“သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ” ဆောင်းပါးကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က ဧရာဝတီသတင်းမီဒီယာတွင် ဖော်ပြခဲ့ပြီးဖြစ်၏။ တနှစ်ခန့်အကြာတွင် ထပ်ရေးသော ဤဆောင်းပါးသည် ယခင်ဆောင်းပါးနှင့် တဆက်တည်းဖြစ်၍ အပိုင်း (၂) အနေဖြင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၃၅ နှစ်မြောက် အခါသမယတွင် ဆက်လက်ဖော်ပြအပ်ပါသည်။
ယခင်ဆောင်းပါးတွင် ဖော်ပြထားသကဲ့သို့ ၂၀၂၁ ခုနှစ်၊ မေလကုန်ပိုင်းတွင် UWSA တပ်ဖွဲ့များသည် ပန်ယန်းမှတဆင့် သံလွင်မြစ်အား ကူးတို့ဖြင့်ဖြတ်ကာ သံလွင်အနောက်ခြမ်း ရှမ်းတောင်သို့ ဝင်ရောက်လာခဲ့၏။ ခိုင်လုံသောသတင်းများအရ UWSA အင်အား ၃,၀၀၀ ခန့်၊ ကားအစီး ၁၀၀ ခန့်နှင့် လက်နက်ကြီး တပ်ရင်းတပ်ဖွဲ့များ ပါဝင်သည်ဟုသိရ၏။ UWSA တပ်ဖွဲ့များသည် အဓိက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့များကို ကူညီခဲ့ပြီး ရှမ်းမြောက် ကျောက်မဲဘက်ရှိ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကို လက်နက်ကြီးပစ်ကူအချို့သာ ပေးခဲ့သည်ဟု သိရသည်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့်တိုက်သော တိုက်ပွဲများသည် ၂၀၂၂ ခုနှစ်၊ မတ်လကုန်ပိုင်းတွင် အခြေခံအားဖြင့် ပြီးပြတ်သွားခဲ့သော်လည်း UWSA တပ်ဖွဲ့များ မိုင်းကိုင်-ဆင်တောင်၊ ပင်လုံ- ဆနင်းတောင်ကြောအပါအဝင် ရှမ်းတောင်တွင် SSPP တပ်များနှင့်တွဲ၍ ၂၀၂၄ ခုနှစ်၊ ဧပြီလဆန်းအထိ တပ်များ နေရာယူထားဆဲဖြစ်သည်ကို တွေ့ရ၏။
ဒုတိယအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် UWSA တပ်ရင်းတရင်း အင်အား ၃၀၀ ခန့် သံလွင်မြစ် အနောက်ဘက်သို့ ကူးဝင်လာပြီး တန့်ယန်းအနီးတွင် SSPP တပ်များနှင့်တွဲ၍ စခန်းထိုင်လိုက်၏။ ထိုသို့ သံလွင်မြစ် အနောက်ခြမ်းသို့ UWSA တပ်များ ဝင်ရောက်လာခြင်းအား စစ်တပ်က တရားဝင်ကန့်ကွက်သည်ကို မတွေ့ရပေ။
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့်တိုက်သော တိုက်ပွဲများသည် ၂၀၂၂ ခုနှစ်၊ မတ်လကုန်ပိုင်းတွင် အခြေခံအားဖြင့် ပြီးပြတ်သွားခဲ့သော်လည်း UWSA တပ်ဖွဲ့များ မိုင်းကိုင်-ဆင်တောင်၊ ပင်လုံ- ဆနင်းတောင်ကြောအပါအဝင် ရှမ်းတောင်တွင် SSPP တပ်များနှင့်တွဲ၍ ၂၀၂၄ ခုနှစ်၊ ဧပြီလဆန်းအထိ တပ်များ နေရာယူထားဆဲဖြစ်သည်။
