မကြယ်စင်က တိုက်ကွမ်ဒို၊ အစားအစာ စပ်စပ်နှင့် အနီရောင် နှုတ်ခမ်းနီကောင်းကောင်း များကို နှစ်သက်သည်။ သူက အိန်ဂျယ်ဆိုသော အင်္ဂလိပ် အမည်ကိုလည်း သုံးသည်။ မကြာသေးမီက စစ်အာဏာသိမ်းယူခဲ့ခြင်းကို ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လူအုပ်နှင့် ပူးပေါင်းရန် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့၏ လမ်းများပေါ် ထွက်လာသောအခါ သူ၏ဖခင်က သူ့ကို ပွေ့ဖက် နှုတ်ဆက်ခဲ့သည်။
မတ်လ ၃ ရက်နေ့က ဆန္ဒပြပွဲသို့ မကြယ်စင် ဝတ်သွားခဲ့သည့် အနက်ရောင်တီရှပ်တွင် “အားလုံး အဆင်ပြေသွားမှာပါ” ဟု ရိုးရိုးရှင်းရှင်း သတင်းစကားတခု ပါလာသည်။
မွန်းလွဲပိုင်းတွင် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းချိန်မှစ၍ သွေးထွက်သံယို အများဆုံး ဖြစ်ခဲ့ရသည့်နေ့တွင် တနိုင်ငံလုံး၌ တရက်တည်းနှင့် အနည်းဆုံးလူ ၃၀ ကို သတ်ခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့များက အသက် ၁၈ နှစ် အရွယ် မကြယ်စင်၏ ခေါင်းကို ပစ်ခတ်ခဲ့ကြောင်း ကုလသမဂ္ဂ၏ အဆိုအရ သိရသည်။

“သူက ကျမတို့ တိုင်းပြည်အတွက် သူရဲကောင်း တယောက်ပါ” ဟု မကြယ်စင်၏ အရင်းနှီးဆုံး သူငယ်ချင်းများထဲမှ တဦး ဖြစ်သော မချိုနွယ်ဦးက ပြောသည်။ သူသည်လည်း မြန်မာနိုင်ငံ အနှံ့အပြားမှ ရာနှင့်ချီသောမြို့ကြီးများတွင် အင်အားကောင်းစွာ ပေါ်ထွက်လာနေသော နေ့စဉ်ဆန္ဒပြပွဲများတွင် ပါဝင်နေခဲ့သူတဦး ဖြစ်သည်။ “တော်လှန်ရေးမှာ ပါဝင်ခြင်းအားဖြင့် ကျမတို့ မျိုးဆက်ရဲ့ လူငယ် အမျိုးသမီးတွေက ယောက်ျားတွေထက် သတ္တိမနည်းဘူးဆိုတာ ပြသနေပါတယ်။”
အန္တရာယ်များရှိနေသော်လည်း အမျိုးသမီးများက မြန်မာနိုင်ငံ၏ ဆန္ဒပြလှုပ်ရှားမှုတွင် ရှေ့တန်းမှ ရပ်တည်နေပြီး အမျိုးသမီး ခေါင်းဆောင်တဦးကို ဖြုတ်ချခဲ့သည့်၊ အမျိုးသမီးများကို ရာစုနှစ်ဝက်ကြာ ဖိနှိပ်ထားခဲ့သော အမျိုးုသားကြီးစိုးသည့် အစဉ်အလာကို ပြန်လည်ပြဌာန်းသော ဗိုလ်ချုပ်ကြီးများကို ပြင်းထန်သည့် ပြစ်တင် ဝေဖန်နေကြသည်။
နေ့စဉ် ချီတက်ပွဲများသို့ စုရုံးရောက်ရှိလာကြသည့် အမျိုးသမီးများက အမျိုးသမီးများ လွှမ်းမိုးသော ကဏ္ဍများ ဖြစ်ကြသည့် သပိတ်မှောက် ဆရာသမဂ္ဂများ၊ အထည်ချုပ် လုပ်သားများနှင့် ဆေးဘက်ဆိုင်ရာလုပ်သားများကို ကိုယ်စားပြုကြသည်။ ရှေ့ဆုံးတန်းတွင် အငယ်ဆုံးသူများက နေရာယူလေ့ ရှိသည်။ မတ်လ ၃ ရက် နေ့တွင် အမျိုးသမီးငယ် ၂ ဦး ဦးခေါင်းကို သေနတ်နှင့် အပစ်ခံခဲ့ရပြီး နောက်တဦးမှာ နှလုံး အနီးသို့ အပစ်ခံခဲ့ရသည်။ ကျည်ဆံ ၃ တောင့်က သူတို့၏ ဘဝများကို အဆုံး သတ်စေခဲ့သည်။

