နိုင်ငံအရှေ့မြောက်ပိုင်းတခွင်တွင် ချိန်ညှိတိုက်ခိုက်သည့် ခုခံတော်လှန်စစ်နှင့်အတူ မြန်မာ့ပြည်တွင်းစစ် ရုတ်တရုတ် အရှိန်မြင့်လာခြင်းသည် စစ်တပ်အသိုက်အဝန်း တခုလုံးကို တုန်ခါသွားစေပြီး ဒီမိုကရေစီ အင်အားစုများကို ထပ်မံအားတက်စေသည်။ အာဏာရှင်စနစ်၏ ချုပ်ကိုင်မှုသည် ရှေ့တန်းစစ်မျက်နှာမှ ဝေးကွာသည့် စစ်တပ်အခြေစိုက်စခန်းများတွင်လည်း အလားတူ လှုပ်ခါနေကြောင်း စစ်သားဇနီးမယားများနှင့် ရှားပါးသော တွေ့ဆုံမေးမြန်မှုများက ဖော်ပြနေသည်။ စစ်တပ်အခြေစိုက်စခန်းများမှ စစ်သားမိသားစုများ အကြားတွင် စိုးရိမ်ပူပန်မှုများ နက်ရှိုင်းနေသည်။
အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခြင်းအတွက် အမည်ပေးထားသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း အဓိကကျသည့် ခုခံတော်လှန်ရေး အင်အားစုများသည် မြန်မာနိုင်ငံမြောက်ပိုင်းမှ စစ်စခန်းများကို တိုက်ခိုက်ကြပြီး တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခုကို ထိန်းချုပ်လိုက်သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအမျိုးမျိုးနှင့် ပြောက်ကျားပုံစံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ၏ မကြုံစဖူး ပူးတွဲစစ်ဆင်ရေးများအတွင်း ၎င်းတို့သည် ရှမ်းပြည်နယ်မှ စစ်စခန်း ၂၀၀ ကျော်နှင့် အစိုးရ အဆောက်အအုံများကို သိမ်းပိုက်နိုင်ခဲ့ကြသည်။
ရှားပါးသော ညှိနှိုင်းတိုက်ခိုက်မှုဖြင့် တနိုင်ငံလုံးမှ အခြားတပ်များကလည်း သီးခြားတိုက်ခိုက်မှုများ ပြုလုပ်ကြပြီး ထိုအဖွဲ့များတွင် ကရင်နီ ခုခံတော်လှန်ရေးသမားများသည် ထိုင်းနယ်စပ်အနီး ကယားပြည်နယ်မြို့တော် လွိုင်ကော်ကို သိမ်းပိုက်ရန် နီးစပ်လာသည်။ နိုဝင်ဘာလလယ်သို့ ရောက်လာသောအခါ မြန်မာနိုင်ငံအလယ်ပိုင်းမှ တပ်ပေါင်းစုတခုသည် စစ်ကိုင်းတိုင်းမှ ကောလင်းမြို့ကို သိမ်းပိုက်လိုက်ကြောင်း ကြေညာစဉ် တိုင်းရင်းသားလက်နက်ကိုင်များက အိန္ဒိယနှင့်နယ်စပ်တွင် ချင်းအလံလွှင့်ထူလိုက်သည်။
မြန်မာနိုင်ငံအတွင်းမှ စစ်တပ်များအပေါ် ရိုက်ခတ်မှုသည် နက်ရှိုင်းပြီး စစ်သားဇနီးများ၏ သက်သေခံမှုများတွင် ပဲ့တင်ထပ်နေသည်။
