ဇန်နဝါရီလလယ်တွင် စစ်တပ်များ အကြီးအကျယ်ရောက်လာခြင်း၊ မြို့ကို ကြည့်ကောင်းစေရန် ပြင်ဆင်ခြင်းများကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်လာမည်ဖြစ်ကြောင်း ကပ္ပလီပင်လယ်ကမ်းခြေ သံတွဲမြို့မှ ပြည်သူများ သိရှိရသည်။
ထိုခရီးစဉ်မတိုင်မီ ဆေးအသစ်သုတ်ထားသည့် လမ်းများတွင် ပြည်သူများ ဖြတ်သန်းသွားလာခွင့် မပေးဘဲ လေဆိပ်တလျှောက်လမ်းရှိ ပြိုကျပျက်စီးနေသောဆိုင်များနှင့် စားသောက်ဆိုင်များကို ဖြိုချ သယ်ဆောင်သွားသည်။ Jasmine Ngapali Resort နှင့် ဖြူဖွေးသော ငပလီ သဲသောင်ယံသို့သွားရန် လမ်းတွင် မြန်မာကာကွယ်ရေးဦးစီးချုပ်နှင့် လာရောက်လည်ပတ်သည့် ထိုင်းစစ်ဘက်ကိုယ်စားလှယ်အဖွဲ့ ယာဉ်တန်းအတွက် အမြင်မတော်သည်များကို ဖယ်ရှားခြင်းဖြစ်သည်။
ထိုင်းစစ်ဘက်ထိပ်တန်းအရာရှိကို ဧည့်ခံသူများမှာ လွန်ခဲ့သော နှစ်နှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းခဲ့သော နပိုလီယံအရပ်အမောင်းနှင့် ဗိုလ်ချုပ်မင်းအောင်လှိုင်၊ သူ၏ မညှာတာတတ်သော ဇနီးဖြစ်သူ အကောင်းစားလက်ကိုင်အိတ်များကို မက်မောသည့် စိတ်ဓာတ်ပြင်းထန်သော အမျိုးသားရေးဝါဒီ ဒေါ်ကြူကြူလှ ဖြစ်သည်။
အရာရှိ ၃၀၊ ၎င်းတို့၏ ဇနီးအချို့နှင့်အတူ ရောက်လာသည့် ထိုင်းတော်ဝင်တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး ချာလမ်ဖွန် ဆရီဆာဝါဒီနှင့် တွေ့ဆုံသောအခါ ဂျာကင်အင်္ကျီနှင့် ရှပ်အင်္ကျီလည်ပင်းဖွင့်ထားသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပေါ့ပေါ့ပါးပါးနှင့် အလွတ်သဘောဆန်သည်။
ထိုသို့တွေ့ဆုံခြင်းသည် ၂၀၁၉ ခုနှစ်နောက်ပိုင်း ထိုင်းစစ်တပ်နှင့် အဆင့်မြင့်ဆွေးနွေးပွဲဖြစ်သလို စစ်ကောင်စီက နိုင်ငံကို အပယ်ခံဖြစ်အောင် ပြောင်းလဲလိုက်ပြီးနောက် ကျန်ရှိသည့် မိတ်ဆွေအနည်းငယ်တဦးနှင့် မြန်မာတို့ ရှားပါးလှသော သံတမန်ရေး တွေ့ဆုံမှုဖြစ်သည်။
ထိုတွေ့ဆုံမှုသည် အာဏာသိမ်းပြီးနောက် ပိုမိုအထီးကျန်လာသည့် မင်းအောင်လှိုင်အတွက် အများပြည်သူမြင်ကွင်းတွင် ထူးခြားသောကာလလည်း ဖြစ်သည်။
မင်းအောင်လှိုင်သည် မထင်မရှား ဘဝမှ ကမ္ဘာတွင် ပြစ်တင်ရှုတ်ချခံရဆုံး၊ ကြောက်စရာအကောင်းဆုံး၊ အလျှို့ဝှက်ဆုံး စစ်တပ်များအနက် တခုတွင် ရာထူးအဆင့်ဆင့် တက်လာသည်။
မင်းအောင်လှိုင်သည် မထင်မရှား ဘဝမှ ကမ္ဘာတွင် ပြစ်တင်ရှုတ်ချခံရဆုံး၊ ကြောက်စရာအကောင်းဆုံး၊ အလျှို့ဝှက်ဆုံး စစ်တပ်များအနက် တခုတွင် ရာထူးအဆင့်ဆင့် တက်လာသည်။
စစ်တက္ကသိုလ်မှ ၁၉၇၇ ခုနှစ်တွင် ကျောင်းဆင်းပြီးနောက် အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ်တွင် သူ၏စစ်သားဘဝ စတင်သည်။ ခြေလျင်တပ်တွင် ဆက်လက်တာဝန်ယူပြီး ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းက မြန်မာနိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ခိုက်သည်။ သို့သော် လွန်ခဲ့သော နှစ်နှစ်က အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးကို ခိုင်မာအောင် မလုပ်နိုင်ဘဲ ယနေ့တွင် သူ့ဘဝ၏ အကြီးမားဆုံး တိုက်ပွဲဖြစ်သည့် မြန်မာပြည်၏ ဝိညာဉ်ကို တိုက်ခိုက်ရသည့် စစ်ပွဲကို တိုက်နေသည်။ ထိုတိုက်ပွဲသည် သူအောင်မြင်နိုင်ဖွယ်မရှိသည့် တိုက်ပွဲဖြစ်သည်။
ညီအစ်ကိုသဖွယ် မိန့်ခွန်းများ၊ မီးပုံးပျံများ၊ ဘုရားဖူးခရီးများ၊ လှုပ်လီလှုပ်လဲ့ အကအဖွဲ့များပါဝင်သော သံတွဲမှ ခမ်းနားသည့် အစီအစဉ်သည် နိုင်ငံ၏ ကျန်အစိတ်အပိုင်းများမှ အခြေအနေနှင့် ဆိုးဆိုးရွားရွား ဆန့်ကျင်ဘက် ဖြစ်နေသည်။ စီးပွားရေးနှင့် ငွေကြေးသည် အန္တရာယ်ကြီးမားစွာ ပြိုကျနေသည်။ တိုင်းရင်းသားလူနည်းစုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ဆုတ်ယုတ်နေသည်။ ဆရာဝန်များနှင့် သူနာပြုများက အစိုးရဆေးရုံများကို သပိတ်မှောက်သောကြောင့် သို့မဟုတ် အဖမ်းခံနေရသောကြောင့် ကျန်းမာရေးစနစ်သည် အင်အားချိနဲ့နေသည်။ နယ်စပ်မှဝေးကွာသော ဒေသများတွင် သိန်းပေါင်းများစွာသော ပြည်တွင်းနေရပ်စွန့်ခွာရသူများ ထိတ်လန့် တုန်လှုပ်နေကြသည်။