ယခု တတိယအကြိမ် ဝင်ရောက်ခြင်းကို ၂၀၂၄ ခုနှစ်၊ မတ်လအတွင်းတွင် တွေ့ရ၏။ ဤအကြိမ် ဝင်ရောက်လာခြင်းသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ခဲ့သော သံလွင်အရှေ့ခြမ်းရှိ ဟိုပန်နှင့် ပန်လုံ ဒေသအား UWSA ထံသို့ မြောက်ပိုင်းသုံးဖွဲ့က လွှဲပြောင်းပေးပြီး နောက်တွင် တွေ့ရှိရ၏။ ယခု လွှဲပြောင်းပေးသည့်ဒေသသည် သံလွင်မြစ်အနောက်ဘက် မုန်းကျက်ဒေသဖြစ်၏။ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA တပ်များ တလခန့် အကြိတ်အနယ် တိုက်ခိုက်ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည့် စစ်တပ်ဗျူဟာကုန်းစိုက်သည့် ဒေသဖြစ်၏။
သံလွင်မြစ်အနောက်ဘက် မုန်းကျက်၊ ကာမိန်း၊ တိန်းတန် ဒေသဖြစ်၏။ သံလွင်မြစ်အရှေ့ဘက်တွင် UWSA ထိန်းချုပ်ရာ ဝပြည်နယ် နားဝီးမြို့နယ်ရှိ၏။ ၁၀၂၇ စစ်ဆင်ရေးအတွင်း တိန်းတန်၊ မုန်းကျက်တို့အား တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် TNLA က UWSA အား လွှဲပြောင်းပေးခြင်းဖြစ်သည်ဟု သိရ၏။
၂၀၂၄ ခုနှစ်၊ မတ်လဆန်းမှ စတင်၍ လားရှိုးမြို့နယ်ရှိ ညီနောင်မဟာမိတ် သုံးဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားသည့် မိုင်းကျက်ကျေးရွာအုပ်စုတွင် UWSA က ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စတင်လုပ်ဆောင်ရန် သံလွင်မြစ်မှ မိုင်းကျက်ကျေးရွာအထိ ၄၈ ပေ အကျယ်ရှိသည့်လမ်းကို ဖောက်လုပ်လာကြောင်း ရှမ်းသံတော်ဆင့်သတင်းဌာနက ဖော်ပြသည်။
မိုင်းကျက်ကျေးရွာအုပ်စုသည် လားရှိုးမြို့နှင့် မိုင် ၆၀ ခန့်သာ ကွာဝေးပြီး UWSA က ယခု ဖောက်လုပ်လာသည့်လမ်းမှာ သံလွင်မြစ် အနောက်ခြမ်းရှိ မိုင်းကျက်ကျေးရွာအထိ ၁၀ မိုင်ခန့် ကွာဝေးသည်။ အလားတူ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက်က မိုင်းကျက်ကျေးရွာ ဘုန်းကြီးကျောင်းတွင် UWSA မှ ရွာသားများကို အစည်းအဝေးခေါ်၍ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များအတွက် ပြောဆိုခဲ့ရာ မိုင်းကျက်ကို ပြန်လည် ထူထောင်ရေး လုပ်ပေးမည်ဖြစ်ပြီး သုံးနှစ်အတွင်း မည်သည်တပ်ကမှ အခွန်ကောက်ခံခြင်း မပြုရန် သတ်မှတ်သည်ဟု ဆိုပါသည်။
လားရှိုးမြို့နယ် အရှေ့မြောက်ဘက်ရှိ မိုင်းကျက်ကျေးရွာအုပ်စုသည် သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ လားရှိုး၊ သိန္နီနှင့် အရှေ့ဘက်ခြမ်းရှိ ကွမ်းလုံမြို့နယ်တို့ဆုံရာ နယ်စပ်ဖြစ်ပြီး UWSA က သံလွင်မြစ် အနောက်ခြမ်းတွင် ခြေကုပ်ရယူရန် ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြ၏။ ထို့ပြင် ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း တန့်ယန်းအနီး ဝင်ရောက်တပ်စွဲခဲ့သည့် UWSA နှင့်လည်း ချိတ်ဆက်လာနိုင်၏။
သံလွင်အနောက်ခြမ်းနှင့် UWSA
