ရွေးကောက်ပွဲနေ့ရောက်ရန် တပတ်မျှပင် မလိုတော့ချိန်တွင် ရွေးကောက်ပွဲ ကျွမ်းကျင်သူများ၏ “နိုစထရာဒါးမတ်” (၁၄ ရာစုက ကမ္ဘာကျော် ပြင်သစ်ဟောကိန်းထုတ်သူ) ဟု တင်စားခေါ်သည့် သမ္မတရွေးကောက်ပွဲ သမိုင်းပညာရှင် အလန် လစ်ချ်မန်းက ဒီမိုကရက်တစ်သမ္မတလောင်း မစ္စ ကင်မလာ ဟဲရစ်သည် နောက်တက်မည့် သမ္မတဆိုသည့် သူ၏ဟောကိန်းအတိုင်း ဆက်လက် အခိုင်အမာ ရှိနေသည်။
အသက် ၇၇ နှစ်ရှိပြီဖြစ်သော အမေရိကန်တက္ကသိုလ် ပါမောက္ခ လစ်ချ်မင်းသည် ၁၉၈၄ ခုနှစ် နောက်ပိုင်း သမ္မတရွေးကောက်ပွဲ အနိုင်ရသူတိုင်းကို မှန်ကန်စွာ ခန့်မှန်းနိုင်သော သူ၏ သီးခြား ရွေးကောက်ပွဲလေ့လာသည့် စနစ်ကြောင့် ကျော်ကြားသူဖြစ်သည်။
မစ္စ ဟဲရစ်သည် အောင်ပွဲအတွက် အရေးပါသော ရည်မှန်းချက်များဟု သူယုံကြည်သည့် အချက်များနှင့် ပြည့်စုံသည်ဟု လွန်ခဲ့သောလက ထုတ်ဖော်ပြောကြားလိုက်သောအခါ ပါမောက္ခ လစ်ချ်မင်းသည် ဝေဖန်မှုလှိုင်းနှင့် ရင်ဆိုင်ရသည်။
ယခု CTV သတင်းနှင့် ဆွေးနွေးသောအခါ ပါမောက္ခ လစ်ချ်မင်းက မဲဆွယ်ပွဲ၏ အဆင့်ဆင့်သော ဖြစ်ရပ်များနှင့် ပတ်သက်သည့် သူ၏ဟောကိန်းသည် မပြောင်းလဲကြောင်း ပြောသည်။
သူ၏ဟောကိန်းသည် အိမ်ဖြူတော်ရောက်နေသည့် ပါတီ၏ အင်အားနှင့် စွမ်းဆောင်မှုအပေါ် မူတည်ပြီး မဲ အတက်အကျရှိကာ အမေရိကန် သမ္မတရွေးကောက်ပွဲများ မည်သို့ အလုပ်လုပ်သည်ဆိုသည့် အခြေခံ နားလည်မှုကို အခြေခံကြောင်းလည်း ရှင်းပြသည်။ စစ်တမ်းများသည် မဲဆန္ဒရှင်များကို မည်သို့မှ မှန်ကန်စွာ မပြောနိုင်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ထိုသို့ဖြစ်ရခြင်းမှာ ပြည်သူများက စစ်တမ်းများကို မတုံ့ပြန်ကြခြင်း၊ လိမ်လည်ကြခြင်း၊ နောင်တွင် စိတ်ပြောင်းသွားခြင်းနှင့် နောက်ဆုံးတွင် မည်သူ အမှန်တကယ်မဲပေးမည်ကို မသိနိုင်ခြင်းတို့ကြောင့် စစ်တမ်းများနှင့် ပတ်သက်သည့် မှားယွင်းနိုင်ခြေ အကြီးအကျယ်ရှိသောကြောင့် ဖြစ်ကြောင်း လစ်ချ်မန်းက ပြောသည်။
စစ်တမ်းများကို လျစ်လျူရှုသည့် တယူသန်သော စနစ်တခုကို ပါမောက္ခ လစ်ချ်မင်းက မှီခိုအားထားသည်။ ထိုစနစ်ကို အိမ်ဖြူတော်သို့ သော့ချက် ၁၃ ချက်ဟု သူကခေါ်သည့် စနစ်ဖြစ်ပြီး ထိုစနစ်ကို ၁၉၈၁ ခုနှစ်က မိတ်ဆွေ ဘူမိရူပပညာရှင် ဗလာဒီမာ ကိုင်လစ်ဘိုရော့ခ်နှင့်အတူ ထူထောင်ထားသည့်စနစ် ဖြစ်သည်။