အမည်ဆိုးကျော်ကြားလှသော စစ်တပ်အတွင်း ၎င်းတို့လင်ယောက်ျားများ၏ ရာထူးအဆင့်အလိုက် ဆင့်ကဲအုပ်ချုပ်မှုများကြောင့် စစ်သားမိန်းမများသည် မျှော်လင့်ချက် ကင်းမဲ့သော ဆုံးရှုံးမှုများအကြောင်း တိတ်ဆိတ်စွာ ညည်းညူကြသည်။ လင်ယောက်ျားစစ်သားများ ရှေ့တန်းထွက်နေသောကြောင့် စစ်ကာလ၌ စစ်သားမိန်းမတို့၏ တာဝန်များသည် စစ်တပ်ဝင်းအတွင်း ကင်းလှည့်ခြင်းနှင့် မရေတွက်နိုင်သည့် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသည်ဟု စွပ်စွဲခံနေရသည့် စစ်သားများကို ကာကွယ်ပေးမည်ဟု ယုံကြည်သော ဗုဒ္ဓဘာသာ တရားတော်များ ရွတ်ဖတ်ရခြင်းအထိ ကျယ်ပြန့်လာသည်။

မြန်မာနိုင်ငံတောင်ပိုင်းရှိ တည်နေရာ မဖော်ပြသည့် ထိုသို့သော တပ်ရင်းများအတွင်း စိတ်ဓာတ်ကျဆင်းမှုများအကြောင်း အမျိုးသမီး နှစ်ဦးက Nikkei Asia သို့ ပြောပြသည်။
လက်ရေးဖြင့် ရေးသားထားသော မှတ်စုများကို ရိုက်ကူးထားပြီး ဖုန်းဖြင့်ပေးပို့သည့် ဓာတ်ပုံများ၊ ထွက်ပြေးလာသည့် စစ်သားဇနီးများနှင့် တွေ့ဆုံမေးမြန်းမှုများ ပါဝင်သည့် ၎င်းတို့၏ တုံ့ပြန်မှုများက မလုံခြုံသောဘဝများနှင့် အထက်အရာရှိများအပေါ် မုန်းတီးမှုတို့ကို ဖော်ပြနေသည်။
လက်ရေးဖြင့် ရေးသားထားသော မှတ်စုများကို ရိုက်ကူးထားပြီး ဖုန်းဖြင့်ပေးပို့သည့် ဓာတ်ပုံများ၊ ထွက်ပြေးလာသည့် စစ်သားဇနီးများနှင့် တွေ့ဆုံမေးမြန်းမှုများ ပါဝင်သည့် ၎င်းတို့၏ တုံ့ပြန်မှုများက မလုံခြုံသောဘဝများနှင့် အထက်အရာရှိများအပေါ် မုန်းတီးမှုတို့ကို ဖော်ပြနေသည်။
“စစ်သားမိန်းမတွေနဲ့ ဆယ်ကျော်သက် ကလေးတွေကို ကင်းလှည့်ဖို့ ပိုပြီး တွန်းအားပေးတယ်” ဟု တပ်ကြပ်ကြီးတဦး၏ဇနီး မစန္ဒာက နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ရေးသားသည်။ လုံခြုံရေးအတွက် သူ၏အမည်ကို ပြောင်းလဲထားသည်။
“စစ်တပ်မိသားစုတွေ ပိုပြီး မလုံမခြုံခံစားနေရတယ်။ တယောက်နဲ့ တယောက်လည်း မယုံကြည်ဘဲ သေရမှာ ကြောက်နေကြတယ်” ဟု ၎င်းက ဆက်လက်ရေးသားသည်။
၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် စစ်တပ်သည် ဆုံးရှုံးမှု အများအပြား ရင်ဆိုင်ရကြောင်း ၎င်းတို့တပ်မှ စစ်အရာရှိများက ဝန်ခံပြီး ခုခံတော်လှန်သည့် အင်အားစုဘက်တွင်လည်း နေ့စဉ် သေဆုံးမှု များပြားကြောင်း ပြောသည်ဟု မစန္ဒာက ပြောသည်။ ခေါင်းဆောင်ပိုင်းမှ ဖိအားများပြားလာခြင်းနှင့်အတူ စစ်အရာရှိများအကြား ငြင်းခုံမှုဖြစ်စေပြီး အမိန့်များသည် ရှင်းလင်းမှု မရှိတော့ပေ။