ရှမ်းပြည်နယ် သံလွင်အနောက်ခြမ်းသည် UWSA နှင့် မစိမ်းလှပေ။ သံလွင်အနောက်ခြမ်း မုန်းကိုး၊ မုန်းပေါ်၊ ပန်ဆိုင်း (ကြူကုတ်) ဒေသများမှသည် မိုးမိတ်၊ မိုးကုတ်ဒေသို့လည်းကောင်း၊ ဗန်းမော်၊ လွယ်ဂျယ်ဒေသသို့လည်းကောင်း ဝ တပ်ဖွဲ့များသည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တပ်ဖွဲ့များအဖြစ် ၁၉၇၁ ခုနှစ်ခန့်မှစ၍ ၁၉၈၉ ခုနှစ် ဗကပ ပျက်သည်အထိ လှုပ်ရှားခဲ့ဖူးကြ၏။
အလားတူပင် ဝ တပ်ဖွဲ့များသည် ဗကပ တပ်မဟာ ၆၈၃ အနေဖြင့် ရှမ်းပြည်တောင်ပိုင်းတွင် ဗကပ ပျက်ပြီးသည့် ၁၉၉၀ အထိ လှုပ်ရှားခဲ့ကြဖူးသည်။ လက်ရှိ UWSA ထိပ်တန်းခေါင်းဆောင် နှစ်ဦးဖြစ်သည့် UWSA တပ်မှူးနှင့် ဒုတပ်မှူးကြီးများဖြစ်ကြသော ဦးပေါက်ယိုချမ်းနှင့် ဦးကျောက်ကျုံးတန်းသည် ၁၉၇၅ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ရှမ်းပြည်တောင်ပိုင်းတွင် SSPP/SSA, ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကယန်းပြည်သစ်ပါတီစသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် အတူတွဲ၍ နှစ်ပေါင်းများစွာ တွဲ၍ လှုပ်ရှားခဲ့ကြဖူးသည်။
ထိုတိုင်းရင်းသားခေါင်းဆောင်များနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိခဲ့ကြသကဲ့သို့ ဆက်ဆံရေးလည်း မပြတ်ခဲ့ကြပေ။ သို့ဖြစ်ရာ လက်ရှိ UWSA ခေါင်းဆောင်များသည် သံလွင်မြစ် အနောက်ခြမ်းရှိ ရှမ်းမြောက်၊ ရှမ်းတောင်တို့နှင့် မစိမ်းလှပေ။
ဝ တပ်ဖွဲ့များသည် ဗကပ တပ်မဟာ ၆၈၃ အနေဖြင့် ရှမ်းပြည်တောင်ပိုင်းတွင် ဗကပ ပျက်ပြီးသည့် ၁၉၉၀ အထိ လှုပ်ရှားခဲ့ကြဖူးသည်။
၁၉၈၉ ခုနှစ်တွင် ဗကပမှ ခွဲထွက်ပြီးနောက် လက်ရှိ UWSA ဒုတပ်မှူးကြီး ဖြစ်နေသည့် ဦးကျောက်ကျုံးတန်း ဦးစီးသော ဝ တပ်မ တခုသည် ရှမ်းပြည်တောင်ပိုင်းတွင် ကျန်ရှိနေခဲ့၏။ ထိုတပ်မရှိ ကိုးကန့်နှင့် တရုတ်တပ်မှူးများကို ခွန်ဆာ၏ မောဝ်တိုင်းစစ်တပ် (MTA) မှ စည်းရုံးဖဲ့ထုတ်ရာ UWSA နှင့် MTA တပ်ဖွဲ့များ ရှမ်းပြည်တောင်ပိုင်းတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွား၏။ ထိုအချိန်ကာလတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်ခေါင်းဆောင်များက UWSA တပ်ဖွဲ့ကို ရှမ်းပြည်တောင်ပိုင်းမှ ထွက်ခွာ၍ ရှမ်းအရှေ့ ထိုင်းနယ်စပ် မိုင်းဆတ်၊ မိုင်းတုံမြို့နယ်တွင်းတွင် အခြေပြုရန် ကမ်းလှမ်းခဲ့၏။
နဝတ စစ်ခေါင်းဆောင်များ ရည်ရွယ်သည်မှာ ထိုင်းနယ်စပ် မိုင်းဆတ်၊ မိုင်းတုံနယ်အတွင်း အင်အားကြီးထွားလာသည့် ခွန်ဆာ၏ MTA နှင့် UWSA ကြား ပဋိပက္ခကို အသုံးချ၍ ရှမ်းအရှေ့တွင် UWSA နှင့် MTA တိုက်ခိုက်ရန် မျှော်လင့်ပြီး တဖက်ကလည်း သံလွင်အနောက်ခြမ်း ရှမ်းပြည်တောင်ပိုင်းမှ UWSA တပ်များ ဖယ်ရှားနိုင်ရန် ဆောင်ရွက်ခဲ့၏။
ရှမ်းအရှေ့နှင့် UWSA