တပ်ဖွဲ့များကို ကျည်အစစ်များ မသုံးရန်နှင့် မိမိကိုယ်ကို ကာကွယ်ရေးအတွက် ကိုယ်ခန္ဓာ အောက်ပိုင်းကိုသာ ပစ်ခတ်ရန် ညွှန်ကြားထားကြောင်း အစောပိုင်းတွင် စစ်တပ်ပိုင် ရုပ်မြင်သံကြားများက ကြေညာခဲ့သည်။
“ဒီတော်လှန်ရေးမှာ ကျမတို့ သူရဲကောင်းတချို့ ဆုံးရှုံးရနိုင်ပါတယ်” ဟု ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်၏ လက်ထောက် အထွေထွေအတွင်းရေးမှူး မစန္ဒာက ပြောသည်။ “ကျမတို့ အမျိုးသမီးတွေရဲ့ သွေးက နီပါတယ်။”
အာဏာသိမ်းမှု နောက်ပိုင်း သေဆုံးသူ ၅၄ ဦး အထိ ရောက်ရှိခဲ့သည့် မတ်လ ၃ ရက်နေ့က အကြမ်းဖက်မှုများသည် ၎င်း၏ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်းနှင့် အသားကျနေသော စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ထင်ဟပ်ပြနေခဲ့သည်။ ပြီးခဲ့သည့်လအတွင်းတွင် အနည်းဆုံး ကလေးငယ် ၃ ဦး သေနတ်ဖြင့် အပစ်ခံခဲ့ရပြီး စစ်အာဏာသိမ်းပြီးနောက် ဖြိုခွဲနှိမ်နင်းမှုတွင် ပထမဆုံး သေဆုံးခဲ့ရသူမှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က ခေါင်းကို ပစ်သတ် ခြင်းခံခဲ့ရသော နေပြည်တော်မှ အသက် ၂၀ အရွယ် အမျိုးသမီးတဦး ဖြစ်သည်။

သတ်ဖြတ်မှုများက တကမာ္ဘလုံးရှိ လူ့အခွင့်အရေး ထောက်ခံသူများကို စိတ်ပျက် ဒေါသထွက်စေခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က “မြန်မာစစ်တပ် အနေနဲ့ ဆန္ဒပြသူတွေကို သတ်ဖြတ်တာနဲ့ ထောင်ချတာကို ရပ် ဆိုင်းပစ်ရပါမယ်”ဟု မတ်လ ၄ ရက်နေ့က ပြောကြားခဲ့သည်။ “တိုင်းပြည်အနှံ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို လုံခြုံရေးတပ်ဖွဲ့ တွေက ကျည်ဆံအစစ်တွေနဲ့ ပစ်ခတ်ခြင်းက လုံးဝ စက်ဆုပ်ရွံရှာဖွယ်ရာ ဖြစ်ပါတယ်။”
ဆန္ဒပြပွဲများ စတင်ခဲ့ပြီး ရက်သတ္တပတ်များအတွင်း ဆေးဘက်ဆိုင်ရာ စေတနာ့ဝန်ထမ်း အမျိုးသမီး အဖွဲ့များက လမ်းများကို လှည့်လည်ကာ ဒဏ်ရာရသူများနှင့် သေလုဆဲဆဲ လူနာများကို စောင့်ရှောက်ခဲ့သည်။ အမျိုးသမီးများ ၏ ထမိန်ခံတပ်က လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် အဓိကနေရာမှ ပါဝင်လာခဲ့သည်။ ထို့ပြင် အမျိုးသမီးများက နိမ့်ကျသည့်အတွက် ထမိန်ကို အမျိုးသားများ၏ အဝတ်များကို အတူ မလျှော်ဖွပ်သင့် ဆိုသော အစဉ်အလာကို ဆုပ်ကိုင်ထားသည့် နိုင်ငံတခုတွင် ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည့် ကျား/မ ဆိုင်ရာ အယူအဆကို သူတို့ ဆန့်ကျင်ခဲ့ကြသည်။