စစ်သားမိန်းမများသည် စစ်တပ်ဝင်းများကို ကာကွယ်ရန်အတွက် စစ်သင်တန်း ထပ်မံတက်ရမည်ဟု အခြား တပ်ကြပ်ကြီးတဦး၏ဇနီး မြတ်က နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရေးသားသည်။ “တပ်သားတွေကို ဂရုမစိုက်လို့ အရာရှိတွေကို စစ်သားမိသားစုတွေက ကျိန်ဆဲနေကြတယ်” ဟု အမည်ပြောင်းထားသည့် မြတ်က ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံမှရွေးကောက်ခံ ခေါင်းဆောင်များကို ဖမ်းဆီး အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တပ်များသည် စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့်ကွက်သူများအား ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ကြပြီး ဗိုလ်ချုပ်များသည် ပြည်သူသန်းပေါင်းများစွာကို ဆင်းရဲတွင်းသို့ ပြန်လည် ဆွဲချလိုက်သည်။ အာဏာသိမ်းပြီး တနှစ်အကြာတွင် မြန်မာ့စီးပွားရေးသည် ၁၈ ရာခိုင်နှုန်း ကျုံ့သွားသည်။ ထိုနောက်ပိုင်းတွင် နှစ်စဉ် ၃ ရာခိုင်နှုန်းခန့် တိုးတက်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လ အစီရင်ခံစာတစောင်တွင် အချိုးမကျသည့် မူဝါဒများနှင့် ရှည်ကြာသော ဖရိုဖရဲ အခြေအနေကြောင့် စီးပွားရေးကို ထာဝရ အထိနာစေမည်ဟုလည်း သတိပေးသည်။
ယခုအခါ မြန်မာနိုင်ငံမြောက်ပိုင်း တောင်တန်းများမှသည် ကပ္ပလီပင်လယ်ကမ်းခြေအထိ ကျယ်ပြန့်ပြီး ပိုမိုများပြားလာသည့် ညှိနှိုင်းတော်လှန်ပုန်ကန်မှုများက စစ်ကောင်စီကို ဖြုတ်ချရန် ခြိမ်းခြောက်နေသည်။
ထိုထိုးစစ်ကို မင်းအောင်လှိုင်က နိုဝင်ဘာလ ၂ ရက်နေ့တွင် ပထမဆုံးအကြိမ် လူသိရှင်ကြား တုံ့ပြန်ပြီး တိုင်းရင်းသားလက်နက်ကိုင်များကို တန်ပြန် တိုက်ခိုက်မည်ဖြစ်ကြောင်း ကြိမ်းဝါးသည်။ စစ်တပ်သည် အခြေအနေကို အောင်မြင်စွာ ပြန်လည် ထိန်းသိမ်းနိုင်ခဲ့သည်ဟု နောက် ခြောက်ရက်ကြာသောအခါ ကျင်းပသည့် ခေါ်ယူခဲသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပြောကြားသော်လည်း မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် စစ်တပ်ကို တိုက်ခိုက်သည့် စစ်မျက်နှာသစ်တခု ရက်ပိုင်းအတွင်း ပေါ်လာသည်။

စစ်ကောင်စီသည် ခုခံတော်လှန်ရေး အင်အားစုများကို ဒဏ်ခတ်သည့် လေကြောင်းတိုက်ခိုက်မှုများ လုပ်နိုင်သော်လည်း ခြုံခိုတိုက်ခိုက်မှုများနှင့် အဓိကကျသည့် တံတားများကို ဖျက်ဆီးလိုက်ခြင်းကြောင့် ၎င်းတို့တပ်များ လှုပ်ရှားမှုကို အဟန့်အတားဖြစ်စေသည်။
စစ်တပ်အတွင်း မင်းအောင်လှိုင်ကို ထောက်ခံမှုသည် သူ၏ ကျေးဇူးခံကျေးဇူးစားများကြားတွင်သာ ရှိတော့ကြောင်း မစန္ဒာက ၁၀၂၇ စစ်ဆင်ရေး မတိုင်မီ ရက်သတ္တပတ် အတန်ကြာက အခြား စာတစောင်တွင် ရေးသားသည်။