ဤပဋိပက္ခကို အသုံးချရာတွင် အဓိက မက်လုံးမှာ ထိုင်းနယ်စပ်ရှိ ဘိန်းဈေးကွက်သည် အခရာကျ၏။ ထိုစဉ်က ရှမ်းပြည်နယ်မှ ထွက်သမျှ ဘိန်းဈေးကွက်၏ လမ်းဆုံးမှာ ထိုင်းနယ်စပ် မိုင်းဆတ်၊ မိုင်းတုံနယ်ဖြစ်၏။ UWSA အဖို့ဆိုလျှင် ဗကပမှ ခွဲထွက်ပြီးခါစ ဘဏ္ဍာရေးပြဿနာရှိ၏။ ထိုစဉ်က ဝ နယ်၏ ထွက်ကုန်သည် ဘိန်းဖြစ်ရာ ဘိန်းဈေးကွက်အတွက် ထိုင်းနယ်စပ်ကို လိုအပ်၏။
ဗကပခေတ်ကတည်းက ထိုင်းနယ်စပ်တွင် ဝ တပ်များ စေလွှတ်ထား၏။ ယခု UWSA ခွဲထွက်ပြီးသောအခါ ယခင် ထိုင်းနယ်စပ်ရှိ ဝေရှောက်ကမ်း ဦးစီးသည့် ဝ တပ်များမှာလည်း UWSA နှင့် ပူးပေါင်းလိုက်ရာ UWSA အတွက် ထိုင်းနယ်စပ်တွင် ရေခံမြေခံ ပို၍ကောင်းသွား၏။ UWSA တပ်ဖွဲ့များသည် MTA အား တိုက်ခိုက်ပြီး ထိုင်းနယ်စပ်တွင် ခြေကုပ်ယူခဲ့၏။
၁၉၉၆ ခုနှစ် MTA လက်နက်ချပြီးနောက် ထိုင်းနယ်စပ် မိုင်းတုံ၊ မိုင်းဆတ် နယ်အတွင်းသို့ ဝ နယ်မှ လူဦးရေ ၁ သိန်း ရွှေ့ခွင့်ပြုရန် ထိုစဉ်က ဒု ဗိုလ်ချုပ်ကြီး ခင်ညွန့်အား တောင်းဆိုခဲ့၏။ UWSA တောင်းဆိုမှုမှာ ပထမအချက်အနေဖြင့် ဝ နယ်၌ စိုက်ပျိုးမွေးမြူရန် ခက်ခဲ၍ဖြစ်ပြီး ဒုတိယအချက်မှာ ထိုင်းနယ်စပ်တွင် UWSA တပ်များသာ ရှိရာမှ ဝ လူထုပါ အခြေချပြီး နယ်မြေထိန်းချုပ်နိုင်ရန် ဖြစ်၏။
ယခင် ထိုင်းနယ်စပ်ရှိ ဝေရှောက်ကမ်း ဦးစီးသည့် ဝ တပ်များမှာလည်း UWSA နှင့် ပူးပေါင်းလိုက်ရာ UWSA အတွက် ထိုင်းနယ်စပ်တွင် ရေခံမြေခံ ပို၍ကောင်းသွား၏။ UWSA တပ်ဖွဲ့များသည် MTA အား တိုက်ခိုက်ပြီး ထိုင်းနယ်စပ်တွင် ခြေကုပ်ယူခဲ့၏။
နဝတ က သဘောတူခဲ့သည်မှာ မိုင်းတုံ၊ မိုင်းဆတ်နယ်သည် ၁၉၅၈ ခုနှစ်မှစ၍ အစဉ်အလာ ရှမ်းလက်နက်ကိုင်ပုန်ကန်မှု စတင်ရာ ရေခံမြေခံကောင်းသည့် ရှမ်းဒေသဖြစ်သည့်အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံမှလည်း ရှမ်းလက်နက်ကိုင်များအား တစုံတရာ နားလည်ကူညီမှုပေးသည်။ သို့ဖြစ်ရာ အစဉ်အလာ ရှမ်းလက်နက်ကိုင် အားကောင်းသည့် ဒေသကို UWSA တပ်များ၊ ဝ လူမျိုးများနှင့် ပြန်လည်ထိန်းချုပ်ရန် စစ်တပ်က စဉ်းစားလုပ်ဆောင်ခဲ့ပုံရ၏။
ထိုင်းနယ်စပ် မိုင်းဆတ်၊ မိုင်းတုံ နယ်အတွင်း ၂၀၀၂ မှ ၂၀၀၅ ခုနှစ်အတွင်း RCSS တပ်များကို တိုက်ခိုက်ရာတွင်လည်း UWSA ပါဝင်ခဲ့ပြီး စစ်တပ်က UWSA အား လက်နက်ခဲယမ်းထောက်ပံ့ခဲ့၏။ ဤကာလအထိ UWSA နှင့် စစ်တပ်ကြား ဆက်ဆံရေး ကောင်းမွန်ခဲ့၏။
UWSA နှင့် စစ်တပ်ကြား ပဋိပက္ခ
၂၀၀၅ ခုနှစ်တွင် လွယ်တိုင်းလျန်အား တိုက်ခိုက်နေရာမှ UWSA က ဆက်မတိုက်တော့ဘဲ ရပ်ဆိုင်းပစ်ခဲ့၏။ ဤသို့ရပ်ခြင်းကို စစ်တပ်က သဘောမတူဘဲ ဆက်တိုက်ခိုင်းခဲ့သော်လည်း UWSA က မတိုက်တော့သဖြင့် စစ်တပ်နှင့် UWSA ကြား တင်းမာမှု စတင်ခဲ့၏။ ထို့ပြင် လွယ်တိုင်းလျန်ကို ဆက်မတိုက်တော့သည့် UWSA တပ်မဟာမှူးအား တြိဂံတိုင်းမှူးက မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခဲ့၍ UWSA နှင့် စစ်တပ်ကြား ပိုတင်းမာခဲ့၏။
