လွန်ခဲ့သော ၂ နှစ်က အာဏာသိမ်းခဲ့သော မြန်မာစစ်တပ်ကို ထိုင်းနှင့် အမေရိကန် ပြည်ထောင်စုတို့ ပူးတွဲသဘာပတိအဖြစ် တာဝန်ယူမည့် ဒေသတွင်း စစ်ဘက်ဆိုင်ရာအစည်းအဝေးတခုတွင် ပါဝင်ရန် ဖိတ်ကြားထားသည်။
ငါးရက်ကြာမည့် ASEAN နှင့် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM-Plus) ရေကြောင်းလုံခြုံရေး ကျွမ်းကျင်သူများလုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စတင်ကျင်းပပြီး သရုပ်ပြလေ့ကျင့်မှုများလည်း ပါဝင်မည်ဖြစ်သည်။
ရှာဖွေကယ်ဆယ်ရေး၊ ပင်လယ်ဓားပြ ချေမှုန်းရေးနှင့် မူးယစ်ဆေး၊ လက်နက်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး သဘောတရားဆိုင်ရာ လေ့ကျင့်မှုများကို ဖော်ပြထားသည့် ပေါက်ကြားလာသော စာရွက်စာတမ်းများကို ရရှိထားကြောင်း ထိုဖိတ်ကြားမှုနှင့် ပတ်သက်၍ Myanmar Now က ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဖော်ပြသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး မာတင် မိန်းနားစ်က မြန်မာစစ်တပ်ကို ဖိတ်ကြားခြင်းမှာ ASEAN ထုံးစံအရ ပြုလုပ်ခြင်းဖြစ်ကြောင်း Myanmar Now သို့ ပြောသည်။
“ASEAN ဆွေးနွေးပွဲတွေ တက်ရောက်ခွင့်ကို ASEAN အဖွဲ့ဝင် နိုင်ငံတွေကပဲ ဆုံးဖြတ်တယ်” ဟု ဒုဗိုလ်မှူးကြီး မိန်းနားစ်က Myanmar Now သို့ ပြောထားသည်။
ထိုအစည်းအဝေးတွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင် ၁၀ နိုင်ငံနှင့်အတူ ဆွေးနွေးဘက်များဖြစ်သော သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့ တက်ရောက်မည် ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုကြောင့် ဖြစ်လာသော အကြမ်းဖက်မှုများကို အဆုံးသတ်ပြီး ဆွေးနွေးပွဲများအတွက် အခြေအနေများ ဖန်တီးပေးသည့် အစီအစဉ်ကို မြန်မာဗိုလ်ချုပ်များက အကောင်အထည် မဖော်သောကြောင့် မြန်မာကို ကိုင်တွယ်ရေးနှင့် ပတ်သက်ပြီး ASEAN သည် ရုန်းကန်နေရသည်။
ASEAN သည် မြန်မာစစ်တပ်မှ ထိပ်တန်းကိုယ်စားလှယ်များကို အဖွဲ့၏ အဓိက ထိပ်သီး အစည်းအဝေးများမှ ပိတ်ပင်ထားပြီး သွေးချောင်းစီးမှု နှစ်နှစ်ကြာလာသောအခါ အဖွဲ့ဝင်နိုင်ငံအချို့က စစ်အာဏာသိမ်းမှုကြောင့် ဖြုတ်ချခံရသည့် နိုင်ငံရေးသမားများဖြင့် ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိတွေ့ဆက်ဆံရန် တောင်းဆိုလာကြသည်။
၂၀၂၃ ခုနှစ်တွင် ASEAN အလှည့်ကျဥက္ကဋ္ဌရာထူးကို ကမ္ဘောဒီးယားနိုင်ငံထံမှ လွှဲပြောင်းရယူထားသည့် အင်ဒိုနီးရှားသည် မြန်မာကို ပိုမိုပြတ်သားစွာ ကိုင်တွယ်မည်ဆိုသည့် မျှော်လင့်ချက်များလည်း ရှိခဲ့သည်။
ဂျကာတာသည် NUG နှင့် ထိတွေ့ဆက်ဆံရေးကို လိုလားပြီး ပြီးခဲ့သည့် နိုဝင်ဘာလတွင် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာဗိုလ်ချုပ်များကို ASEAN ထိပ်သီး အစည်းအဝေးသာမက အခြားအစည်းအဝေးများသို့ပါ ပိတ်ပင်ရန် တောင်းဆိုသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယခုနှစ် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာထားသည်။
ရွေးကောက်ခံခေါင်းဆောင်နှင့် လူထုထောက်ခံမှုအများဆုံး နိုင်ငံရေးသမား ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်တရားခွင် အများအပြားဖြင့် ထောင်ဒဏ် နှစ်ပေါင်း ၃၀ ကျော်ချထားသည်။
မြန်မာသည် ယခင်စစ်အုပ်စုခေတ် ၁၉၉၇ ခုနှစ်တွင် ASEAN အဖွဲ့ဝင်ဖြစ်လာသည်။
You may also like these stories:
စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ASEAN အစည်းအဝေး တက်ခွင့်မရ
မြန်မာဗိုလ်ချုပ်တွေကို အင်ဒိုနီးရှားမှာ တရားစွဲနိုင်မလား