စစ်တပ်အတွင်း မင်းအောင်လှိုင်ကို ထောက်ခံမှုသည် သူ၏ ကျေးဇူးခံကျေးဇူးစားများကြားတွင်သာ ရှိတော့ကြောင်း မစန္ဒာက ၁၀၂၇ စစ်ဆင်ရေး မတိုင်မီ ရက်သတ္တပတ် အတန်ကြာက အခြား စာတစောင်တွင် ရေးသားသည်။ “တပ်ဝင်းထဲက စစ်သားအများအပြား တိုက်ပွဲမှာ သေကုန်ကြပေမယ့် ကျမတို့ကို အသေးစိတ်တွေ မပြောဘူး” ဟု ၎င်းက ဆက်ပြောသည်။ “ဒဏ်ရာရတဲ့သူတွေလည်း တပ်ဝင်းထဲမှာ အများကြီးရှိတယ်” ဟုလည်း ပြောသည်။
စစ်တပ်အတွင်းမှလူ ၉၀ ရာခိုင်နှုန်းသည် မင်းအောင်လှိုင်ကို မနှစ်သက်ကြောင်း မစန္ဒာက ခန့်မှန်းသည်။
“အခြေအနေကို သူသိတယ်။ အခြေအနေ ပုံမှန်ပြန်ရောက်အောင်လို့ ပြဿနာတွေကို သူဖြေရှင်းစေချင်တယ်” ဟုလည်း မစန္ဒာက ပြောသည်။ သို့သော် သာမန်စစ်သားများ သေဆုံးသည်ကို မည်သူမှ ဂရုမစိုက်ကြောင်းနှင့် စစ်သားမိသားစုများသည် ကျွဲနှစ်ကောင်ခတ်သည့်ကြားမှ မြေဇာပင်ဖြစ်ကြောင်း စစ်ကောင်စီနှင့် ခုခံတော်လှန်ရေးအင်အားစုကို ရည်ညွှန်းပြီး ၎င်းကပြောသည်။
စစ်တပ်၏အင်အားသည် အငြင်းပွားဖွယ်ဖြစ်နေသော်လည်း ထိခိုက်သေဆုံးမှုများ၊ တပ်ပြေးများနှင့် ဘက်ပြောင်းသွားသူများကြောင့် တိုက်ခိုက်ရေးတပ် အင်အားသည် ၁၀၀,၀၀၀ နှင့် ၁၂၀,၀၀၀ ကြားသာ ရှိမည်ဟု အချို့က ယူဆသည်။ ဒီမိုကရေစီလိုလားသော စင်ပြိုင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ကာကွယ်ရေးတပ်များ ပါဝင်သည့် ၎င်း၏ လက်နက်ကိုင်တပ်တွင် တပ်ဖွဲ့ဝင် ၆၅,၀၀၀ ရှိကြောင်း ပြောသည်။ သီးခြားဒေသဆိုင်ရာတပ်များ၊ မြို့ပြကလာပ်စည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတွင် အင်အားသောင်းချီရှိသည်ဟု ယူဆရသည်။
သာမန်စစ်သားများသည် စစ်မြေပြင်တွင် ရိက္ခာနှင့် အခြေခံပစ္စည်းကိရိယာ မလုံလောက်ဘဲ တိုက်ခိုက်နေရကြောင်း ဘက်ပြောင်းလာသူ ဒါဇင်ပေါင်းများစွာကို တွေ့ဆုံမေးမြန်းမှုများက ဖော်ပြနေသည်။ တပ်သားသစ်များကို လစာအနည်းငယ်သာပေးပြီး အရာရှိများက အနိုင်ကျင့်နှိပ်စက်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်သား ၄,၀၀၀ မှ ၅,၀၀၀ ကြားနှင့် ရဲ ၉,၀၀၀ ကျော်တို့သည် ခုခံတော်လှန်ရေး အင်အားစုနှင့် ပူးပေါင်းခဲ့ကြောင်း စစ်တပ်မှ ဘက်ပြောင်းလာသည့် အုပ်စုများက ခန့်မှန်းသည်။ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် နောက်ထပ်စစ်သား အနည်းဆုံး ၅၀၀ ဘက်ပြောင်းလာသကဲ့သို့ ထို့ထက် ပိုမိုများပြားသောသူများ တပ်မှ ထွက်ပြေးကြောင်း ဘက်ပြောင်းလာသူများကို ထောက်ပံ့သည့် အကြီးဆုံး အဖွဲ့ဖြစ်သော ပြည်သူ့ပန်းတိုင်အဖွဲ့မှ တပ်ကြပ်ကြီး နောင်ရိုးက ပြောသည်။