UWSA အပစ်ရပ်ပြီးကတည်းက နဝတ အတွင်းရေးမှူး ဒု ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ဆက်ဆံရေး အဆင်ပြေသော်လည်း ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဆက်ဆံရေး မကောင်းခဲ့ပေ။ ၂၀၀၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ခင်ညွန့် ဖယ်ရှားခံရပြီး နအဖ နှင့် UWSA ကြား ဆက်ဆံရေး တင်းမာခဲ့၏။
ထို့ပြင် ၂၀၀၅ နှစ်က UWSA မှ တပ်မဟာမှူးတဦးကို မူးယစ်ဆေးဝါးမှုနှင့် ဖမ်းဆီးခဲ့ရာတွင်လည်း UWSA အား ၂၀၀၅ ခုနှစ်အထိ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) က ဗိုလ်ခင်ညွန့်မှတဆင့် ခွင့်ပြုထားသည်ဟု UWSA က နားလည်ထားပြီး နအဖ ကမူ ဗိုလ်ခင်ညွန့်ကို ဖယ်ရှားပြီးနောက် ၎င်းတို့နှင့်မဆိုင်ဟု သဘောထားပုံရ၏။
ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်သည့်နောက်ပိုင်း စစ်တပ်နှင့် UWSA ကြား တင်းမာမှုများ တဖြည်းဖြည်း လျှော့ချနိုင်ခဲ့ကြသော်လည်း ယခင်ကကဲ့သို့ ယုံကြည်မှု မရှိတော့ပေ။
သို့ဖြစ်ရာ ထိုအချိန်မှစ၍ စစ်တပ်နှင့် ဆက်ဆံရေး မကောင်းတော့ပေ။ UWSA တပ်မဟာမှူးကို ဦးဆောင်ဖမ်းဆီးသူ ထိုစဉ်က တြိဂံတိုင်းမှူး ဗိုလ်ချုပ် မင်းအောင်လှိုင်နှင့်လည်း ထိုစဉ်ကစ၍ ဆက်ဆံရေး မကောင်းခဲ့တော့ပေ။
တဖန် ၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ် (BGF) ဖွဲ့စည်းရေးမှစပြီး စစ်တပ်နှင့် UWSA ကြား တင်းမာမှုများ မြင့်တက်ပြီး ၂၀၁၀ ပြည့်နှစ်မှစ၍ စစ်ပြင်လာခဲ့ကြ၏။ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်သည့်နောက်ပိုင်း စစ်တပ်နှင့် UWSA ကြား တင်းမာမှုများ တဖြည်းဖြည်း လျှော့ချနိုင်ခဲ့ကြသော်လည်း ယခင်ကကဲ့သို့ ယုံကြည်မှု မရှိတော့ပေ။ ထို့ပြင် UWSA တပ်ဖွဲ့သည်လည်း ၎င်းဒေသ လုံခြုံစိတ်ချရေးအတွက် စစ်ရေးအရ ပြင်ဆင်ခြင်းနှင့် မဟာမိတ်များဖွဲ့စည်းခြင်းကို စနစ်တကျ တိုးချဲ့ လုပ်ဆောင်လာခဲ့တော့၏။
ဟိုပန်၊ ပန်လုံနှင့် UWSA
UWSA သည် ၂၀၁၇ ခုနှစ်တွင် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်အဖွဲ့ ခုနစ်ဖွဲ့နှင့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FNPCC) ဟူသည့် နိုင်ငံရေးမဟာမိတ်ဖွဲ့စည်းခဲ့သကဲ့သို့ SSPP, ရက္ခိုင့်တပ်တော် (AA)၊ TNLA, မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ကို အကူအညီများစွာပေးခဲ့၏။ ထိုအဖွဲ့များ၏ ရုံးများကို ပန်ဆန်းတွင် ဖွင့်လှစ်ခွင့်ပေးခဲ့၏။ ထိုအဖွဲ့များ၏ နောက်တန်းထောက်ပို့ကိစ္စများကို အကူအညီပေးခဲ့၏။ SSPP နှင့် TNLA တို့က RCSS အား ၂၀၂၁ ခုနှစ်အတွင်း တိုက်ခိုက်ရာတွင် UWSA က အပြည့်အဝ အကူအညီပေးခဲ့၏။ ၁၀၂၇ စစ်ဆင်ရေး ပြုလုပ်မည့် မြောက်ပိုင်းသုံးဖွဲ့ကို လေ့ကျင့်ရေး၊ ထောက်ပို့နှင့် ဆေးဝါးကုသရေးတို့ပါ အကူအညီပေးခဲ့၏။
