“ဒေါ်သဲစုရယ် ပြန်ချိန်တန် ပြန်လာမှာပေါ့။ အကယ်၍ ပြန်ချိန်တန်လို့ ပြန်မလာခဲ့ရင် ကျုပ်အတွက် ဂုဏ်ယူလိုက်တော့” ဟု ကိုဖိုးချစ်တယောက် အပြင်မထွက်ခင် ဇနီးဖြစ်သူကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။
သူသည် မြောက်ဒဂုံ ၄၈ ရပ်ကွက် မြို့ဦးလမ်းတွင် နေထိုင်သူ တဦးဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းပေါ်၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သူ တဦးဖြစ်သည်။
မိသားစုနှင့် ဖုန်းပြောခဲ့သည့် နောက်ဆုံးအချိန်က ညနေ ၄ နာရီ ၂၉ မိနစ် ဖြစ်ပြီး ၎င်းထံမှ တခွန်း၊ နှစ်ခွန်းမျှသော နောက်ဆုံးစကားကို ကြားရဖို့ ဇနီးဖြစ်သူက ဖုန်း ၂၉ ကြိမ်ခေါ်ခဲ့ရသည်။
“သူ့ကို အချိန်တိုင်းကို ဖုန်းဆက်နေတာ။ ပြောလည်း တခွန်း၊ နှစ်ခွန်း ပြောပြီး ပြန်ချတာ။ ၄ နာရီ ၂၉ မိနစ်ကတော့ ဖုန်းကို ၂၉ ကြိမ်လောက် ခေါ်လိုက်ရတယ်။ ခေါ်ပြီး ပြောတော့လည်း တခွန်းထဲ ပြာပြာသလဲ ဖုန်းပြန်ချသွားတာ” ဟု ဇနီး ဖြစ်သူက မျက်ရည်အဝိုင်းသားဖြင့် ပြန်လည်ပြောပြနေခြင်း ဖြစ်သည်။
နာရီဝက်တခါ ဖုန်းဆက်နေသော ဇနီးသည်ကို ကြိုတင်နှုတ်ဆက်သွားခဲ့သည့် ကိုဖိုးချစ်၏ အသက်မှာ ၂၂ သာ ရှိသေးပြီး ၎င်း၏ ဇနီးသည်မှာလည်း အသက် ၂၄ သာ ရှိသေးသည်။
ခုတော့ ကိုဖိုးချစ်တယောက် သူချစ်လှစွာသော ဇနီးသည်နှင့် ၆ နှစ်အရွယ် သားတယောက်ကို ထားသွားရှာပြီ ဖြစ်သည်။
ကိုဖိုးချစ်သည် မတ်လ ၃ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီတိုက်ပွဲတွင် အသက်ပေးလှူခဲ့ရသူများအနက် တဦးအပါအဝင် ဖြစ်သည်။
ကိုဖိုးချစ်တို့ ကျဆုံးခဲ့သည့် ကတ္တရာလမ်းမထက်တွင် စေးထန်းသော သွေးစီးကြောင်းများ၊ သွေးစများ၊ သွေးခဲများက နေရာ ယူနေဆဲပင် ဖြစ်သည်။
အဆိုပါ သွေးကွက်များ၊ သွေးစီးကြောင်းများဘေးတွင် အုတ်ခဲများ ပတ်ပြီး ရံထားသကဲ့သို့ သွေးစီးကြောင်းပေါ်၌လည်း အနီရောင် ခွပ်ဒေါင်းအလံကို လွှမ်းခြုံပေးထားသည်။
သွေးကွက် တခုချင်းဆီတွင် သေသူတို့၏ ဖိနပ်ကလေးများ တရံစီချထားပြီး ဂုဏ်ပြုနှင်းဆီပန်းတို့ကိုလည်း ချထားသည်မှာ တွေ့မြင်ရသူတိုင်း၏ စိတ်နှလုံးကို ထိခိုက်ကြေကွဲစေသည်။
မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းကြီးပေါ် ကျောက်ရေတွင်း တံတားအဆင်းတွင် မတ် ၃ ရက်နေ့က သေဆုံးသွားသူတို့၏ သွေးများသည် ဧရာဝတီ သတင်းအဖွဲ့ ရောက်သွားသော မတ် ၄ ရက်နေ့ နံနက်ပိုင်းအထိ မခြောက်သေးပေ။