ထိုစနစ်သည် နှစ်ပေါင်း ၁၂၀ အတွင်း သမ္မတရွေးကောက်ပွဲ ရလဒ်များကို အခြေခံပြီး လစ်ချ်မန်းကို ၂၀၁၆ ခုနှစ်က ထရမ့်၏ မျှော်လင့်မထားသည့် အောင်ပွဲကိုပင် တလကြိုတင်ပြောနိုင်စွမ်း ရှိစေခဲ့သည်။
ထို့နောက် သူသည် ၂၀၂၀ ရွေးကောက်ပွဲများ ရလဒ်ကို မှန်ကန်စွာ ကြိုတင်ခန့်မှန်းရန် ထိုနည်းကိုပင် အသုံးပြုသည်။

ထို့ကြောင့် သူက CTV သို့ “စစ်တမ်းတွေအပေါ် အခြေခံပြီး ကျနော့်ဟောကိန်းကို မပြောင်းလဲမှာ သေချာတယ်” ဟု ပြောသည်။
“ကျနော့်ဟောကိန်းကို ပြောင်းမယ်ဆိုရင် ၂၀၁၆ ခုနှစ်က ထရမ့်ကို ဟောကိန်းထုတ်တာ မှားသွားမှာပေါ့။ အဲဒီတုန်းက စစ်တမ်းတွေက တခြားအရာတွေကို ဖော်ပြနေကြတာ” ဟုလည်း ၎င်းက ပြောသည်။
ထို ပဟေဠိဆန်သည့် အဓိက သော့ချက် ၁၃ ချက်ကို နယူးယောက်တိုင်းမ်သို့ ရှင်လင်းပြောကြားရာတွင် ပါမောက္ခ လစ်ချ်မန်းက “အိမ်ဖြူတော်က ပါတီရဲ့ အင်အားနဲ့စွမ်းဆောင်ရည်ကို အသုံးပြုတဲ့ မြင်ကွင်းကျယ် ၁၃ ခုနဲ့ အမှား-အမှန် မေးခွန်းတွေဖြစ်တယ်” ဟု ပြောသည်။
သော့ချက် ၁၃ ခုတွင် သက်တမ်းလယ် ရွေးကောက်ပွဲအနိုင်ရမှုများ၊ လက်ရှိရာထူးရှိခြင်း၊ အခြေခံ ရွေးကောက်ပွဲ၊ တတိယပါတီ၊ ကာလတိုစီးပွားရေး၊ ကာလရှည်စီးပွားရေး၊ မူဝါဒ အပြောင်းအလဲ၊ လူမှု မငြိမ်သက်မှု၊ အိမ်ဖြူတော် အရှုပ်တော်ပုံ၊ လက်ရှိ၏ စည်းရုံးဆွဲဆောင်နိုင်စွမ်း၊ စိန်ခေါ်သူ၏ စည်းရုံးဆွဲဆောင်နိုင်စွမ်း၊ နိုင်ငံခြားရေးမူဝါဒ မအောင်မြင်မှုနှင့် နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုတို့ ပါဝင်သည်။
မစ္စ ဟဲရစ် အနိုင်ရမည့်ဟောကိန်းကို လွန်ခဲ့သောလတွင် ပြုလုပ်ပြီးနောက် သူရရှိသည့် ရိုင်းစိုင်း၊ စော်ကား၊ ပြင်းထန်သော အမုန်းတရားအကြောင်းလည်း CTV သို့ ၎င်းကပြောကြားသည်။
“ဒီတခါ ကြုံတွေ့ရတာလောက်များတဲ့ အမုန်းတွေ ကျနော့်ပေါ်ကို တခါမှ မကျရောက်ခဲ့ဖူးဘူး” ဟု ပါမောက္ခ လစ်ချ်မန်းက ပြောသည်။
“ဒါဟာ ဒေါ်နယ်ထရမ့်က ကျနော်တို့ လူ့အဖွဲ့အစည်းမှာ မိတ်ဆက်ပေးလိုက်တဲ့ အဆိပ်အတောက် နိုင်ငံရေးပဲ” ဟု လစ်ချ်မန်းက ပြောသည်။ “ဒါမျိုးက ထရမ့် မတက်လာမီက တခါမှ မဖြစ်ခဲ့ဖူးဘူး” ဟုလည်း ပြောသည်။
ရွေးကောက်ပွဲမတိုင်မီ အမေရိကန်များ ခံစားနေရသည့် ရွေးကောက်ပွဲ စိုးရိမ်ပူပန်မှုများအကြောင်းကို ယမန်နေ့က သူ၏ YouTube တွင် ဆွေးနွေးပြီးနောက် ထိုသို့ပြောခြင်းဖြစ်သည်။