ထို့ကြောင့်လည်း ၁၀၂၇ စစ်ဆင်ရေးအတွင်း ဟိုပန်၊ ပန်လုံကို သိမ်းပြီးနောက် UWSA ကို မြောက်ပိုင်းသုံးဖွဲ့က လွှဲပြောင်းပေးခဲ့ကြခြင်း ဖြစ်၏။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့နံနက်တွင် မြောက်ပိုင်းသုံးဖွဲ့အမည်ဖြင့် ဟိုပန်ကို ဝင်တိုက်သည်ကို တွေ့ရ၏။ မြောက်ပိုင်းသုံးဖွဲ့၏ ယင်းနေ့ ကြေညာချက်အရ စစ်ကောင်စီ၏ လက်ဝေခံပြည်သူ့စစ်အချို့၊ ရဲတပ်ဖွဲ့ဝင်များ၊ အွန်လိုင်းလောင်းကစား (ကျားဖြန့်) လိမ်လည်သူများ၊ စစ်ကောင်စီ၏ အကာအကွယ်ကိုယူပြီး လုပ်စားနေကြသော မူးယစ်ဆေးဝါး ရောင်းဝယ်သူများသည် ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ပန်လုံ၊ ဟိုပန်၊ တာကော်အတ်၊ မန်မန်းဆိုင်နှင့် မော်ဖဒေသများအတွင်း ထွက်ပြေးတိမ်းရှောင်ခြင်းတို့အပြင် လက်နက်၊ စစ်အင်အားဖြည့်တင်းခြင်းတို့ကိုပါ လုပ်ဆောင်နေသည်ဟု သိရှိရကြောင်း၊ ထို့ကြောင့် မိမိတို့ ညီနောင်မဟာမိတ် သုံးဖွဲ့အနေဖြင့် ကျားဖြန့် လိမ်လည်သူများကို အကာအကွယ် ထပ်မံပေးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူလူထုအတွက် အန္တရာယ်ကောင်ဖြစ်သော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်နေကြသူများကို အထက်ဖော်ပြပါ နေရာများအပြင် အခြားသော ဤကဲ့သို့ ခိုအောင်းနေသည့် နေရာများ၌ပါ လိုက်လံဖမ်းဆီးခြင်းနှင့် နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများကို ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်းဟု ဖော်ပြထား၏။
ထို့ကြောင့် ပန်လုံ၊ ဟိုပန်၊ တာကော်အတ် (သံလွင်မြစ်ကူးတံတား)၊ မန်မန်းဆိုင်နှင့် မော်ဖဒေသများ၊ သံလွင်အရှေ့ဘက်ခြမ်းမှ ဝ ဒေသများအား မြောက်ပိုင်းသုံးဖွဲ့အမည်ဖြင့် ဝင်ရောက်တိုက်ခိုက်တော့မည်ဟု ကြေညာခဲ့ပြီး ပန်လုံ၊ ဟိုပန်ကိုသိမ်းပြီးနောက် ဟိုင်ဂင်သဘောတူညီချက်ကြောင့် ရပ်တန့်သွားခဲ့၏။
၁၀၂၇ မြောက်ပိုင်းသုံးဖွဲ့၏ စစ်ဆင်ရေးနှင့်အတူ သံလွင်အရှေ့ခြမ်းရှိ ဝ ဒေသများအားလုံးကို သိမ်းပိုက်ရန် ရည်ရွယ်လှုပ်ရှားခဲ့သည်ကို တွေ့ရပြီး UWSA က နောက်ကွယ်က ပါဝင်ခဲ့သည်ကို အားလုံးမြင်နိုင်၏။
ယခုအခါ တန့်ယန်းအရှေ့ဘက် မန်မန်းရှန်ဒေသနှင့် မိုင်းရှူးအရှေ့ဘက်ရှိ မော်ဖဒေသ (မက်မန်းမြို့နယ်) တို့ကို UWSA တို့ အရယူရန် လိုအပ်နေသေး၏။ သို့သော်လည်း ယခုအခါ သံလွင်အနောက်ခြမ်းရှိ မိုင်းကျက်ဒေသအား မြောက်ပိုင်းသုံးဖွဲ့ထံမှ လက်လွှဲယူလိုက်သည်ကို တွေ့ရ၏။