စစ်အုပ်ချုပ်ရေးသည် မျှော်လင့်ချက်ကင်းမဲ့ခြင်း အမွေကို ဖြစ်ပေါ်စေသည်။ စစ်ကောင်စီသည် လွန်ခဲ့သောဆယ်စုနှစ်အတွင်း ရရှိထားသည့် စီးပွားရေးတိုးတက်မှုများကို ပြီးခဲ့သော နှစ်နှစ်အတွင်း ဖျက်စီးခဲ့ကြသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အုပ်ချုပ်ခဲ့သော အစိုးရသည် ၁၉၆၀ ပြည့်နှစ်များ နောက်ပိုင်း အစိုးရများတွင် ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရသည့် အရပ်သားအများဆုံး ပါဝင်ပြီး အရေးယူပိတ်ဆို့မှုများကို ရုတ်သိမ်းစေကာ သိသိသာသာများပြားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်ပအကူအညီများကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုအချိန်တွင် မြန်မာသည် သမိုင်းတလျှောက် မည်သည့်ခေတ်ထက်မဆို စီးပွားရေးအရ အကောင်းဆုံးအချိန် ဖြစ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ဒီမိုကရေစီရွေးကောက်ပွဲတွင် စစ်တပ် ကျောထောက်နောက်ခံပြုပါတီ နောက်တကြိမ် ရှုံးနိမ့်ပြီးနောက် မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လျင်မြန်ပြီး ကနဦးတွင် သွေးထွက်သံယိုမရှိသည့် စစ်ဆင်ရေးများဖြင့် အာဏာသိမ်းကာ ကြားဝင်စွက်ဖက်သည်။ ထိုတကြိမ် အာဏာသိမ်းခြင်းသည် ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှတို့ထံမှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် တတိယအကြိမ် အာဏာသိမ်းခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်အတိုင်ပင်ခံနှင့် နိုင်ငံခေါင်းဆောင်သဖွယ် ဖြစ်လာသော အတိုက်အခံခေါင်းဆောင် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချသည်။
ထို့နောက် မင်းအောင်လှိုင်က အရာရာကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောသည်။ ထိုစကားသည် မြန်မာတွင် စစ်အုပ်စုအဆက်ဆက်က ပြောခဲ့သောစကား ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှု နောက်ပိုင်း စစ်တပ်က သတ်ဖြတ်သူ ၂,၉၄၀ ဦးရှိပြီး လူပေါင်း ၁၃,၇၆၃ ဦးကို ဖမ်းဆီးထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စာရင်းများအရ သိရသည်။ သို့သော် အရပ်သား သေဆုံးမှု ၃၀,၀၀၀ ကျော်ရှိကြောင်း အခြားလွတ်လပ်သော သုတေသနများနှင့် စောင့်ကြည့်လေ့လာနေသော အဖွဲ့များကပြောသည်။
မင်းအောင်လှိုင်က အရာရာကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောသည်။ ထိုစကားသည် မြန်မာတွင် စစ်အုပ်စုအဆက်ဆက်က ပြောခဲ့သောစကား ဖြစ်သည်။
“နိုင်ငံတော်အာဏာ အရပ်ရပ်ကို အတင်းအဓမ္မရယူဖို့ ကြိုးပမ်းခဲ့တဲ့အတွက် တပ်မတော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ နိုင်ငံတော်တာဝန်ကို မလွှဲမရှောင်သာထမ်းဆောင်ခဲ့ရပါတယ်” ဟု စစ်ကောင်စီခေါင်းဆောင်က စစ်ကောင်စီ၏ ပထမဆုံးအစည်းအဝေးတွင်ပြောကြောင်း စစ်အုပ်စု Facebook စာမျက်နှာအရ သိရသည်။
ဗမာအများစုပါဝင်သော စစ်အရာရှိများသည် နိုင်ငံလွတ်လပ်ရေးသက်တမ်း ၇၅ နှစ်တွင် ဆယ်စုနှစ် ၅ ခုကျော် တိုင်းပြည်ကို အုပ်ချုပ်သည်။ ဗိုလ်ချုပ်များသည် တိုင်းပြည်ကို မည်သည့်အတွက် ထိုသို့ အုပ်ချုပ်နေကြသနည်း ဆိုသည့်မေးခွန်းမှာ ကျွမ်းကျင်သူများ ဖြေဆိုရန် ကြိုးစားနေသော မေးခွန်းဖြစ်သည်။
“စစ်တပ်က သူတို့ကိုယ်သူတို့ တိုင်းပြည်ရဲ့ အရေးအပါဆုံး အစိတ်အပိုင်းအဖြစ်မြင်ပြီး အရှုံးကိုလက်ခံဖို့ ခက်ခဲတဲ့ စိတ်ဓာတ်ရှိတယ်” ဟု Janes ကာကွယ်ရေးစာစောင်တွင် လုံခြုံရေး အတိုင်ပင်ခံလုပ်နေသော ဝါရင့်မြန်မာ့အရေး လေ့လာသူ အန်ထော်နီ ဒါးဗစ်စ်က Nikkei Asia သို့ ပြောသည်။ “သတင်းဆိုးတွေက အမိန့်ပေးကွပ်ကွဲမှု ကွင်းဆက်တွေမှာ စီးဆင်းမှုနှေးတယ်။ တခါတခါဆို လုံးဝကို မစီးဆင်းဘူး” ဟု ၎င်းကပြောသည်။
ထူးခြားသော စစ်တပ်၏ ထိပ်ဆုံးသို့ မင်းအောင်လှိုင် ရောက်လာခြင်းသည် နိုင်ငံ၏ အထီးကျန်မှုကို အသစ်တဖန် ပြန်လည်ပေါ်ပေါက်စေပြီး ပြည်တွင်းစစ်ကို မီးထိုးပေးလိုက်သည်။ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တဒါဇင်ကျော်ကလည်း စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တိုက်ခိုက်ပြီး မင်းအောင်လှိုင်၏ ကြောက်မက်ဖွယ် စစ်တပ်အား နိုင်ငံ၏ ကြီးမားသော အစိတ်အပိုင်းများတွင် အုပ်ချုပ်ခွင့် မပေးဘဲနေသည်။
အတွေ့အကြုံရှိ စစ်သား ၁၂၀,၀၀၀ ခန့်ရှိသော စစ်အုပ်စုသည် အဓိကမြို့များနှင့် မြို့ကြီးများကို ဆက်လက် ထိန်းချုပ်နေသော်လည်း ၂၀၂၂ ခုနှစ်နှောင်းပိုင်းအထိ ကျယ်ပြန့်လှသော ကျေးလက်ဒေသ အများအပြားကို လက်လွတ်ဆုံးရှုံးသွားသည်။