“နိုင်ငံရဲ့အနာဂတ်က ကြိုးတန်းပေါ်ရောက်နေတယ်၊ အမေရိကန်ဒီမိုကရေစီဆိုတာ အတိတ်က အရာ ဖြစ်သွားနိုင်တယ်လို့ လူအများအပြား ထင်နေကြတယ်။ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ စိုးရိမ်ပူပန်မှုလို့ ကျနော် မထင်ဘူး” ဟု ၎င်းကပြောသည်။
“ကျနော် အရမ်းစိုးရိမ်တာက ကျနော်တို့ရွေးကောက်ပွဲရဲ့ အနာဂတ်ပဲ။ ကျနော် အရင်က ပြောဖူးသလိုပဲ ဒီမိုကရေစီဆိုတာ အဖိုးတန်တဲ့အရာဖြစ်ပြီး အဖိုးတန်တဲ့အရာအားလုံးလိုပဲ သူ့ကို ဖျက်ဆီးလို့ရတယ်” ဟု ပါမောက္ခ လစ်ချ်မန်းက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အောင်မြင်စွာ ခန့်မှန်းနိုင်သည့် ရွေးကောက်ပွဲခန့်မှန်းသူ အခြားတဦးကလည်း ဟဲရစ် အပြတ်အသတ်အနိုင်ရမည်ဟု လွန်ခဲ့သောလက ကြိုတင်ခန့်မှန်းသည်။
မစ္စ ဟဲရစ်သည် မစ္စတာ ထရမ့်ကို အပြတ်အသတ် အလဲထိုး အနိုင်ရမည်ဟု အနောက်မြောက်ပိုင်း တက္ကသိုလ် အချက်အလက်သိပ္ပံပညာရှင် သောမတ် မေလာက ပြောကြားပြီး Fortune မဂ္ဂဇင်းသို့ “ထရမ့် အပြတ်အသတ်နိုင်မယ့် ဘက်ကနေ ဟဲရစ် အပြတ်အသတ်နိုင်မယ့်ဘက်ကို ရောက်သွားပြီးပြီ” ဟု ပြောသည်။
မေလာသည် သမားရိုးကျ စစ်တမ်းများကို မသုံးဘဲ သမားရိုးကျ မဟုတ်သည့် အလောင်းအစား ဈေးကွက် အချက်အလက်များကို သုံးကာ ၂၀၂၀ သမ္မတရွေးကောက်ပွဲတွင် ရလဒ်ကို အတိအကျ ခန့်မှန်းပြီးနောက် အာရုံစိုက်ခံလာရသည်။
သူသည် သမ္မတရွေးကောက်ပွဲ ၁၆ ခုကို အခြေခံသည့် စနစ်တခုကို တည်ထောင်ခြင်းဖြင့် ထိုသို့ အောင်မြင်စွာ ခန့်မှန်းနိုင်ခြင်း ဖြစ်သည်။ ထိုစနစ်တွင် လောင်းကြေးများကို အများပြည်သူမဲနှင့် ပြည်နယ်ရွေးကောက်သူ ရွေးကောက်ပွဲအဖွဲ့ မဲခန့်မှန်းခြေများအဖြစ် ပြောင်းလဲပေးသည်။
ထိုစနစ်သည် လောင်းကြေးဖြစ်နိုင်ခြေများနှင့် ကြိုတင်ခန့်မှန်း အများပြည်သူမဲအကြား နီးကပ်သော အပြန်အလှန် ဆက်စပ်မှုကို ပြသသည်။
ကိုးကား ။ ။ Daily Mail သတင်း Polling ‘Nostradamus’ tells voters to ignore polls and have faith in his prediction for 2024 winner
You may also like these stories:
အမေရိကန် ရွေးကောက်ပွဲစစ်တမ်းများတွင် ထရမ့်နှင့် ဟဲရစ် မည်သူ အသာရနေသနည်း
ထရမ့်ကို နောက်တကြိမ်လုပ်ကြံမှု၊ ခွေးတွေကြောင်တွေအရေး၊ တေလာဆွစ်ဖ်နှင့် အမေရိကန် ရွေးကောက်ပွဲ
ထရမ့်၊ ကင်မလာ ထိပ်တိုက်တွေ့ပွဲနှင့် အဖြေမသိသေးသည့် မေးခွန်း
ခါမလာဟဲရစ် သို့မဟုတ် ပထမဆုံး အမေရိကန် အမျိုးသမီး ဒုသမ္မတ