ဆန့်ကျင် ဖီလာပြုသည့် တီထွင်ဖန်တီးမှု တခုအနေဖြင့် ဆန္ဒပြနေရာများကို ကာကွယ်ရန် ပြည်သူတို့က ကြိုးတန်းများပေါ် တွင် ထမိန်များကို ချိတ်ဆွဲခဲ့ကြသည်။ အချို့ အမျိုးသားများက ၎င်းတို့၏ အောက်သို့ မဝင်ချင်ကြသည်ကို သိရှိထားသောကြောင့် ဖြစ်သည်။ အခြားသူများက အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုပ်ပုံကို ထမိန်တွင် ချိတ်ဆွဲကြသည်။ သူ့ကို နှိမ့်ချလိုသော သဘောဖြင့် ဖြစ်သည်။

မန္တလေးမြို့တွင် ကျည်ဆံများကို ရှောင်တိမ်းလာခဲ့ရသည့် အသက် ၂၈ နှစ် အရွယ် ဆရာဝန်မ တဦး ဖြစ်သည့် ဒေါက်တာ ယဉ်ယဉ်နှောင်းက“ အခုဆိုရင် အမျိုးသမီးငယ်တွေက ဆန္ဒပြပွဲတွေကို ဦးဆောင်နေပြီ။ ဘာကြောင့်လဲဆိုတော့ ကျမတို့မှာ သဘာဝအရ မိခင်စိတ်ရှိတယ်။ နောက်မျိုးဆက်ကို ကျမတို့က ဖျက်ဆီးခွင့် မပေးနိုင်ဘူး” ဟု ပြောသည်။ “ကျမတို့ရဲ့ အသက်ကို ဂရုမစိုက်ဘူး။ ကျမတို့ရဲ့ အနာဂတ် မျိုးဆက်တွေ အတွက်ပဲ ဂရုစိုက်ပါတယ်။”
စစ်တပ်၏ လူမဆန်စွာပြုမူမှုများက နိုင်ငံ၏ လူဦးရေ ၅၅ သန်းမှ အများစုအပေါ် သက်ရောက်ခဲ့ခြင်း ဖြစ်သော်လည်း အဆုံးအရှုံး အများဆုံးက အမျိုးသမီးများ ဖြစ်သည်။ တပ်မတော်ဟု သိကြသည့် စစ်တပ်သည် အလွန်ရှေးရိုးစွဲဆန်ပြီး တပ်မတော်၏ အဆင့်မြင့်ရာထူးများတွင် အမျိုးသမီးများ မပါဝင်ပါ။ ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှုများ အရ စစ်သားများက တိုင်းရင်းသား လူနည်းစုများမှ အမျိုးသမီးများကို အုပ်စုလိုက် အဓမ္မပြုကျင့်မှုများ စနစ်တကျ ကျူးလွန်ခဲ့ကြကြောင်း သိရသည်။ စစ်ဗိုလ်ချုပ်များ၏ အမြင်တွင် အမျိုးသမီးများသည် အားနည်း၍ မစင်ကြယ်သူများဟု မှတ်ယူလေ့ ရှိ ကြသည်။ ဗုဒ္ဓဘာသာ လွှမ်းမိုးသည့် မြန်မာနိုင်ငံမှ ဘာသာရေး ဆိုင်ရာ အစဉ်အလာ အဆင့်အတန်းများတွင်လည်း အမျိုးသမီးများကို အမျိုးသားများ၏ အောက်တွင်သာ နေရာပေးသည်။
စစ်တပ်နှင့် ဘုန်းတော်ကြီးကျောင်းမှ မမျှတသည့် ခွဲခြားမှုများကို မြန်မာနိုင်ငံ၏ ပိုမို ကျယ်ပြန့်သော လူ့အဖွဲ့အစည်းတွင် မမျှဝေကြပါ။ အမျိုးသမီးများက ပညာတတ်ပြီး စီးပွားရေးတွင် အဓိကကျသည်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းများ၊ ကုန်ပစ္စည်း ထုတ်လုပ်မှုနှင့် အစိုးရလုပ်ငန်းများတွင် ဖြစ်သည်။ အမျိုးသမီးများက သူတို့၏ နိုင်ငံရေးစကားသံများကို ပိုမို၍ ရှာဖွေတွေ့ရှိလာကြသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါတီ ဖြစ်သော အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ကိုယ်စားလှယ်လောင်းများထဲမှ ၂၀ ရာခိုင်နှုန်း ခန့်က အမျိုးသမီးများ ဖြစ်သည်။

NLD ပါတီက မဲ အပြတ်အသတ်ဖြင့် အနိုင်ရခဲ့ပြီး စစ်တပ်နှင့် ပိုမိုနီးစပ်၍ အမျိုးသားများ လွှမ်းမိုးထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အနိုင်ယူခဲ့သည်။ တပ်မတော်က ထို ရလဒ်များကို မသမာမှုအဖြစ် ပယ်ချခဲ့သည်။