အတွေ့အကြုံရှိ စစ်သား ၁၂၀,၀၀၀ ခန့်ရှိသော စစ်အုပ်စုသည် အဓိကမြို့များနှင့် မြို့ကြီးများကို ဆက်လက် ထိန်းချုပ်နေသော်လည်း ၂၀၂၂ ခုနှစ်နှောင်းပိုင်းအထိ ကျယ်ပြန့်လှသော ကျေးလက်ဒေသ အများအပြားကို လက်လွတ်ဆုံးရှုံးသွားသည်။
နိုင်ငံတကာ ရွှေ့ပြောင်းအခြေချမှုအဖွဲ့ (IOM) ၏ နောက်ဆုံး လေ့လာစောင့်ကြည့်မှုအရ လွန်ခဲ့သော နှစ်နှစ်အတွင်း လူ ၂ သိန်းသည် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ၎င်းတို့အနက် ၇၂ ရာခိုင်နှုန်းသည် အထောက်အထားမဲ့များ ဖြစ်သောကြောင့် လွန်စွာ အန္တရာယ်ကျရောက်လွယ်နေသည်။
အာဏာမသိမ်းမီကပင် စတင်ခဲ့သော စစ်အုပ်စု၏ လွန်စွာဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အထူးသဖြင့် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာလူမျိုးစုကို လူမျိုးတုံး ဖိနှိပ် သတ်ဖြတ်မှုများအတွက် မင်းအောင်လှိုင်ကို နိုင်ငံတကာတရားရုံး (ICJ) နှင့် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) တို့တွင် စွဲဆိုထားသော အမှုများကို ဆက်လက် စစ်ဆေးနေဆဲဖြစ်သည်။ အကြွင်းမဲ့တရားစီရင်ခွင့် သဘောတရားအရ အာဂျင်တီးနားနှင့် တူရကီတွင် စွဲဆိုထားသည့် အမှုများလည်း ရှိနေသည်။ အခြားအမှုတခုကို ဇန်နဝါရီလ ၂၄ ရက်နေ့က ဂျာမနီတွင် စွဲဆိုထားသော်လည်း လက်ခံကြားနာခြင်း မရှိသေးပေ။
“မင်းအောင်လှိုင်ဟာ နိုင်ငံကို အကြီးအကျယ် အကြမ်းဖက်ဖျက်ဆီးတဲ့သမိုင်း ဆယ်စုနှစ်ပေါင်းများစွာ ရှိသူဖြစ်တယ်” ဟု အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု (USIP) မှ ဂျေဆင်တာဝါက Nikkei သို့ ပြောသည်။ “သူဟာ ၁၀ နှစ်ကြာ ပြုပြင်ပြောင်းလဲရေးကို အင်အားချိနဲ့သွားစေပြီး စီးပွားရေးတခုလုံးကို ပြောင်းပြန် လန်သွားစေသလို လူသန်းပေါင်းများစွာကိုလည်း ဆင်းရဲနွမ်းပါးမှု မျဉ်းအောက် ရောက်သွားစေတယ်။ လူထောင်ပေါင်းများစွာကို သတ်ဖြတ်မှုနဲ့ လူ သန်းချီမရှိရင်တောင်မှ သိန်းနဲ့ချီတဲ့လူတွေကို နေရပ်စွန့်ခွာ ထွက်ပြေးစေတာတွေအတွက် သူ့မှာ တိုက်ရိုက်တာဝန်ရှိတယ်” ဟုလည်း ပြောသည်။
စစ်အာဏာရှင်တဦး ပေါ်ပေါက်လာခြင်း
မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ မင်းဘူးတွင် ၁၉၅၆ ခုနှစ်က မွေးဖွားသည့် ဗမာတဦးဖြစ်သူ မင်းအောင်လှိုင်၏ မိဘများသည် နိုင်ငံတောင်ပိုင်း ထားဝယ်မှ ဆရာ၊ ဆရာမများဖြစ်သည်။ ကလေးဘဝ နှောင်းပိုင်းအချိန်တွင် မန္တလေး၌ နေထိုင်ပြီး ရန်ကုန်တွင် တက္ကသိုလ်တက်သည်။ စစ်တက္ကသိုလ် ဝင်ခွင့်ရရန် သုံးကြိမ်ကြိုးစားရသောကြောင့် ဇွဲကောင်းသည်ဟု အနည်းဆုံး ဆိုနိုင်သည်။
“မင်းအောင်လှိုင်ဟာ အာဏာငတ်မွတ်၊ စက်ဆုပ်စရာကောင်းပြီး ဝံပုလွေဆန်လာပေမယ့် လူတွေက သူ့အရည်အချင်းတခုကို သိလာကြတယ်။ အဲဒါကတော့ ရာထူးထိပ်ဆုံးအထိ တက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို သိတာပဲ” ဟု သုတေသီတဦးက ပြောသည်။ အဆိုပါ သုတေသီသည် မြန်မာစကားကောင်းစွာ ပြောတတ်ပြီး လက်ရှိနှင့် လက်ဟောင်း စစ်အရာရှိများမှသည် ထိပ်တန်း ဗိုလ်ချုပ်များအထိ တွေ့ဆုံမေးမြန်းမှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သူ ဖြစ်သည်။ “သူက လူတွေထင်ထားတဲ့ နောက်ခံကနေလာတာ မဟုတ်ဘူး။ စနစ်ကို အသုံးချပြီး ရာထူးတက်အောင် လုပ်တတ်တဲ့ သူ့အကျင့်ကို လူပြောများတယ်” ဟု လည်း သုတေသီကပြောသည်။
“မင်းအောင်လှိုင်ဟာ အာဏာငတ်မွတ်၊ စက်ဆုပ်စရာကောင်းပြီး ဝံပုလွေဆန်လာပေမယ့် လူတွေက သူ့အရည်အချင်းတခုကို သိလာကြတယ်။ အဲဒါကတော့ ရာထူးထိပ်ဆုံးအထိ တက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို သိတာပဲ”
စစ်တပ်တွင်းတွင် မင်းအောင်လှိုင်ကို လေးစားကြသော်လည်း လူတိုင်းက သူ့ကိုကြိုက်သည် မဟုတ်ပေ။ လက်ရှိနှင့်လက်ဟောင်း စစ်အရာရှိအများအပြားက သူ၏ ဆုံးဖြတ်ချက် မပြတ်သားမှုနှင့် ခေါင်းမာခြင်းကို ဝေဖန်ကြသည်။ ၁၉၇၇ ခုနှစ်တွင် စစ်တက္ကသိုလ်မှ ကျောင်းဆင်းသောအခါ သူ့နှင့်အတူတက်သော ဗိုလ်လောင်းများက သူ့ကို “ကြောင်ချေး” ဟု ခေါ်ကြသည်။
ဗိုလ်လောင်းဘဝတွင် ထူးခြားမှုမရှိဘဲ လူတောမတိုးသော်လည်း မင်းအောင်လှိုင်သည် နောက်ပိုင်းတွင် စာအုပ်ကြီးအတိုင်းလုပ်သည်ဟု အမည်ဆိုးကျော်ကြားလာသည်။ စံနှုန်းအတိုင်း လုပ်ဆောင်ခြင်းမရှိသော အရာရှိများကို အနီကတ်ပြ အရေးယူပြီး စနစ်တကျ အလေးမပြုခြင်းကဲ့သို့ အသေးစား စည်းကမ်း ချိုးဖောက်သူများကို အဝါကတ်အရေးယူသည်။ တာဝန်ထမ်းဆောင်မှု မှတ်တမ်းတွင် အနီကတ်ပြ အရေးယူခံရခြင်း များလာပါက ရာထူးမှ ထုတ်ပယ်ခံရနိုင်သည်။