UWSA, စစ်တပ်နှင့် အနာဂတ်ဖြစ်နိုင်ခြေများ
UWSA သည် သံလွင်အရှေ့ခြမ်း မူရင်း ဝ နယ်မှသည် ထိုင်းနယ်စပ် မိုင်းဆတ်၊ မိုင်းတုံအထိ ခြေလှမ်းထားသည့်အပြင် ယခုအခါ သံလွင်အနောက်ခြမ်းထိပါ ခြေဆန့်လာ၏။ သူ၏ လက်နက်ကိုင်အင်အားကို ကောင်းစွာ တည်ဆောက်ထားနိုင်သကဲ့သို့ လက်နက်ခဲယမ်း တောင့်တင်းပြီး သူ၏ မဟာမိတ်များကိုလည်း ကောင်းစွာ ထောက်ပံ့နိုင်၏။ မြောက်ပိုင်းသုံးဖွဲ့၊ SSPP နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) မိုင်းလားတို့အပေါ် UWSA ၏ စစ်ရေးဩဇာကြီး၏။
ရှမ်းမြောက်၌ မြောက်ပိုင်းသုံးဖွဲ့၏ လှုပ်ရှားမှု၊ SSPP ၏ လှုပ်ရှားမှုတို့တွင် UWSA ၏ ဩဇာနှင့် ကျောထောက်နောက်ခံ အားကြီး၏။ NDAA မိုင်းလားသည် အမှီခိုကင်းစွာ ရပ်တည်သည်ဆိုသော်လည်း UWSA ၏ စစ်ရေးဩဇာအောက်မှ သီးခြားခွဲထွက်၍ မရပေ။
တကယ်တမ်းတွင် UWSA ကြီးထွားလာခြင်းသည် ထိုင်းနယ်စပ်ရှိ ရှမ်းလက်နက်ကိုင်များကို ဦးတည်ထိန်းချုပ်နှိမ်နင်းရန် UWSA ကို စစ်တပ်က မွေးခဲ့ခြင်းဖြစ်၏။ စစ်တပ်က တခြားသူကို ခြောက်လှန့်ရန် သရဲမွေးခဲ့သည်ဟု ဆိုနိုင်သည်။ ယခုအခါ စစ်တပ်သည် ကိုယ်မွေးသည့်သရဲ ကိုယ်မနိုင်သည့် အောက်လမ်းဆရာ၊ ကိုယ်မွေးသည့်သရဲက ဂုတ်ပြန်ချိုးစားခံရမည့် အောက်လမ်းဆရာ ဖြစ်နေပြီဖြစ်၏။
ရှမ်းမြောက်၌ မြောက်ပိုင်းသုံးဖွဲ့၏ လှုပ်ရှားမှု၊ SSPP ၏ လှုပ်ရှားမှုတို့တွင် UWSA ၏ ဩဇာနှင့် ကျောထောက်နောက်ခံ အားကြီး၏။ NDAA မိုင်းလားသည် အမှီခိုကင်းစွာ ရပ်တည်သည်ဆိုသော်လည်း UWSA ၏ စစ်ရေးဩဇာအောက်မှ သီးခြားခွဲထွက်၍ မရပေ။
စစ်တပ်နှင့် သူ၏လော်ဘီများသည် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) လက်နက်စက်ရုံကို ဖျက်ဆီးရန် လှုံ့ဆော်သကဲ့သို့ လက်တွေ့လည်း ဖျက်ဆီးရန် ကြိုးစားခဲ့ကြ၏။ သို့သော် မြောက်ပိုင်းသုံးဖွဲ့နှင့် SSPP တို့အပါအဝင် လက်နက်ရရာ လမ်းကြောင်းဖြစ်သည့် UWSA ၏ လက်နက်စက်ရုံကို ဖျက်ဆီးရန် စစ်တပ်လော်ဘီများလည်း တခွန်းမဟရဲသကဲ့သို့ စစ်တပ်လည်း တခွန်းမဟပေ။ လက်တွေ့လည်း မလုပ်ရဲကြပေ။
လက်ရှိ မြောက်ပိုင်းသုံးဖွဲ့၏ နောက်ကွယ်တွင် UWSA ကူညီနေသည်ကို သိသော်လည်း စစ်တပ် ထုတ်မပြောရဲပေ။ SSPP နှင့်အတူ UWSA တပ်များ ရှမ်းတောင်သို့ ဝင်ရောက် နေရာယူထားသော်လည်းစစ်တပ်က တခွန်းမှမဟပေ။
အဓိကပြဿနာမှာ အင်အားတောင့်တင်းသော UWSA ကို စစ်တပ်က စစ်မျက်နှာ မဖွင့်ရဲခြင်း၊ မတိုက်ရဲခြင်း ဖြစ်၏။ ယခင် သဘောထား တင်းမာသည်ဆိုသည့် ဒု တပ်ချုပ် မောင်အေး လက်ထက်ကပင် မတိုက်ရဲခဲ့သည်ဖြစ်ရာ ယခုကဲ့သို့ စစ်တပ် စစ်ရေးအကျပ်အတည်းပေါင်စုံ ဆိုက်နေသည့်ကာလတွင် ပို၍မတိုက်ရဲပေ။