မတ်လ ၃ ရက်၊ ညနေပိုင်းတွင် ပြည်သူများက မြို့နယ်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးသွားခြင်းကြောင့် ပြန်လွှတ်ပေးရန် ဆန္ဒပြနေစဉ် စစ်သားများက စစ်သေနတ်များ၊ ကျည်အစစ်များ အသုံးပြုပြီး ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ကိုဖိုးချစ်လိုပင် သေဆုံးခဲ့သူများအနက် တဦးဖြစ်သည့် မြောက်ဒဂုံ ၄၂ ရပ်ကွက်နေ အသက် ၂၆ နှစ်အရွယ် ကိုဇွဲထက်စိုးသည် သေနတ်ထိမှန်ဒဏ်ရာ ရထားသူ တဦးကို ပြေးလွှားကယ်တင်ရင်း သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများ က ပြောဆိုသည်။
“ကျနော်ပြောခဲ့တယ်။ ငါထိပြီ နောက်ဆုတ်နေလို့ ပြောခဲ့သေးတယ်။ သွေးတော်တော်ထွက်နေလို့ ပြန်ဆုတ်တာ။ ဒီကောင်က လူလာကယ်ရင်းနဲ့ ထိတာ” ဟု ၎င်း၏ သူငယ်ချင်းဖြစ်သူက ပြောပြသည်။
အဆိုပါ ပြောပြသူ ကိုယ်တိုင်လည်း ခေါင်းတွင် ရာဘာကျည် ထိမှန်သဖြင့် ဆံပင်များ ရိတ်ထားပြီး ဒဏ်ရာကိုလည်း ချုပ်ထားသည်ကို တွေ့ရှိရသည်။
ကိုဇွဲထက်စိုးသည် စားဝတ်နေရေးအတွက် နပမ်းလုံးနေရသည့်အပြင် စိတ်ပူတတ်သော မိသားစုနှင့် နှလုံးရောဂါရှိသည့် အဖွားကြောင့် ဆန္ဒပြပွဲများကို တိတ်တဆိတ် ထွက်လာတတ်သော လူငယ်တဦးဖြစ်ပြီး မတ်လ ၃ ရက်နေ့၌မူ မိသားစုထံ အပြီးတိုင် ပြန်မလာနိုင်တော့ပြီ ဖြစ်သည်။
“သူ့အဖွားက နှလုံးရောဂါရှိလို့ အမှန်အတိုင်းမပြောဘဲ ထွက်သွားတာ။ ညနေပိုင်းမှာ သူ ညီမတို့ဆီကို ပြန်မလာတော့ဘူး” ဟု ဇနီးဖြစ်သူက ရှိုက်ကြီးတငင်ငိုကြွေးရင်း ပြောပြသည်။
ကြုံရာကျပန်းလုပ်ကိုင်ပြီး မိသားစုကို ရှာဖွေကျွေးနေသူ ကိုဇွဲထက်စိုးတွင် အသက် ၄ နှစ်ကျော် သမီးငယ်လေးတဦး ကျန်ရစ်ခဲ့သည်။
၎င်း၏ ဇနီးဖြစ်သူက “စားဖို့ သောက်ဖို့တောင် မရှိလို့ သူ အပြင်ထွက် မသွားခင်က သူများအိမ်က မုန့်ဟင်းခါး ဟင်းရည်တောင် တောင်းပြီး ထမင်းစားပြီး ထွက်သွားတာ။ ခုတော့ ဘယ်လိုတွေတောင် ဖြစ်ကုန်ပြီမှန်း မသိတော့ဘူး” ဟု ဆိုသည်။
ကိုဇွဲထက်စိုး၊ ကိုဖိုးချစ်တို့ အပါအဝင် မြောက်ဥက္ကလာပ မြို့နယ်တွင် သေဆုံးသူ ၂၂ ဦး ရှိကြောင်း သေဆုံးစာရင်း ကောက်ယူသူများက ပြောကြားနေပြီး မြောက်ဥက္ကလာပ ဆေးရုံသို့ ရောက်ရှိသည့် ရုပ်အလောင်းမှာ ၇ လောင်းသာ ရှိသေးကြောင်း သိရသည်။
မတ်လ ၃ ရက်နေ့တွင် မြောက်ဥက္ကလာကဲ့သို့ပင် မန္တလေး၊ မြင်းခြံ၊ မုံရွာ၊ မော်လမြိုင် စသည့် မြို့နယ်များ၌လည်း လူ အသေအပျောက်များ ရှိခဲ့ပြီး စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ထိတိုင် မတရားအကြမ်းဖက် ဖြိုခွင်းခံခဲ့ရ ၍ ကျဆုံးသွားခဲ့သူ အနည်းဆုံး ၅၀ ကျော် ရှိပြီ ဖြစ်သည်။