မင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယတြာချေခြင်းဆိုသည့် လောကီအစီအမံကို စိတ်ဝင်စားရာတွင်လည်း စိတ်သဘောထားချင်း တိုက်ဆိုင်ကြသည်။ ၎င်းတို့သည် ဘုန်းကြီးများနှင့် ဘိုးတော်များထံ မကြာခဏ သွားရောက် မေးမြန်းတိုင်ပင်ကြသည်။
ထိုအလေ့အထများသည် ၎င်းတို့ အုပ်ချုပ်ရေးအတွင်း ယုံတမ်းများမှ ခွဲထုတ်မရသည့် ယခင်စစ်အာဏာရှင်များ၏ ဒဏ္ဍာရီဆန်သော ထူးဆန်းသည့် အပြုအမူများနှင့် နှိုင်းယှဉ်ပါက အနည်းငယ် သိမ်မွေ့သည်ဟု ဆိုနိုင်သည်။ စစ်တပ်တည်ထောင်စဉ်က ပါဝင်ပြီး ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်နေဝင်းသည် ကြည့်မှန်များကို ရိုက်ခွဲတတ်ပြီး လိင်စိတ်ထက်သန်စေရန်အတွက် စာကလေး ၂၂ ကောင်၏ သွေးကို နံနက်တိုင်း သောက်သည်ဟု ကျော်ကြားသည်။ စစ်ထောက်လှမ်းရေးအကြီးအကဲနှင့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ခင်ညွန့်သည် အမျိုးသမီး တဦးသဖွယ်ဝတ်ဆင်ပြီး တန်ခိုးကြီးဘုရားများကို နောက်ပြန်ပတ်သည်ဟုဆိုသည်။
မြန်မာစစ်တပ်တွင် အယူသီးမှု အများအပြား ရှိသည်။ ၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုအတွင်း စစ်သားများကို ခြောက်လှန့်သည့် နည်းလမ်းတခုမှာ စစ်တပ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်နေသည့်အတိုင်း အမျိုးသမီးအတွင်းခံများသည် ဘုန်းနိမ့်စေသည် ဆိုသည့် အယူသီးမှုကို အခြေခံသည်။ ဆန္ဒပြသူများက အမျိုးသမီး အဝတ်များကို လမ်းမများတွင် ကန့်လန့်ဖြတ်ချိတ်ဆွဲထားပြီး စစ်ကောင်စီတပ်များကို မောင်းထုတ်ကြသည်။
မင်းအောင်လှိုင်သည် “သိမ်းအေး” ဆိုသည့် အမည်ပြောင်တခုကို မကြာသေးမီက ထပ်မံရရှိလာသည်။ ထိုအမည်ပြောင်သည် ယခင် “ကြောင်ချေး” ဆိုသည့် အမည်ပြောင်ထက် ပိုမိုကောင်းမွန်သော်လည်း သူနှင့် သိပ်အကျွမ်းတဝင် မရှိလှပေ။ အကြမ်းဖျင်း ဖွင့်ဆိုရပါက “အာဏာသိမ်းပြီး အေးအေးဆေးဆေး နေလိုသူ” ဟူသည့် သဘောသက်ရောက်သည်။
မင်းအောင်လှိုင်သည် “သိမ်းအေး” ဆိုသည့် အမည်ပြောင်တခုကို မကြာသေးမီက ထပ်မံရရှိလာသည်။ ထိုအမည်ပြောင်သည် ယခင် “ကြောင်ချေး” ဆိုသည့် အမည်ပြောင်ထက် ပိုမိုကောင်းမွန်သော်လည်း သူနှင့် သိပ်အကျွမ်းတဝင် မရှိလှပေ။ အကြမ်းဖျင်း ဖွင့်ဆိုရပါက “အာဏာသိမ်းပြီး အေးအေးဆေးဆေး နေလိုသူ” ဟူသည့် သဘောသက်ရောက်သည်။ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော ပြည်သူ့ ကာကွယ်ရေးတပ်များကို ပြတ်ပြတ်သားသား ရက်ရက်စက်စက် မချေမှုန်းသောကြောင့် စစ်တပ်တွင်းမှ သဘောထားတင်းမာသူများက ပေးသောအမည်ဖြစ်နိုင်သည်။ သို့သော် သူက ရွေးကောက်ခံအစိုးရသစ်ကို ဖြုတ်ချသည့် လုပ်ရပ်အား စစ်တပ်တွင်းမှ ထိပ်တန်းခေါင်းဆောင်များ၏ ထောက်ခံမှု အပြည့်အဝရသည်ကို သံသယဖြစ်စရာမလိုကြောင်း ကျွမ်းကျင်သူများ ပြောသည်။
သူ့ဝင်္ကဘာအတွင်းသူ ပိတ်မိနေသော ဗိုလ်ချုပ်
မင်းအောင်လှိုင်သည် မြို့တော်နေပြည်တော် ပြင်ပသို့ ကျယ်ကျယ်ပြန့်ပြန့် ခရီးသွားပြီး နေပြည်တော်တွင် ရှိနေချိန် သူသည် စစ်တပ်အကြီးအကဲရုံးနှင့် ဝန်ကြီးချုပ်ရုံးသို့ တလှည့်စီ သွားလာနေသည်။ သူသည် အချို့မိန့်ခွန်းများကို လျှို့ဝှက်နေရာတခုခုရှိ ခံကတုတ်မှ ပြောနေပုံရသည်။
မင်းအောင်လှိုင်၏ အသိုက်အဝန်းသို့ ထိုးဖောက်ရန် ခက်ခဲသည်။ သူ၏ အနီးကပ် အမိန့်ပေးကွင်းဆက် ပြင်ပမှ တစုံတဦးနှင့် တွေ့ဆုံမှုများသည် လွန်စွာကိန်းခန်းကြီးပြီး တောက်တောက်ပပ နန်းတွင်းဆန်သည့် အနေအထားတွင် ဆိုဖာထူထူ ထိုင်ခုံများ၊ မှတ်တမ်းရေးသားသူ အများအပြားဖြင့် ပြုလုပ်ခြင်းဖြစ်သည်။

ဇန်နဝါရီလနှောင်းပိုင်းတွင် Nikkei သတင်းဌာနက မင်းအောင်လှိုင်ထံ မေးခွန်းများပေးပို့ခဲ့သော်လည်း အကြောင်း ပြန်ကြားခြင်းမရှိပေ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံရခြင်းသည် စိတ်ပျက်စရာကောင်းပြီး အကျိုးမရှိသည့် ကိစ္စများသာဖြစ်ကြောင်း လပေါင်းများစွာစောင့်ပြီးမှ သူနှင့် တွေ့ခွင့်ရသည့် အထူးသံတမန်များက ပြောသည်။ သူသည် အခြားသူများအပေါ် ဆရာလုပ်လိုပြီး သမိုင်းကို ပြန်လည်ပြင်ဆင်လိုသူဖြစ်သည်ဟု အထူးသံတမန်များက သူ့ကိုမြင်သည်။