“အမျိုးသမီးတွေက အာဏာရှင်စနစ် တိုက်ဖျက်ရေးမှ ရှေ့တန်းက ပါဝင်ခဲ့ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒါက ကျမတို့ရဲ့ အရေးကိစ္စလို့ ကျမတို့ ယုံကြည်လို့ပါ” ဟု အသက် ၂၇ နှစ် အရွယ် နိုင်ငံရေးသမားနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း မအိသင်ဇာမောင်က ပြောသည်။ အာဏာသိမ်းပြီး ၅ ရက်အကြာတွင် ရန်ကုန်မှ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲကို သက်တူရွယ်တူ အခြားအမျိုးသမီး တယောက်နှင့်အတူ သူက ဦးဆောင်ခဲ့သည်။
မအိသင်ဇာမောင်နှင့် သူ၏လုပ်ဖော်ကိုင်ဖက် အက်စတာဇီနော်တို့ ၂ ဦးလုံးက နေ့ဘက်တွင် ဆန္ဒပြကြပြီး ညဘက်တွင် ပုန်းအောင်းနေကြရသည်။ ဒေသတွင်း စောင့်ကြည့်လေ့လာရေး အဖွဲ့တခု၏ အဆိုအရ အာဏာသိမ်းပြီးချိန်မှစ၍ လူပေါင်း ၁၅၀၀ ခန့် ဖမ်းဆီးခံခဲ့ရသည်။
သူတို့ ၂ ယောက်က ငယ်ရွယ်စဉ်ကပင် နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားခဲ့ကြပြီး မြန်မာနိုင်ငံမှ လူအများစုက ရိုဟင်ဂျာ မွတ်ဆလင်များအပေါ် စစ်တပ်၏ လူမျိုးဖြုတ် သန့်စင်ရေး လှုပ်ရှားမှုကို အသိအမှတ်မပြုလိုကြသည့်အချိန်တွင် တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးများအတွက် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ မြန်မာနိုင်ငံ လူဦးရေမှ အနည်းဆုံး ၃ ပုံ ၁ ပုံ သည် တိုင်းရင်းသား လူနည်းစုများဖြစ်ပြီး အချို့က စစ်တပ်နှင့် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေသည်။
ဖေဖော်ဝါရီ ၆ ရက်က ဆန္ဒပြပွဲကို ဦးဆောင်ခဲ့ကြစဉ် သူတို့ ၂ ဦးက ကရင် တိုင်းရင်းသား အင်္ကျီများဖြင့် ချီတက်ခဲ့ကြသည်။ အက်စတာဇီနော်က ကချင်လူမျိုး ဖြစ်ပြီး အသက် ၁၇ နှစ်အရွယ်တွင် တပ်မတော်၏ ထိုးစစ်များကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသော သောင်းနှင့်ချီသည့် အရပ်သားများ နေထိုင်ရာ ဒုက္ခသည်စခန်းများတွင် နေခဲ့ရသည်။ စစ်တပ်မှ ဂျက်လေယာဉ်များက ခေါင်းပေါ်တွင် ဆူညံစွာ ပျံသန်းနေပြီး အမျိုးသမီးများနှင့် ကလေးငယ်များပေါ်သို့ လက်နက်ကြီးများ ကြဲချခဲ့သည်ဟု သူက ပြန်ပြောပြသည်။

“စစ်အစိုးရကို ဖျက်သိမ်းဖို့ လုပ်မယ်လို့ အဲဒီအချိန်မှာ ကျမကိုယ်ကျမ ကတိပြုလိုက်တယ်” ဟု သူကပြောသည်။ “အဲဒီ ခံစားချက်က ဘာနဲ့ တူသလဲ၊ ခွဲခြားဆက်ဆံခြင်းက ဘယ်ကို ဦးတည်သလဲ ဆိုတာကို လူနည်းစုတွေ သိကြတယ်။ အမျိုးသမီးတယောက်အနေနဲ့ ကျမတို့ကို ဒုတိယလိင် အဖြစ် သတ်မှတ်ခံထား ရတုန်းပဲ။”
“အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေက လူ့အခွင့်အရေးပြဿနာတွေမှာ ပိုပြီး လုပ်ကိုင်ကြရတဲ့ အကြောင်းရင်းတွေထဲမှာ အဲဒါက တခုပဲ” ဟု သူက ထပ်ပြောသည်။
မြန်မာနိုင်ငံ၏ လမ်းများပေါ်တွင် လုံခြုံရေးတပ်ဖွဲ့များက လက်နက်မဲ့ ဆန္ဒပြသူများကို ဆက်လက် ပစ်ခတ်နေသည့်တိုင် လှုပ်ရှားမှု၏ ဖွဲ့စည်းပုံမှာ ပိုမို၍ စုံလင်ကွဲပြားလာခဲ့သည်။ မွတ်ဆလင် ကျောင်းသားများ၊ ကက်သလစ် သီလရှင်များ၊ ဗုဒ္ဓ ဘာသာဘုန်းကြီးများ၊ အမျိုးသမီးအသွင် ဝတ်ဆင်ထားသော အမျိုးသားများနှင့် များပြားလှသော မိန်းမပျိုလေးများ ပါဝင်နေသည်။
“Gen Z က ကြောက်စိတ်ကင်းတဲ့ မျိုးဆက်ဖြစ်ပါတယ်” ဟု မဟန်နီအောင်က ပြောသည်။ သူ၏ ညီမဖြစ်သူ မကျော့နန္ဒာအောင် မှာ မတ်လ ၃ ရက်နေ့က မုံရွာမြို့တွင် ဦးခေါင်းကို ပစ်ခတ်ခဲ့သော ကျည်ဆံတတောင့်ကြောင့် သေဆုံးခဲ့ရသည်။ “ကျမရဲ့ ညီမက ဆန္ဒပြပွဲတွေကို နေ့တိုင်းသွားတယ်။ သူက အာဏာရှင်စနစ်ကို မုန်းတယ်။”

ယခုသီတင်းပတ် အစောပိုင်းက အစိုးရ ဝါဒဖြန့်ချိရေး သတင်းစာတွင် ဖော်ပြခဲ့သော မိန့်ခွန်း၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူတို့၏ ဝတ်စားဆင်ယင်မှုသည် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်နေကြောင်း ဆန္ဒပြသူ များ၏ မလျော်ကန်သော အပြုအမူများအဖြစ် မနှစ်သက်သလို ပြောခဲ့သည်။ သူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် ဘောင်းဘီရှည် ဝတ်ထားသော အမျိုးသမီးများ ပါဝင်သည်ဟု ယေဘုယျအားဖြင့် ယူဆနိုင်ပါသည်။
ပစ်သတ် မခံရမီအချိန်တွင် မကြယ်စင်က အားကစား ဖိနပ်နှင့် ဂျင်းဘောင်းဘီ အပြဲကို ဝတ်ဆင်ထားပြီး သူ၏ ငြိမ်းချမ်းစွာ ဆန္ဒပြဖော် ပြဖက်များကို နောက်ပြောင်နေခဲ့သည်။
မတ်လ ၃ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများဖြင့် စတင်ပစ်ခတ်ချိန်တွင် မကြယ်စင်က သူတို့၏ မျက်လုံးများ ဆေးကြောရန် ကူညီပေးနေခဲ့သည်။ အခြား ဆန္ဒပြသူတဦးက မှတ်တမ်းတင်ထားသော ဗီဒီယိုတွင်“ ငါတို့ မပြေးဘူး။ ငါတို့ ပြည်သူတွေရဲ့ သွေးမြေမကျရဘူး” ဟု သူက အော်ဟစ်နေသည်ကို တွေ့ရသည်။
အမျိုးသားဆန္ဒပြသူများကြား ဝင့်ဝင့်ကြွားကြွား ဟန်ပန်ဖြင့် ရှိနေသည်ကို သတိပြုမိပြီး မကြည်စင်၏ နောက်ဆုံးပုံရိပ်အချို့ ကို ဓာတ်ပုံရိုက်ဖြစ်ခဲ့သော ကိုလူမော်က “သူက ကျနော့်ဘဝမှာ တွေ့ဖူးသမျှ သတ္တိအကောင်းဆုံး မိန်းကလေးပါ” ဟု ပြောသည်။
( The New York Times သတင်းစာပါ ‘She Is a Hero’: In Myanmar’s Protests, Women Are on the Front Lines ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
လမ်းမထက် ခြောက်သွေ့မသွားမည့် သွေးစက်များ
တခေတ်တခါက အထင်ကရ မြန်မာအမျိုးသမီးများ