ယင်းနေ့ မြောက်ဥက္ကလာပ ပစ်ခတ်မှုဖြစ်စဉ်တွင် တချက်ချင်း ပစ်ခြင်းမဟုတ်ဘဲ အတွဲလိုက် ပစ်ခတ်ရသည့် သေနတ်များကို အသုံးပြု ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး အများစုမှာ ဦးခေါင်းကို ထိမှန်သေဆုံးကြရခြင်း ဖြစ်သည်။
“Y တံတားအောက်ထောင့်ကနေ စက်သေနတ်နဲ့ ဆွဲတာ။ ပစ်တာ ခန့်မှန်းခြေ ၁၅ မိနစ်လောက် ကြာတယ်” ဟု မျက်မြင်တွေ့ရှိသူက ဆိုသည်။
ပစ်ခတ်ချိန် ၁၅ မိနစ်အတွင်း အယောက်ပေါင်းများစွာ သေဆုံးခဲ့ရခြင်းကြောင့် လူမဆန်သော လူသတ်ပွဲ တခုဟုပင် မျက်မြင်တွေ့ရှိသူများက ကင်ပွန်းတပ်ခဲ့သည်။
မျက်မြင်တွေ့ရှိသူ မြောက်ဥက္ကလာပ ဒေသခံတဦးက “တမင် သတ်ချင်လို့ကို သတ်လိုက်တာ။ ကလေးတွေက ဟာလာဟင်းလင်းကြီး ဘာအကာအကွယ်မှ မရှိဘူး။ တမင်ပစ်သတ်ချင်လို့ကို သတ်တာ” ဟု နာနာကျည်းကျည်း ရေရွတ်ပြောဆိုနေသည်။
ကတ္တရာ လမ်းမထက်တွင် လူမဆန်စွာ ပစ်သတ်ခံခဲ့ရသူတို့၏ သွေးများ မခြောက်သေးသကဲ့သို့ မိသားစုဝင်တို့၏ သောက ကလည်း နှိုင်းဆ၍ပင် မရပေ။
“အခုကျဆုံးသွားတဲ့ သူတွေနေရာမှာ သူ့သားသမီးတွေ၊ သူ့မိဘတွေ၊ သူတို့ မိန်းမတွေဆိုရင် ဘယ်လိုခံစားနေရမလဲ။ သူတို့ မျက်နှာကို မြင်ဖူးချင်တယ်။ တခါလောက်တော့ ဘယ်လိုများ ခံစားနေရမလဲ တွေ့ဖူးချင်တယ်” ဟု ကိုဖိုးချစ် ဇနီး မသဲစုက ပြောဆိုသည်။
မသဲစု အပါအဝင် တခြားသူတို့၏ မိသားစုဝင်များ အနေဖြင့် စစ်အာဏာရှင် တော်လှန်ရေးနှင့်အတူ ကြမ်းတမ်းလှသည့် ဒီမိုကရေစီ ခရီးလမ်းတွင် သွေးမြေကျခဲ့ရသမျှအတွက် တရားမျှတမှုကို ဝမ်းပမ်းတနည်း မျှော်လင့်လျက် ရှိသည်။
ကိုဇွဲထက်စိုး၏ ဇနီးက အဆက်မပြတ် ရှိုက်ငိုရင်း “အသက် ဆုံးရှုံးသွားတဲ့အတွက် ဘာမှလည်း မပြောချင်တော့ ပါဘူး။ သူတို့ကိုပြောလည်း ကိုယ့်ယောက်ျားအသက် ပြန်ရလာမှာမှ မဟုတ်တာ။ ဒါပေမယ့် တရားမျှတမှုတော့ ပြန်လိုချင်တယ်” ဟု ဆိုသည်။
ထို့အတူ ကိုဖိုးချစ်၏ ဇနီးကလည်း “ပြည်သူလူထု ဒီလောက်ဒုက္ခရောက်နေတာ။ သူတို့တွေ နည်းနည်းမှ မျက်လုံး မပါဘူး လား။ မကြည့်ကြဘူးလားလို့” ဟု မေးခွန်းထုတ်သည်။
မြောက်ဥက္ကလာပ လမ်းမထက်က သွေးတွေ ခြောက်သွားခဲ့လျှင်တောင် ဒီမိုကရေစီတိုက်ပွဲအတွက် အသက်စတေးခဲ့ရသည့် အာဇာနည်တို့၏ ပေးဆပ်မှု သမိုင်းကတော့ မည်သည့်အခါမှ ခြောက်သွေ့သွားမည် မဟုတ်ပေ။
You may also like these stories:
မြောက်ဥက္ကလာတွင် ရဲနှင့် စစ်တပ် ပစ်ခတ်မှုကြောင့် ၁၅ ဦး သေ
မုံရွာပစ်ခတ်မှု၌ သေဆုံးသူ ကဗျာဆရာ ကေဇဝင်း အပါအဝင် ၄ ဦးကို ယနေ့သဂြိုဟ်
စစ်သားနှင့်ရဲ ရိုက်နှက်၍ ရန်ကုန် နာရေးကူညီမှု အသင်းသားများ ဒဏ်ရာရ