့် ပတ်သက်၍ လေသံမဟတော့။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်နေ့ကမူ ဒီဇင်ဘာ ၁ ရက်တွင် တန်ပြန်ထိုးစစ်ကြီး စတော့မည်ဟု လော်ဘီတသိုက် လေလုံးထွားကြသည်။ ဒီဇင်ဘာ ၁ ရက်နေ့နံနက်၌ နေရာအချို့တွင် အမြောက်နှင့်ပစ်၊ လေယာဉ်‌ဖြင့် ဗုံးကြဲသည်မှအပ မြေပြင်တွင် ဘာမှလုပ်မပြနိုင်။ တန်ပြန်ထိုးစစ်ကြီး စပြီဟု လေလုံးထွားသည့် ဒီဇင်ဘာ ၁ ရက်နေ့တွင် နန့်ပေါ်တံတားစခန်း အသိမ်းခံရသည်။ စဉ့်အင်တံတားစခန်း အသိမ်းခံရသည်။ စဉ့်အင်တံတား အချိုးခံရပြီး လားရှိုးအား မြေပြင်ဆက်သွယ်ရေး ဖြတ်တောက်ခံရသည်။ ထို့နောက် ကျင်းစန်းကျော့၊ ၁၀၅ မိုင်၊ နန့်ဆန်၊ နမ့်ခမ်း၊ နမ့်ခိုင်တံတား၊ မန်တုံတို့ကို တိုက်ခိုက်သိမ်းပိုက်ခံရသည်။ နမ္မတူ၊ ကွတ်ခိုင်တို့ကို ဆက်လက် တိုက်ခိုက်နေသည်။

RelatedPosts

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
2.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2k
ကျောက်ဖြူတိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာ

ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

7 January 2026
1.5k

ယခုတဖန် ဇန်နဝါရီ ၁ ရက်နေ့တွင် နှစ်သစ်ကူးထိုးစစ် စမည်ဟု ကြွေးကြော်ညာသံပေးနေသည်။ သို့သော်လည်း ၁၀၂၇ စစ်ဆင်ရေး စပြီးကတည်းက မြောက်ပိုင်းသုံးဖွဲ့နှင့် ကချင် KIA တို့ တိုက်ခိုက်သိမ်းပိုက်သည့် စခန်းပေါင်း ၃၀၀ ခန့်နှင့် ကွမ်းလုံ၊ ချင်းရွှေဟော်၊ သိန္နီ၊ မုန်းကိုး၊ ကြူကုတ်ပန်ဆိုင်း၊ နန့်ဆလပ်၊ ကုန်ကြမ်း၊ ၁၀၅ မိုင်၊ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံစသည့် မည်သည့်မြို့ကိုမှ ပြန်လည် သိမ်းပိုက်နိုင်ခြင်း မရှိပေ။ နမ္မတူ၊ တာမိုးညဲ၊ နန့်ဖတ်ကာ၊ ကွတ်ခိုင်တို့ကို ဆက်လက် တိုက်ခိုက်နေခြင်းအား အသည်းအသန် ခုခံကာကွယ်‌နေရသည်။ ထို့ပြင် မြောက်ပိုင်းသုံးဖွဲ့က မူဆယ်၊ လောက်ကိုင်တို့ကို ဝိုင်းပတ်ပြီး တဖြည်းဖြည်း ရှေ့သို့ တိုးနေသည်။

မင်းအောင်လှိုင်နှင့် ဆရာတပည့်များ အတိုင်အဖောက်ညီညီ လိမ်နေကြသော်လည်း လက်တွေ့မြေပြင်တွင် ဖြစ်ပျက်နေသည်များနှင့် တခြားစီဖြစ်နေတော့၏။

၃။ ရှမ်းမြောက် မနိုင် လိုင်ဇာမဲ

မြန်မာစစ်တပ်အခြေအနေမှာ တပ်အင်အား မလုံလောက်တော့။ တနေရာ၊ စခန်းတခု အတိုက်ခံရပါက လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူမှအပ မြေပြင်စစ်ကူ မပေးနိုင်သလောက်ဖြစ်နေသည်။ အောက်ခြေစစ်တပ်က တိုက်ရည်ခိုက်ရည် ညံ့ဖျင်းနေသကဲ့သို့ စိတ်ဓာတ်ကျဆင်းနေကြရာ စခန်းများကို အလွယ်တကူ လက်လွှတ်သကဲ့သို့ လက်နက်ချနေကြသည်။