“လွန်ခဲ့တဲ့ နှစ်နှစ်တာကာလက သူ့ရဲ့ခေါင်းမာမှု၊ အခြားသူ အကြံပေးတာကို နားမထောင်နိုင်မှု၊ စီးပွားရေးကို မစီမံနိုင်မှု၊ သူ့အမှားတွေကို ဝန်မခံနိုင်မှုနဲ့ မြန်မာပြည်သူအများစုရဲ့ ဆန္ဒကိုဆန့်ကျင်ပြီး သမ္မတဖြစ်လိုမှုကိုသာ ပြသနေတယ်” ဟု ယခင်အစိုးရခေတ်အတွင်းက မင်းအောင်လှိုင်နှင့် အကြိမ်ကြိမ်တွေ့ဆုံဖူးသည့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ဟောင်း နီကိုလပ်စ် ကော့ပယ်လ်က ပြောသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ နောက်ဆုံးအထူးသံတမန် နိုလင်းဟေဇာသည် မြန်မာသို့ ဝင်ရောက်ခွင့် ရသောအခါ ဗိုလ်ချုပ်မှူးကြီးနှင့် ပြုံးပြုံးရွှင်ရွှင် လက်ဆွဲနှုတ်ဆက်သောကြောင့် သတင်းဝေဖန်သုံးသပ်သူအချို့၏ လှောင်ပြောင်ခံရသည်။
အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ မင်းအောင်လှိုင်သည် သူတပါးက သူ့ကိုမကောင်းကြံနေသည် ဆိုသည့် စိတ္တဇနှင့် လျှို့ဝှက်ပူးပေါင်းကြံစည်မှု သဘောတရားများကို မီးထိုးပေးရန် ကြိုးစားသည်။ ၂၀၂၁ ခုနှစ် နှစ်လယ်တွင် အိန္ဒိယမှ ဆိုးရွားလှသော ကိုဗစ်နိုင်တင်း ဒယ်လ်တာ မျိုးကွဲရောက်လာသောအခါ မင်းအောင်လှိုင်သည် မှားယွင်းသော လုပ်ဇာတ်များကို အားပေးရန် ကြိုးစားသည်။ “ဒီအချက်အလက်တွေက သတင်းမီဒီယာနဲ့ လူမှုကွန်ရက် မီဒီယာက မှားယွင်း တင်ပြတယ်” ဟု ၎င်းကပြောကြားပြီး “ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း တနိုင်ငံလုံး လူစုလူဝေးတွေ ဖြစ်အောင်လုပ်ပြီး ကိုဗစ်နိုင်တင်း မျိုးကွဲမျိုးစုံ ပျံ့နှံ့အောင် လုပ်ဖို့ ရည်ရွယ်တာ” ဟု ပြောသည်။
“အစည်းအဝေးတွေမှာ သံတမန်ရေး အရေခြုံအောက်မှာ ရန်လိုမှုကို ဖုံးကွယ်ထားတယ်။ မကြာခဏ ဆိုသလိုပဲ မင်းအောင်လှိုင်ဟာ သူ့ရဲ့သံသယကို ဗြောင်ကျကျဖော်ပြတယ်” ဟု အငြိမ်းစား ဒတ်ချ် သံတမန် မစ္စ လက်တီတီယာ ဗန် ဒန် အက်စ်ဆမ်က ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင်အဖြစ် မင်းအောင်လှိုင်နှင့် တွေ့ခဲ့သည်များကို Nikkkei သို့ ပြန်ပြောပြသည်။

နိုင်ငံခြားသား အကြံပေးသည်ကို မင်းအောင်လှိုင်က အဆိုးမြင်ပြီး လွတ်လပ်သော ကော်မရှင်တခုက ပေးသော အကြံပြုချက်များသည် မြေပြင်အခြေအနေပေါ်တွင် အခြေခံပြီး ပြောင်းလဲမည်ဆိုသည့် အယူအဆကို နားမလည်ကြောင်း သူပြောသည်။ “အခန်းထဲမှာ တင်းမာမှုတွေက သိသိသာသာဖြစ်နေတာ” ဟု သူကပြောသည်။
နိုင်ငံခြားသား အကြံပေးသည်ကို မင်းအောင်လှိုင်က အဆိုးမြင်ပြီး လွတ်လပ်သော ကော်မရှင်တခုက ပေးသော အကြံပြုချက်များသည် မြေပြင်အခြေအနေပေါ်တွင် အခြေခံပြီး ပြောင်းလဲမည်ဆိုသည့် အယူအဆကို နားမလည်
“မင်းအောင်လှိုင်က တော်တော် မကျေမနပ်ဖြစ်နေတာ။ အာနန်ရဲ့ တည်တည်ငြိမ်ငြိမ် ထိန်းထိန်းချုပ်ချုပ် တုံ့ပြန်မှုတွေကြောင့်သာ အစည်းအဝေးကို အဆုံးအထိ ကျင်းပနိုင်ခဲ့တာ။ မင်းအောင်လှိုင် မကျေနပ်တဲ့ အစည်းအဝေးတခုပေါ့” ဟုလည်း မစ္စ ဗန် ဒန် အက်စ်ဆမ်က ပြောသည်။
မင်းအောင်လှိုင်၏ ကော်မရှင်ကို တုံ့ပြန်မှုသည် အမြင်ဆိုးဖြင့် ကျော်ကြားသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် ကော်မရှင်၏ နောက်ဆုံးအစည်းအဝေးအပြီး နောက်တနေ့တွင် မင်းအောင်လှိုင်သည် ရိုဟင်ဂျာခန့်မှန်းခြေ ၁၀,၀၀၀ ခန့် သေဆုံးပြီး အမျိုးသမီးနှင့် မိန်ကလေး ၆,၀၀၀ ကျော် အဓမ္မပြုကျင့်ခံရကာ ဘင်္ဂလားဒေ့ရှ်သို့ ဒုက္ခသည်ပေါင်း ၇ သိန်းခွဲ အမြဲတမ်း ထွက်ပြေးရသည့် စစ်ဆင်ရေးကို လုပ်သည်။ ထိုသို့သော စစ်ဆင်ရေးမျိုးကို လပေါင်းများစွာ ကြိုတင်စီစဉ်ခြင်း မရှိဘဲ မလုပ်နိုင်ကြောင်း လေ့လာသူများ ထောက်ပြသည်။
မင်းအောင်လှိုင်၏ ကွပ်ကဲမှုအောက်တွင် စစ်တပ်သည် “နိုင်ငံတကာ ဥပဒေအရ အပြင်းထန်ဆုံး ပြစ်မှုများ” ကို ကျူးလွန်ခဲ့သည်ဟု စာမျက်နှာ ၄၄၀ ရှိသော ၂၀၁၈ ခုနှစ်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ဒီလောက် စက်ဆုပ်စရာကောင်းပြီး ဒီလောက် ကျယ်ပြန့်တဲ့ အတိုင်းအတာရှိတဲ့ ရာဇဝတ်မှုတွေကို တခါမှ မတွေ့ဖူးဘူး” ဟု အဖွဲ့ဝင် သုံးဦးပါ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ မာဇူကီ ဒါရပ်စ်မင်းက ပြောသည်။
အဆင့်မြင့်မိတ်ဆွေများ