သို့ဖြစ်ရာ ရှမ်းမြောက်၊ ရှမ်းတောင်နှင့် ရှမ်းအရှေ့တို့တွင် UWSA ၏ ဩဇာဖြန့်ကြက်လာခြင်း၊ UWSA လက်တံရှည်လာခြင်း၊ UWSA တပ်ဖွဲ့များ တိုးချဲ့နေရာယူလာခြင်းသည် ရှမ်းပြည်နိုင်ငံရေးတွင်သာမက မြန်မာပြည်နိုင်ငံရေးတွင်ပါ သက်ရောက်မှု ကြီးတော့မည်မှာ သေချာသလောက် ရှိနေပြီဖြစ်၏။
ဥပမာပြောရလျှင် သံလွင်မြစ်ဘေးတွင် နားဝီးသာမက ဟိုပန်၊ ပန်လုံကိုပါ ထိန်းချုပ်နိုင်ပြီး သံလွင်အနောက်ခြမ်းသို့ပါ ရောက်ရှိ ထိန်းချုပ်လာသော UWSA သည် သံလွင်မြစ်နှင့် ပတ်သက်သည့် ပိုင်ဆိုင်ခွင့်၊ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တို့အား တောင်းဆိုလုပ်ကိုင်နိုင်ပြီ ဖြစ်၏။ သရဲမွေးခဲ့သော စစ်တပ်သည်လည်း ဘာမှမတတ်နိုင်ဘဲ ငုတ်တုတ်ထိုင်ကြည့်နေရသည့် အခြေအနေသို့ဆိုက်နေပြီဖြစ်သည်ကို တွေ့ရပေသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် ဗကပမှ ခွဲထွက်၍ UWSA ထူထောင်ခဲ့သည်မှာ ၃၅ နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သကဲ့သို့ ၃၅ နှစ်အတွင်း ပိုမို အင်အားတောင့်တင်းလာခဲ့သည်ကို တွေ့ရ၏။ ထို့ပြင် UWSA တွင် မျိုးဆက်သစ်ခေါင်းဆောင်များ အစားထိုး ဝင်ရောက်နေရာယူလာသည့် အချိန်ကာလလည်းဖြစ်၏။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် ဗကပမှ ခွဲထွက်၍ UWSA ထူထောင်ခဲ့သည်မှာ ၃၅ နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သကဲ့သို့ ၃၅ နှစ်အတွင်း ပိုမို အင်အားတောင့်တင်းလာခဲ့သည်ကို တွေ့ရ၏။ ထို့ပြင် UWSA တွင် မျိုးဆက်သစ်ခေါင်းဆောင်များ အစားထိုး ဝင်ရောက်နေရာယူလာသည့် အချိန်ကာလလည်းဖြစ်၏။
ထိုသို့သော အခြေအနေအောက်တွင် UWSA သည် နောက်ကွယ်မှ လှုပ်ရှား၍ သေနတ်တချက်မှ မပစ်ဖောက်ဘဲ သူတို့၏ ဩဇာကို တိုးချဲ့လာသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်၏။ ထို့အတူ မည်သည့်အတိုင်းအတာထိ သူတို့လက်တံ ဖြန့်ကြက်မည်ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ်ဖြစ်၏။
(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
သံလွင်မြစ်ကို ကူးလာတဲ့ UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ
တြိဂံတိုင်းစစ်ဌာနချုပ် ကျိုင်းတုံကို တိုက်ခိုက်မည်မဟုတ်ဟု UWSA “ဝ”ထုတ်ပြန်
UWSA ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဘာထူးလဲ
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို UWSA အဖက်မလုပ်
အာဏာသိမ်းမှုအပေါ် နှုတ်ဆိတ်မနေဖို့ UWSA ကို “ဝ” လူထု တောင်းဆို