၂၈ ရက်ကြာ ခုခံတိုက်ခိုက်ခဲ့သည့် မုန်းကျက်စခန်း၊ ၃၂ ရက်ကြာ ခုခံတိုက်ခိုက်သည့် နမ့်ခမ်း စခန်းသစ်ကုန်းတို့ကဲသို့ ကြံ့ကြံ့ခံတိုက်သည့် စစ်ကောင်စီ၏ သစ္စာရှိနောက်လိုက်အချို့ ရှိနေသေးသော်လည်း စစ်တပ်ခေါင်းဆောင်ပိုင်းက စစ်ရေးခေါင်းဆောင်မှု၊ ကွပ်ကဲမှုညံ့ဖျင်းနေသည်။

လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူပေးခြင်း၊ ခံစစ်စခန်းအချို့သို့ စစ်အင်အားဖြည့်တင်းပေးခြင်းမှအပ မည်သည့် စစ်ဗျူဟာအခင်းအကျင်းမှ မဖန်တီးနိုင်။ ခံစစ်သေနှင့်သာ သူ၏တပ်များအား ခုခံခိုင်းထားသည်။ အချိန်ကြာလာသည်နှင့် စခန်းတခုပြီးတခု ကျသွား၏။ လက်နက်ကြီးနှင့်ပစ်၊ လေယာဉ်နှင့်ပစ် ဆိုသည်ကလွဲ၍ ဘာမှစစ်ဗျူဟာမြောက် လှုပ်ရှားမှုမှမတွေ့ရ။

ပြန်လှန်ထိုးစစ် စတင်ရန်ဟု ဆိုနေသော်လည်း လက်ဦးမှုမဲ့ပြီး လက်တွေ့တွင် ဘာမှ ပြန်လုပ်နိုင်ခြင်း မရှိပေ။ အထီးတည်း ခံစစ်သေဖြင့် ခုခံနေရသော်လည်း မြေပြင်လှုပ်ရှားစစ်ကြောင်းများဖြင့် ထောက်ကူပေးနိုင်ခြင်း မရှိသဖြင့် မြောက်ပိုင်းသုံးဖွဲ့က စိမ်ပြေနပြေ ဝိုင်းပတ်ထိုးစင်ဆင်နိုင်ခဲ့ကြ၏။ အချိန်ကြာလာသည့်နှင့်အမျှ ခံစစ်စခန်းထဲမှ မင်းအောင်လှိုင်၏ သစ္စာရှိနောက်လိုက်များသည်လည်း စိတ်ဓာတ်ကျဆင်းပြီး တောင့်မခံနိုင်ကြတော့ပေ။

စစ်ကောင်စီခေါင်းဆောင်များသည် စစ်တပ်၏ စစ်အင်အား၊ မြေပြင်အင်အား၊ လေကြောင်းအင်အားလည်း စုစည်းခြင်း မပြုနိုင်ကြပေ။ ၁၀၂၇ စစ်ဆင်ရေး စပြီးနောက် KIA ဌာနချုပ် လိုင်ဇာတဝိုက်သို့ လေကြောင်းဖြင့် ပစ်ခတ်ခတ်ခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ကို တွေ့ရ၏။ မိုးရာသီ နန်ဆန်ယန်စစ်ဆင်ရေးတွင် နန်ဆန်ယန်ဒေသမှ စခန်းကြီးများ လက်လွှတ်ရပြီးနောက် စစ်ကောင်စီတွင် လိုင်ဇာသို့ ထိုးစစ်ဆင်ရန် မြေပြင်တပ် မရှိတော့ပေ။