မင်းအောင်လှိုင်သည် အာဏာရှင်များကို အရူးအမူး ကိုးကွယ်သူဖြစ်သည်။ စက်တင်ဘာလက မော်စကိုသို့ သွားရောက်သည့် ခရီးစဉ်အတွင်း မင်းအောင်လှိုင်က ရုရှားသမ္မတ ပူတင်ကို လွန်လွန်ကျူးကျူး ချီးကျူးပြောကြားပြီး ပူတင်သည် ကမ္ဘာကို တည်ငြိမ်စေသူဖြစ်ကြောင်းနှင့် ပူတင်လက်အောက်တွင် ရုရှားသည် ကမ္ဘာ့ နံပါတ် ၁ နိုင်ငံဖြစ်လာကြောင်း ပြောသည်။
စစ်အရာရှိငယ် ၆,၀၀၀ ခန့်ကို ရုရှားတွင် သင်တန်းတက်ရန် စေလွှတ်သည်။ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် မင်းအောင်လှိုင်ကို ရုရှား၏ စစ်ဘက် ဓနသဟာယအဖွဲ့ ခိုင်မာရေးဆိုင်ရာ ကာကွယ်ရေး ဝန်ကြီးဌာန၏ ဆုတံဆိပ်ပေးပြီး သူအာဏာသိမ်းပြီး နောက်လအနည်းငယ်အကြာတွင် သူ့ကို ရုရှား စစ်တက္ကသိုလ်တွင် ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် ဂုဏ်ပြုခဲ့သည်။

မော်စကိုနှင့် နွေးထွေးသော ဆက်ဆံရေးသည် ဆယ်စုနှစ်များစွာကြာသည့် အရေးယူပိတ်ဆို့မှုများနှင့် လက်နက်ပိတ်ဆို့မှုများ နောက်ပိုင်း မြန်မာစစ်တပ်ကို ခေတ်မီစေရန်နှင့် လက်နက်ပြန်လည် တပ်ဆင်ရန်အတွက် အရေးပါသည်။ မြန်မာစစ်တပ်သည် စစ်ရေးအတွက် တရုတ်ကို မှီခိုနေရခြင်းကို လျှော့ချနေပြီး မြန်မာဗိုလ်ချုပ်များသည် တရုတ်အပေါ် အနောက်နိုင်ငံများကဲ့သို့ပင် သံသယဖြင့် ရှုမြင်သည်။ သို့သော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ် သံအမတ်သစ် ချန်ဟိုင်နှင့်အတူ ယုန်နှစ် တရုတ်နှစ်သစ်ကူးပွဲ တက်သောကြောင့် အနောက်တိုင်း လေ့လာသူများကို စိတ်ပျက်စေသည်။
မော်စကိုနှင့် နွေးထွေးသော ဆက်ဆံရေးသည် ဆယ်စုနှစ်များစွာကြာသည့် အရေးယူပိတ်ဆို့မှုများနှင့် လက်နက်ပိတ်ဆို့မှုများ နောက်ပိုင်း မြန်မာစစ်တပ်ကို ခေတ်မီစေရန်နှင့် လက်နက်ပြန်လည် တပ်ဆင်ရန်အတွက် အရေးပါသည်။
အခြားမဟာမိတ်မှာ ထိုင်းစစ်တပ်ဖြစ်ပြီး ထိုဆက်ဆံရေးကို မကြာသေးမီက သံတွဲတွင် ပြုလုပ်သည့် အခမ်းအနားများတွင် တွေ့ရသည်။ သို့သော် တရားဝင် အစီအစဉ်တွင် မပါသော်လည်း ဆွေးနွေးသည့် အကြောင်းအရာတခုမှာ မင်းအောင်လှိုင်၏ အပေါင်းအပါ ထွန်းမင်းလတ်ကိစ္စ ဖြစ်သည်။ ဘန်ကောက် အရှေ့မြောက်ပိုင်းရှိ သူ၏တိုက်ခန်းကို ထိုင်းရဲက စက်တင်ဘာလတွင် ဝင်ရောက်စီးနင်းခဲ့သည်။ အသက် ၅၃ နှစ် ရှိပြီဖြစ်သော ထိုစီးပွားရေးသမားကို မူးယစ်မှောင်ခိုမှု၊ ငွေကြေးခဝါချမှုနှင့် အခြားကိစ္စ များစွာအတွက် သံသယရှိသောကြောင့် ဖမ်းဆီးခြင်းဖြစ်သည်။
ထိုသို့ ဝင်ရောက်စီးနင်းခြင်းကို Reuters သတင်းဌာနက ပထမဆုံး ဖော်ပြခဲ့ပြီး ထွန်းမင်းလတ်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အပေါင်းအပါဖြစ်ကြောင်း သတင်းရင်းမြစ် သုံးခုကို ကိုးကား အတည်ပြုခဲ့သည်။
ဖမ်းဆီးသိမ်းဆည်းမှုများသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉ သန်းဖိုး ရှိသည်။ ထိုအဆောက်အအုံမှ အခြားတိုက်ခန်းတခုကို မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံ ပိုင်ဆိုင်မှုပြသည့် စာရွက်စာတမ်းများနှင့် မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်သည့် Siam Commercial Bank ငွေစာရင်း နှစ်ခုတို့ကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။
အမေရိကန် ဘဏ္ဍာရေးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးက မင်းအောင်လှိုင်၏ သားသမီး နှစ်ဦးနှင့် ကုမ္ပဏီ ခြောက်ခုသည် မင်းအောင်လှိုင်၏ ရာထူးနှင့် မလျော်သြဇာတို့ ပတ်သက်နေသောကြောင့် အရေးယူပိတ်ဆို့ကြောင်း ၂၀၂၁ ခုနှစ်တွင် ကြေညာသည်။
“မင်းအောင်လှိုင်က သူ့မိသားစုကို အရမ်းကာကွယ်တယ်။ ဒါက မိဘတယောက်အနေနဲ့လား၊ သူတို့ မကောင်းမှုတွေကို ဖုံးကွယ်ထားဖို့လား၊ နှစ်ခုလုံးလား မသိဘူး” ဟု ရန်ကုန်မှ စီးပွားရေးလုပ်ငန်း သုတေသီဟောင်းတဦးက Nikkei သို့ ပြောသည်။
“အဲဒီလို အကျိုးအမြတ်တွေ ရယူနေတာက သူ့အလုပ်ပဲလို့ တချို့က မြင်ကြတယ်။ စစ်ခေါင်းဆောင်အနေနဲ့ သူ့အခွင့်အရေးပေါ့။ ဒီရာထူး မရခင်က သူလုပ်ခဲ့တာတွေကြောင့်ပေါ့” ဟုလည်း ထိုသုတေသီက ပြောသည်။ “ဒါကို ကျနော်တို့ မြင်သလို အဂတိလိုက်စားမှုလို့ မမြင်ကြဘဲ သူ့ရဲ့ အောင်မြင်မှုလို့ မြင်နေကြတာ” ဟုလည်း ပြောသည်။
၂၀၂၂ ခုနှစ်တွင် မြန်မာဘိန်းထုတ်လုပ်မှုသည် ၈၈ ရာခိုင်နှုန်းတိုးလာပြီး တန်ချိန် ၇၉၀ ရှိကြောင်း မကြာသေးမီ ရက်သတ္တပတ်များအတွင်း ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNDOC) က ထုတ်ပြန်ကြေညာသည်။ ၂၀၂၁ ခုနှစ်က မြန်မာဘိန်းထုတ်လုပ်မှုသည် ၄၂၀ တန်သာရှိသော်လည်း မင်းအောင်လှိုင် တာဝန်ယူပြီးနောက် ပထမဆုံးဘိန်းစိုက်ရာသီတွင် ထုတ်လုပ်မှုထိုသို့ တိုးတက်လာခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ်က မြန်မာဘိန်းထုတ်လုပ်မှုသည် ၄၂၀ တန်သာရှိသော်လည်း မင်းအောင်လှိုင် တာဝန်ယူပြီးနောက် ပထမဆုံး ဘိန်းစိုက်ရာသီတွင် ထုတ်လုပ်မှု တိုးတက်လာခြင်း ဖြစ်သည်။
“ဆယ်စုနှစ်တခုအတွင်း ဘိန်းထုတ်လုပ်မှု သိသိသာသာတိုးလာတာကို ကျနော်တို့ ပထမဆုံးအကြိမ် တွေ့ရခြင်းဖြစ်တယ်” ဟု UNDOC ရုံး၏ ဘန်ကောက် ကိုယ်စားလှယ် ဂျရမီ ဒေါက်ဂလပ်က Nikkei သို့ ပြောသည်။ “စစ်တပ်အတွက် အရင်က အကြီးမားဆုံး အကျိုးစီးပွားက မူးယစ်ကုန်သွယ်မှုကနေရတာ” ဟုလည်း ပြောသည်။
“မင်းအောင်လှိုင် အာဏာသိမ်းလိုက်တော့ စီးပွားရေးက ပြိုလဲပြီး လူတွေအများကြီး အလုပ်ပြုတ်ကုန်တယ်။ လူတွေက ဘာလုပ်ဖို့ပဲရှိတော့လဲ။ ဘိန်းက အလုပ်ရှင်တယောက်ဖြစ်လာတယ်” ဟုလည်း သူကရှင်းပြသည်။
ဒီမိုကရေစီနှင့် ရန်ငြိုး
အရပ်သားအစိုးရကို ဖြုတ်ချရန် ဆုံးဖြတ်ချက်သည် စစ်တပ်၏ တွေးခေါ်ပုံသက်သက်ကြောင့်သာမက ဖြစ်ပွားနေသည့် လက်စားခြေမှုတွင် ၎င်း၏ ဆက်လက်တည်မြဲရေးကို ကာကွယ်ရန်လည်းဖြစ်ကြောင်း လေ့လာသူများက ပြောသည်။
မင်းအောင်လှိုင်က ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် ခါးသီးသော မုန်းတီးမှုကို အထက်ပါ သုတေသီကထောက်ပြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် အစောပိုင်းကပင် လုပ်ကြံစွပ်စွဲချက်များဖြင့် နေပြည်တော်တွင် ဖမ်းဆီးထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ခေတ်အဆက်ဆက် အာဏာရှင်စနစ်များက မုန်းတီးကြပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပညာတတ်ခြင်း၊ ခေတ်မီသည်ဟု ယူဆခြင်းနှင့် တချိန်က မီဒီယာများ၏ ချီးမြှောက်မှုများကြောင့် ဗိုလ်ချုပ်များက ကြောက်နေကြသည်။ လုပ်ကြံသတ်ဖြတ်ခံရသော လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးအဖြစ် သူ၏ မျိုးရိုးကြောင့်လည်း ပိုမိုအဆင့်မြင့်သည်။
စစ်တပ်က သူ့ကိုနေအိမ်တွင် စုစုပေါင်း ၁၅ နှစ်ကြာ ချုပ်နှောင်ထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်တပ်အကြား ဆက်ဆံရေးကို ခန့်မှန်းရန် ခက်ခဲသည်။ “ကျမအဖေက စစ်တပ်ရဲ့ဖခင်၊ စစ်သားတွေက သူ့ရဲ့သားတွေဖြစ်တယ်။ ဒါကြောင့်သူတို့က ကျမမိသားစုတွေလို့ ကျမသင်ယူခဲ့တယ်” ဟု လူကြိုက်များသည် BBC ရေဒီယို အစီအစဉ်ဖြစ်သော Desert Island Discs သို့ ၂၀၁၂ ခုနှစ်တွင် ပြောခဲ့သည်။
“ကျမက စစ်တပ်ကိုချစ်တယ်။ ကျမ အဲဒီလိုပြောတာကို လူတွေက မကြိုက်ဘူး။ စစ်တပ်အတွက် အရောင်းမြှင့်တင်ရေး မိန်းကလေးလို ဖြစ်နေတယ်ဆိုပြီး ကျမကို ဝေဖန်တဲ့လူတွေအများရှိတယ်။ ဒီအရွယ်မှာ အရောင်းမြှင့်တင်ရေး မိန်းကလေးလို့ အထင်ခံရတာ အရမ်းကို မြှောက်ပင့်ပြောနေသလိုပဲ” ဟုလည်း သူကပြောသည်။
ကလေးစစ်သားစုဆောင်းခြင်း၊ မြေမြှုပ်မိုင်းထောင်ခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုများအကြောင်း မေးသောအခါ ဒေါ်အောင်ဆန်းစုကြည်က “သူတို့လုပ်တာတွေကို ကျမ လုံးဝမကြိုက်ဘူး။ ဒါပေမယ့် အဲဒါတွေရှိပေမယ့် တယောက်ယောက်ကို ချစ်ရင်၊ ချစ်တယ်လို့ထင်ရင် သူတို့ကိုယ်သူတို့ ပြုပြင်နိုင်မယ့် အချိန်ကို မျှော်လင့်ရတယ်” ဟု ပြောသည်။

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အပေါ် နစ်နာအောင် လုပ်ဆောင်မှုများကို ကြည့်ပါက စစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော်ပြောဆိုသည့် လိုလားမှုသည် မင်းအောင်လှိုင်က သူ့ကို မုန်းသည့် အမုန်းကဲ့သို့ပင် ပုံမှန်မဟုတ်သည့်စိတ် ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် စစ်တပ်က ကျူးလွန်သည့် လူမျိုးတုံး သတ်ဖြတ်မှုကို ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉ ခုနှစ် နှောင်းပိုင်းတွင် သည်ဟိဂ်မှ နိုင်ငံတကာတရားရုံးတွင် သွားရောက် ကာကွယ်ပေးသောကြောင့် နိုင်ငံတကာမှ စိတ်ခံစားမှုများကို လျစ်လျူရှုကြောင်း ထင်ရှားလာသဖြင့် နိုင်ငံတကာ ဂုဏ်သတင်း ထိခိုက်ပြီး ဆုတံဆိပ်အများအပြား ရုတ်သိမ်းခံရသော်လည်း ၁၉၉၁ ခုနှစ်က ရရှိခဲ့သည့် နိုဘယ်ဆု ပါဝင်ခြင်း မရှိပေ။
စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အပေါ် နစ်နာအောင် လုပ်ဆောင်မှုများကို ကြည့်ပါက စစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော်ပြောဆိုသည့် လိုလားမှုသည် မင်းအောင်လှိုင်က သူ့ကို မုန်းသည့် အမုန်းကဲ့သို့ပင် ပုံမှန်မဟုတ်သည့်စိတ် ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းအောင်လှိုင်တို့နဲ့ ဆက်ဆံရတဲ့လူတွေက သူတို့ နှစ်ယောက်လုံး ခေါင်းမာတဲ့နေရာမှာ အတူတူပဲလို့ပြောတယ်” ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လေ့လာသူဟောင်း တဦးက Nikkei သို့ ပြောသည်။ “တခါတခါ ဒေါ်အောင်ဆန်းစုကြည်ကလည်း မင်းအောင်လှိုင်ထက် ပိုမဆိုးရင်တောင်မှ မင်းအောင်လှိုင်လို ဆိုးပြီး ကောင်းကောင်း မညှိနှိုင်းတော့ဘဲ တဘက်လူကို စော်ကားတယ်။ တခါတခါ ဒေါ်အောင်ဆန်းစုကြည်က မင်းအောင်လှိုင်ကို ပြောလိုက်တာတွေက ကျနော် တုန်လှုပ်မိတယ်။ သူတို့ရဲ့ ဆက်ဆံရေးက ပဋိပက္ခ ဆက်ဆံရေးဖြစ်တယ်။ နှစ်ဘက်လုံးက ကိုယ်လမ်းကိုယ်ဖောက်ပြီး တဘက်နဲ့ တဘက် ထိုးနှက်ဖို့ပဲ လုပ်နေကြတာ” ဟု ၎င်းကပြောသည်။
စစ်တပ်၏ လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုသာမက တိုင်းရင်းသားပါတီ အများအပြားကိုပါ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြတ်ပြတ်သားသား နောက်တကြိမ် အနိုင်ရသည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲ ပြီးနောက် သွေးဆိုးများ ငယ်ထိပ်ရောက်လာသည်။ ထိုရွေးကောက်ပွဲရလဒ်မှာ မင်းအောင်လှိုင်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် အငြိမ်းစား မယူမနေရ ယူရပြီး သမ္မတ ရာထူးရရန် အလားအလာ ပိတ်သွားခြင်းဖြစ်သည်။ သူအငြိမ်းစားယူရမည့် အချိန်ကို ဆိုင်းငံ့ထားသည်မှာ ၅ နှစ် ရှိပြီဖြစ်သည်။
မဲမသမာမှု အကြောင်းပြပြီး မင်းအောင်လှိုင်က သူ့အကျိုးအတွက်၊ သူဆက်လက်ရပ်တည်ရေးအတွက် အာဏာသိမ်းခြင်းသည် ဗိုလ်ချုပ်များ အနိုင်ရသည့် သေရေးရှင်ရေးတိုက်ပွဲ အထွတ်အထိပ်ဖြစ်ပြီး လူအများစု ယုံကြည်ချက်အရဆိုပါက ထိုတိုက်ပွဲသည် နိုင်ငံကိုစတေးပြီး တိုက်ခဲ့သော တိုက်ပွဲဖြစ်သည်။
“တပ်တွင်းအာဏာသိမ်းမှုက သူပြုတ်ကျဖို့ အကောင်းဆုံး မျှော်လင့်ချက်ဖြစ်နေသေးတယ်။ သူ့ကိုဖြုတ်ချဖို့ အတွင်းကြိတ်ကြံတဲ့ လက္ခဏာတော့ မတွေ့ရသေးဘူး။ ဒါပေမယ့် အာဏာသိမ်းဖို့ ကြံစည်နေတဲ့လူတွေက သူတို့ရည်မှန်းချက်ကို ထုတ်ဖော်ပြောဆိုမှာ မဟုတ်လို့ အဲဒီလိုမျိုး ယူဆလို့လည်း မရဘူး” ဟု သူကပြောသည်။
“မင်းအောင်လှိုင်ဟာ တနိုင်ငံလုံးကို အဆိပ်မိစေပြီး နောက်ဆုံးမှာ ကိုယ်တိုင်လည်း အဆိပ်မိမယ့် ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ ဆေးကိုသောက်လိုက်တာ” ဟု အငြိမ်းစား သြစတြေးလျ သံအမတ် ကော့ပယ်လ်က ၂၀၂၁ ခုနှစ်တွင် Nikkei သို့ ပြောခဲ့သည်။ ယခု နှစ်နှစ်ကြာသောအခါ မည်သည့်တိုးတက်မှု အလားအလာမျှ ကော့ပယ်လ် မမြင်ရသလို တိုးတက်မှုလည်း ရနိုင်ဖွယ်မရှိပေ။
“တပ်တွင်းအာဏာသိမ်းမှုက သူပြုတ်ကျဖို့ အကောင်းဆုံး မျှော်လင့်ချက်ဖြစ်နေသေးတယ်” ဟု ကော့ပယ်လ်က Nikkei သို့ ပြောသည်။ “သူ့ကိုဖြုတ်ချဖို့ အတွင်းကြိတ်ကြံတဲ့ လက္ခဏာတော့ မတွေ့ရသေးဘူး။ ဒါပေမယ့် အာဏာသိမ်းဖို့ ကြံစည်နေတဲ့လူတွေက သူတို့ရည်မှန်းချက်ကို ထုတ်ဖော်ပြောဆိုမှာ မဟုတ်လို့ အဲဒီလိုမျိုး ယူဆလို့လည်း မရဘူး” ဟု သူကပြောသည်။
(Nikkei Asia မှ Dominic Faulder ၏ Myanmar’s iron-fisted ruler Min Aung Hlaing fights to stay on his throne ကို ဘာသာပြန် ဖော်ပြသည်။ Dominic Faulder သည် ဖြစ်ပြီး အရှေ့တောင်အာရှရေးရာများကို နှစ်ပေါင်းများစွာ အထူးပြုရေးသားသူ ဝါရင့်သတင်းစာဆရာတဦး ဖြစ်သည်။)
You may also like these stories:
အမေရိကန် ပူးတွဲသဘာပတိလုပ်မည့် အာရှစစ်ဘက်အစည်းအဝေး မြန်မာကို ဖိတ်ထား
အရေးပေါ်အခြေအနေ သက်တမ်းတိုးမှု တရားမဝင်အုပ်ချုပ်ရေး သက်ဆိုးရှည်စေဟု အမေရိကန်ပြော
စစ်အာဏာမသိမ်းဖို့ ဒေါ်အောင်ဆန်းစုကြည် ဘာတွေ ကမ်းလှမ်းခဲ့သလဲ
ထွန်းမင်းလတ်နဲ့ မင်းအောင်လှိုင်မိသားစု ဘယ်လိုရင်းနှီးသလဲ
စစ်ခေါင်းဆောင်နှင့် ထိုင်းကာကွယ်ရေး ဦးစီးချုပ်တို့ ငပလီတွင် တွေ့ဆုံ