“တပ်မတော်က ပြိုကွဲနေတယ်လို့ စိတ်ပိုင်းအရ၊ စိတ်ခံစားမှုပိုင်းအရ သူတို့ခံစားနေရတယ်။ အထူးသဖြင့် မြောက်ပိုင်းမှာ ပိုမိုခံစားနေရတယ်” ဟု ၎င်းကပြောသည်။ “စစ်ကောင်စီကျဆုံးမှုတွေ၊ သူတို့စစ်သားတွေအပေါ် ကျူးလွန်တဲ့ ချိုးဖောက်မှုတွေကို ပိုသိလာရတော့ အခြေစိုက်စခန်းတွေမှာနေတဲ့ စစ်သားတွေတောင်မှ ပဋိပက္ခရဲ့ ရိုက်ခတ်မှုကို ခံစားနေရတယ်” ဟုလည်း ပြောသည်။
ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှုနှင့် အငြင်းပွားဖွယ် ဖမ်းဆီးမှုများ ခံကြရသည့် ပြည်သူလူထုထံမှ စာနာနားလည်မှုကို စစ်တပ်စနစ်အတွင်း နေသူများ မမျှော်လင့်နိုင်ပေ။ စစ်တပ်သည် ခုခံတော်လှန်မှုကို နှိမ်နင်းရန်အတွက် ရုရှားနှင့်တရုတ်ထံမှ ဝယ်ယူထားသည့် ဂျက်တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို အကြီးအကျယ် အားကိုးနေရပြီး စစ်ကောင်စီ၏ မြေပြင်တပ်များသည် မီးရှို့တိုက်ခိုက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်နေကြောင်း မျက်မြင်သက်သေများ ပြောသည်။ ဗမာလူများစုမှ စစ်သားများဖြင့် အဓိက ဖွဲ့စည်းထားသည့် စစ်တပ်သည် နိုင်ငံမှ လူနည်းစုများအပေါ် ဗိုလ်ကျသည့်အမြင် သွတ်သွင်းခံထားရသည့် ရက်စက်ကြမ်းကြုတ်သော တပ်သာဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

၎င်းတို့သည် တခြားနေရာနှင့်ယှဉ်လျှင် ဘေးကင်းသည့် မြို့ကြီးများတွင် စခန်းချနေရသည်ဟု ယုံကြည်စေရန် အရာရှိများက စစ်သားများကို အယုံသွင်းပြီးနောက် ရှေ့တန်းသို့ ပို့ဆောင်ကြသည်ဟု မြတ်က ရေးသားသည်။
“ကျမ သိတဲ့ စစ်သားအများစုက စိတ်ဖိစီးနေပြီး သူတို့ရဲ့ ဖွဲ့စည်းပုံက မတည်ငြိမ်ဘူး။ တကယ်တော့ စစ်တပ်က ရက်စက်တဲ့ကိစ္စတွေ အများကြီး လုပ်ခဲ့တယ်။ စစ်တပ်ရဲ့တာဝန်က တိုင်းပြည်ကို ကာကွယ်ဖို့ပဲ ဖြစ်သင့်တယ်။ ကိုယ့်ပြည်သူကို ကိုယ်ပြန်သတ်ဖို့၊ ဖျက်ဆီးဖို့ မဖြစ်သင့်ဘူး။ ကျမ ဒီမိုကရေစီ လိုချင်တယ်” ဟုလည်း ၎င်းက ဆက်လက်ရေးသားသည်။
စစ်သားဇနီးမယားများနှင့် မိသားစုများအတွက် သွားလာမှု ကန့်သတ်ချက်များနှင့် ပြင်ပလောကကို ကြောက်ရွံ့စိတ်ကြောင့် အများစုသည် တပ်ဝင်းအတွင်း သီးခြားလောကတွင်သာ ပိတ်မိနေသည်။ မိုဘိုင်းဖုန်း အသုံးပြုခြင်းကိုပင် မကြာခဏ ကန့်သတ်ကြသည်။ လူမှုကွန်ရက်အကောင့် အသုံးပြုမှု အသေးစိတ်များကို တပ်ရင်း အကြီးအကဲထံ ပေးပို့ရကြောင်း စစ်သားဇနီးများက ပြောသည်။ အချို့ အမျိုးသမီးများသည် သတင်းရင်းမြစ်အဖြစ် ပြင်ပမှ ဆွေမျိုးများထံ ဖုန်းဖြင့်ဆက်သွယ်ကြသည်။
ထွက်ပြေးသော စစ်သားများကို ဖမ်းမိပါက ထောင်ချခံရမည့်အန္တရာယ်၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းခံရနိုင်သည်အထိ အန္တရာယ်ရှိပြီး ၎င်းတို့၏ မိသားစုများသည် လက်စားချေခံရသည်ဟု ဘက်ပြောင်းလာသူများက ပြောသည်။ ထိုသို့သော အန္တရာယ်များရှိသော်လည်း အချို့မိသားစုများသည် စစ်တပ်နှင့် အဆက်ဖြတ်ခဲ့ကြသည်။
၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် သူ၏ခင်ပွန်း ဘက်ပြောင်းသွားသောအခါ အသက် ၄၈ နှစ်ရှိပြီဖြစ်သော ဒေါ်ကြည်ပြာဝင်းကို မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှ တပ်ရင်းတခုတွင် တပ်မှူးက စစ်မေးသည်။ သူသည် အခြား လူကြီး၊ ကလေး ၃၀၀ ခန့်နှင့်အတူ ထိုတပ်ဝင်းတွင် နေထိုင်နေသည်မှာ ခြောက်နှစ်ခန့် ရှိပြီဖြစ်သည်။
ဘက်ပြောင်းမည့် ခင်ပွန်းသည်၏ အစီအစဉ်ကို မသိကြောင်း ငြင်းဆန်ခဲ့ပြီးနောက် တပ်မှထွက်ခွာရန် သူ့ကို အချိန် ငါးရက်ပေးခဲ့သည်။ အခြား စစ်သားမိန်းမများက သူ့ကို “ခွေးနီမ” ဟုခေါ်ကြောင်း ပြောသည်။ အနီရောင်ဆိုသည်မှာ စစ်တပ်က ဖြုတ်ချခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အရောင်ဖြစ်သည်။
ဘက်ပြောင်းမည့် ခင်ပွန်းသည်၏ အစီအစဉ်ကို မသိကြောင်း ငြင်းဆန်ခဲ့ပြီးနောက် တပ်မှထွက်ခွာရန် သူ့ကို အချိန် ငါးရက်ပေးခဲ့သည်။ အခြား စစ်သားမိန်းမများက သူ့ကို “ခွေးနီမ” ဟုခေါ်ကြောင်း ပြောသည်။ အနီရောင်ဆိုသည်မှာ စစ်တပ်က ဖြုတ်ချခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အရောင်ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်မှ ဘေးကင်းသောနေရာတခုတွင် တွေ့ဆုံမေးမြန်းသောအခါ အောက်ခြေစစ်သားများ၏ ဇနီးမယားများသည် နိုင့်ထက်စီးနင်းပြုခံရပြီး အထက်အရာရှိများက မျက်နှာသာပေးစေရန် အပြိုင်အဆိုင် လုပ်ဆောင်ရကြောင်း ဒေါ်ကြည်ပြာဝင်းက ပြောသည်။ “စစ်သားမိန်းမတွေက တယောက်နဲ့တယောက် မတည့်ဘဲ တယောက်အမှားကို တယောက် တိုက်ခိုက်နေကြတယ်” ဟု ၎င်းကပြောသည်။
လူမှုရေးအခမ်းအနားများ ကျင်းပသောအခါ အရာရှိမိန်းမများသည် စားကောင်းသောက်ဖွယ် ပြည့်နေသည့် ပန်းကန်များဖြင့် စားသောက်ကြပြီး ရဲဘော်မိန်းမများသည် စတီးဇလုံကြီးတခုတည်းမှ ဝေမျှစားသောက်ရကာ ဆေးကြောသန့်စင်သည့် လုပ်ငန်းများ အားလုံးကို လုပ်ကိုင်ရကြောင်း၊ အောက်ခြေစစ်သားများ၏ ကလေးငယ်များသည် အနိုင်ကျင့်ခံရပြီး ဆရာ ဆရာမများက အရာရှိသားသမီးများကိုသာ မျက်နှာသာပေးကြောင်း ဒေါ်ကြည်ပြာဝင်းက ပြောသည်။
စစ်သားများ တပ်ပြင်ထွက် တာဝန်ယူနေရ၍ မရှိသောကြောင့် တပ်ဝင်းအတွင်း စစ်သားမိန်းမများသည် လက်တိုလက်တောင်း အလုပ်များ လုပ်ကိုင်ရသည့်အပြင် သေနတ်ကိုင်ကာ ကင်းစောင့်ကြရသည်။
“တပ်မှူးတွေရဲ့ မိသားစုတွေ အိပ်နေချိန်မှာ ကျမတို့က စိတ်ပူပန် ဖိစီးပြီး ကင်းလှည့်နေရတယ်” ဟု ဒေါ်ကြည်ပြာဝင်းက ပြောသည်။ “တညကျတော့ တယောက်ယောက်က တပ်ဝင်ဂိတ်ဝကို သေနတ်နဲ့ပစ်တယ်။ စစ်သားမိန်းမ ကင်းစောင့်သူတွေက အိမ်ကို အမြန်ဆုံးပြေးတာပဲ။ တိုက်ခိုက်ဖို့ သူတို့ မစဉ်းစားဘူး” ဟုလည်း ပြောသည်။

အခြေအနေများ ယိုယွင်းလာသောအခါ ယုံကြည်မှုကို ရွေးချယ်ခွင့် မရှိတော့ပေ။ တပ်ဝင်းများအတွင်းတွင် တပ်မှူးများသည် ဘာသာရေးဘက်လှည့်ကာ ဗုဒ္ဓဘာသာ တရားတော်များ ရွတ်ဖတ်ရေး ညွှန်ကြားပေးရန် ဗေဒင်ဆရာများကို အားကိုးကြသည်။ စစ်သားမိန်းမတယောက် ဘုရားစာရွတ်ဆိုပွဲသို့ မလိုက်နိုင်ပါက အစားထိုးရန်လူအတွက် ငွေပေးရသည်ဟု ဒေါ်ကြည်ပြာဝင်းက ရှင်းပြသည်။ တရားတော်များကို ရွတ်ဖတ်ရာတွင် တိုက်ပွဲဖြစ်ပွားသည့် နေရာတခုခု အမည်ဖြင့် စတင်ပြီး နှစ်နာရီအထိကြာသည်။
ထိုသို့သော တရားတော် ရွတ်ဆိုပွဲများကြောင့် “စစ်သားမိန်းမတွေက ဘယ်နေရာမှာ တိုက်ပွဲဖြစ်နေတယ်၊ စစ်သားဘယ်လောက် ပါဝင်တယ်ဆိုတာကို တခြားသူတွေထက် စောစောစီးစီး သိကြတယ်” ဟုလည်း ၎င်းကပြောသည်။ ခန်းမရှိ ဘုရားဆင်းတုတော်သို့သွားသည့် လျှောက်လမ်းများတွင် ပန်းများ၊ ဖရောင်းတိုင်မီးများနှင့် ရေဖန်ခွက်များ ချထားတတ်သည်။
ဆန္ဒပြသူများ လမ်းမပေါ်ထွက်လာပြီး “xxx မင်းအောင်လှိုင်” ဟု အော်သည့် အာဏာသိမ်းမှု အစောပိုင်း ကာလများတွင် စစ်တပ်သည် ထိုလူထုလှုပ်ရှားမှုကို ၎င်းတို့နည်း ၎င်းတို့ဟန်ဖြင့် တန်ပြန်ကာ စစ်တပ်ထောက်ခံပွဲများ လုပ်သည်။ ထိုတပ်ထောက်ခံပွဲများတွင် ပါဝင်ရန် အရပ်သားများကို တဦးလျှင် ကျပ် ၅,၀၀၀ ပေးသည်။
“ဒါပေမယ့် ကျမတို့ကျတော့ စစ်သားမိန်းမတွေ ဖြစ်နေလို့ အခမဲ့ ပါဝင်ရတယ်” ဟု ဒေါ်ကြည်ပြာဝင်းက ပြောသည်။ “တယောက်ယောက်က ‘ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်’ လို့ အော်လိုက်ရင် ကျမတို့က ပျော်ရွှင်ပါစေ၊ ကျန်းမာပါစေလို့ အော်ရတယ်။ စိတ်ဖိစီးစရာ၊ ရှက်စရာ ကောင်းလိုက်တာ” ဟု ၎င်းကပြောသည်။
ထို့နောက် မကြာမီ မြို့ကြီးများတွင် စစ်တပ်ထောက်ခံပွဲဖြစ်စေ၊ ကန့်ကွက်ပွဲဖြစ်စေလုပ်ရန် မည်သူမဆိုအတွက် အန္တရာယ် ကြီးမားလာသည်။ လက်နက်မဲ့ ဆန္ဒပြသူများကို စစ်သားများက စတင် သတ်ဖြတ်ပြီးနောက် ပြည်သူလူထုဒေါသကြောင့် စစ်သားမိန်းမများသည် ရပ်ကွက်ဈေးများတွင်ပင် ဈေးမဝယ်ရဲတော့ပေ။
ခင်ပွန်းဖြစ်သူ လစာငွေ ၁၆၀,၀၀၀ ကျပ်ကို မှီခိုပြီး ဒေါ်ကြည်ပြာဝင်းသည် တပ်တွင်းစတိုးကိုသာ အားကိုးရသည်။ တပ်တွင်းစတိုးကို “သက်သာဆိုင်” ဟုခေါ်သော်လည်း ကြက်ဥပုပ်များ၊ ဆန်ကြမ်းများနှင့် သဲတရှပ်ရှပ်ဖြစ်နေသည့် ငပိများကို ဈေးများများဖြင့် ရောင်းချသည့်ဆိုင်များ ဖြစ်သည်။
“အဲဒီအစားအသောက်တွေကို ယူယူ မယူယူ ကျမတို့လစာတွေထဲက ဖြတ်တောက်တာပဲ။ ဒါကြောင့် အဲဒီရိက္ခာကိုယူပြီး တခြားမိသားစုတွေနဲ့ မျှဝေ စားသောက်ရတယ်” ဟု ၎င်းကပြောသည်
ဘက်ပြောင်းသွားသူများသည် တောထဲတွင် ငတ်ပြတ်သေဆုံးသည်၊ ၎င်းတို့ကို ခုခံတော်လှန်ရေး အင်အားစုများက အရှင်လတ်လတ် မြေမြှုပ်သတ်သည်ဆိုသည့် ကောလာဟလများကို အရာရှိများက ဖြန့်ချိသည်။ ထိုစကားများကို ဒေါ်ကြည်ပြာဝင်းက ယုံကြည်ခဲ့ပြီး တပ်ဝင်းအတွင်း ဖမ်းထားသည့် အကျဉ်းသားများကို ညှဉ်းပန်းနှိပ်စက်သောအခါ ထွက်လာသည့် အော်သံများအတွက် လက်စားချေခြင်း ဖြစ်မည်ဟု ထင်ခဲ့သည်။
PDF တိုက်ခိုက်ရေးသမားများကို ဆေးကုပေးသည်ဟု စွပ်စွဲခံရသည့် ဆရာဝန်တဦးကို ညှဉ်းပန်းနှိပ်စက်သောအခါ အော်ဟစ်သံသည် သူ့အတွက် အိပ်မက်ဆိုးများ မက်စေသည့် ငရဲသဖွယ်ဖြစ်ကြောင်း ၎င်းကပြောသည်။
“ကျမယောက်ျား ဘက်ပြောင်းသွာတဲ့အခါ သူ့ကို အဲဒီလို ညှဉ်းပန်းနှိပ်စက်မယ်လို့ ကျမထင်ခဲ့တာ” ဟုလည်း ပြောသည်။
သို့သော် ဘက်ပြောင်းသွားပြီးနောက် ခင်ပွန်းသည်က ဗီဒီယိုဖြင့် ဖုန်းခေါ်သောအခါ သူသည် ပြုံးရွှင်နေပြီး သက်သောင့်သက်သာရှိသော နေရာထိုင်ခင်းနှင့် အစားအသောက်များကို ပြသခဲ့သည်။ ဒေါ်ကြည်ပြာဝင်းသည် မကြာမီ ခင်ပွန်းသည်ထံ လိုက်သွားပြီး အခြားတပ်မိသားစုများလည်း အလားတူ လုပ်ဆောင်ရန် အားပေးသည်။
“စစ်တပ်က အရပ်သားတွေကို သတ်နေတာ သူတို့သိတယ်။ ဒါပေမယ့် သူတို့တွေ တိတ်တိတ်လေးနဲ့ ကြောက်နေရတယ်” ဟုလည်း ဒေါ်ကြည်ပြာဝင်းက ပြောသည်။
(Nikkei Asia ပါ Lorcan Lovett ၏ Inside Myanmar’s military bases: Wives stand guard as war escalates ကို ဘာသာပြန်သည်။)
You may also like these stories:
ကျွန်ဝယ်ရာအဆစ်ပါရတဲ့ စစ်သားမယားများ
တပ်တွင်းမပြိုကွဲရေး အာရုံစိုက်နေရသည့် စစ်ခေါင်းဆောင်များ
စစ်ခေါင်းဆောင်က ညီညွတ်ရေးပြောဆိုခြင်းသည် တပ်တွင်းအကွဲအပြဲကို မီးမောင်းထိုးပြနေ
စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲက ရှေ့တန်းရောက် အမျိုးသမီးများ