သို့ဖြစ်ရာ မြေပြင်တပ်မရှိဘဲ လိုင်ဇာသို့ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးနှင့် တိုက်ခိုက်ခြင်းတို့သည် စစ်ရေးအရ ထိရောက်မှု မရှိခြေ။ ခြိမ်းခြောက်မှုသက်သက်၊ အနှောင့်အယှက်ပေးရုံ သက်သက်သာဖြစ်သည်။ ကိုယ်နှင့်မတည့်သည့်အိမ်ကို အရက်မူးပြီး ခဲနှင့်ပေါက်သကဲ့သို့သာဖြစ်၏။ စစ်ရေးအရဆိုလျင် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အင်အားများကို မလိုအပ်သည့် နေရာများတွင် အာဃာတနှင့် အကျိုးမဲ့ဖြုန်းတီးနေခြင်းသာ ဖြစ်၏။

၄။ ပျော်ချိန်နည်းလာသူများ

စစ်ဆင်ရေး ၁၀၂၇ စပြီးနောက် အသိမ်းပိုက်ခံရသည့် မည်သည့်စခန်း၊ မည်သည့်မြို့ကိုမှ ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိတော့သည့် စစ်ကောင်စီခေါင်းဆောင်များနှင့် သူ၏လော်ဘီများသည် စခန်းတခု မကျဆုံးအောင် ကြာကြာ ခုခံနေနိုင်လျှင်၊ စခန်းမကျသေးလျှင်ပင် အားရဝမ်းသာ အောင်ပွဲခံပြနေသည်ကို သနားစဖွယ်တွေ့ရ၏။

နမ့်ခမ်းစခန်းသစ်ကုန်းတိုက်ပွဲတွင် စစ်တပ်၏ ကြံကြံခံ ခုခံတိုက် ခိုက်မှုကြောင့် TNLA ရာနှင့်ချီ၍ အလောင်းတွေပုံနေသည်၊ အလောင်းတွေ ရွှေလီမြစ်ထဲ မျှောပစ်နေရသည်ဟူ၍ ၃၁ ရက်ခန့် စစ်လော်ဘီများက ကြံဖန်၍ ဂုဏ်ဆာပြနေကြခဲ့ကြသော်လည်း TNLA က တရက်လန်ကျလျှင် နှစ်ရက်ပြန်ထိုးသည်။ ငါးရက်လန်ကျလျှင် ဆယ်ရက်ထိုးသည်။ သို့နှင့် ၃၂ ရက်နေ့မြောက်တွင် TNLA က နမ့်ခမ်းစခန်းသစ်ကုန်းအား သိမ်းပိုက်ပြီးနောက် အားလုံး အသံတိတ်သွားသည်။ ဗျူဟာမြောက် ခွာစစ်ဆင်သလို၊ ဘာလိုလိုနှင့် ငြိမ်ကြသွား၏။

စစ်ဆင်ရေး ၁၀၂၇ စပြီးနောက် အသိမ်းပိုက်ခံရသည့် မည်သည့်စခန်း၊ မည်သည့်မြို့ကိုမှ ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိတော့သည့် စစ်ကောင်စီခေါင်းဆောင်များနှင့် သူ၏လော်ဘီများသည် စခန်းတခု မကျဆုံးအောင် ကြာကြာ ခုခံနေနိုင်လျှင်၊ စခန်းမကျသေးလျှင်ပင် အားရဝမ်းသာ အောင်ပွဲခံပြနေသည်ကို သနားစဖွယ်တွေ့ရ၏။

ယခုတဖန် လွိုင်ကော်ထောင်တိုက်ပွဲတွင် KNDF များ မသိမ်းနိုင်သေးဘဲ ပြန်လန်ကျသည်ကို အောင်ပွဲကြီးလိုလို ဝမ်းသာပြ၊ ဂုဏ်ယူပြနေကြပြန်၏။ သို့သော် KNDF က လွိုင်ကော်မှ ပြန်ဆုတ်သွားသည် မဟုတ်ဘဲ နောက်တကြိမ် ပြန်ထိုးဦးမည်ဖြစ်ရာ စစ်ကောင်စီတပ်အတွက် လွိုင်ကော်ထောင်နိဂုံးကို မကြာခင် ကြုံတွေ့ရဦးမည်ဖြစ်၏။

သို့ဖြစ်ရာ ကြံဖန်၍ ဂုဏ်ဆာပြ၊ လက်ခမောင်းခတ်ပြနေသည့် စစ်ကောင်စီနှင့် သူ၏‌ လော်ဘီများအတွက် ပျော်ချိန် နည်းလာပေပြီ။အရာအားလုံးသည် မြေပြင်ပကတိ လက်တွေ့အခြေအနေများနှင့် ကင်းကွာနေသည်။ စစ်ကောင်စီခေါင်းဆောင်များသည် မည်သည့်စစ်ဗျူဟာ အခင်းအကျင်းမှ မဖန်တီးနိုင်ဘဲ ခံစစ်စခန်းများကို မဆုတ်တမ်း ခံစစ်စခန်းများအဖြစ် သတ်မှတ်ပြီး “ငါမသေ၊ ငါ့စခန်းမကျရ” ဟူသည့် သွေးထိုးလှုံ့ဆော် မြှောက်ပင့် လိမ်ညာမှုဖြင့် သူ၏စစ်တပ်ကို မဲတင်းနေ၏။

လက်တွေ့မြေပြင်တွင်မူ စစ်ကောင်စီ ခေါင်းဆောင်များ ကျင့်သုံးနေသည့် စစ်ဗျူဟာဆိုသည်မှာ စခန်းတခု အသိမ်းခံရလျှင် စခန်းတခုထပ်မံ၍ လက်ဆောင်ပေးသည့်ဗျူဟာ၊ မြို့တမြို့အသိမ်းခံရလျှင် နောက်ထပ်မြို့တမြို့ လက်ဆောင်ပေးသည့်ဗျူဟာသာ ဖြစ်နေ၏။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏ စစ်ဗိုလ်ချုပ်ဆိုသူများသည် အာဏာသိမ်းပြီးနောက် ဘုရားဒကာလိုလို၊ ဆင်ဖြူရှင်လိုလိုနှင့် ကိုယ်ကျိုးစီးပွားရှာနေကြသူများဖြစ်ရာ စစ်မတိုက်တတ်ကြတော့ဘဲ စီးပွားရေးဗျူဟာ ပိုတတ်သွားကြပုံရ၏။

အခြေအနေမှန်ကို မြင်သည့် အရာရှိစစ်သည်များကမူ CDM လုပ်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချခြင်းတို့ဖြင့် ရှင်လမ်းကို ရွေးချယ်နိုင်ကြသည်။ မျက်ကန်းနောက်လိုက်များကတော့ အသေထွက် ထွက်နေကြရ၏။ ဤသည်ပင် အလိမ်အညာများဖြင့် ပြည့်နှက်နေသည့် စစ်ကောင်စီ၏ မုသာဝါဒ လမ်းဆုံးပင် ဖြစ်ပေတော့သည်။

ပြောပြန်ရင်လည်း ခင်မမ လွန်ရာကျပါမည်။

(ခင်မမသည် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတဦး ဖြစ်သည်။)

You may also like these stories:

စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ် လက်နက်ချသူ ၆၅၀ ကျော်ရှိ

စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး ဒေါက်တိုင် Forever Group

စစ်တပ်၏ ဝါဒဖြန့် ရုပ်ရှင် “တုနှိုင်းမမီသည့်စံ”ဇာတ်ကား ရုံတင်ရက် ရွှေ့ဆိုင်း

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးCDMPDFSliderTNLAစစ်ကောင်စီစစ်တပ်လော်ဘီစစ်အာဏာသိမ်းမှုနယ်စပ်ကုန်သွယ်ရေးမြေပြင်စစ်ကူမြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့လက်နက်ကြီးပစ်ကူလေကြောင်းတိုက်ခိုက်မှုဝါဒဖြန့်ချိရေး
ခင်မမ

ခင်မမ

ခင်မမသည် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင် ရွှေမန်းသူလေး

စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင် ရွှေမန်းသူလေး

စစ်ကောင်စီပစ်သော လက်နက်ကြီးကျ၍ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုပြတိုက် ပျက်စီး

စစ်ကောင်စီပစ်သော လက်နက်ကြီးကျ၍ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုပြတိုက် ပျက်စီး

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved